“မြွေနဂါးတောင် ကြောက်ဘူးကွယ်”
Soe Min January 15, 2014 at 3:00am
စိန်ပေါကျောင်းမှာတုန်းက မြန်မာစာသင်တဲ့ဆရာတွေ တော်တော်တော်တယ်လို့
ပြောရမှာပဲ။ သူတို့သင်ပေးထားတဲ့အခြေခံတွေက အခုထက်ထိ အသားသေရုံတင်မကဘူး။
အရိုးထဲတောင် စွဲနေပြီ။ တချို့ဆရာတွေဆို တကယ့် မြန်မာသံပီပီသသကြီးတွေနဲ့
သင်တာ။ “ပရံန၀ါ ရွက်နုညှာကို ၀ါးပြာထည့်ကြို အိုးနားတိုနှင့်…” ဆိုရင် ၀ဗျာ
လို့ ဖတ်ရတယ်။ အိုးနဒို လို့ အသံထွက်တယ်။ သေသေချာချာ ဌာန်ကရိုဏ်း ကျကျ
သင်တယ်။ သည်လိုဆရာကောင်း သမားကောင်းများကျေးဇူးနဲ့ ကိုယ်တို့မှာ
ရန်ကုန်ပေါက် ဟိုတုန်းကလိုဆိုရင် ဘိုကျောင်းဆင်းပေမယ့် မန်းလေးသားများနဲ့
ယှဉ်ပြောနိုင်အောင် မြန်မာသံပီတယ်။ သူတို့ဆီကလူတွေ ထင်သလို ရန်ကုန်သံ
ဘော့ရွှတ်ကြီး (ပေါ့ရွှတ်ရွှတ်နဲ့ တဲ့) ဖြစ်မနေဘူး။ သင်တဲ့ ဆရာက ကောင်းသလို
ပြဌာန်းတဲ့ သင်ခန်းစာကလည်း ကောင်းမှကောင်း။
ကိုယ်တို့မြန်မာစာဂုရုဆရာကြီးများရဲ့ သင်ခန်းစာတွေဟာ မောင်စံဖားကလေးရဲ့ မြန်မာစာ မြန်မာမှုကို မျိုးစေ့လည်းမှန် အပင်လည်းသန်စေခဲ့တယ်။ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ အများကြီးဆိုမှ အများကြီး။ အားလုံးထဲမှာ ရင်ထဲအစွဲဆုံးကတော့ ၀ါကျတိုတိုကလေးတွေနဲ့ အကွက်စိပ်စိပ်ကလေးရေးတတ်တဲ့ ဆရာသိပ္ပံမောင်ဝကို အကြိုက်ဆုံးပဲ။ သည်ဆရာ့နှယ် သိပ္ပံမောင်ဝမို့သာ တော်တော့။ ၀ိဇ္ဇာမောင်များ ၀ရရင် ဘယ်လိုစာတွေ ထွက်လာဦးမယ် မသိဘူး။ အစိုးရအလုပ်ထဲရောက်လာတာတောင် နယ်ဘက်တောဘက်ကို သွားရလေတိုင်း ကိုယ့်အတွက် စံပြရှေ့ဆောင် ၀န်ထမ်းမောင် ပုံရိပ်ဟာ နယ်ပိုင်ဝန်ထောက် မောင်လူအေး၊ အရေးပိုင်မင်း မောင်လူအေးပဲ။ ထွေ/အုပ်က ဆရာသမားများတော့ ဘယ်လိုသဘောထားလေမည်မသိ။ အထူးသဖြင့် တာဝန်နဲ့ပတ်သက်လာလို့ ကိုယ့်ကိုယ်ကိုယ် သံပတ်တင်းပြီး အလုပ်လုပ်ရလေတိုင်း “ငယ်ငယ်က ဘွားဒွေးကြီးရဲ့ ကြိမ်လုံးကို ကြောက်လို့ မနက်စောစော မထချင်ထချင် အိပ်ယာကထရတယ်ဆိုတဲ့ မောင်လူအေးဟာ ကြီးလာတော့လည်း တာဝန်ကြိမ်လုံးကို ကြောက်လို့ အိပ်ကောင်းခြင်း မအိပ်ရ စောစောထနေရတုန်းပါပဲ” ဆိုတာကလေးကို အမြဲပြေးပြေး သတိရမိတယ်။
အင်္ဂလိပ်က ကောင်းကောင်းလေ့ကျင့်ပေးခဲ့တဲ့ ဗြူရိုကရက် စည်းကမ်းကောင်းကလေးတွေဟာ ဒီမိုကရက်မကျ အရစ္စတိုကရက်မကျတဲ့ ကိုယ်တို့ခေတ်ကိုရောက်တဲ့အခါမှပဲ လအော့လအယ် ကရော်ကမယ်နဲ့ တောမရောက်တောင်မရောက် စံနစ်ပျောက်ကုန်တာတွေ တွေ့ရတဲ့အခါ လွမ်းသလေမောင်ကြီး ယိုလာယီး လို့ နှမြောတသစရာလေးတွေ ဖြစ်လို့လာပါတယ်။ တို့ဘိုးတို့ဘွား တို့ဆရာကြီးများရှိရင်တော့ ဘယ့်နှယ်များ ပြောလေဆိုလေမယ် မသိဘူး။ သူတို့သင်ပေးထားလို့ ဘုဂလန့်ဂွစာ စာတိုပေစတွေ ရေးတတ်လာတဲ့ ကိုယ့်အနေနဲ့တော့ မြင်သမျှတွေ့သမျှလေးတွေကို တီးလိုက်ပြန်ပြီ တိန်တိန်မြည် လုပ်ရဦးတော့မှာပဲ။ ဘာရယ်လို့တော့ ဟုတ်ပါဘူးနော့။
ကိုလူအေးတို့ခေတ်တုန်းက တာဝန်ကြိမ်လုံးကို ကြောက်ရတယ်ဆိုတာ ကိုယ်တို့ခေတ်မှာ အထက်အရာရှိကို ကြောက်ရပုံမျိုးနဲ့ မဆီလေးရယ်တဲ့မှ အိုမဆိုင်ပါ ဆရာ။ ၁၀၉ / ၁၁၀ တွေ လိုက်ဖမ်းတဲ့ခေတ်ကဆို သူလာရင် လူတွေလန့်ပြီး ထွက်ပြေးကြတာ။ စိတ်ထဲမှာ ဘယ့်နှယ်ပဲ ရှိနေနေ၊ သူ့တာဝန်က အဖြူဆိုရင် အဖြူ အမည်းဆိုရင်အမည်း သဲသဲကွဲကွဲ စည်းခြားထားပြီးသားမို့ တာဝန်မျက်နှာမှတပါး ဘယ်သူ့မျက်နှာကိုမှ မထောက်ထားပဲ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရတဲ့စံနမူနာဟာ ကိုယ်ကိုယ်တိုင် ၀န်ထမ်းဘ၀ကိုရောက်လာတဲ့အခါ လမ်းပြရှေ့ဆောင် နမူနာထားရတာပေါ့။ ဒါပေမယ့် ဆရာကိုလူအေးရဲ့စာတွေထဲမှာ ဆားပုလင်းနှင်းမောင်ရဲ့ အင်းစိန်စီအိုင်ဒီက ပုလိပ်မင်းကြီး မစ္စတာ ကရစ်ပလင်လို “မောင်မင်း လူကလေး။ ဒမ်ဘလယ်ဒီဖူး၊ ကျွနုင်္ပ် အားကြီးစိတ်ဆိုးတယ်။” တွေ မပါသလို “ယက်ဆား။ အောရိုက်ဆား၊ ပါးဒန်းမီဆား။” လုပ်ကြတဲ့ အထက်ဖားအောက်ဖိ အလိုတော်ရိတွေလည်း မဖတ်မိပါဘူး။ မရှိပဲတော့ ဘယ်နေမလဲ။ အဘက်လုပ်ပြီး ဖွဲ့နွဲ့ရေးသားမနေတော့ အာရုံမနောက်ဘူးပေါ့။
ကိုယ်တို့ခေတ်ကို ရောက်တဲ့အခါမှာတော့ ၀န်ထမ်းလုပ်ရတဲ့ဘ၀ဆိုတာ ဓါးမနောက်ပိတ် ခွေးသာသာ ပါကွယ်။ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရ။ ကျားကြောက်လို့ ရှင်ကြီးကိုးမယ်ကြံရင်လည်း ရှင်ကြီးကျားထက်ဆိုးတာတွေချည့် တွေ့ရမယ်။ ရှေ့ဘုန်းကြီး တစ်ချက်ခေါက်ရင် နောက်ဘုန်းကြီး နှစ်ချက်ခေါက်လိမ့်မကွဲ့လို့ ကိုယ့်ဘာသာ တရားနဲ့ဖြေပြီး ကျားသနားမှ နွားချမ်းသာပါမယ့်အကြောင်း မေတ္တာရေလောင်း ဆုတောင်းကောင်းမှုချွေကြရတယ်။ ဒါကြောင့် အလုပ်ထဲမှာ တာဝန်ကြိမ်လုံးဆိုတာကို အသာထားပြီး သရီးရှဲဒိုး ဒူးနော့နိုးရင် ဂျီစမောကို တိုက်ဂါးကစ်မကွဲ့လို့ အထက်အရပ်၌ရှိသော ယမထာရွှေကြိမ်လုံးများကို ဖိန့်ဖိန့်တုန်ကြရတာပေါ့ကွယ်။ နောက်ဆုံးတော့ ကိုယ့်အလုပ်တာဝန်ဆိုတာ ဘယ်ဟာဘယ်ဒင်းမှန်းတောင် ကွဲကွဲပြားပြားမသိတော့ဘူး။ သခင်စေတိုင်း မဆိုင်းခဏ စိတ်တိုင်းကျစေဖို့သာ အဓိကလို့ ဘောစိဂုဏော အနန္တော ဂုဏ်ဆောင်ကြရသတဲ့။
လူကြီးက ခိုင်းလာရင် ဟုတ်သည် မဟုတ်သည် စဉ်းစားဖို့ဆိုတာ ကိုယ့်အရာ မဟုတ်ဘူး။ လူကြီးဆိုတာ အရာရာ ကိုယ့်ထက်သိတယ်။ ကိုကို မကြိုက်ဘူး ဒါမလုပ်နဲ့ဆို ဟုတ်ကဲ့ ကိုကို ဖြစ်နေပစေ။ ကိုကို ထင်ရာမလုပ်နဲ့ စိုးရိမ်လို့ ပြောမယ်တွေဘာတွေ လျှာမရှည်လေနဲ့။ အဲဒါကမှ ကိုယ့်အတွက် စိုးရိမ်ရတာ။ ကိုယ့်ဆရာ ဟာသနှောနေရင် အခါတစ်ရာ ကြားဖူးပြီးသားလည်း ခွက်ထိုးခွက်လှန် အူနှိပ်ပြီး ရယ်ပလိုက်။ သူကမှ အို စိတ်မကောင်းစရာဆိုရင် မျက်ခမ်းပရုပ်ဆီသုတ်ပြီးသာ ငိုချလိုက်။ ဒါမှပဲ လူကြီးရဲ့မနောဘ၀င်မှာ ယုံကြည်စိတ်ချအပ်သော၊ အတွင်းလူစာရင်းထဲ သွင်းတယ်။ အရင်း နဲ့ အဖျားဆိုတာ မနောဝိဥာဉ် အာရုံမထင်တဲ့ သစ်ပင်များမှာတောင် မတူလေဘူး။ ဘာတစ်ခုမှ မတူလေဘူး။
ရင်းသထက်ရင်း ချာသထက်ချာချင်ရင် ရုံးတက်ရုံးပြန် မမေ့ရန် ဘောစိဆလံပေးရုံနဲ့ မလုံလောက်တော့ဘူး။ အိမ်ပြန်ရေချိုး တရေးနိုးသော် စားတော်ခေါ်စရာ ကြိုက်တတ်ရာရာ ကလေးများလည်း သိရတယ်။ အိမ်က မမကြီး မေမေကြီး သားငယ်လေး မီးငယ်လေးတွေကို ၀င်ကာထွက်ကာ ခင်အောင်မင်အောင် ပေါင်းရသင်းရတယ်။ ဒါမှ အရေးရယ် အကြောင်းရယ်ဆို ရန်အောင်သီချင်းလေးဖွင့်ပြီး “မေမေရေ သူလေးက လိမ္မာတယ်” လို့ ကိုယ့်ဘက်က ပြောပေးမယ့် မဲတစ်မဲစီရမှာ။ ယောင်္ကျားချင်းမို့ နောက်ဖေးပေါက်က တက်ရမှာ အားနာနေသေးလား။ သိပ်မခက်ပါဘူး။ သဗ္ဗေသတ္တာ အ၀ါရေဟောတုတဲ့။ အ၀ါရေပုလင်းလေးများဆက်လို့ ကန္နားသဘင် ပျော်ပွဲဆင်နိုင်တယ်။ သီချင်းတွေ အိုချင်အိုပစေ။ နတ်ချော့ပေးမယ့် ကလေးမလေးတွေသာ မအိုစေနဲ့။ သည့်ထက်ပိုပြီး ရင်းနှီးလာလို့ မမလေးအိမ်တွဲပို့ပေးပြီး “ဆရာက သည်နေ့ အစည်းအဝေးရှိလို့ ရုံးမှာအိပ်မယ် မမ။ လူကြီးခရီးစဉ် ပါသွားတယ် မမ။” လို့ မဒီကြီးအိမ် သတင်းစကား ပါးနိုင်သူဆိုရင်တော့ ပွဲသိမ်းပြီသာ မှတ်လိုက်ပါတော့လေ။ သူခိုင်သရွေ့ ကိုယ်လည်း ခိုင်သွားပြီ။
ဗောင်းတော်ညှိတ် စိတ်တော်သိလို့ အတူနေ အနီးနေ၊ အတွင်းစည်း အရင်းနှီးမဖြစ်သေးတဲ့သူတွေမှာတော့ သူများလို လက်ဘက်ထုပ် မတတ်နိုင်တဲ့အတွက် လူကိုပဲ မတတ်တတ်အောင် သင်ကြရပါတော့တယ်။ အဲဒါကတော့ အရိပ်အခြေကလေးကြည့်ခစားပြီး ဟိတ်ဆိုတိတ်၊ အိပ်ဆိုအိပ်။ ငါးခြောက်ဆိုပြား ယောက်ဆိုကျား၊ ထားလျှင်လည်း နေပါမည်။ သတ်လျှင်လည်း သေပါမည့်အကြောင်းကို ဟိန္နူတွေ နှုတ်ဆက်သလို နဖူးနဲ့ခြေမနဲ့ တို့ကာတို့ကာ ခေါင်းလေးတရမ်းရမ်း နမာ့စတေးတပြင်ပြင် သံတော်ဦးတင်ရပါတယ်။ ကိုယ်က သူ့လူမဟုတ်တဲ့အတွက် အချိန်မရွေး ဘေးရောက်သွားနိုင်တယ်ဆိုတာ သဘောပေါက်ထားတော့ သူတို့စိတ်ထဲမှာ ရှိတဲ့ အကြောက်တရားဟာ ဘာနဲ့မှ မတူပါဘူး။ မောင်လူအေးကြောက်တဲ့ ဖွားဒွေးကြီးကြိမ်လုံး၊ အလုပ်တာဝန်ကြိမ်လုံးတွေထက် အဆတစ်ရာ သာတယ်။ “နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွေးဘူးဟဲ့” လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး ကြောက်နေရတဲ့ အကြောက်တရားမျိုး။ အလိုလိုနေရင်းကို ကြောက်နေရတဲ့အတွက် ကိုယ့်ဆီက အမှားအယွင်း တစုံတရာ၊ အငြိုအငြင်ခံရစရာ တစ်ခုခု လူကြီးနားများ ပေါက်ကြားသွားလေမလားလို့ တွေးမိရင် နေစရာတောင် မရှိရှာလေဘူး။ ကြောက်တာလည်း သူ့အပြစ် မဟုတ်ဘူးလေ။ ကိုယ့်လူမဟုတ်တော့ လူ့ရှေ့သူ့ရှေ့ အမှားတွေ့သွားရင် နှစ်ပြားမတန် အဆူအဆဲခံရတာကိုး။ သူ့မှာ ထောက်ထားညှာတာစရာ မျက်နှာမရှိဘူးလေ။ အဲသလို ကြောက်တဲ့သူကလည်းကြောက် ဟောက်တဲ့သူကလည်းဟောက်တဲ့ အဆိုးသံသရာစက်ဝန်းမှာ ဘယ်ဘူတာဆိုက်ကုန်သလဲဆိုတာ ကိုယ်တွေ့မျက်မြင် ဖြစ်ရပ်တွေရှိပေမယ့်လည်း သင်ခန်းစာတော့ ယူနိုင်ခဲပါတယ်။
ဟိုးရှေးရှေးတုန်းက သားသားတို့အသည်းစွဲ အဆိုတော်မေမေကြီးတစ်ယောက်ဟာ အသံလွှင့်ရုံမှာ တာဝန်ထမ်းဆောင်စဉ် အစီအစဉ်တစ်ခုကို မှားယွင်းကြေညာမိတဲ့အတွက် ပေါ်လစီအသံလွှင့်ချက်တစ်ခုက တန်းလန်းကြီးတင်ကျန်နေပါသတဲ့။ အထက်အထက်က မိုးမီးလောင်လာခဲ့တဲ့ ဒေါသအလိပ်လိုက်တွေဟာ နောက်ဆုံးတော့ တာဝန်မှူးမေမေကြီးခေါင်းပေါ်ကို အစုလိုက်အပြုံလိုက် မုန်တိုင်းဆင်လာတဲ့အခါ “ငါ့အေ။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အဲသလောက် နှစ်ပြားမတန်အောင် အဆူအဆဲ မခံရဖူးပါဘူး။” လို့ ပြောပြီး အဲသည်ညမှာ ကွယ်လွန်ရှာသတဲ့။ သည်အချိန်ကျမှတော့ “Sorry seems to be the hardest words.” လို့ ပြောလည်း စကားတွေကျွံပြီး နှုတ်လို့မရတော့ဘူး။ ဆယ်ပုဒ်ဆိုရင် ဆယ်ပုဒ်စလုံး မပစ်နိုင်အောင် အဆိုကောင်းတဲ့ သီချင်းသည်ကြီးဆီက နောက်ထပ် ဘာသီချင်းမှ မကြားနိုင်တော့ဘူးပေါ့။ အသေးစိတ်သိချင် ပြောပြစရာတွေကလည်း တပုံကြီးကျန်သေးတယ်ရှင့်လို့ ပုံပြောကောင်းသူ မမကြီးရေးတဲ့ အလွမ်းစာတွေထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါသေးတယ်။ လွန်လေပြီးသော အတိတ်တွေကို နောက်ကြောင်းပြန်လှည့်နေတာက ဘေးကင်းရန်ကင်းမို့ပါ။ အခုရော အဲ့ဒါမျိုးတွေ ရှိသေးလို့လား လို့ မေးရင် ကိုယ့်ဘာသာကိုယ်ပဲ ကိုယ့်အလုပ်ထဲ ပြန်ကြည့်လိုက်ကြပါနော်။ သားသားတော့ နှာစေးနေတယ်ဗျ။ (ဟွန့် လာသေးတယ် သာအေးရယ်။ နှာများမစေးရင် ဘယ်လိုနေမယ်မသိ)
သည်စာကို သူရိယနေ၀န်းထဲပို့ဖို့ စိတ်ကူးမရှိတဲ့အတွက် ဘယ်သူဘယ်ဝါ ဘယ်တုန်းက ဘယ်သို့ ဘယ်ချမ်းသာတွေဖယ်ထားပြီး အမှားကိုမထောက်ပဲ အမှန်ကိုထောက်ပြပါ့မယ်။ အလုပ်ထဲမှာ ကြောက်ရမယ့်အရာဟာ ကိုယ့်အထက်လူကြီးမဟုတ်ပါဘူး။ မိမိရဲ့ တာဝန်ဝတ္တရားများ မကျေပွန်ပျက်ကွက်မှာ၊ မိမိအတွက်ကြောင့် မိမိအပါအ၀င် ထိစပ်ပတ်သက်နေသမျှသူအားလုံး အကျိုးစီးပွား၊ ဂုဏ်သိက္ခာ၊ အချိန်၊ ငွေကြေး၊ ဆုတ်ယုတ်ပျက်ယွင်းရမှာ။ အထူးသဖြင့်တော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ့်လူမျိုး အကျိုးစီးပွားထိခိုက်နစ်နာမယ့် အမှုမျိုးကိုတော့ ကောင်းကောင်းကြီး ကြောက်ရပါလိမ့်မယ်။ အဲသည်အကြောက်တရားကတော့ ကိုယ်တင်မဟုတ်ဘူး။ ကိုယ့်အထက်အထက်မှာ ရှိလေသမျှသော လူကြီးများအားလုံး မဖြစ်မနေ ကြောက်ရွံ့စိုးရိမ်သင့်တဲ့ အကြောက်တရား ဖြစ်ပါတယ်။ မောင်လူအေးကြောက်တဲ့ တာဝန်ကြိမ်လုံးဆိုတာ အဲ့ဒါကိုပြောတာလေ။ သူလည်းသူ့တာဝန်ကိုပဲ သူကြောက်တယ်။ ဘုရင်ခံကိုတောင် ကြောက်တာမဟုတ်ဘူး။ (ကြောက်ရင် သည်လိုစာတွေ ကျုပ်တို့ဖတ်ရလိမ့်မယ် မဟုတ်)
ရေးရင်းရေးရင်း ဆုံးကာနီးကျမှ ငါအရေးစောလေခြင်းလို့ နောင်တရမိတယ်။ ဖတ်ချင်တဲ့စာအုပ်တစ်အုပ် ကျန်နေသေးပါလား။ အကြောက်တရားနဲ့ ပတ်သက်လာရင် တို့မေကြီးလည်း စာအုပ်တစ်အုပ် ရေးခဲ့သေးတယ်လေ။ “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြောင်း” တဲ့။ အမ်းမှာကတည်းက မွေးနေ့လက်ဆောင်ရထားပြီး ခုထက်ထိ မဖတ်ရသေးတဲ့ စာအုပ်တစ်အုပ်။ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ ဘာတွေများ ရေးထားလေမယ်မသိ။ နာယူမှတ်သားလိုလှပါဘိ။ သူလည်း ဘယ်သူ့မှ ကြောက်တဲ့သူ မဟုတ်ဘူးဗျ။ သူ့သာ ဟိုလူကကြောက် သည်လူကကြောက်နဲ့။ မပြင်နိုင်ဘူး ထဆင်ထူး အော်တဲ့သူကအော်။ ဟော်တယ်မရ ဒေါ်မယ်မဖြစ်အောင် နှောက်တဲ့သူကနှောက်။ “လူဆိုတာ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေမယ်ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးပဲ” လို့ ကောင်းကောင်းကြီး သင်ခန်းစာ ယူလိုက်ရပါတယ်။ အမယ်။ ဒါသူ့ကို လော်ဘီလုပ်နေတာများထင်သလား အရပ်ကတို့။ ဟိုကြောက်နေရှာသူကြီးများကို အားပေးနေတာပါ။ ကဲ လာ လာ။ ယတြာချေလိုက်ကြရအောင်။ လိုက်ဆို သုံးခါပြည့်အောင်။
“မမ မမ ညီမ ကြောက်တယ်။” “မကြောက်နဲ့ ညီမ။ မမ ရှိတယ်။”
“မမ မမ ညီမ ကြောက်တယ်။” “မကြောက်နဲ့ ညီမ။ မမရှိတယ်။”

0 comments:
Post a Comment