နင်းပြားပြည်သူကို အစိုးရက လူလိုမြင်တတ်အောင် စတင်လေ့ကျင့်သူများ (သို့မဟုတ်) တတ်ကြွလှုပ်ရှားသူများ part 3
by Ko Phoe Phyu (Notes) on Friday, May 3, 2013 at 8:37pm
တတ်ကြွလှုပ်ရှားသူနဲ့
ပြည်သူမပေါင်းမိဖို့
အစိုးရမျှော်လင့်
၂၃။ လက်ပံတောင်းတောင်ကိစ္စ စုံစမ်းရေးအစီရင်ခံစာထွက်လာပြီးနောက်ပိုင်း နောက်ကွယ်ကြိုးကိုင် သူတွေ ဘယ့်နဲ့ညနဲ့၊ဘယ်လိုပုဂ္ဂိုလ်၊ ညာလိုပုဂ္ဂိုလ် ပုတ်ခတ်တာစုံလို့။
ဟိုလူ့ကြောင့် ဒီလူ့ကြောင့် လက်ညှိးထိုးရမယ်ရှာပေမယ့်ဒေသခံပြည် သူတွေ ကိုယ်နှိုက်ကကို သဘောမတူမကြေနပ်တာ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်ပါလို့ ဆိတ်သားရေဖုံးလို့မရတော့ဘူး။
၂၄။ ခုလည်းကြည့်စစ်ကိုင်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စာကပ်ကြော်ငြာထုတ်ပြန်ရသတဲ့။ အလိုရှိသူများလို့ရေးသားထားတယ်။ ဓါတ်ပုံပါဖော်ပြလိုက်သေးတယ်။ အလိုရှိတဲ့လူတစ်ဦးစီကို ဘယ်နှစ်မှုဟုဖော်ပြထားတယ်။အလိုရှိတဲ့လူ(၇)ဦးကို လက်ခံ ထားမယ်ဆိုရင်၊ သတင်းမပေးဘူးဆိုရင် ဥပဒေနဲ့ငြိစွန်းနိုင်တယ်လို့ဖော်ပြထားပြန်ပါတယ်။
ဥပဒေမတတ်တဲ့တိုင်းဥပဒေချုပ်နဲ့အသရေဖျက်မှု၊တရားရုံးမထီမဲ့မြင်ပြုမှု
၂၅။ ဥပဒေနဲ့မညီတဲ့ထုတ်ပြန်ချက်၊ကြေညာချက်ဖြစ်ပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့လုံးဝလွဲမှားချွတ်ချော်နေတဲ့ စာကပ် ကြော်ငြာဖြစ်ပါတယ်။အဆိုးတကာ့အဆိုးဆုံးကတော့ တတ်ကြွလှုပ်ရှားသူတွေကို အသရေပျက်မှုဖြစ်ပါတယ်။ အဲဒီစာကပ် ကြော်ငြာထဲမှာ"ကြေးနီတောင်စီမံကိန်းရုတ်သိမ်းရေးကိုအကြောင်းပြကာ ဒေသတည်ငြိမ်ရေးကို ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်သူများ"လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။ အမှုကို စစ်ဆေးကြားနာဆုံးဖြတ်မယ့် တရားရုံးကတောင် မစီရင် မသုံးသပ်ရသေးဘူး။ အမှုဖွင့်ထားရုံပဲရှိသေးတယ်။ တရားရုံးဆုံးဖြတ်ချက်ထက် ကြိုစော၊ စကားဦးသန်းကြော်ငြာဖော်ပြတာကြောင့် ဥပဒေ အရ တရားရုံးမထီမဲ့မြင်ပြုမှုနဲ့တန်ပြန်တရားစွဲဆိုသင့်ပါတယ်။ဒါ့အပြင် အသရေဖျက်မှု၊ (တရားမ/ပြစ်မှု)(၂)မျိုးစလုံးနဲ့ ထုတ်ပြန် သူအာဏာပိုင်ကို အရေးယူသင့်ပါတယ်။
တရားခံပြေးကိစ္စနှင့်ဝရမ်းပြေးကြော်ငြာ
၂၆။ ပထမသတင်းပေးတိုင်တန်းချက်နဲ့ရဲကအမှုဖွင့်လှစ်လိုက်ပြီဆိုတာနဲ့စုံစမ်းထောက်လှမ်းရမယ့်ရဲအရာရှိဟာစုံစမ်းထောက်လှမ်း၊ စုံစမ်းမေးမြန်းဖို့တာဝန်ရှိပါတော့တယ်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၄၊၁၅၆၊ ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၄၁၄၊ ၁၆၇၀) အရေးယူရမယ့်ပြစ်မှုဟာ ရဲအရေးပိုင်တဲ့အမှုဖြစ်မယ်ဆိုရင်စုံစမ်းထောက်လှမ်းမယ့်ရဲအရာရှိဟာ ၀ရမ်းမပါပဲ ဖမ်းဆီးခွင့် ရှိပါတယ်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄(၁)(စ)၊ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၀၅၀(က)) ဖမ်းဆီးအရေးယူရမယ့် တရားခံ ဟာ ထွက်ပြေးတမ်းရှောင်နေမယ်ဆိုရင်ရဲကလိုက်လံရှာဖွေဖမ်းဆီးခွင့်ရှိပါတယ်။ (ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၇၂၇) တိမ်းရှောင်နေသူကို ဖမ်းဆီးမမိဘူးဆိုရင် ရဲစွဲချက်ဖြင့် တရားရုံးထံသို့ အမှုစွဲဆိုတင်ပို့ရပါတယ်။တရားခံပြေးအမှု ဖွင့်လှစ်ဆောင်ရွက်ရ ပါတယ်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၅၁၂(၁)၊ ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၅၁၀၊ ၁၇၅၃(၈))
၂၇။ ရဲကတရားခံပြေးအမှုတင်သွင်းလာတဲ့အခါတရားရုံးက တရားခံအား လူဖမ်းဝရမ်းထုတ်ဆင့်ရပါတယ်။ (ဦးဘိုကြီးနှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ(၂)၊၁၉၈၁ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(တရားရုံးချုပ်)၊ စာ-၈၉)တရားရုံး က တရားခံပြေးအမှုဖွင့်လှစ်ပြီးသက်သေတွေကို စစ်ဆေးရပါတယ်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅၁၂(၁))တရားရုံးက ၀ရမ်းပြေးကြော်ငြာဖို့ဆောင်ရွက်ရပါတယ်။(ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ တရားရုံးများလက်စွဲစာပိုဒ်-၅၁၃)
၂၈။ ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုကြည့်ရင်တရားခံပြေးကို ၀ရမ်းထုတ်တာ၊ ၀ရမ်းပြေးကြော်ငြာတာအားလုံးဟာ တရားရုံး ရဲ့တာဝန်နှင့်လုပ်ပိုင်ခွင့်သာဖြစ်ကြောင်းတွေ့ရမယ်။ ရဲရဲ့တာဝန်မဟုတ်ပါဘဲလျှက် လူမြင်ကွင်းသစ်ပင်တွေမှာ တိုင်းရဲတပ်ဖွဲ့မှူး လက်မှတ်နဲ့"အမှုများဖြင့် အလိုရှိသည်"ဟု စာကပ်ကြော်ငြာတာဟာဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ပါဘူး။ ဥပဒေလုပ်ထုံး လုပ်နည်းလွဲမှားကြေညာခြင်းကြောင့်အသရေပျက်စေကြောင်း မြွက်ဟကြေညာပေးစေလိုမှုနှင့်တရားမနစ်နာကြေး ရလိုမှုစွဲဆို သင့်ပါတယ်။
၂၉။ ကြော်ငြာချက်မှာစာအမှတ်မပါတာ၊ တိုင်းရဲတပ်ဖွဲ့မှူးရဲ့လက်မှတ်ပဲပါတာကို စကားထဲထည့်ပြောနေစရာတောင်မလိုတော့ဘူး။ ရဲလုပ်ပိုင်ခွင့်ကိုမဟုတ်ဘူး။ အမှုဖြင့်အလိုရှိသည်ဟု ကြေညာတာကိုက တရားရုံးလုပ်ပိုင်ခွင့်ကိုဝင်ရောက်စွက်ဖက် တာပဲဖြစ်ပါတယ်။ တရားစီရင်ရေးတာဝန်ဝတ္တရားကို နှောက်ယှက်ရာရောက်တဲ့အတွက်ဝရမ်းပြေးတရားခံတွေ အဖမ်းခံရတဲ့အခါ မှာ တန်ပြန်အရေးယူဖို့ဆောင်ရွက်သင့်ပါတယ်။
၃၀။ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးဦးတင်ထွဏ်းက၀ရမ်းထုတ်တာမဟုတ်ဘူး။(တရားခံ)ကိုထိန်းသိမ်းထားရင်သတင်းပေးဖို့ကြော်ငြာ တာပါ။ ဥပဒေဗဟုသုတပေးတာလို့ ဆိုပြန်ပါတယ်။ ရဲတာဝန်မှာလုပ်ပိုင်ခွင့်မရှိတာကိုဆောင်ရွက်တာဟာ ဥပဒေကနှင်းအပ်ထား တဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။တရားရုံးကတရားဝင်ဖမ်းဝရမ်းထုတ်ထားတာလည်းမဟုတ်၊ တရားဝင် ၀ရမ်းပြေးကြေညာထားတာလည်းမဟုတ်ဘဲနဲ့ဝရမ်းပြေးတရားခံကို လက်ခံတာဟာ အပြစ်မရှိပါဘူး။ တရားခံထွက်ပြေးတိမ်း ရှောင်နိုင်အောင်လက်သင့်ခံတယ်လို့မဆိုနိုင်ပါဘူး။ ဒါ့အပြင် ၀ရမ်းပြေးတရားခံမှာ အပြစ်မရှိဘူးလို့ တရားရုံးကဆုံးဖြတ်ရင် လည်း လက်သင့်ခံသူမှာ အပြစ်မရှိပါဘူး။(ပြစ်မှုဥပဒေပုဒ်မ-၅၂(က)၊ ၂၁၂) နောက်တစ်ချက်ကတရားခံပြေးကိုထိန်းသိမ်းထားရင် သတင်းပေးဖို့ဘယ်ပြည်သူမှာမှ တာဝန်မရှိပါဘူး။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၄(၁)အရသတင်းပေးရန်တာဝန်ရှိတဲ့ပြစ်မှု အမျိုးအစားထဲမှာ ၀ရမ်းပြေးလက်သင့်ခံမှု(ပြစ်မှုဥပဒေပုဒ်မ-၂၁၂)မပါပါဘူး။ ဒါကြောင့်ဒေသခံပြည်သူနဲ့ တတ်ကြွလှုပ်ရှားသူကို မပူးပေါင်းနိုင်ဖို့ လှလှပပသပ်လျှိုလိုက်တဲ့ဥပဒေမဲ့လုပ်ကွက်ပဲဖြစ်ပါတယ်။ ဒီအပြုအမူတွေအားလုံးအတွက် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဥပဒေချုပ်နဲ့ရဲချုပ်ကတာဝန်ခံရမှာဖြစ်ပါတယ်။
၃၁။ ကဲနောက်ဆုံးအနေနဲ့ကျွန်တော်အထက်မှာသုံးသပ်ပြသွားတဲ့ဥပဒေသဘောကိုမူရင်းပြဋ္ဌာန်းချက်တွေနဲ့စပ်ဟပ်လေ့လာ နိုင်ဖို့ နိဂုံးချုပ်စုစည်းတင်ပြလိုက်ရပါတယ်။သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေကို ဆက်ကြည့်ပါဦး။
သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ
၃၂။ မည်သည့်သတင်းမျိုးကိုမဆိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၅ တွင်ပြဋ္ဌာန်းချက်များအရ ချက်ချင်းတိုင်ချက် ဖွင့်လှစ်ရမည်။ (ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၄၁၄)၊ ရဲအရေးယူပိုင်သည့်ပြစ်မှုနှင့်စပ်လျဉ်းသောသတင်းပေးတိုင်တန်းချက်ကို ပထမ သတင်းပေးတိုင်ချက်၊ ရဲစခန်းမှတ်ပုံတင်(၂၀)တွင်ရေးသားမှတ်တမ်းတင်ရမည်။(ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၆၆၆)၊ အရေးယူ ပိုင်သည့်ပြစ်မှုဖြစ်မြောက်ရန် လက္ခဏာရှိသည့်အခြင်းအရာများကိုတိုင်ကြားချက်ရရှိသည့်အခါ ××× စုံထောက်စစ်ဆေးရန် ရဲစခန်းမှူးက ဆုံးဖြတ်သည့်အခါ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၇(၁)(က))အရ××× ပထမသတင်းပေးတိုင်ချက်စာအုပ်ပါ မူရင်းစာချပ်ကို ပေးပို့ရမည်။ (ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၇၅၃(၁))
၃၃။ ပထမသတင်းပေးတိုင်ချက်တွင်ဖြစ်စေ၊တိုင်ကြားမှုတွင်ဖြစ်စေပါရှိသောအကြောင်းအရာများသည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်-၁၅၆အရ စုံစမ်းစစ်ဆေးခွင့်ရှိသည့် ရဲအရေးယူပိုင်သောပြစ်မှုဖြစ်သည့်လက္ခဏာရှိလျှင် ရဲစခန်မှူးကစုံစမ်းစစ်ဆေး ရန်လုံလောက်သောအကြောင်းရှိ/မရှိ စုံစမ်းရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၇၊ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၆၈၁) ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၆အရ မိမိစုံစမ်းထောက်လှမ်းပိုင်ခွင့်ရှိသော ပြစ်မှုတစ်စုံ တစ်ရာဖြစ်ပွားခဲ့ကြောင်း ရရှိသောသတင်းအရ×××ရဲအစီရင်ခံစာအရ အဆိုပါပြစ်မှုကို အရေးယူပေးရန် အာဏာရှိသည့်ရာဇ၀တ် တရားသူကြီးတစ်ဦးထံထိုအကြောင်းကို ချက်ချင်းအစီရင်ခံရမည်။ ××× အမှု၏အကြောင်းခြင်းရာများကို စုံစမ်းထောက်လှမ်းပြီးလိုအပ်ပါက ကျူးလွန်သူကို ရှာဖွေဖမ်းဆီးရန် စေလွှတ်ရမည်။(ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၇(၁))
၃၄။ တရားခံကိုရှာဖွေ၍မတွေ့သော်လည်း(အမှုစုံထောက်၍ပြီးသည့်နောက်)အမှုမှန်ကန်ကြောင်းအယူရှိသည့်ပြင်တရားခံကိုဖမ်းဆီးထိုက်ကြောင်း အခြင်းအရာများထင်ရှားစွာရှိသည့်အခါ (ရဲ)စွဲချက်စာချပ်ကို စီရင်ခွင့်အာဏာအရတရားသူကြီးထံတင်သွင်း ပြီးလျှင်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇အရ ဆောင်ရွက်နိုင်ရန်လျှောက်ထားရမည်။(ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၇၅၃(၈))အရေးကြီးသောအမှုများတွင် တရားခံထွက်ပြေးတိမ်းရှောင်နေသဖြင့် ရှာဖွေမတွေ့နိုင်လျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅၁၂အရ တရားရုံးသို့ (ရဲ) စွဲချက်လွှာတင်ပို့ပြီး သက်သေများကို စစ်ဆေးစေရမည်။ အမှုထင်ရှားသောအခါတရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၈၇ အရ ကြော်ငြာထုတ်ဆင့်နိုင်ရန်နှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၈ အရ တရားခံ၏ပစ္စည်းကို ၀၇မ်း စွဲကပ်ရန် ၀ရမ်းထုတ်ပေးနိုင်သည့်တရားရုံးသို့လျှောက်ထားစေရမည်။ (ရဲလက်စွဲ(ဒုတိယအတွဲ)အပိုဒ်-၁၅၁၀)
၃၅။ စွပ်စွဲခံရသူတစ်ဦးသည်ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်းနှင့် ၄င်းကို လက်တလောဖမ်းဆီးရမိရန် အလားအလာရှိကြောင်း ထင်ရှားအောင်ပြုလုပ်ပြီးဖြစ်လျှင် တိုင်တန်းထားသည့်ပြစ်မှုအတွက် ထိုသူကို စစ်ဆေးစီရင်ရန်(သို့မဟုတ်)စစ်ဆေးစီရင်မှုအတွက် လွှဲအပ်တင်ပို့ရန် စီရင်ခွင့်အာဏာရှိသောတရားရုံးသည် တရားလိုပြဘက်မှ တင်ပြသောသက်သေများရှိလျှင်ထိုသက်သေများကို တရားခံ၏မျက်ကွယ်၌ စစ်မေး၍ ၄င်းတို့၏အစစ်ခံချက်များကို ရေးမှတ်ယူနိုင်သည်။(ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၅၁၂(၁))
၃၆။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅၁၂အရ တရားစွဲတင်ပို့လာသည့်အခါ တရားခံအား လူဖမ်းဝရမ်းထုတ်ဆင့်ရသည်။ လူဖမ်းဝရမ်းအတည်မဖြစ်လျှင်ဝရမ်းအတည်ပြုသည့်ပြည်သူ့ရဲတပ်ဖွဲ့ဝင်နှင့် မှင်နီသက်သေများကို တရားခံထွက်ပြေးတိမ်းရှောင်နေခြင်းရှိ/မရှိ၊ လောလောဆယ်ဖမ်းမိရန် အကြောင်းရှိ/မရှိနှင့်စပ်လျဉ်း၍ စစ်ဆေးရသည်။ ထိုသက်သေတို့၏ထွက်ဆိုချက်များအရ တရားခံသည် ထွက်ပြေးတိမ်းရှောင်နေပြီး လောလောဆယ်ဖမ်းမိရန်အကြောင်း မရှိကြောင်းပေါ်ပေါက်မှသာထိုအချက်ကို မှတ်တမ်းတင်၍ အမှုဖြစ်အကြောင်းအရာနှင့်ပတ်သက်၍ ထွက်ဆိုကြမည့် မှင်ပြာသက်သေများကိုစစ်ဆေးရသည်။ တစ်နည်းဆိုရ သော် တရားခံ၏မျက်ကွယ်တွင် သက်သေများအား အမှုနှင့်စပ်လျဉ်း၍စစ်ဆေးနိုင်ရန်အလို့ငှာ တရားခံသည် ထွက်ပြေး တိမ်းရှောင်လျှက်ရှိကြောင်း သက်သေခံအထောက်အထားရှိဖို့လိုအပ်သည်။(ဦဘိုကြီးနှင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံတော်ပါ-၂၊ ၁၉၈၁ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊(တရားရုံးချုပ်)၊ စာ-၈၉)
၃၇။ (တရားရုံးသည်)မှင်နီပြသက်သေများကိုစစ်ဆေးပြီးနောက်ပြစ်မှုလုံလောက်စွာယုတ္တိထင်ရှားခြင်းရှိ/မရှိ၊ စဉ်းစားဆင်ခြင် ရမည်။ယုတ္တိထင်ရှားခြင်းရှိလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇နှင့်၈၈အရ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ပြစ်မှုမှာ လုံလောက်စွာယုတ္တိထင်ရှားခြင်းမရှိလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇နှင့်၈၈အရ အရေးယူဆောင်ရွက်ခြင်းမပြုတော့ဘဲ အမှုပိတ်ရန်အမိန့်ချမည်ဖြစ်သည်။(တရားရုံးများလက်စွဲစာပိုဒ်-၅၁၃၊ဒေါ်တင်နီမနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊၂၀၀၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊ (တရားရုံးချုပ်)၊ စာ-၅၃)
၃၈။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရတရားရုံးတစ်ရုံးက ထုတ်ဆင့်သောလူဖမ်းဝရမ်းတိုင်းကို စာဖြင့်ရေးသား၍ တရားရုံး အကြီးအကဲအရာရှိကဖြစ်စေ၊သို့မဟုတ် ယင်းတရားရုံးသည် ခုံရုံးဖြင့်ဖြစ်ပါက ယင်းခုံရုံး၏အဖွဲ့ဝင်တစ်ဦးကဖြစ်စေ၊လက်မှတ် ရေးထိုးရမည်။ ဖမ်းဝရမ်းတွင် တရားရုံးတံဆိပ်ခတ်နှိပ်ရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၇၅(၁))
၃၉။ အဆိုပါလူဖမ်းဝရမ်းတိုင်းသည်ထုတ်ဆင့်သည့်တရားရုံးက မဖျက်သိမ်းသမျှကာလပတ်လုံး သို့မဟုတ် အတည်မပြု သေးသမျှကာလပတ်လုံးဆက်လက်တည်နေစေရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၇၅(၂))
၄၀။ ဖမ်းဝရမ်းကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မည်သည့်နေရာ၌မဆို အတည်ပြုနိုင်သည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၂)
၄၁။ ၀ရမ်းအတည်ပြုသူရဲအရာရှိ(သို့မဟုတ်)အခြားသူသည်ဝရမ်းပါအကြောင်းအရာများကို ဖမ်းဆီးခြင်းခံရမည့်သူအား ရှင်းလင်းပြောဆို၍လိုအပ်လျှင်ဝရမ်းကိုလည်းပြရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၀)
၄၂။ မည်သည့်တရားရုံးမဆို(သက်သေခံချက်ယူပြီးမှဖြစ်စေ၊ မယူမီဖြစ်စေ) မိမိဝရမ်းထုတ်ထားသူတစ်ဦးသည် တိမ်းရှောင်သွားကြောင်း၊ သို့မဟုတ် အဆိုပါဝရမ်းအတည်မပြုနိုင်စေရန် ပုန်းကွယ်နေကြောင်း ယုံကြည်ရန်အကြောင်းရှိလျှင်မိမိကြေညာ သည့်နေ့မှ ရက်ပေါင်း(၃၀)ထက်မနည်း သီးခြားဖော်ပြထားသောအချိန်နှင့်သီးခြားဖော်ပြထားသောနေရာတွင်ရောက်ရှိရမည် ဖြစ်ကြောင်း စာဖြင့်ရေးသားသည့်ကြေညာချက်ကို ထုတ်ပြန်နိုင်သည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇(၁))
၄၃။ တရားရုံးကထုတ်ပြန်ကြေညာချက်ကိုအောက်ပါအတိုင်းထုတ်ပြန်ရမည်။
(က) အဆိုပါလူနေထိုင်မြဲဖြစ်သည့်မြို့ သို့မဟုတ် ကျေးရွာ၏ထင်ရှားသောနေရာတစ်ခုတွင်ယင်းထုတ်ပြန်ကြေညာ ချက်ကို အများကြားသိအောင် ဖတ်ကြားရမည်။
(ခ) အဆိုပါလူနေထိုင်မြဲဖြစ်သည့်အိမ်၊သို့မဟုတ်အဆောက်အအုံ၏ထင်ရှားသောနေရာတွင်ဖြစ်စေ၊ယင်းထုတ်ပြန် ကြေညာချက်ကို ကပ်ထားရမည်။
(ဂ) ယင်းထုတ်ပြန်ကြေညာချက်၏မိတ္တူတစ်စောင်ကို တရားရုံးအဆောက်အအုံ၏ထင်ရှားသောနေရာတစ်ခုတွင် ကပ်ထားရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇(၂))
၄၄။ တရားရုံးကထွက်ပြေးတိမ်းရှောင်နေသူနှင့်စပ်လျဉ်း၍ကြော်ငြာခြင်းဆိုင်ရာ ပုဒ်မ-၈၇ (ရှင်းလင်းချက်)တွင်အောက်ပါ အတိုင်း တွေ့ရပါသည်။
ဝရမ်းထုတ်ထားသူသည်ထွက်ပြေးတိမ်းရှောင်နေကြောင်း တရားသူကြီးက ထင်မြင်လျှင် ကြော်ငြာစာတစ်စောင်ကို ထုတ်ဆင့်သည့်နေ့မှစ၍အနည်းဆုံးရက်(၃၀)အတွင်း မည်သည့်နေ့ရက်၊ မည်သည့်အချိန်၊ မည်သည့်ရုံးတော်သို့ တရားခံကိုကိုယ်တိုင်လာရောက်အစစ်ဆေးခံရမည့်အကြောင်းနှင့် ထုတ်ဆင့်စေရမည်။
ထိုကြော်ငြာစာမှာလည်းတရားခံနေထိုင်မြဲဖြစ်သည့်မြို့ရွာတွင် ထင်ရှားသည့်အရပ်၌ အများကြားနိုင်အောင် ရွတ်ဖတ်စေရမည့်အပြင် တရားခံနေထိုင်သည့်မြို့ရွာတွင် ထင်ရှားသောအရပ်၌ဖြစ်စေ၊ တရားခံနေထိုင်မြဲအိမ်တွင်မြင်လွယ်သောနေရာ ၌ဖြစ်စေ လက်ခံတစ်စောင်ကပ်ထားရမည်။ ရုံးတွင်လည်း တစ်စောင်ကပ်ထားရမည်။
တရားခံကိုဝရမ်းထုတ်ဆင့်ဖမ်းဆီးမရမိသည့်အခါတိုင်းတွင် ကြော်ငြာစာမထုတ်ဆင့်ရပေ။ ဖမ်းဆီးသူရဲအရာရှိကိုသေချာစွာ စစ်ဆေးပြီးမှ ၄င်းတရားခံသည် မိမိကို မဖမ်းဆီးနိုင်အောင် တိမ်းရှောင်နေကြောင်းနှင့်တရားသူကြီးက ယုံကြည်မှသာ ကြော်ငြာထုတ်ဆင့်ရမည်။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇)(ရှင်းလင်းချက်)
၄၅။ အောက်ပါပြစ်မှုတစ်ခုခုကိုကျုးလွန်၍ထွက်ပြေးတိမ်းရှောင်နေသောတရားခံအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ နှင့် ပုဒ်မ-၈၇၊၈၈ အရ အရေးယူပြီးဖြစ်ပါက (ပြစ်မှု၂၈)ပုံစံတွင် ၄င်း၏အကြောင်းအရာများကို ရေးသွင်း၍ ပြစ်မှုပြန်တမ်းဒုတိယတွဲတွင်ကြော်ငြာရန်(စုံစမ်းထောက်လှမ်းသည့်ရဲအရာရှိက)ခရိုင်ရဲတပ်ဖွဲ့မှူးမှတဆင့် မှုခင်းတပ်ဖွဲ့မှူးရုံးသို့ပေးပို့ရမည်။ ဤပုံစံကို ပေးပို့သောအခါ တရားသူကြီး၏ရုံးအမည်၊ အမှုတွဲအမှတ်စဉ်နှင့်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၈၇၊၈၈ နှင့် ၅၁၂ အရ အရေးယူ သော ရက်တို့ကိုပါ ၄င်းပုံစံပေါ်တွင် ရေးသားဖော်ပြရမည်။
(က) လူသတ်မှု။
(ခ) ဓါးပြမှု။
(ဂ) မုဒိမ်းမှု။
(ဃ) လူပြန်ပေးမှု။
(င) မူးယစ်ဆေးဝါးအမှု။
(စ) ငွေစက္ကူအတုလုပ်မှု။
(ဆ) လုယက်မှု။
(ဇ) အိမ်ဖောက်ထွင်းမှု။
(စ်) ခိုးမႈ။
(ည) ယုံမှတ်အပ်နှံသည့်ပစ္စည်းများကိုဖောက်လွဲဖောက်ပြန်သုံးစွဲမှု။
(ဋ) လိမ်လည်မှု။
(ဌ) အလွဲသုံးစားမှု။(ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၅၁၀)
၄၆။ (စုံစမ်းထောက်လှမ်းသည့်ရဲအရာရှိက)ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၅၁၀တွင်ပြဋ္ဌာန်းထားသည့်အမှုမျိုးများတွင် တရားခံ ပြေးအဖြစ် ပြစ်မှုမှတ်တမ်းတွင် ကြော်ငြာနိုင်ရန်(ပြစ်မှု၂၈/ရဲ ၆၂) ပုံစံနှင့်အတူ ၄င်း၏ပုံသဏ္ဍာန်အသေးစိတ်နှင့်တကွ ဓါတ်ပုံကို ပါရှာဖွေပြီးမှုခင်းတပ်ဖွဲ့သို့ ပေးပို့ရမည်။ တရားခံ ပြေးသွားရောက်နိုင်မည့်အရပ်ဒေသများကို ပိုင်ဆိုင်သောရဲစခန်းများအားလုံးသို့လည်း (ပြစ်မှု၂၈/ရဲ၆၂)ပုံစံများကို ပေးပို့ရမည်။ (ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၇၅၃(၈))
၄၇။ (စုံစမ်းထောက်လှမ်းသည့်ရဲအရာရှိက) ပြန်တမ်းတွင်ထည့်သွင်းကြော်ငြာမည်ဖြစ်သောလူများ၏အမည်၊ ပုံသဏ္ဍာန်၊ အကြောင်းအရာစာရင်းများတွင်အစဉ်ထည့်သွင်းရမည့်အကြောင်းအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။-
(က) မိဘများ၏အမည်များ။(ဇနီးရှိလျှင် ဇနီး၏အမည်ပါ)။
(ခ) ဤရဲလက်စွဲနောက်ဆက်တွဲ(က-၄၀)(ပြစ်မှု-၂၈/ရဲ-၆၂)ပုံစံတွင်ပါရှိသည့်အတိုင်းအခြင်းအရာတစ်စုံတစ်ရာ ပုံသဏ္ဍာန်
(ဂ) (မွေးရပ်၊ လ၊ နှစ်)အသက်။
(ဃ) ဇာတိအရပ်၊ (သို့မဟုတ်)မွေးဖွားရာနေရာ။
(ဆိုလိုသည်မှာကျေးရွာ၊ ရဲစခန်းနှင့်ခရိုင်)။
(င) နေမြဲအရပ်ဒေသ။
(ဆိုလိုသည်မှာကျေးရွာ၊ ရဲစခန်းနှင့်ခရိုင်)။
(စ) လက်ပုံစံအမှတ်နှင့်နေ့စွဲရှိလျှင်၎င်းအမှတ်နှင့်နေ့စွဲ။ (ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၅၁၁)
၄၈။ (စုံစမ်းထောက်လှမ်းသည့်ရဲအရာရှိက)ပြစ်မှုကျူးလွန်၍ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးတစ်ယောက်၏ ဓါတ်ပုံကို သက်ဆိုင်ရာရဲစခန်းမှ ရှာဖွေ၍(ပြစ်မှု၂၈/ရဲ ၆၂)ပုံစံနှင့်အတူ ပြစ်မှုပြန်တမ်းတွင် ကြော်ငြာနိုင်ရန်အတွက် မှုခင်းတပ်ဖွဲ့သို့ပေးပို့ ရမည်။ (ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၅၁၂)
မှတ်ချက်။ ။ ဤစာပါဖော်ပြချက်များသည်စာရေးသူ၏ဥပဒေအမြင်နှင့်ရှုထောင့်များသာဖြစ်ပါတယ်။ စာရေးသူကိုဖိုးဖြူ (ဥပဒေအတိုင်ပင်ခံ)သည်ခရမ်းရောင်သာတူညီမျှဥပဒေပညာအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပါတယ်။
ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉
ပါးစပ်က ဥပဒေအရ... ဆိုပြီး ဂါဌာရွတ်သလို ရွတ်နေကြတယ်။ သူတို့ကို သူတို့ ဥပဒေရဲ့အထက်မှာ ရောက်နေသူလို ပြုမူနေတာ အောက်ခြေ၀န်ထမ်းကစလို့ ၀န်ကြီးဌာနအကြီးဆုံးလူ အထိပဲ။ ပြည်သူတွေက အဲဒီ ဥပဒေအထက်က လူတွေကို ညစ်ပတ်စုတ်ပဲ့ခွင့်လိုင်စင် ရထားတဲ့လူတွေလို သဘောထားပြီး ရွံကြောက်ဖြစ်နေကြရတာ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်၆နှစ်တဲ့။ တတ်လဲတတ်နိုင်ကြပါပေတယ်။
ReplyDelete