Thursday, February 6, 2014

အိုဟင်နရီ၏ ဆတ္တာသည်

<<<<< အိုဟင်နရီ၏ ဆတ္တာသည် >>>>>

ကျွန်တော် ငယ်ငယ်က ``အိုဟင်နရီ၏ ၀တ္ထုတို(၅)ပုဒ် ´´ဟူသော စာအုပ်လေးတစ်အုပ်ကို ဖတ်ဘူးသည်၊ မည်သူဘာသာပြန် ရေးခဲ့မှန်းလည်း မမှတ်မိ၊  မည်သည့် ခေါင်းစဉ်များ ပါရှိသည်ကိုလည်း မသိတော့....၊  

မှတ်မှတ်ရရ ထိုဝတ္ထုတို ၅ ပုဒ်တွင် ပါရှိသော တောပုန်းဓါးပြကြီးနှင့် ဆတ္တာသည် အကြောင်းကိုတော့ဖြင့် မကြာခဏ သတိရနေတတ်ခဲ့ပါသည်။

သက်ဆိုင်ရာမှ ဆုတော်ငွေအထုတ်ခံထားရသော တောပုန်းဓါးပြကြီးသည် ဆတ္တာသည် တစ်ဦးထံတွင် မုတ်ဆိတ်နှင့် ပါးမြိုင်းမွေးများကို ရိတ်သင်ခဲ့သည်။ 

ဆတ္တာသည် သည် ရိတ်သင်နေစဉ်အတွင်း သင်တုန်းဓါးဖြင့် လည်မြိုသို့ တစ်ချက် လှီးလိုက်ရသော် ကောင်းမည်လား ဟု အကြိမ်ကြိမ် အခါခါ ချီတုံ ချီချဖြင့် အမျိုးမျိုး စဉ်းစားခဲ့သည်။ 

တစ်ကြိမ်တွေးမိတိုင်းလည်း တစ်ခါတုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်၊ အသက်ရှူကျပ်နေခဲ့သည်၊ ကြောက်လန့်စိတ်များလည်း ဖြစ်နေခဲ့သည်။ အသွင်သဏ္ဍာန်အားဖြင့် တိမ်းစောင်းနေခဲ့မည်သာ ဖြစ်ပါသည်။

ဆုကြေးငွေ အထုတ်ခံထားရသော တောပုန်းဓါးပြကြီးသည် ဆတ္တာသည်နှင့် ဆန့်ကျင်စွာပင် ရိတ်သင်နေစဉ်အတွင်း  အေးအေးလူလူ မှေးစက်နေခဲ့သည်။

ဆတ္တာသည်၏ မလှမပ အတွေးနှင့်စိတ်ကူးများ အရာမရောက်ပဲ အချိန်တန်သောအခါ ရိတ်သင်ခြင်းပြီးဆုံးသွားလေသည်။

တောပုန်းဓါးပြကြီးသည် အကြောက်အရွံ့ကင်းစွာပင် ဆတ္တာသည်အား ကျသင့်ငွေရှင်းပေးရင်း `` တကယ်တော့ အကြောင်းမဲ့ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ မလွယ်ဘူးဗျ...´´ ဟု ပြုံး၍ ပြောကာ ထွက်ခွါသွားကြောင်း ဖတ်ခဲ့ရပါသည်။

ထိုဇာတ်လမ်းထဲမှ တောပုန်းကြီးအား ထုတ်ပြန်ထားသော ဆုငွေသည်(၁၀၀)ဖြစ်ကောင်း ဖြစ်ပါမည်..၊ (၁၀၀၀၀)လည်း ဖြစ်ကောင်းဖြစ်ပါသည်။ မည်မျှဆိုသည်ကို မမှတ်မိသော်လည်း ဇာတ်လမ်း ဖော်ပြချက်အရ ဆတ္တာသည်အတွက် လိုချင်တပ်မက်စရာ ဖြစ်လေသည်။  

ဆတ္တာသည်အနေဖြင့် ဆုငွေရရှိရေး ဆောင်ရွက်ရန် လွယ်ကူသော အခြေအနေလည်း ဖြစ်ပါသည်...။ 

ထိုအချိန်က လူငယ်ပီပီ ``ဆတ္တာသည်ကလည်းကွာ.... တစ်ချက်တည်း လှီးလိုက်ရင် ရနေလျှက်သားနဲ့ ခေါင်းရိတ်တဲ့ သင်တုန်းဓါးဆိုတာ အက်မတန်ထက်တဲ့ဟာကို´´ဟု မချိတင်ကဲ တွေးဖြစ်ခဲ့သည်။  

ထိုအတွေးများအတွက်လည်း သံသယကင်းစွာ ကိုယ်တိုင်ပင် ထောက်ခံခဲ့ပါသည်။ 

ဇာတ်လမ်းသဘောအရ  တောပုန်းဓါးပြကြီးသည် လူအများကို ဒုက္ခပေးနေသူဖြစ်လေသည်။ မုတ်ဆိတ်ရိပ်နေစဉ် အခြေအနေအရလည်း ပိတ်စဖြင့် လည်တိုင်မှစ၍ ချည်နှောင်ဖုံးအုပ်ထားခြင်းခံထားရလေသည်။  

လက်လှမ်းမမီနိုင်သော နေရာတွင်လည်း သေနတ်ပါသော ခါးပတ်ကို ချိတ်ထားလေသည်၊ ထို့အပြင် ဆံပင်ညှပ်သော ခုံပေါ်တွင် အေးအေးလူလူပင် မှေးစက်နေလေသည်။

ထိုဇာတ်လမ်းလေးကို မှတ်မှတ်ရရ ရှိနေတတ်ခဲ့ရာမှ  အရွယ်ရောက်လာသောအခါ တစ်နည်းအားဖြင့် စဉ်းစားတတ်လာသော အရွယ်တွင် ဖြစ်ချင်သည့် စိတ်ထားနှင့် ဖြစ်သင့်သော အခြေအနေများကို ချိန်ဆတတ်ခဲ့ပါသည်။ 

ယခင်က မချိတင်ကဲ ဖြစ်ခဲ့သော ဆတ္တာသည်ကို အနည်းငယ် နားလည်စပြုမိလာခဲ့သည်...။  

ဆတ္တာသည်သည် သမ္မာအာဇီဝကျသော သိမ်မွေ့သည့် လုပ်ငန်းဖြင့် အသက်မွေးနေသူ ဖြစ်လေသည်။   

ဆိုင်သို့ လာရောက်သူများအား  ဆံပင်ညှပ်ခြင်း၊ မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေး ပါးမြိုင်းမွှေးများကို ရိတ်သင်နေစဉ်အတွင်း ဘာသာရေးကိုသော် လည်းကောင်း...၊  စီးပွါးရေးကိုသော် လည်းကောင်း၊  လူမှုရေးကိစ္စအ၀၀ကိုသော် လည်းကောင်း၊ အခြား နိုင်ငံရေးနှင့် ဗဟုသုရဖွယ်ရာများကိုသော် လည်းကောင်း လာရောက်ရိတ်သင်သူနှင့် နှစ်ဦးသားပြောကြားနေကြပါမည်... 

ထိုသို့ပြောကြားနေခဲ့သော အကြောင်းအရာများသည်လည်း သိမ်မွေ့နူးညံ့ခြင်းနှင့် ပျော်ရွှင်စရာ သဘောများကိုသာ ဆောင်ပါလိမ့်မည်..၊ 

ထို့အတူဆတ္တာသည်၏ စိတ်နှလုံးသည်လည်း နူးညံ့ညင်သာခြင်း သဘောကို ဆောင်ပါလိမ့်မည်..၊ 

ထို့အပြင် ရုပ်အဆင်းသည်လည်း အစွန်းထွက်ခြင်းကင်းကာ သာမန်မျှသော သဘောသာ ရှိနေပါလိမ့်မည်။

ဤသို့ ဆိုလျှင် ရှင်သန်နေထိုင်မှု သဘောသဘာဝချင်း မတူညီသည့် ရက်စက်ကြမ်းကြုတ်သော တောပုန်းဓါးပြကြီးအား  မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ...။

ယှဉ်ပြိုင်လိုစိတ်လည်း ရှိမည်မဟုတ်ပါ...၊ မိမိ မကျွမ်းကျင်သော သတ်ဖြတ်ခြင်းအလုပ်ကိုလည်း ဆုကြေးငွေကို လိုချင်သော လောဘ စိတ်အရ အကြိမ်ကြိမ် ကြံစည်နေသည့်တိုင် မသိစိတ်မှ ဟန့်တားနေခဲ့ပါမည်။ 

ထို့ကြောင့် ဆတ္တာသည်၏ အတွေးများ အထမမြောက်ခဲ့ခြင်းအပေါ် သဘာဝကျသည်ဟု နားလည် လက်ခံပေးတတ်ခဲ့ပါသည်။

ယနေ့အချိန်တွင် ကျွန်တော်သည် လူလတ်ပိုင်းအရွယ်တွင် နေသားကျနေခဲ့ပါပြီ၊ 

မကြာမကြာလည်း ငယ်ငယ်က ဖတ်ခဲ့ဘူးသော ``အိုဟင်နရီ၏ ၀တ္ထုတို(၅)ပုဒ်´´အား သတိရနေခဲ့ပါသည်...၊  

ထိုအထဲမှ အထက်တွင် တင်ပြခဲ့သော တောပုန်းဓါးပြကြီးနှင့် ဆတ္တာသည်ကြီးကိုလည်း  တွဲလျှက် အမှတ်ရနေတတ်ခဲ့ပါသည်....၊  

ထို့အတူ ငယ်စဉ်ကအတွေးများနှင့်  အရွယ်ရောက်သော နားလည်ခြင်းများအပြင်  ယခု အချိန်တွင် တောပုန်းဓါးပြကြီး၏ အရည်အသွေးကိုလည်း နားလည်တတ်ခဲ့ပါပြီ...၊ ခွဲခြမ်းစိတ်ဖြာတတ်ခဲ့ပါပြီ...။   

ထို့အတူ စာဖတ်သူ များအတွက် ရေးဖွဲ့မထားပဲ... ချန်ထားရစ်ခဲ့သော အိုဟင်နရီ၏ အတွေးအခေါ် အယူအဆကိုလည်း မိမိကိုယ်တိုင် ဘာသာပြန်တတ်ခဲ့ပါပြီ....။

တောပုန်းဓါးပြကြီးဟူသည် ဆိုးသွမ်းရက်စက်သူဖြစ်ပါသည်.။ မည်သည့်အတွက်ကြောင့် ရက်စက်ခဲ့ပါသနည်း၊

လိုချင်ရာကို လွယ်ကူစွာ ရယူနိုင်ရန်အတွက်ဖြစ်ပါသည်။  တောပုန်းဓါးပြကြီး၏ ရက်စက်မှုအား တဆင့်စကားမှသည်  အများ သိခဲ့ပါလိမ့်မည်။ တာဝန်ရှိသူများလည်း သိခဲ့ပါလိမ့်မည်၊

တောပုန်းဓါးပြကြီးသည် လုယက်တိုက်ခိုက်ရန်အတွက် ၄င်း၏ ရည်မှန်းချက်နေရာကို ကြိုတင်၍ အသေးစိတ်လေ့လာထားပါလိမ့်မည်....၊

ပြန်လည် ရင်ဆိုင်နိုင်သည့် အင်အားကိုလည်း ကြိုတင် စုံစမ်းထားရပါလိ့မ်မည်...၊  
ထို့အပြင် ၄င်းသည်ကြံ့ခိုင်သန်စွမ်းသော ကိုယ်နေဟန်ထားလည်း ရှိရပါမည်...၊  လုပ်ရဲကိုင်ရဲသော သတ္တိလည်း ရှိရပါမည်၊ 
ရက်စက်နိုင်သော အယူအဆလည်းရှိရပါမည်...၊ 
လိုအပ်ပါက အမှန်တကယ်လည်း ရက်စက်ခဲ့ပါမည်။
လျှင်မြန်ပါးနပ်မှုလည်း ရှိရပါမည်..၊ 
အပင်ပန်းလည်း ခံနိုင်ရပါမည်...၊  
အချိန်အခါကို စောင့်ကြည့် လုပ်ကိုင်နိုင်သော ဇွဲ၊ လုံ့လနှင့်လည်း ပြည့်စုံရပါမည်...၊ 

ထို့အပြင် သတိကြီးစွာထားတတ်ရန်လည်း လိုအပ်ပါသည်။  ထိုထိုသော အချက်များ ပြည့်စုံသဖြင့် ၄င်း၏လုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ထက် ထူးဆန်းသည်မှာ ဆုတော်ငွေအထုတ်ခံထားရသော အချိန်၊ လူအများ သိရှိနေသော အခြေအနေတွင် တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေနိုင်သော ဆတ္တာသည်ထံတွင် အေးအေးလူလူပင် မုတ်ဆိတ်နှင့် ပါးမြိုင်းမွှေးများကို ရိပ်သင်သွားခဲ့သည့်အပြင် လူတစ်ဦးတစ်ယောက်အား အကြောင်းမဲ့ သတ်ရန် မလွယ်ကူကြောင်း နှုတ်ဆက်စကားကို ပြောကြားသွားခဲ့ပါသည်။

တောပုန်းဓါးပြကြီးသည်  ၄င်းနှင့် ရင်ဆိုင်ကြုံတွေ့ရသူများ၏   စိတ်သဘောထား အခြေအနေ အမှန်ကို တတ်ကျွမ်းနားလည်သူ တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရပါသည်...။ 

ဆတ္တာသည်သည် တောပုန်းဓါးပြကြီးကို အပေါ်ယံသာ နားလည်ခဲ့ပြီး  တောပုန်းဓါးပြကြီးသည် ဆတ္တာသည်အား  အတွင်းကျကျ သဘာဝကျစွာ နားလည်ထားခဲ့သူဖြစ်ပါသည်....၊

ထို့အပြင် တောပုန်းဓါးပြကြီး၏ မုတ်ဆိတ်နှင့် ပါးမြိုင်းမွှေးများအား  စိတ်အတွင်းမှ ဖြစ်ပေါ်နေသော အတွေးဖြင့် ရိတ်သင်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုကြောင့် အစီအစဉ်မကျသော ဆောင်ရွက်မှုများကိုလည်းသတိ ထားမိခဲ့ပါလိမ့်မည်...၊  

ထို့အတူ မှေးစက်ချင်ယောင်ဆောင်၍ ဆတ္တာသည်၏ လုပ်ဆောင်ချက်ကိုလည်း ကောင်းစွာ သတိထားနေပေလိမ့်မည်...။  

ဆတ္တာသည်မှ အန္တရာယ်ပေးရန်အတွက် တစ်စုံတစ်ခု လုပ်ဆောင်လာခဲ့သော်  မည်သို့ ပြန်လည် ခုခံရန်ကိုလည်း အသင့်ပြင်ဆင်ထားပါလိမ့်မည်...။

စဉ်းစားရင်း တွေးတောရင်းဖြင့် အတွေးလေးများ  လှပစွာ ပျံသန်းကျေနပ်ခဲ့ဘူးပါသည်...၊  

အထက်ပါ စာရေးဆရာ အိုဟင်နရီသည် အချိန်ကာလအားဖြင့် သိသင့်သိထိုက်သော အတွေးအခေါ်များကို ၄င်း၏ ၀တ္ထုတိုလေးများအတွင်း  များစွာ သိုမှီးထည့်သွင်းသွားခဲ့ပါသည်။  

ဘ၀ခရီးလမ်းကို လျှောက်လှမ်းရာတွင် အထောက်အကူဖြစ်စေနိုင်သော အတွေးအခေါ်လေးများကိုလှပသော သာဓကလေးများဖြင့် ချန်ရစ်ထားခဲ့ပါသည်။

တောပုန်းကြီးနှင့် ဆတ္တာသည်ကြီးတို့ထံမှ တဆင့်....  ချန်ရစ်ထားခဲ့သော အတွေးလေးများသည်  ကျွန်တော့်ထံတွင် အချိန်များစွာ ရှင်သန်ကျန်ရစ်နေခဲ့ပါကြောင်းနှင့် လှပသော အတွေးလေးများကို ရရှိနိုင်ကြပါစေဗျာ.... 

(ကွန်ဆူးမား)(၆-၂-၂၀၁၄)

(၁၂-၁၂-၂၀၁၂)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးသားပါသည်။ကျွန်တော် ငယ်ငယ်က ``အိုဟင်နရီ၏ ၀တ္ထုတို(၅)ပုဒ် ´´ဟူသော စာအုပ်လေးတစ်အုပ်ကို ဖတ်ဘူးသည်၊ မည်သူဘာသာပြန် ရေးခဲ့မှန်းလည်း မမှတ်မိ၊ မည်သည့် ခေါင်းစဉ်များ ပါရှိသည်ကိုလည်း မသိတော့....၊

(၁၂-၁၂-၂၀၁၂)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးသားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...