ရှင်သန်ခြင်း နိဂုံး
`` ဦးဦး.... ´´ ရုတ်တရက် လက်ကိုဆွဲရင်း နှုတ်ဆက်သံကြောင့် လှည့်ကြည့်လိုက်တော့ လမ်းထဲက ကလေးမလေး၊ မျက်မှန်းတန်းနေပေမယ့် ဘယ်သူ့ကလေးမှန်းလည်း မသိခဲ့ဘူး၊ (၅)နှစ်လောက်(၆)နှစ်လောက်၊ ချစ်စရာလေး ပါးကွက်လေးနဲ့လေ...
`` အော် သမီး... သမီး ဘယ်ကလာတာတုံး´´ ပြောရင်း ပါးလေးကို ဖြည်းဖြည်းလေးဆွဲလိုက်တယ်။
`` မုန့် လာဝယ်တာဦးဦး´´
ပြောရင်း ဆိုရင်း ကလေးလေးက ကျွန်တော့်လက်ဖမိုးကို ကိုင်ပြီး နမ်းလိုက်တယ်၊ ကျွန်တော် ထွေကနဲဖြစ်သွားတယ်။
အရမ်းကြောက်သွားပြီး အံ့သြလွန်းလို့ ဒီကလေးလေးကို သေသေချာချာကြည့်မိတယ်။
သူ့မျက်ဝန်းတွေ ပြုံးနေတယ်လေ၊ ဒီမျက်ဝန်းလေးနဲ့ ဒီအပြုံးတွေက ဘ၀မှာ အင်မတန် ရင်းနှီးခဲ့ဖူးတဲ့ မျက်ဝန်းတွေပဲ လက်ကိုရုပ်ပြီး နောက်ကို ဆုတ်လိုက်မိတယ်။
အရမ်းလည်း အံ့သြနေမိတယ်၊ ဒီလောက်အထိ တူနိုင်စရာ မရှိဘူးလေ ဒါတကယ်မဖြစ်နိုင်ဘူး။
ဘုရား၊ ဘုရား ဒါတကယ်မဟုတ်ပါစေနဲ့။
ရုတ်တရက် စက္ကန့်တွေ ပြေးထွက်သွားပြီ၊ လေညှင်းလေးတွေလည်း ရပ်တန့်နေကြပြီ၊ အသက်ရှူခြင်းတွေကတော့ တစ်နေရာရာကို အလည်အပတ် ထွက်သွားတယ်ထင်တယ်။
ခေါင်းတွေ မိုက်ကနဲဖြစ်သွားတယ်၊ ချက်ချင်းပဲ အာခေါင်တွေလည်း ခြောက်လာတယ်၊ ခြေဖျားလက်ဖျားတွေလည်း ထုံသွားတယ်.. နားထင်ကြောတွေလည်း တင်းလာသလို ခံစားလိုက်ရတယ်။
ဖြတ်ကနဲ သတိဝင်လာတော့ အနောက်ဘက် လေး၊ ငါးလှမ်းလောက်ရောက်နေပြီ၊ ကလေးလေးလက်ကိုကိုင်ပြီး သူ့အမေကလည်း အံ့သြသလို ကြည့်နေလေရဲ့….. ကျွန်တော် ဘာတွေဖြစ်သွားတာလဲ။
`` အစ်ကို့ကို ဒီအကြောင်းလေး ပြောပြချင်နေတာ…. အစ်ကို အားလားဟင်…...´´ ကလေးရဲ့ မိခင်ဖြစ်သူက ပြောလိုက်မှ အသိဝင်ပြီးကယောင်ကတန်းနဲ့
`` အော်...… ဟုတ် ဟုတ် အားပါတယ်…. အားပါတယ်ဗျ….. အခုလားဟင်´´
ဒီအချိန်မှာပဲ မုန့်ထုပ်လေးတွေကိုင်ထားတဲ့ အမျိုးသားတစ်ဦး ရောက်လာတယ်၊ ကလေးလေးရဲ့ အဖေ ထင်ပါတယ်…..
`` အားတော့နာတယ် အစ်ကို၊ ပြောပြမှ ဖြစ်မယ်ထင်လို့ပါ၊ လ္ဘက်ရည်ဆိုင်မှာ ထိုင်မလားအစ်ကို..´´တဲ့၊
ကျွန်တော် ဇဝေဇ၀ါနဲ့ ကြည့်နေရင်းက `` ဟုတ် ဟုတ်ကဲ့ ဒီလိုလုပ်ပါလား ကျွန်တော် အိမ်ကို လာခဲ့မယ်လေ…။ ခဏနေရင် လာခဲ့မယ် နော်၊ ကျွန်တော့် နှစ်အိမ်ကျော်က မဟုတ်လားဗျ ´´
`` ဟုတ်တယ်အစ်ကို … ဟုတ်ပါတယ်၊ လာခဲ့ပါ၊ စောင့်နေပါ့မယ်´´ ပြောရင်း သူတို့ ထွက်သွားကြတယ်.…
ကျွန်တော် သိလိုက်တာကတော့ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့ပြီလားလို့။ မယုံ တစ်ဝက်၊ အံ့သြခြင်းတစ်ဝက်၊ ထိတ်လန့်ခြင်း တစ်ဝက်၊ သိချင်တဲ့ စိတ်က တစ်ဝက်နဲပါပဲ။
====================
ညီမလေးတစ်ယောက် ရှိခဲ့တယ်၊ `` နှင်းသစ္စာ´´တဲ့….. ကျွန်တော် အရမ်းချစ်ခဲ့တဲ့ ညီမလေးပေါ့၊ နို့စို့ အရွယ်ကတည်းက မေမေ မွေးစားထားတာ၊
ဘ၀မှာ ဖေဖေနဲ့ မေမေကလွဲရင် အချစ်ရဆုံးက ဒီ ညီမလေး တစ်ယောက်ထဲပါ…. လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်မှာတော့ သူ… မိသားစုကို ထားရစ်ခဲ့တယ်၊ ကျွန်တော် မရှိခင်အချိန်မှာပေါ့၊
သူကွယ်လွန်သွားခဲ့တယ်၊ မွေးရာပါ နှလုံးရောဂါနဲ့လေ။ သူလည်း ကျွန်တော့်ကို အရမ်းချစ်တယ်၊ တွေ့လိုက်တိုင်း စိတ်ကြည်လင်သည်ဖြစ်စေ မကြည်လင်သည်ဖြစ်စေ အမြဲတမ်း ပြုံးပြတယ်။
ပေါင်ပေါ်မှာ မှီရင်းနဲ့လည်း အိပ်ပျော်သွားတတ်တယ်၊ ကျွန်တော့် ဆံပင်တွေကိုလည်း ခေါင်းလိမ်းဆီ လိမ်းပေးပြီး အမျိုးမျိုးလုပ်တတ်တယ်။
ဖြစ်ချင်တိုင်းဖြစ်သွားတဲ့ ဆံပင်တွေကိုကြည့်ရင် တခစ်ခစ်နဲ့လည်း ရယ်နေတတ်တယ်။
သူ့ကို ကျွန်တော်လည်း လက်သည်းလေးတွေက အစ ညှပ်ပေးခဲ့ဖူးတယ်၊ စာတွေလည်း သင်ပေးဖူးတယ်၊ ကျွန်တော် အိပ်ပျော်နေရင်လည်း ဘောလ်ပင်နဲ့ သူ….. နှုတ်ခမ်းမွှေးဆွဲတတ်တယ်၊ သနပ်ခါးလည်း လာလူးထား တတ်တယ်။ ပန်းလေးတွေလည်း ပန်ခိုင်းတတ်တယ် …
ညီမလေးရဲ့ ထူးခြားချက်တစ်ခုက ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ပါးကွက်လေး ကွက်ထားတတ်တာပါပဲ။
နောက်ပြီး ကျွန်တော့်နဲ့ အတူရှိနေတိုင်းမှာ ပြုံးယောင်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တတ်တာ။ မေမေခဏတစ်ဖြုတ်မရှိချိန်တွေမှာ ကျွန်တာ့်ရဲ့ ဝေယာဝစ္စတွေကို မေမေ့လိုပဲ လုပ်ကိုင်ပေးတတ်တာ်၊ အစ်ကိုဖြစ်ပေမယ့် မောင်လေးတစ်ယောက်လို စိတ်ပူတတ်တာတွေကို တွေးရင်နဲ့ အရမ်းလွမ်းခဲ့ဖူးပါတယ်။
သတိရရင်း၊ တမ်းတရင်းက ရင်တစ်ခုလုံး ပူလောင်စွာနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတယ်၊ နောက်ပြီး ညီမလေးအကြောင်းတွေးရင်း.. တစ်ယောက်ထဲလည်း ပြုံးနေတတ်ခဲ့တာ၊ တစ်ယောက်ထဲ အသံထွက်အောင် ရယ်နေတတ်တာတွေကိုလည်း ပြန်သတိရမိတယ်။
ညီမလေးမရှိတော့ပေမယ့် ညီမလေးရဲ့ အရိပ်လေးတွေ ကျွန်တော့်နားမှာ ရှိနေခဲ့တယ်လေ၊
နောက်ထူးခြားချက် တစ်ခုက သနပ်ခါးပါးကွက်လေးနဲ့ ညီမလေးကို ချစ်လို့ ဖြည်းဖြည်းလေး ကိုင်ကြည့်တဲ့အခါ လက်ကို ဆွဲပြီး နမ်းတတ်တယ်၊ သူ.. ငယ်ငယ်လေး ကတည်းကပါပဲ။
========================
`` ကျွန်တော်တို့ အိမ်ထောင်ကျပြီး တစ်လလောက် ကြာတော့ သူ့ အမျိုးတွေရှိတဲ့ ကျိုင်းတုံမြို့ကို သွားလည်ကြတယ်။ အဲဒီမှာ သူတို့ ကိုးကွယ်တဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရောက်ခဲ့တယ်ဗျ၊ နံမယ်တော့ မမှတ်မိတော့ဘူး……
အဲဒီမှာ ကျောင်းပေါ် မတက်ခင် လှေခါးရင်းမှာ ကွန်ကရစ်ထိုင်ခုံလေးတစ်ခုရှိတယ်၊ ခဏတစ်ဖြုတ်ထိုင်နားတဲ့ နေရာလေးပေါ့….၊ ကျွန်တော့် အမျိုးသမီးက ထိုင်နားနေရင်းနဲ့ အလှူရှင် အမည်ကို တွေ့သွားတယ်.. `` နှင်းသစ္စာ…..ကောင်းမှု´´ တဲ့လေ။
နံမယ်လေးက လှလိုက်တာလို့ သူကပြောခဲ့သေးတယ်ဗျ၊ မှတ်မှတ်ရရ အဲဒီညမှာ ကျွန်တော့်အမျိုးသမီး ဖျားတယ်ဗျာ…. ရှင်းရှင်းပြောရရင် ကိုယ်ဝန် စရသွားတာပေါ့…
အိပ်မက်လည်း မက်ခဲ့တယ်တဲ့၊ ပါးကွက်လေးနဲ့ တီရှပ်လေး ၀ပ်ထားတဲ့ ချစ်စရာ ကောင်မလေးတစ်ယောက် အတူတူ လာနေတယ်၊ အိမ်ပေါ် တက်လာတယ်၊ ပြုံးပြတယ်….တဲ့လေ။
နောက် ကျွန်တော်တို့ ရန်ကုန်ကို ပြန်ခဲ့ကြတယ်၊ ဒီ နောက်ပိုင်း ကိုယ်ဝန်ဆောင်နေစဉ် တစ်လျှောက်လုံးမှာလည်း ဒီလိုပဲ ပါးကွက်လေးနဲ့ ကောင်မလေးကို အိပ်မက် ခဏခဏ မက်ခဲ့တယ်၊ နောက်တော့ သမီးလေးကို မွေးလာတယ်လေ…..´´ ပြောနေရင်းက သူခဏ နားလိုက်တယ်။
ကျွန်တော်လည်း နားထောင်နေရင်း အာခေါင်တွေ ခြောက်ကပ်လာမိတယ်…
သူပြောမှ ညီမလေး တီရှပ်ကြိုက်တာကို သတိရမိတယ်။
`` သမီးက ငယ်ငယ်လေးကတည်းက သနပ်ခါးလူးပေးရင် ငြိမ်နေတတ်တယ်၊ နောက် စကားပြောတတ်လာတော့လည်း ပါးကွက်လေး အမြဲ ကွက်ခိုင်းတယ်….. စကားပြောတတ်တော့လည်း နံမယ်မေးရင်`` နှင်းသစ္စာ´´လို့ပြောတယ်။
အိမ်က ပေးထားတဲ့ နံမယ်ကို ဘယ်တော့မှ မပြောဘူး၊ ကျောင်းနေကာနီးတော့လည်း သူ့နံမယ်က `` နှင်းသစ္စာ´´တဲ့….. သူတို့က ရှမ်းပြည်မှာ နေတယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ်ရှိတယ်… သူတစ်ခါက နေမကောင်းဖြစ်တယ်…. အသက်ရှူကျပ်တယ်၊ ကိုကို့ကို သတိရရင်းနဲ့ အိပ်ပျော်သွားတယ်လို့ပြောတတ်တယ်။
သူ့သေတ္တာ ထဲမှာလည်း ကိုကိုပေးထားတဲ့ နှင်းဆီပန်းခြောက်လေးတွေနဲ့ သနပ်ခါးဗူးလေး ရှိတယ်လို့ ပြောတတ်တယ်ဗျ´´
``ဟုတ်တယ်အစ်ကို ကျောင်းနေမှ နံမယ်အမှန်ကို မနည်း ပြောခိုင်းထားရတာ´´ ကလေးမေမေက ၀င်ပြောလာတယ်..
ကျွန်တော် မျက်ရည်တွေ ၀ဲနေပြီထင်တယ်… သူတို့ပြောတာ နားထောင်ရင်း သူတို့ကို ကြည့်ရတာ သိပ်မကြည်လင်တော့ဘူးလေ။
ပြန်ပြီး တည်ငြိမ်အောင်ကြိုးစားလိုက်တယ်…. သက်ပြင်းကြီးမှုတ်ထုတ်ရင်းနဲ့
`` ဆက်ပြောပါဦးဗျာ……´´ လို့ပြောလိုက်တော့…..
`` အဲဒါနဲ့ဗျာ….. ခင်ဗျား ပြောင်းလာတဲ့နေ့ထင်တယ်… သမီးကျောင်းကပြန်လာတော့လေ…ခင်ဗျား အိမ်ရှေ့ ရောက်တော့ သူခဏ ရပ်ကြည့်နေတယ်၊ ပြီးတော့ သူ့အမေကို ပြောတယ်။ အဲဒါ မီးမီးကိုကိုပဲလို့လေ။
သူ့အမေကလည်း သမီးကို ချော့မော့ပြီး ပြန်ခေါ်လာလိုက်တယ်တဲ့။
ပြီးတော့ သူလည်း စဉ်းစားနေတယ်ပေါ့၊ ဟုတ်များ ဟုတ်နေလားလို့၊ နောက်တော့ ကျွန်တော့်ကို ဖွင့်ပြောတယ်။
ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူးဗျ… သမီးမှာ ထူးဆန်းတဲ့ အကြောင်းလေးက ရှိနေတယ်မဟုတ်လားဗျာ..။
သမီးကတော့ ကျောင်းသွားကျောင်းပြန် ခင်ဗျားကို ကြည့်ယုံတင်မကဘူး၊ သွားတွေ့ချင်တယ်လို့ပဲ ပြောနေတာ….. အဲဒါနဲ့ဗျာ သူ့အမေကပြောတယ်... တွေ့ရင် သမီးက ဘယ်လိုခေါ်မှာလဲဆိုတော့... ကိုကို့ကို ကိုကိုလို့ပဲ ခေါ်မှာပေါ့...တဲ့၊ သူ့အမေက ဒီဦးဦးက သမီး ဖေဖေအရွယ်…
နောက်ပြီး သမီးကိုလည်း မှတ်မိမှာ မဟုတ်ဘူး ဦးဦးလို့ပဲခေါ်…. နှုတ်ဆက်ယုံပဲ နှုတ်ဆက်ရင် လိုက်ပို့ပေးမယ်လို့ ပြောလိုက်တယ်ဗျ……
အခုမနက်ကျတော့ဗျာ… ခင်ဗျား ဈေးဝယ်နေတာတွေ့တာနဲ့ သူ့ကို ခေါ်လာပေးတာ၊ သူလည်း ကတိအတိုင်း ဦးဦးလို့ပဲခေါ်လိုက်တာလေ…… ´´
ကျွန်တော် နားထောင်နေရင်း ရင်ဘတ်ထဲမှာ အောင့်နေတယ်၊ ပြီးတော့… လည်ချောင်းမှာလည်း တစ်ဆို့နေတယ်၊ သေချာနေပါပြီ ဒီကလေးမလေးက ကျွန်တော့်ရဲ့ ညီမလေးပါပဲ၊ ဒီကလေးလေးက ညီမလေး အစစ်ပါပဲလို့…..
ဘာမှန်းမသိတဲ့ တွေဝေခြင်းတွေက ဘယ်လောက်ကြာသွားတယ် မသိပါဘူး....
`` အဲဒါနဲ့ အကို.. ကျိုင်းတုံမှာ နေဖူးလား…. အကို့မှာ နှင်းသစ္စာဆိုတဲ့ ညီမလေးရော တကယ်ရှိခဲ့လား.. ဟင်၊ ကျွန်မ အံ့သြလွန်းလို့ပါ´´ ကျွန်တော် ခေါင်းကို ဖြည်းဖြည်းလေး ငြိတ်ပြလိုက်တယ်...
`` ဟုတ်တယ်ဗျ၊ တကယ်ရှိခဲ့တယ်... သနပ်ခါးကြိုက်တာရော….. ပါးကွက်ကြိုက်တာရော…. နံမယ်ရော သူပြောတဲ့ အဖြစ်အပျက်တွေရော အားလုံးတူတယ်ဗျ..´´ ပြောရင်း ... အသံတိမ်ဝင် သွားတာတော့ သိထားမိလိုက်တယ်….
ဒါပေမဲ့ ညီမလေးကို မေမေ မွေးစားခဲ့တာကိုတော့ ကျွန်တော် ထည့်မပြောခဲ့ဘူး…… သူတို့ အသိ ထဲမှာ အစ်ကို တစ်ယောက်ကို ညီမလေး အရင်းတစ်ယောက်က မှတ်မိနေတယ်လို့ပဲ သိစေချင်တယ်လေ။
`` အကို့နံမယ်က ကိုသန့်စင်ကို ဟုတ်ပါတယ်နော်…´´ အမျိုးသမီးက စူးစမ်းသလိုမေးလာခဲ့တယ်…..
``ငယ်နံမယ်ပါ…. ညီမလေးပြောတာလား…. အဲ …. မီးမီး ပြောတာလား´´
စကားပြောရင်း ညီမလေးလို့ ယောင်သွားတယ်….
``ဟုတ်တယ်ဗျ… သမီးပြောတာ ကိုကို့ နံမယ်က သန့်စင်ကို…တဲ့လေ၊
သူ့ အဘွားတွေကတော့ သိုက်ကြိုးလား၊ အစွဲလား၊ ဘာလား မသိဘူး ဖြတ်စေချင်နေတယ်ဗျ…. ကြောက်နေကြတာပေါ့ဗျာ..´´တဲ့……..။
ကျွန်တော် စဉ်းစားမိတယ်…… ဒီကလေးလေး ဒီလိုမှတ်မိနေရင်….. အခက်အခဲတွေ ကြုံလာနိုင်တယ်လို့…… သူတို့က မိဘတွေလေ….. စိတ်ပူမှာပေါ့... ကျွန်တော်တောင် နင့်နေအောင် ချစ်ခဲ့ရတာမဟုတ်လား…
တကယ်တမ်း အတိတ်ကို ပြန်အမှတ်ရနိုင်တဲ့ ဇာတိဿရဥာဏ် ရနေတဲ့ ကလေးဆိုရင်လည်း သူတို့ဘာလုပ်လုပ် သတိရနေမှာပါပဲ။
ဒါပေမဲ့ ဒီကလေးလေးက ညီမလေးလို့ သိလိုက်ရတဲ့ အချိန်မှာ…. ရင်ထဲမှာ မုန်တိုင်းတွေလည်း ထန်ခဲ့တယ်၊ လေပြင်းတွေလဲ တိုက်ခဲ့တယ်၊ နောက်ပြီး လမင်းကြီးလည်း ထွန်းလင်းခဲ့တယ်… ပန်းလေးတွေလည်း ပွင့်နေကြသလိုပါပဲ….
အခု တစ်ခါ ညီမလေးမှန်း သိလျှက်နဲ့ ကျွန်တော်နဲ့ ဝေးဖို့ကို အကြံမပေးချင်ပါဘူး…. ဒါပေမဲ့ စိတ်ပူပြီး အဝေးကို ပို့လိုက်ရင် ပိုဆိုးသွားနိုင်တယ်လေ…..
`` ဟုတ်ကဲ့….. သူ့အဘွားပြောသလို လုပ်ကြည့်ပါလားဗျ…. ကျွန်တော် ကတော့ သိပ်ပြီး အယုံအကြည် မရှိလို့ပါ… နည်းနည်းတော့ အံ့သြမိတယ်ဗျာ…. အခု မီးမီး ကျောင်းသွားတယ် ထင်တယ်၊ ကျွန်တော် ပြန်လိုက်ဦးမယ်ဗျာ…. ကလေးကိုလည်း ပြောထားပေါ့.. ကျွန်တော့်နံမယ် သန့်စင်ကို မဟုတ်ဘူး၊ လူလူမောင်ပါလို့လေ….. ကြာရင်တော့ မေ့သွားမှာပါဗျာ.... မပူပါနဲ့….´´
ကျွန်တော် ပြောရင်း နှုတ်ဆက် ထွက်လာခဲ့မိတယ်….
ဒီ သံသရာကြီးက ထူးဆန်းစွာ လည်ပတ်နေတယ်ဆိုတာရယ်…. တစ်ချို့ ကိစ္စတွေကို ကျွန်တော်တို့လို သာမန် အသိဥာဏ်တွေနဲ့ လိုက်မမီနိုင်ဘူးဆိုတာရယ်ကို လက်ခံ သဘောပေါက်မိသွားတယ်။
ကျွန်တော် အခု….. ၀မ်းနည်းရင်းနဲ့ ၀မ်းသာနေတယ် …..
ထိတ်လန့်ရင်းနဲ့ပျော်နေတယ်……
တကယ်တော့ ညီမလေးက ကျွန်တော့် ရင်ထဲမှာလည်း သေဆုံးခဲ့တာမှ မဟုတ်ဘဲ… အခုလည်း ဘ၀အသစ်တစ်ခုနဲ့ ပြန်ရှင်သန်လာပြီလေ….
ဒါပေမဲ့ ကျွန်တော်က သူ့အဖေအရွယ်…. သူက ကျွန်တော့် သမီးအရွယ်…… တကယ်တော့ စစ်မှန်ခြင်းတွေက စကြာ ၀ဠာကြီးထဲမှာ ရွေ့ လျားနေတယ်ဆိုတာကိုတော့ ကောင်းကောင်း လက်ခံလိုက်ပါပြီ…
ကျွန်တော် ဆက်စဉ်းစားကြည့် မိတယ်…. ကျွန်တော်က သူ့အစ်ကို ဆိုတာကို ဒီကလေးလေး ဘယ်အချိန်အထိ မှတ်မိနေမလဲ……
နောက်ပြီး ကျွန်တော်ကရော.. ညီမလေးဖြစ်မှန်း သိလျှက်နဲ့ ဘာကြောင့် ညီမလေးလောက် ဒီကလေးလေးကို မချစ်တာလဲလို့……
ဘာဘဲဖြစ်ဖြစ် ညီမလေးကတော့ ကျွန်တော့်ကို ဘ၀ကူးတဲ့အထိ ချစ်သွားခဲ့တာကိုတော့ စောဒကတက်စရာမလိုသလို ကျွန်တော် ဒီကိစ္စတွေအတွက် မျှော်လင့်နေစရာလည်း မလိုတော့ဘူး ဆိုတာ ရင်ထဲမှာသိလိုက်ရတယ်၊
အရာအားလုံး ဟင်းလင်း ပွင့်လင်းသွားခဲ့သလိုပါပဲ….... ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ…. လက်ရှိဘ၀ကိုတော့ရင်ဆိုင်ရမှာပါ။
ဒီအတွေးလေးနဲ့ အတူ ထူးထူးဆန်းဆန်း ကျွန်တော် ရင်ထဲမှာ ကျေနပ်သွားခဲ့မိတယ်၊ နောက်ဆိုရင်တော့တစ်ခုပဲ သတိထားရမယ်….. ဒီကလေးလေးနဲ့ တတ်နိုင်သမျှ မဆုံအောင်နေဖို့လေ……
ဒီကလေးလေးနဲ့ ပတ်သက်ပြီး အဟောင်းတွေကို အသစ် မဖြစ်ချင်တော့ လို့ပါ… နင့်နင့်နဲနဲ ခံစားခဲ့ဖူးတော့ ကြောက်နေတာလည်း ပါတာပေါ့…..
ညီမလေးရေ…. ညီမလေးကို ကိုကို ခုထိချစ်နေသေးတယ်နော်… လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်…
အတွေးလေးနဲ့ ပြန်လာပေမဲ့ မျက်လုံးထဲမှာတော့ ပါးကွက်လေးနဲ့ ပြုံးပြနေတဲ့ ဟိုး... ဆယ်နှစ်ကျော်က ညီမလေးကို မြင်တွေ့နေဆဲ ဆိုတာ……..
(ကွန်ဆူးမား)(၃-၂-၂၀၁၄)
ကိုယ်တိုင်ရေး အဟောင်းလေးတစ်ပုဒ်အား ပြင်ဆင် တင်ပြပါသည်။
0 comments:
Post a Comment