Monday, May 6, 2013

တွန်းအား...... ဆွဲအား..... ဖိအားများနှင့် အောင်မြင်ခြင်းနှင့် မတူသော တိုးတက်ခြင်းများ...


ကျွန်တော် ပညာရေးဆိုင်ရာ ကျွန်တော်၏ အမြင်လေးတစ်ခုအား ရေးဖြစ်ခဲ့ပါသည်...။
ထိုအမြင်လေးကို ကျွန်တော် ထောင့်(၄)ထောင့်ဖြင့် တင်ပြဖြစ်ခဲ့ပါသည်...။
အစိုးရကဏ္ဍ၊ ဆရာ/မများ၏ကဏ္ဍ၊ ကျောင်းသားများ၏ ကဏ္ဍနှင့် မိဘအုပ်ထိန်းသူများ၏ ကဏ္ဍတို့ ဖြစ်ပါသည်။



နိုင်ငံတော်မှ ၀န်ထမ်းများအပေါ်တွင် ထောက်ပံ့ ပေးနိုင်စွမ်း မပြည့်မီသေးသဖြင့် တတ်နိုင်သမျှ တိုးတက် ထောက်ပံ့ပေးနေသော်လည်း ခေတ်မီဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများ ကဲ့သို့ ပြည့်စုံစွာ ထောက်ပံ့ပေးနိုင်မှု မရှိကြောင်း...။

အစိုးရ၏ ထောက်ပံ့ပေးနိုင်မှု မပြည့်စုံသဖြင့် ပညာရေးဝန်ထမ်းများ(ဆရာ/ဆရာမများ)က အဆင်ပြေသလို အပိုဝင်ငွေရှာဖွေရကြောင်း၊ (ထိုသို့ ရှာဖွေရာတွင်လည်း ၄င်းတို့၏ အ၀န်းအ၀ိုင်း အတွင်းရှိနေသော ကျောင်းသားများထံမှတဆင့် မိဘ အုပ်ထိန်းသူများထံမှ ရှာဖွေရကြောင်း) ရှာဖွေရာတွင်လည်း ၄င်းတို့ကျွမ်းကျင်သော ပညာသင်ကြားရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအတွင်းမှ ရှာဖွေရကြောင်း။

ထိုသို့ ရှာဖွေမှု ပုံစံအရ ကျောင်းသားများ၏ စိတ်တွင် ကျောင်းပရ၀ုဏ်နှင့် ကျောင်းတွင်းပညာသင်ကြားရေးစနစ်ကို မဏ္ဍိုင်ပြုရာမှ ပြင်ပ သင်ကြားရေး အကူအညီကို အားပြု လမ်းလွဲခဲ့ကြောင်း။

ထိုအားပြုမှု မဏ္ဍိုင်ပြုမှု အားနည်းလာသည်ကို မိဘများကလည်း တည့်မတ်ပေးနိုင်ရန်ထက် အချိန်မှန် စာမေးပွဲအောင်စေရန်... အတန်းတက်စေရန်နှင့် ဘွဲ့ရသည်ဟူသော ကန့်သတ်ချက်များကိုသာ အသက်သွင်းနေရသဖြင့် သားသမီးများကို ပဲ့ပြင်နှိုင်မှု အားနည်း လာကြောင်း တင်ပြခဲ့ပါသည်။

နိုင်ငံရေးစနစ်အရ အားလုံးကြိုးပမ်းနေသည့်ကြားမှ အချိန်ကာလတစ်ခုအထိတော့ ဆက်၍ လက်ခံနေရဦးမည်... ဤသို့သော ခေတ်ရေစီးကြောင်းအတိုင်း အလိုက်သင့် ဆက်၍ စီးမျောနေရဦးမည်.... သို့သော် တိုးတက်လာမှုအရ ပြည့်စုံကောင်းမွန်သော အခြေအနေသို့လည်း ရောက်ရှိလာမည်ဟု ရေးသားခဲ့ပါသည်....။

ဤရေးသားချက်လေးနှင့် ပတ်သက်၍ ညီငယ်တစ်ဦးမှ တွန်းပေးလျှင် အဆင်ပြေပါမည်လားဟု မေးမြန်းလာပါသည်....။

ဦးဆောင်၍ ဆွဲနေသောသူ.... နောက်မှ ဘေးမှ ၀ိုင်း၍ တွန်းပေးနေသောသူ... မည်သူမဆို ဦးတည်ချက် တူညီလျှင် အကျိုးပြုသော အားများကို ပေါင်းစည်းရရှိမည် ဖြစ်သကဲ့သို့ ဆွဲသူက ဆွဲနေသော်လည်း တွန်းသူက ပြောင်းပြန်တွန်းလျှင်.... ဖိသူက အတင်းဖိနေလျှင်ကား လိုရာခရီးသို့ ရောက်ရှိနိုင်မည် မဟုတ်သည့်အပြင် တွန်းသူရော ဆွဲသူရော.... ဖိထားသူများပါ အားအင်ကုန်ခမ်းခြင်းနှင့် အချိန်အခါကို ဆုံးရှုံးခြင်းများသာ ရင်ဆိုင်ရမည် ဖြစ်ပါသည်....။

ယနေ့ခေတ်သည် နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုသည် မြန်ဆန်နေပါသည်....။

ပွင့်လင်းမြင်သာမှုသည် ပွင့်အံထွက်လာပြီ ဖြစ်ပါသည်။

အင်ဂျင်ပါဝါမြင့်သော ယာဉ်တစ်စီးနှင့် အလားသဏ္ဍာန်တူညီနေပါသည်။

စပိကောင်းကောင်းဖြင့် ခရီးပြင်းနှင်နေပါသည်။

ထိန်းကျောင်းသူများ(ဒရိုင်ဘာများ) အားကုန်ထုတ်၍ စတီယာရင်ကို ထိန်းနေရပါသည်။

ဘရိတ်များ၊ ကလပ်များကိုလည်း မျက်ခြေမပြတ် တည့်မတ်ချိန်တွယ်နေရပါသည်။

ဝန်အများကြီးတင်ထားရသဖြင့်လည်း လမ်းကွေ့များ၊ အတက်အဆင်းများတွင် တိမ်းမှောက်နိုင်သကဲ့သို့ လမ်းချော်နိုင်သော အခြေအနေများလည်း ရှိနေပါသည်။

ယာဉ်အဟောင်းကြီးပေါ်တွင် ငိုက်မြည်းလိုက်ပါခဲ့ရသည်ကို အကျင့်ဖြစ်နေသော သူများ ပြုတ်ကျမသွားစေရန်အတွက်လည်းကောင်း၊ တင်ဆောင်လာသော ပစ္စည်း ပစ္စယများ လွင့်ကျပျက်စီးခြင်း မရှိစေရန်အတွက်လည်းကောင်း အရှိန်ကောင်းသော လမ်းကြောပ်ါတွင် အစဉ်တစိုက် ဖိထားပေးထားရန်လည်း လိုအပ်ပါသည်။

လမ်းဘေး နေရာ အသီးသီးတွင် လူမှုရေးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ လုပ်ငန်းရှင်များ နိုင်ငံတကာ အဖွဲ့အစည်းများက လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန် စောင်ကြည့်နေကြသကဲ့သို့ ယာဉ်ကြီးတိမ်းမှောက်ပါက သေကြေ ဒဏ်ရာရသူ ယာဉ်မောင်းသူများကို ဖယ်ရှားပြီး လိုရာသို့ ၀င်ရောက်မောင်းနှင်ပြီး ယာဉ်ပေါ်ပါ ပစ္စည်းများနှင့် ယာဉ်ကြီးကို အပိုင်စီးလိုသူများလည်း အသင့် စောင့်ဆိုင်းနေကြပြီ ဖြစ်ပါသည်။

ယာဉ်ကြီးပေါ်တွင်ကား ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်ကို တင်ဆောင်ထားပြီး ယာဉ်မောင်းသူများကား အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တော်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ဖြစ်ပါသည်။

ထိုယာဉ်ကြီးအား အရှေ့ ကိုက် မည်မျှတွင် လမ်းလွှဲရှိသည်၊ ချိုင့်ရှိသည်၊ ကုန်းတက်ရှိသည်၊ လမ်းကျဉ်းသည် မည်သည့်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းရေကျော်မည်၊ လေပြင်း တိုက်မည် စသည်ဖြင့် လမ်းတလျှောက် အသိပေး ကူညီရန်နှင့် အရှိန်ဖြင့် မတက်နိုင်သော ကုန်းတက်များတွင် ၀ိုင်းဝန်း တွန်းမပေးရန်ကား လူမှုရေးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ လိုအပ်သလို ယာဉ်ကြီး၏ မတော်တဆမှုကို မျှော်လင့် စောင့်ကြိုနေသော မသမာသူများကိုလည်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများနှင့် စောင့်ကြည့်နေသူများမှ ပူးပေါင်းရှင်းလင်းသင့်ပါသည်။

အတက်ကြမ်းလျှင် တွန်းတင်မည်.... အဆင်းကြမ်းလျှင် ဆွဲထိန်းပေးမည်....၊ လမ်းကျွံလျှင် ၀ိုင်းမပေးမည် ဆိုပါက အချိန်တန်လျှင် လိုအပ်သော ပန်းတိုင်သို့ မလွဲမသွေရောက်ရှိမည် ဖြစ်ပါသည်။

ပန်းတိုင်သို့ သတ်မှတ်ချိန်အတွင်း ရောက်ရှိလျှင်ကား အောင်မြင်ခြင်းဟု ခေါ်ဆိုနိုင်ပါသည်။

အတွေ့အကြုံ မပြည့်စုံခြင်း၊ စည်းစနစ်မပြည့်မီခြင်းတို့ကြောင့် သတ်မှတ်ချိန်ထက် အနည်းငယ် နောက်ကျရောက်ရှိလာလျှင်လည်း ကျေနပ်လက်ခံရမည်သာ ဖြစ်ပါသည်။

မည်သို့ပင်ရောက်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအတွက်ကား အတွေ့အကြုံကောင်းများ ရရှိခဲ့ပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် ယခင်ကထက် တိုးတက်ခဲ့ပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်ပါသည်။

ဤသို့ ဆိုလျှင် ဒုတိယ ပန်းတိုင်သို့ ချီတက်ရန် ရရှိခဲ့သော တိုးတက်မှုများကို အခြေခံနိုင်ပြီ ဖြစ်ပါသည်။

ပထမပန်းတိုင်သို့ အောင်အောင်မြင်မြင် ၀င်ရောက်နိုင်ခြင်း မရှိလျှင်သော်မှ ဒုတိယပန်းတိုင် အတွက်ကား အသင့်ပြင်ဆင်ပြီး ဖြစ်ပါသည်။

ထို့ကြောင့် အားလုံး၏ တူညီသောရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်တိုးတက်ရေးလုပ်ငန်းစဉ်တွင် စနစ်ကျ၍ စေတနာမှန်သော တွန်းအား...... ဆွဲအား..... ဖိအားများကို အသုံးပြုရင်း အနည်းဆုံးတော့ဖြင့် အောင်မြင်ခြင်းနှင့် မတူသော တိုးတက်ခြင်းများကိုရရှိမည်ဟု အကြံပြု တင်ပြလိုက်ရပါသည်။

(ကွန်ဆူးမား)
(၆-၄-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...