သားကောင်အမှတ် (၁၂/၂၀၁၂)
“ငါ့ကို တစ်ခုလောက် ကူညီစမ်းပါ ဖိုးဇော်”
သူ လက်ဖက်ရည် တစ်ငုံငုံလိုက်ရင်း မေးဆတ်ပြလိုက်သည်။
ဘာလဲ ပြော .. ဟူသည့်သဘော။
“နင် ကောင်မလေးတစ်ယောက်ကို လိုက်ပေးရမှာ”
သူ ပြုံးမိသည်။ မိန်းကလေးတစ်ယောက်ကို လိုက်သည့်ကိစ္စမှာ
သူ့အတွက် အထူးအဆန်းမှ မဟုတ်ဘဲလေ။
“နင်က ငါ့ကို အလုပ်အပ်တာလား အိမွန်”
“အကူအညီတောင်းတာ ဖိုးဇော်၊ ဘော်ဒါကဏ္ဍအနေနဲ့ အကူအညီတောင်းတာ”
“ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့ အိမွန်၊ ငါ မိန်းမကိစ္စကို ငွေကြေးအတွက်ပဲ လုပ်တတ်တယ်”
သူ စီးကရက်တစ်လိပ်ကို အားရပါးရ ဖွာရှိုက်လိုက်ရင်း . . .
“ဒါပေမဲ့ နင့်အတွက်တော့ ငါ ကူညီပေးပါ့မယ်၊ လိုအပ်တဲ့ Data တွေသာ ငါ့ကိုပေး”
အိမွန် မျက်နှာတွင် အပျော်ရိပ်များ ဖြတ်ပြေးသွား၏။
သူကတော့ ခါးကို တစ်ချက်ဆန့်ရင်း သမ်းဝေလိုက်သည်။
ချစ်ကြောင်းကြိုက်ကြောင်းတွေနဲ့ ပျင်းစရာကမ္ဘာဟောင်းကြီးပဲ။
သိပ်ပျင်းစရာကောင်းတဲ့ အချစ်တု အချစ်ယောင်တွေပဲ။
ဒါပေမဲ့လည်း သူကျွမ်းကျင်ရာ သူ့အသက်မွေးဝမ်းကျောင်း
အတွက်တော့ အလုပ်လုပ်ရဦးမည်လေ။
* * * * *
ဒီတစ်ခေါက် သူ့ရဲ့ သားကောင်အမည်က “စိမ့်”။
သားကောင်အမှတ်စဉ် ဘယ်လောက်လဲဆိုတာတော့
သူ ရေတွက်နိုင်ဖို့ရန် ခက်ခဲလွန်းသည်။ သူ့ သတ်ကွင်းထဲ
ဝင်ရောက်လာသော (သတ်ကွင်းထဲ သူ မျှားခေါ်ခဲ့သော)
သားကောင်များက သိပ်ကိုများလွန်းသည်ပဲ။
အိမွန်က သူ့အတွက် အချိန်တစ်လ ပေးခဲ့သည်။
သူက မများဘူးလားဟု ဆိုကာ တစ်ပတ်ပဲ အချိန်ယူမယ်ဟု
ပြောခဲ့၏။ သို့သော်လည်း . . .
သုံးရက်မျှအကြာတွင် “စိမ့်”တစ်ယောက်
သူ့သတ်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
* * * * *
“ကို .. ကို့ကို မေးစရာရှိတယ်”
“အင်း မေးလေ စိမ့် .. ဘာမေးမလို့လဲ”
“စိမ့်ကို ဘာလို့ချစ်တာလဲဟင်”
သူ ကံငါးပါးထဲမှ တစ်ပါးကို ကျူးလွန်ရပေဦးမည်။
“ဘုရင်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ သူ့နာမည်က ကော်ဖစ်တွ တဲ့။
ကော်ဖစ်တွဘုရင်ကြီးရဲ့ လက်ထက်မှာ သူ့တိုင်းပြည်ဟာ
သိပ်ကိုစည်ပင်ဝပြောတယ်။ မင်းကောင်းမင်းမြတ်တို့ရဲ့
အကျင့်သီလနဲ့အညီ အုပ်ချုပ်ခဲ့တာပေါ့”
သူ ပြောနေရင်းက စီးကရက်တစ်လိပ် မီးညှိရင်း စိမ့်ကို
အကဲခတ်သလို ကြည့်လိုက်သည်။ သိပ်စိတ်ဝင်စားဟန် မပြ။
“ကော်ဖစ်တွက မဟာပုရိသဝါဒီလားတော့ မသိဘူး။
မ .. ဆို အရမ်းမုန်းတဲ့ အစားမျိုးထဲကပဲ။ မိဖုရားလည်းမရှိဘူး။
ဘယ်လောက်ချော ဘယ်လောက်လှပါတယ် ပြောပြော၊
သူက စိတ်ကိုမဝင်စားတာ။ အဲ့ဒီလိုမျိုး။ ဒီလိုနဲ့ တစ်နေ့မှာ . . .”
သူ ဆက်မပြောဘဲ ခဏရပ်ထားရင်း၊
စီးကရက် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
“ဘာဖြစ်လဲ ကို .. ဆက်ပြောလေ”
သူ ပြုံးမိသည်။ ဒီကောင်မလေး စိတ်ဝင်စားနေပြီ ဆိုတဲ့သဘောပဲ။
“တစ်နေ့မှာ . . . ကော်ဖစ်တွရဲ့ နန်းတော်တံခါးဝကို အလှူခံဖို့ ရောက်လာကြတဲ့
သူတောင်းစားတွေထဲက .. ဇီနယ်လိုဖွန်း ဆိုတဲ့ သူတောင်းစားမလေးကို မြင်လိုက်တဲ့အခါမှာ ..
တခါတည်း .. မြင်မြင်ချင်း ချစ်သွားပြီးတော့၊ ချက်ချင်းကို မိဖုရားမြှောက်ပစ်လိုက်တော့တာ .. တဲ့။
ဒီဖြစ်ရပ်ဟာ သမိုင်းမှာ သိပ်ကိုနာမည်ကြီးခဲ့တယ်။ နောက်ပိုင်းမှာ တင်နီဆန် ဆိုတဲ့ ကဗျာဆရာက
ကော်ဖစ်တွအကြောင်း ကဗျာတစ်ပုဒ်ရေးဖွဲ့ခဲ့သလို၊ ဝိတိုရိယဘုရင်မကြီးလက်ထက်မှာ
နာမည်ကျော်ပန်းချီဆရာ ဆာအက်ဒွပ်ဗန်းဂျုန်းက ကော်ဖစ်တွဘုရင်နှင့် သူတောင်းစားမယ် ဆိုတဲ့
ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့တယ်”
“ဟင် .. ဒါနဲ့ စိမ့်မေးတာနဲ့လည်း ဘာမှမဆိုင်ဘူး ..
စိမ့်ကို ဘာလို့ချစ်တာလဲလို့ မေးနေတာလေ ကိုရဲ့”
သူ အသာအယာ ပြုံးလိုက်ရင်း . . .
“သြော် .. စိမ့်ရယ် .. မဟာပုရိသဝါဒီ ဆိုတဲ့ ဘုရင်ကြီးကော်ဖစ်တွတောင်မှ
သူတောင်းစားမလေး ဇီနယ်လိုဖွန်းကို မြင်မြင်ချင်း ချစ်သွားသေးတာပဲ။
ကိုယ်ဆိုတဲ့ကောင်က စိမ့်ကိုချစ်တဲ့ကိစ္စမှာ အကြောင်းပြချက်
အထွေအထူး ရှိစရာမလိုဘူး မဟုတ်လား”
သူ့ မုသားစကားကို စိမ့် သဘောကျနှစ်ခြိုက်သွားပုံရသည်။
ကံတစ်ပါး ကျူးလွန်ဖောက်ဖျက်ရကျိုးနပ်ပါသည်။
* * * * *
စားပွဲပေါ်တွင် ဘီယာပုလင်းများ စုပုံနေသည်။
သူ ဘယ်နှပုလင်းမြောက်မှန်းမသိသော ဘီယာပုလင်းကို
ဖောက်ကာ ခွက်နှစ်ခွက်ထဲ ငှဲ့လိုက်ပြီး၊ တစ်ခွက်အား စိမ့်ထံ
ကမ်းပေးလိုက်သည်။ စိမ့်၏ မျက်လုံးများသည် ရီဝေဝေဖြစ်နေ၏။
အမျိုးအမည်ဖော်ပြရန် ခက်ခဲသော အရောင်တစ်ခုကိုလည်း မြင်ရသည်။
“ကိုယ် စကားတစ်ခွန်း ကြားဖူးတာရှိတယ် စိမ့် ..။
ငြိမ်းချမ်းရေးအတွက်တိုက်ခိုက်ရခြင်းဟာ
အပျိုစင်တစ်ယောက်နဲ့ အိပ်ရသလိုပဲ .. တဲ့”
“အဲဒီတော့ . . .”
စိမ့်က ခပ်ရွှင်ရွှင် မျက်နှာပေးဖြင့် မေးသည်။
“ကိုယ့်အတွက် ငြိမ်းချမ်းရေး လိုအပ်နေတယ် ..
ပြီးတော့ .. ကိုယ့်မှာ စိမ့် ဆိုတဲ့ အပျိုစင်လေးလည်း
အဆင်သင့်ရှိနေတယ်လေ”
စိမ့်၏ မျက်နှာတွင် ပန်းနုရောင်အရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။
* * * * *
“ညဟာ မှောင်မည်းနေတယ် ..
မှောင်သထက် မှောင်နေတဲ့ ဟော်တယ်အခန်းကျဉ်းလေးထဲက
ပြာလဲ့လဲ့ ဒင်းမ်လိုက်ရဲ့ ဖြားယောင်းမှုအောက် ..
မှောင်သထက် မှောင်ခဲ့ကြ ..
နှစ်ဦးသဘောတူ မှားယွင်းပစ်လိုက်ကြ ..
ညဟာ အပျိုစင်တစ်ယောက်ရဲ့ နာကျင်မှုတွေနဲ့
ဒဏ်ရာဒဏ်ချက် များလွန်းခဲ့ရ ..
ညဟာ ပျစ်ချွဲချွဲအရည်တွေနဲ့
မြစ်တစ်စင်းလို ထက်အောက်စုန်ဆန် စီးဆင်းပစ်ခဲ့ရ ..
ညဟာ ချွေးစေးတွေနဲ့ မျက်ရည်စတွေနဲ့
စိတ်လိုလက်ရ ညည်းတွားသံတချို့နဲ့
ညဟာ ရှိရင်းစွဲမှောင်မိုက်မှုထက်
ပိုမို မှောင်မိုက်ပစ်လိုက်ရ ..”
* * * * *
“ဟယ်လို”
“အေး .. ဖိုးဇော်လား .. ငါ အိမွန်”
“အင်း .. ပြောလေ”
“နင်က သိပ်ကိုတာဝန်အကျေလွန်နေပါရောလား .. ဟင် ..
ငါ နင့်ကိုလုပ်ခိုင်းတဲ့ထဲမှာ အဲ့ဒီမိန်းမနဲ့ ညအိပ်ဖို့လောက်အထိ
မပါဘူးလေ .. သူ့ကိုရအောင်လိုက် .. ပြီးရင် ဖြတ်ပစ်ဖို့ပဲ ခိုင်းခဲ့တာ”
သူ ဖုန်းကိုကိုင်ရင်း ပြုံးနေမိသည်။ ဘာမှတော့ ပြန်မပြောမိ။
“အခု နင့်ဟာက နည်းနည်းတော့ လွန်လွန်းတယ်။
အဲ့ဒီလိုကြီးကျတော့ .. ငါလည်း စိတ်ထဲ မသိုးမသန့်ဖြစ်ရတာပေါ့”
“နင်နဲ့ ဘာဆိုင်လို့လဲ အိမွန်။ နင်အကူအညီတောင်းလို့ ငါလိုက်ခဲ့တယ်။
မဖြတ်ပစ်ခင်ကြားမှာ သမီးရည်းစား ဘဝနဲ့ ဘာမဆို ဖြစ်သွားနိုင်တာပဲမဟုတ်လား”
အိမွန် အသံ မကြားရ။ ငြိမ်နေသည်။ သူ ဆက်ပြော၏။
“သမီးရည်းစားဘဝမှာ ပါးကိုပဲ နမ်းရမယ်လို့ ဘယ်ဥပဒေမှ မသတ်မှတ်ထားဘူး။
နှုတ်ခမ်းကို နမ်းချင်လည်း နမ်းမှာပဲ။ အေး .. အဲဒီလို အာရုံငါးပါးရဲ့ လှုံ့ဆော်မှုတွေ၊
အရေပြားချင်း ပွတ်တိုက်မှုကနေဖြစ်ပေါ်လာတဲ့ သာယာမှုတွေရဲ့နောက်ဆက်တွဲအဖြစ်
ဟော်တယ်မှာသွားအိပ်ပစ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်တာပဲ။ နှစ်ဦးသဘောတူ
သွေးသားဆန္ဒဖလှယ်တဲ့ကိစ္စက သိပ်ပြီးရေးကြီးခွင်ကျယ်မဟုတ်လှဘူး ဆိုတာ
နင်သိထားဖို့လိုတယ် အိမွန်”
“ဒါပေမဲ့ ဖိုးဇော်ရယ် . . . ”
သူ စကားစကို အတင်းဖြတ်ပစ်လိုက်သည်။
“ခဏလေး အိမွန် .. ငါ့စကားမဆုံးသေးဘူး ..။ ဘယ်လိုပဲဖြစ်ဖြစ် ငါ စတဲ့ဇာတ်လမ်း ..
ငါဆုံးအောင် တာဝန်ယူရမှာပဲ။ ဒီပွဲရဲ့ ပွဲသိမ်းခရာမှုတ်သံအဖြစ် .. မနက်ဖြန်မှာ
စိမ့်ဆီက ငိုသံ နင်ကြားစေရမယ်။ အဲ့ဒီထက်ပိုပြီး အကြောင်းတိုက်ဆိုင်ရင်တော့ ..
စိမ့်မျက်ရည်တွေ နင့်ခြေဖဝါးကို လာစိုလိမ့်မယ် အိမွန်”
သူ ပြောပြီးပြီးချင်း ဖုန်းချလိုက်သည်။
ထို့နောက် သူ့လက်ချောင်းတွေက
ဖုန်းမျက်နှာပြင်ပေါ်မှ နံပါတ်တချို့ဆီ တရွေ့ရွေ့ . . .။
ထို့နောက် ဖုန်းခေါ်သံ တတူတူ . . .။
ထို့နောက် . . . ။
“ဟယ်လို . . အမိန့်ရှိပါရှင်”
ဟူသည့် စိမ့်၏ အသံချိုရှရှ။
* * * * *
“ဘယ်လိုလဲ ကိုဇော် .. ဖြစ်ပါ့မလား”
“ဖိုးဇော်ဘဝမှာ မဖြစ်ဘူးဆိုတဲ့ စကားလုံး ပါမလာဘူး .. ကိုစည်သူ။
ခင်ဗျားရဲ့ မာနကြီးလှပါတယ် ဆိုတဲ့ ဖြူ .. ကျွန်တော့်ရှေ့မှာ
ဒူးထောက်တောင်းပန်နေတဲ့ ပုံကို ဓာတ်ပုံရိုက်၊ ဘောင်သွင်းပြီး
ခင်ဗျားကို လက်ဆောင်ပေးမယ်”
“ကြိုက်သွားပြီ ကိုဇော် .. ကျွန်တော်ဖြစ်စေချင်တာ အဲ့ဒါမျိုးပဲ”
“အိုကေဗျာ .. ဒါဆို ခင်ဗျားဖြူရဲ့ Data တွေရယ်၊
အလုပ်အပ်ခ စရန်တစ်ဝက်ရယ် ပေးခဲ့ပေတော့ ..
ကဲ .. အလုပ်ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ ..”
“C-H-E-E-R-S !!!!!”
ဘီယာဖန်ခွက်ချင်း တိုက်ပစ်လိုက်သံက ကျယ်လောင်လွန်းသည်။
- ဆူး ခ က် မ င်း -
Dec 02, 2012
0 comments:
Post a Comment