Monday, February 17, 2014

“မှော်ရုံဟေ၀န် တောမြိုင်စွန်”

February 17, 2014 at 8:53am
Kansai Center, Japanese Culture  Room ထဲက ပြည့်တန်ဆာမလေး

Kansai Center, Japanese Culture Room ထဲက ပြည့်တန်ဆာမလေး
  
    ပြီးခဲ့တဲ့တစ်ခေါက်က ဂျပန်ကိုသွားရမယ်လို့ နှုတ်ဆက်တဲ့အခါ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများက သီဟတင်စိုးရဲ့ ရာဇ၀င်ကြွေးတွေ ဆပ်ခဲ့ဖို့ မှာပါတယ်။ ဟုတ်တာပေါ့။ လူပျက်ကြီးတွေ ပြောသလို သစ်ပင်အောက်မှာ နှစ်ခါ၊ ကောက်ရိုးပုံနောက်မှာ နှစ်ခါနဲ့ တွက်လိုက်ရင် နည်းနည်းနောနော အကြွေးတွေ မဟုတ်ဘူးနော်။ ကိုယ်တို့အစိုးရချေးထားတဲ့ ကုဋေများစွာသော ယန်းငွေများကိုသာ မဆပ်နိုင်ရင်နေရမယ်။
အဲ့လိုအကြွေးများဆပ်ဖို့ကတော့ သည်ကလည်း “လာပြီလေ သာကီဆွေ ရဲရဲတောက်မောင်တွေ။” ပါပဲ။ သူများတကာလို တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေရတာမျိုး မဟုတ်ပဲ နှစ်လကိုးသီတင်းကလေးပဲ
နေရမှာဆိုတော့ တော်တော်တက်သုတ်ရိုက်ပြီး ကြိုးစားနိုင်မှ တန်ကာကျမပေါ့လေ။ ဒါနဲ့ပဲ တတ်သမျှမှတ်သမျှ ပဲမျိုးတစ်ထောင်ကို အိပ်သွန်ဖာမှောက် အစွမ်းကုန်ထုတ်သုံးခဲ့တာကတော့ ချစ်ပိတ်သတ်ကြီးတွေ ဓါတ်ပုံတွေနဲ့ မျက်စိနောက်ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။ “ဒါနဲ့များတောင် ပိုးသာကုန် မောင်ပုံစောင်းမတတ်ဖြစ်ခဲ့သလား။” လို့ ပြောစရာ ဖြစ်မစိုးလို့ သည်မောင့်လက်သံ ဒေါင်ဒေါင်လန်ကို နားဆင်ကြည့်တော်မူပါဦးလေ။

          စသွားကတည်းက ကိုယ်တို့အဖွဲ့မှာ အပျိုကြီးချည့်ပဲ သုံးယောက်ပါတယ်။ ဟိုရောက်တော့ JICA က စီစဉ်ပေးတဲ့ Program Co-ordinator နှစ်ယောက်ကလည်း ဗမာတစ်ယောက် ဂျပန်တစ်ယောက် အပျိုကြီးနှစ်ယောက်။ အားလုံးပေါင်း အပျိုကြီးငါးယောက်က သွားလေရာလာလေရာ ရင်အုပ်မကွာ စောင့်ရှောက်ပေးတာဆိုတော့ သည်မောင်ကလေးတွေမှ ဗိုင်းကောင်းကျောက်ဖိ မဖြစ်ရင် ဘယ်သူဖြစ်ဖို့ရှိမတုန်း။ မောင်ကလေးသုံးယောက်မှာမှ သိတော်မူကြတဲ့အတိုင်း မောင်စံဖားကလေးတစ်ယောက်သာ လက်လက်ကိုထလို့ လိုက်ထိမ်းရမှာဆိုတော့ ဂျပန်မကလေးတွေခမျာ သည်ကောင်ကလေးကို တို့ဖို့ထိဖို့အရေး ယက္ခငယ်ဂုမ္ဘန် ၀န်းရံစောင့်ပါတဲ့ နတ်ပန်းအာသာဝတီကလေးလို ဝေးဝေးကသာ လွမ်းပါမယ် လုပ်ကြရရှာမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း တို့အမကြီး ညီမကြီးများခမျာ အထီးတစ်ကောင် နွားတစ်ထောင် လုံအောင်အမြဲ စောင့်နိုင်ခဲဆိုတာလို တနေ့တာ မောပန်းနွမ်းနယ်ပြီး ညဘက်ဟော်တယ်ပြန်ရောက်ရင်တော့ ပြာသိုကြောင် မောင်ကလေးကို ဘေးမဲ့ပေးပြီး မသိချင်ယောင်ဆောင်နေကြပါတော့တယ်။

          ဂျပန်က နောင်တော်ဘရာသာကြီးများကလည်း အင်မတန်စီစဉ်တတ်ပါပေတယ်။ တိုကျိုမှာ ဟော်တယ်ငှားပေးတဲ့အခါ မသွားတတ်မလာတတ်ဖြစ်မှာစိုးလို့ ရှင်ဂျုကုမှာ ထားပေးသဗျ။ မီးပွိုင့်တစ်ကွေ့လောက် ကွေ့လိုက်ရင် သူတို့ဆီမှာ အင်မတန် နံမယ်ကြီးတဲ့ ကာဘူကိချောဆိုတဲ့ ရပ်ကွက်ကြီးကို ရောက်ပါတယ်။ ဒီလောက်နီးနီးနားနား ထားပေးတော့လည်း ကိုယ့်မှာ မောတယ်ပန်းတယ် သဘောမှာမထားလို့ရယ် ကွကိုယ်ရောင်းကာ မုန့်ဝယ်စားပါ့မယ်ဆို လည်လည်ထွက်ဖြစ်တယ်ခင်ဗျ။ ဟိုကြည့်သည်ကြည့် ခဲမူးစေ့လောက်ကတော့ ဘာအပန်းကြီးတာ မှတ်လို့လေ။ ကျောသပ်ရင်သပ် ဆယ့်သုံးကျပ်လောက် မကုန်ရင်ပြီးတာပဲ။ သူများတွေမေးတော့လည်း ကုန်ကြမ်းရှာတယ် ပြောလိုက်မှာပေါ့။ ဂျပန်မှာ ဖလန်းဖလန်းထရအောင် ကိုယ်က မီလျံနာလည်းမဟုတ်။ ဗိုလ်ချုပ်သားလည်းမဟုတ်။

           သူတို့ဆီကဟာတွေ ဘယ်လောက်ဈေးကြီးသလဲဆို ကိုယ်တို့ဗမာခြောက်ယောက်ကို တာဝန်ယူပြီးခေါ်တဲ့ JICA က ဒါရိုက်တာကလေးကတောင် အဲ့ဒီနားရောက်ရင် လက်ညှိုးကလေးတထိုးထိုးနဲ့ “Very dangerous place.” “ပါသမျှ အကုန်ပြောင်လိမ့်မယ်။” လို့ သတိပေးရှာတယ်။ ဒါနဲ့ သူစိတ်ပူနေမစိုးလို့ “ငါကဘယ်မှ မသွားပါဘူး။ အဲဒီနားက ကော့တေးဘားကလေးမှာ ထိုင်ထိုင်သောက်ရုံတင်ပါ။” လို့ဆိုတော့ “ဂျပန်လိုမတတ်ပဲ ဘယ်လိုလုပ်ထိုင်သလဲ အဆင်ပြေရဲ့လား။” လို့ မေးပါတယ်။ “ကိစ္စမရှိပါဘူး။ ဆိုင်ထဲမှာ အင်္ဂလိပ်လိုပေါက်တဲ့ ကျောင်းသူကောင်မလေးတွေ ရှိပါတယ်။ သူတို့နဲ့ ဖောရှောလုပ်တာပေါ့။” လို့လည်းဆိုလိုက်ရော ရှိသမျှ ဂျပန်ဆရာကြီးတွေပါ မျက်လုံးကြီးတွေ ပြူးလာပြီး “မင်းကို သူတို့ ပိုက်ဆံအများကြီး တောင်းသေးလား။” လို့မေးပါတယ်။ နောက်တော့မှ သိတာ သူတို့ဆီမှာ အဲသလိုမျိုး ဆိုင်ထိုင်အဖော်လုပ် စကားပြောပေးတဲ့ ကလေးမလေးတွေကလည်း အလကားရတာ မဟုတ်ဘူး။  လက်ဖျားနဲ့မထိရပဲနဲ့ နင့်နေအောင်ပေးရတာတွေ ရှိသတဲ့။ သူတို့နဲ့စာရင် တို့ဆီက ကာရာအိုကေတွေမှာ အအေးသောက်သေးပေါက် ဘေးထိုင်ပေးကိုင် (မိုက်ခွက် မိုက်ခွက်) ကလေးမလေးတွေကို ငါးထောင်ပေးရတာက တန်သလိုလို အရှိသား။ တော်ပါသေးရဲ့။ ကိုယ်လိုပဲ လာသောက်တဲ့ကလေးမလေးတွေမို့ ကိုယ့်တော့ ဘောက်ချာဖြတ်မသွားဘူး။ သည်လိုမှန်းသိ အာရိဂတ်တော ဆယ်ခါလောက် ဦးညွှတ်လိုက်ပါတယ်။

           ကာဘူကိချော ပြီးတဲ့နောက် နောက်ထပ် ဗဟုသုတတိုးလာတာကတော့ မောင်ကြီးတို့ရွာပါ။ အရင်ကတော့ မောင်တို့ချယ်ရီမြေ လို့ နံမယ်လှလှပေးခဲ့တယ်။သူတို့က ခေါ်တာတော့  "Host club" တဲ့။ ကောင်လေး ငယ်ငယ်ချောချောလေးတွေ အဖြူအမဲ အရွယ်စုံဆိုက်စုံ တွေ့ရတယ်။ အဲဒါ နီချောမဲလို့ခေါ်တဲ့ ဂေးရပ်ကွက် မဟုတ်သေးဘူး ထင်တာပဲ။ အဲဒီကကောင်လေးတွေက ဂေးမဟုတ်ဘူး။ မမရဲ့မောင်လေးတွေ။ ချိုသာတဲ့စကားလေးတွေ ကြင်နာတဲ့အယုအယလေးတွေနဲ့ မလေးမောင် ၀န်ဆောင်မှုပေးတဲ့ ရှန်ပိန်တစ်ခွက်ဟာ သောင်းဆိုလည်းဟုတ်၊ သိန်းဆိုလည်းဟုတ်သတဲ့။ ဒါပေမယ့် ဂျပန်ကိုရောက်စတုန်းက ကောင်လေးငယ်ငယ်တွေ မြင်သမျှ ဂေးလို့ချည့်ထင်မိတယ်။ ဘာလို့ဆိုတော့ မျက်ခုံးမွှေးကလေးတွေကို ပြောင်နေအောင် ရိတ်ပြီး သေးသေးမျှင်မျှင် သုံးရက်လ ခုံးမျက်စလုပ်ထားကြတာကိုး။ ဖက်ရှင်တဲ့ဗျာ။ ဖက်ရှင်တဲ့။ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးလည်းမရှိ ပြောင်ရှင်းကြီး။ ထားရင်လည်း သူတို့အမွှေးက ကိုယ်လို ကျိုးတိုးကျဲတဲ ဘိုသီဘတ်သီ မရိပ်နိုင်လို့ ကျန်လာတာ မဟုတ်ဘူး။ တိတိရိရိ ဂေါက်ကွင်းထဲက မြက်ပင်များလို ပုံဖော်ထားတာ။ မုတ်ဆိပ်ကြီးနဲ့ ဘိုကတော်မျက်ခုံးနဲ့က ဘယ်လိုမှ အစပ်အဟပ်မတည့်။ ကိုယ်ဆို အချင်းချင်းလက်တို့ပြီး ရယ်လို့ချည့်နေတယ်။

        ဂျပန်မှာ အင်မတန် နံမယ်ကြီးတဲ့ ဂေရှားစံအိမ်ကိုတော့ ကိုယ်နဲ့မတန်မရာမို့ မရောက်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ ဂေရှားမယ်ကလေးတွေနဲ့ သိပ်မထူးဘူးလို့ဆိုတယ်။ သူတို့ဆီက အထူးကုဆရာဝန်ကြီးတွေတောင် လူတိုင်း မရောက်ဖူးဘူး။ ညစာစားပွဲမှာ ဂျပန်ဆရာဝန်ကလေးကို ချောက်ချရင်း “ဂေရှားမယ်လေးလို လမ်းလျှောက်ပြပါ။” လို့ ခိုင်းတော့ သူက ချက်ချင်း မနှဲလေးသံကလေးနဲ့ ဒူးကလေးထုပ် ထိုင်ချလိုက်ပြီး ဟိုက် ဟိုက် ဟိုက် ဟိုက် နဲ့ နေအောင် ဦးညွှတ်၊ ဒူးနှစ်ချောင်းကြိုးတုပ်ထားတဲ့ ခြေလှမ်းကလေးနဲ့ လျှောက်ပြတယ်။ တကယ်တော့ ဂေရှားဟောက်စ်ဆိုတာ ကိုယ်တို့ထင်သလို ဆောင်ကြာမြိုင် မဟုတ်ဘူး။  ကိုယ်တို့ဆီက စင်တင်တေးဂီတဖျော်ဖြေတဲ့ လှပျိုဖြူကလေးများနဲ့သာတူတယ်။ ဆိုပြမယ်။ ကပြမယ်။ ဆာကေးငှဲ့တိုက်မယ်။ ကွာတာက ခေတ်သရုပ် ခေတ်စရိုက် မဟုတ်ပဲ ဂျပန်ရိုးရာ ယဉ်ကျေးမှုကို တဆံခြည်မယွင်း ထိမ်းသိမ်းနေထိုင်တာက အဓိက။ ဒါကြောင့် ဂျပန်ကိုရောက်ရင် ဂေရှားအိမ် ရောက်ဖူးမှ
ပြည့်စုံတယ်လို့ဆိုတာ။ ပြည့်တန်ဆာဆိုတာကျတော့ ဂေရှားထက်တောင် အဆင့်မြင့်သတဲ့။ အဲ့ဒါ သိက္ခာကျစရာ မဟုတ်ဘူး။ တော်ဝင်မင်းသမီးကလေးလို နုရွအုအက်နေမှ လုပ်လို့ရတာတဲ့။ လမ်းလျှောက်ရင်တောင် ခုံဖိနပ်ကြီးတစ်ထွာလောက်နဲ့မို့ မလဲအောင် မယိုင်အောင် ကာလသားနှစ်ယောက် သုံးယောက် တွဲကာရံကာ လိုက်ပေးရသတဲ့။ ဂျပန်မှာ ပြည့်တန်ဆာဖြစ်ဖို့ဆိုတာ မတစ်ထောင်မှာလည်း တစ်ကောင်မထွန်းဘူး။ “မြင်သူတိုင်းက ငေးကြည့်ရတယ် ၀ိုင်းရယ်။” ဆိုတာမျိုး။ ဆုတောင်းကောင်းမှ ဖြစ်ခွင့်ရသတဲ့။ ပြောမပြောချင်ပေါင်ကွာ။

        “အဟုတ်မှတ်လို့ လျှောက်ဖတ်နေမိပါတယ်။ ခုထက်ထိ ကောင်းခန်းလည်း မရောက်သေးဘူး။ လိုရင်းကို ပြောစမ်းပါ။ မောင်ရင်လေး ဂျပန်မှာ တစ်ခါမှ မတစ်ခါခဲ့ဖူးလား။” လို့တော့ မေးပါနဲ့အေ။ သားသားအကြောင်းလည်း သိသားနဲ့။ “အိပ်မက်ဆန်သော အတွေ့များကြားဝယ် မမွေ့လိုသူပါကွယ်။” လို့ ပြောခဲ့တယ်ရော။ “ဒါဖြင့် ဘယ်မှာ အကြွေးဆပ်နိုင်ခဲ့လို့တုန်း။” လို့တော့ စောဒကတက်စရာရှိသပေါ့။ အကြွေးတော့ ကျေလေလား တင်လေသလား မသိ။ ချောက်ပေါက်ကြီးကျပြီး ငုတ်တုတ်မေ့သွားတာ တစ်ခါရှိသဗျ။ ဘယ်သူမှ ရိုက်မစစ်ရပါဘူး။ ကွကိုယ်ပဲ ဖော်ကောင်လုပ်တော့မယ်။ အိုဆာကာမှာ ယူနီဗာဆယ်စတူဒီယိုကိုသွားတုန်းကပေါ့။

       အဲ့ဒီနေ့က တနင်္ဂနွေဆိုတော့ အိုဆာကာမှာရှိသမျှလူငယ်တွေ အကုန် အဲသည်ရောက်နေသလား မပြောတတ်ပါဘူး။ ရထားတွေဆိုတာ ကြပ်လိုက်တာများ ငပိသိပ် ငချဉ်သိပ်ပဲ။ သူတို့ဆီကလူတွေကလည်း ရထားနဲ့လူနဲ့ အပြည့်ပါဆို ဘယ်လိုရအောင်တက်တယ် မသိဘူး။ တွန်းတင်တဲ့ စပယ်ယာမပါပဲနဲ့တောင် စွေ့ကနဲရထားပေါ်ပါလာကြတယ်။ အထဲကလူဖြင့် လှုပ်တောင် မလှုပ်သာဘူး။ ရထားကြပ်ရတဲ့ကြားထဲ ဟောသည်က ဂဏာမငြိမ်တဲ့ အမာစိန်တစ်ယောက်မှာ တမျိုးတမည် သရိုးသရီကြီး ဖြစ်လာလို့ ကိုယ့်ရှေ့လူကို “အားနာလိုက်တာ ချစ်ရယ်။” လို့ ကြည့်မိလိုက်တော့ မျက်လုံးမျက်ဆန်တွေ ပြူးသွားတယ်။ ကိုယ်ကတော့ ငါကိုက အထိမခံရွှေပန်းကန် ဆန်းဆန်းတင့်ဖြစ်သလားမှတ်ပါတယ်။ ရှေ့ကသူငယ်ကလေးက စောသက်ရဲ့ အကြည့်နဲ့ “ကောင်းလား အကိုရေ။ ကောင်းလား။” လို့ ပြန်ကြည့်တယ်ဗျ။ ဖျား ဖျား။ ဒါ သွေးရိုးသားရိုးမှ မဟုတ်ပဲ။ “လွှတ်နော်။ ခုချက်ချင်းလွှတ်။ အော်လိုက်ရမလား။” လို့လည်း မအော်ဝံ့ဘူး။ ကိုယ့်ပြန်ကွိုင်ရှာရင် ဘယ်လိုရှင်းမလဲ။ သူ့ကြည့်ရတာ အသက်မှ ပြည့်ရဲ့လားမသိ။ ငါတော့ အမှုပိုကြီးဖို့သာ မြင်တော့တယ်။ ရှက်လိုက်တာ။ မျက်နှာလည်း ဘယ်နားသွားထားရမှန်းမသိဘူး။ အညှာကိုင်ထားတော့ ရုန်းလည်းမရုန်းနိုင်ဘူး။ ဒုက္ခနဲ့ လှလှနဲ့ ကောင်းကောင်းကြီးတွေ့တော့တာပဲ။ ဘူတာမရောက်ချင်း သူပြုသမျှ နုရတဲ့ဘ၀ပါဗျာ။ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ ရထားပေါ်ကဆင်းတော့ လက်မှတ်ရောင်းတဲ့ ကောင်တာနားအထိ ပါလာသေးတယ်။ ဆိုးလိုက်တဲ့ကောင်လေးဗျာ။ သူ့မှာ ရည်းစားကောင်မလေးလည်း ပါလျက်သားနဲ့။ လူကြည့်ရတာလည်း နည်းနည်းလေးမှ မနွဲ့ဘူး။ နောက်ဆုံးတော့ ကြံရာမရလို့ အတူပါလာတဲ့ ဆာဂျင်အပျိုကြီးမမကို “ဓါတ်ပုံလေးတွေ ရိုက်ပေးပါဦးညော်။” လို့ အတင်းလှမ်းခေါ်ပြီး “ငါတစ်ယောက်တည်းလာတာ မဟုတ်ဘူးနော်။ သဘောပေါက်။” လို့ အကာအကွယ်ယူခဲ့ရတယ်။ တို့အပျိုကြီးကဖြင့် သူ့ခုတုံးလုပ်လို့ လုပ်လိုက်မှန်းတောင် မသိပါဘူး။ ကျုပ်လည်း အကြွေးတွေ ကျေခဲ့သလား။ ထပ်တင်ခဲ့တာလား မပြောတတ်တော့ဘူး။

      သင်ခန်းစာ တစ်ခုတိုးလာတာကတော့ သူတို့ဆီမှာ ဂေးဆိုတာ ကိုယ့်ဆီက မိတ်ကပ်မကိပ်တို့လို့ မရှိတာတွေ အကုန်ရှိအောင် ဖြည့်ပြီးမှ ပေတရာဆီလျှောက်ပါလို့ မြင်သလောက်ပြလိုက်ချင်ပါသည် လုပ်တာမျိုး မဟုတ်ဘူး။ အတောင့်လိုက် အစင်လိုက် ကျားကျားယားယားကြီးလည်း ဂေးချင်ဂေးတယ်။ တကယ်တော့ ဂေးဆိုတာတောင် ဟုတ်ချင်မှ ဟုတ်မယ်။ သူ့မှာ ကောင်မလေးငုတ်တုတ် ပါလာသားပဲ။ ဂျပန်ဝိုင်ယာကြိုးများဟာ + နဲ့ - တွေ့မှ မီးပွင့်တာ မဟုတ်ဘူး။ + + အငုတ်ချင်းလည်း ရှော့ခ်ရှိသဟ လို့ ဗဟုသုတ မှတ်သားရတာပေါ့နော်။ အောင်မယ်လေး။ မှော်ရုံတောကလေး အလည်လွန်မိပါတယ်။ အန်တီဂမ္ဘီရယ်။ ကံကောင်းလို့ ချို နဲ့ သားရေ ကိုယ်နဲ့မကွေကွင်းရလေတယ်။ အော် ဒါထက် စကားမစပ်။ ဒီကိစ္စက ဂျပန်တွေကို အပုတ်ချအတင်းတုပ်တဲ့သဘော မပါပါဘူးနော်။ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုအသစ်ကြီးမှာ ဘယ်နေရာမှာမဆို ရှိပါတယ်။ မြန်မာပြည်မှာလည်း ရှိပါတယ်။ အထအနကောက်ပြီး သွေးခွဲသူတွေများလွန်းလို့ ကိုယ့်စကားကိုယ် ပြန်ပြန်ရှင်းနေရတာပလေ။
 

"ပဲမများနဲ့ ဆွဲစားခံရတတ်တယ်။"
"ပဲမများနဲ့ ဆွဲစားခံရတတ်တယ်။"


ကာဘူကိချောက မြန်မာဆိုင်းဘုတ်
ကာဘူကိချောက မြန်မာဆိုင်းဘုတ်

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...