Tuesday, May 7, 2013

နည်းနည်းတော့ ကြွားပါရစေ

by Myo Tha Htet (Notes) on Monday, May 6, 2013 at 1:09pm


ဘီဘီစီမှာ သတင်းထောက် (ထုတ်လုပ်ရေးမှူး) လုပ်ခဲ့ဖူးတာက ဂုဏ်ယူစရာတခု ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘီဘီစီမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ မြန်မာလူမျိုး စုစုပေါင်းက တိတိကျကျ ရေတွက်လို့ရတဲ့ ကိန်းဂဏန်းတခုပဲ ရှိပါတယ်။
ဘီဘီစီ မြန်မာဌာနရဲ့ သက်တမ်း နှစ်ပေါင်း ခုနစ်ဆယ်ကျော်ကာလ အတွင်းမှာ ဘီဘီစီ မြန်မာဝန်ထမ်း အရေအတွက်က ဆယ်ဂဏန်းလောက်... အလွန်ဆုံး ရာဂဏန်းပဲ ရှိပါတယ်၊ ထောင်ဂဏန်း မရှိပါဘူး။

ဒီတော့ ဂုဏ်ယူစရာပါ၊ ကြွားစရာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ဟိုတနေ့က ရုပ်သံမီဒီယာလောကနဲ့ ဆက်စပ်ခဲ့ဖူးသူတယောက် ဖေ့စ်ဘုတ်မှာ ရေးထားတဲ့ သတင်းစကားလေးက ဂရုပြုစရာ ကောင်းပါတယ်။ မီဒီယာသမား ဖြစ်နေလို့ အာဏာရှိသူတွေ၊ ချမ်းသာသူတွေနဲ့ ရင်းနှီးခွင့် ရတယ် ဆိုပေမယ့် ဒါဟာ ဆရာကြီး ဖြစ်သွားတာလည်း မဟုတ်ဘူး၊ ဘာမှ ကြီးကျယ် စရာလည်း မရှိပါဘူး၊ မီဒီယာသမားအနေနဲ့ ကိုယ့်အလုပ်ကိုယ် မချွတ်ယွင်းအောင် လုပ်ကိုင်ဖို့ပဲ အကြောင်းရှိပါတယ်လို့ သူက ထောက်ပြထားပါတယ်။

မှန်ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်က ကြွားပါရစေလို့ စကားပလ္လင်ခံထားတာ ဖြစ်ပါတယ်။ ဘီဘီစီမှာ လုပ်ကိုင်ခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ ခုနကတယောက် ဝေဖန်ခဲ့သလို မြန်မာပြည်ရဲ့ ထိပ်တန်း အာဏာပါဝါရှိသူတွေနဲ့ တွေ့ဆုံ မေးမြန်းခွင့်၊ ရင်းနှီးခွင့် ရခဲ့သလို ကိုယ့်ဘာသာ ဂုဏ်ယူစရာ ကိစ္စလေးတွေ ရှိခဲ့ပါတယ်။

အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးကြိမ်တိုင်တိုင် ကိုယ်တိုင် မျက်ဆိုင် မေးမြန်းခွင့် ရခဲ့တာရယ်၊ သမ္မတဦးသိန်းစိန်ကို နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင် မျက်ဆိုင် မေးမြန်းခွင့် ရခဲ့တာရယ် ဖြစ်ပါတယ်။ မြန်မာပြည်မှာဆို လောလောဆယ် အာဏာပါဝါ အကြီးဆုံး လူနှစ်ယောက်ကို မေးခွင့်ရတာလို့လည်း ပြောလို့ ရပါတယ်။

နှစ်ပေါင်းများစွာအတွင်း (နှစ်ပေါင်း ၂၀ ကျော်အတွင်း) မြန်မာပြည်ကို အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မဟုတ်ဘဲ အစိုးရ၊ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ပထမဆုံး သတင်းရယူခွင့် ရရှိခဲ့တဲ့ ဘီဘီစီ သတင်းထောက်အနေနဲ့ ကျွန်တော် ၂၀၁၁ နှစ်ကုန်ပိုင်း၊ သမ္မတဦးသိန်းစိန် အစိုးရတာဝန်ယူပြီး ခြောက်လအကြာမှာ နေပြည်တော်မှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ လွှတ်တော်တက် သတင်းယူရင်း ၀န်ကြီးတွေနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတို့ကို ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သလို ရန်ကုန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။

တကယ်တော့ အဲဒီတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင်တွေ့ဖူးတဲ့ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်က ၈၈၈၈ အရေးတော်ပုံကာလတွင်း ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့ နေထိုင်ရာ တာမွေမြို့နယ်ရဲ့ ပြည်သူ့ကောင်စီရုံးရှေ့မှာ စင်ထိုးဟောပြောပွဲမှာ ထင်ပါတယ်၊ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ ကိုမိုးသီးဇွန်တို့ တက်ဟောခဲ့တယ်လို့ ခပ်ရေးရေး မှတ်မိနေပါတယ်။ သေချာတော့ မမှတ်မိတော့ပါ။ ဒုတိယအကြိမ်က ဆဲဗင်းဒေးဂျာနယ်မှာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေတုန်း အင်လျားကန်ဖြတ် ရေကူးလာတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံမှုနဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်စဉ်က တခါ တွေ့ဖူးပြန်ပါတယ်။

အင်းစိန်ထောင်တွင်းက အထူးတရားရုံးကို ရွေးဖိတ်ထားတဲ့ သံအမတ်ကြီးတချို့နဲ့ မီဒီယာသမားတချို့ကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှကို မာမာကြောကြော ဟန်ပန် သွင်ပြင် ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအကြောင်းတောင် ဆောင်းပါးတပုဒ် ရေးဖြစ်ပါတယ်။

၂၀၁၁ နှစ်ကုန်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီဌာနချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၀ မိနစ်လောက် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာကတော့ ကျွန်တော့်အတွက် တကယ့်ကို အမှတ်တရပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က အတော့်ကို ဖော်ဖော်ရွေရွေနဲ့ မေးမြန်းသမျှတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားပေးပါတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးသမား ပီသတာက ကိုချိုဆိုတဲ့ နာမည်ကို ခေါ်ခေါ်ပြီး မေးခွန်းတွေကို ဖြေပါတယ်။ ဒါဟာ မီဒီယာသမားကို သူနဲ့ ရင်းနှီးစေပြီး နိုင်ငံရေးသမားကို ခင်မင်သွားစေတဲ့ စွမ်းအားတမျိုးကို သာသာလေး အသုံးချတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီတွေ့ဆုံမှုက အလွယ်တကူ ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး၊ အကြိမ်ကြိမ် ကြိုးစားပြီးမှ ရခဲ့တာမျိုး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့၊ အင်တာဗျူး ရဖို့ဆိုတာ မလွယ်တဲ့ အလုပ်မှန်း မီဒီယာသမားတွေ ကောင်းကောင်း သိကြပါတယ်။ ဘီဘီစီကြောင့် ရတာလို့ ပြောလို့ ရပေမယ့် ကျွန်တော့် ကြိုးစားမှုတွေ ပါသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနားနေ၊ ကူညီနေကြတဲ့ ဦးထင်ကျော်တို့၊ ဦးခွန်သာမြင့်တို့ရဲ့ စောင်မမှုတွေလည်း ပါပါတယ်။

အဲဒါလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်ဆိုင် မေးမြန်းတာ ပထမဆုံးအကြိမ်လို့ ဆိုပေမယ့် အင်တာဗျူးအနေနဲ့ မေးတာကတော့ ပထမအကြိမ် မဟုတ်ပြန်ပါဘူး၊ ပထမအကြိမ်အဖြစ် မေးဖူးတာက ၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲအပြီး တပတ်အကြာ နိုဝင်ဘာ ၁၃ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် ဘီဘီစီ မြန်မာဌာနနဲ့ တတိယအကြိမ်မြောက်ရတဲ့ ရေဒီယိုအင်တာဗျူး (၂၀၁၀ နှစ်ကုန်ပိုင်း) မှာ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို မေးခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒါကလည်း အင်န်အယ်လ်ဒီပါတီ ဌာနချုပ်ရုံးက ဦးသိန်းဦး အများကြီး ကူညီလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွင့်သာခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကိုတော့ ၂၀၁၁ နိုဝင်ဘာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ တွေ့တာပါ။ အဲဒါလည်း သမ္မတက မြန်မာသတင်းထောက်တွေနဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သမ္မတက သူတည်းခိုရာ ဟိုတယ်က သူ့အခန်းမှာပဲ သတင်းထောက်တွေကို တွေ့ဆုံတာ ဖြစ်ပြီး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သိပ်မကြည်လင်ပါဘူး၊ ဒါပေမဲ့ သမ္မတနားက အကြံပေးတွေ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင်နဲ့ ဦးနေဇင်လတ်တို့က သမ္မတကို မီဒီယာတွေနဲ့ တွေ့ဖို့၊ ပြောဖို့ အားသန်ကြတာ တွေ့ရပါတယ်။ (မြန်မာမီဒီယာတွေတောင် မဟုတ်ဘူး၊ အင်ဒိုနီးရှားက မီဒီယာသမားတချို့တောင် ပါလာကြတာ တွေ့ရပါတယ်)။

သမ္မတဦးသိန်းစိန်က အဲဒီအချိန်မှာ ထိပ်သီးအစည်းအဝေးတွေကနေ ပြန်လာပြီး ခဏနားလို့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ဗီယက်နမ်နဲ့ မြန်မာကန်တဲ့ အမျိုးသားဘောလုံးပွဲ ကြည့်နေတာလား မသိပါဘူး။ ကြည့်နေရင်း တန်းလန်းနဲ့ မီဒီယာသမားတွေ ရောက်နေပြီဆိုတော့ အပေါ်ထပ်အိပ်ခန်းကနေ အောက်ထပ်ဧည့်ခန်းထဲ ဆင်းလာခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ စီမံကိန်းဝန်ကြီး ဦးတင်နိုင်သိန်းတို့လည်း ပါပါတယ်။

ဦးတင်နိုင်သိန်းက နေပြည်တော်မှာ ကျွန်တော် အင်တာဗျူးဖူးတော့ လှမ်းတောင် ပြုံးပြနှုတ်ဆက်နေပါသေးတယ်။ သမ္မတက သူ့ရှေ့ ၁၀ ပေလောက် အကွာအဝေးမှာ ထိုင်နေကြတဲ့ မီဒီယာသမားတွေကို ကြည့်တဲ့ နှုတ်ဆက်ပြီး ကဲ... ခင်ဗျားတို့ မေးချင်တာရှိရင် မေးကြပါဆိုတော့ သမ္မတရှေ့ ရစ်ကော်ဒါချရင်း ရောက်နေတဲ့ ကျွန်တော်က သွက်သွက်လက်လက်နဲ့ စတင်မေးလိုက်ပါတယ်။ အဝေးကြီးက မတ်တပ်ရပ်ပြီးဖြစ်ဖြစ် မေးရမှာ ဖြစ်ပေမယ့် ကျွန်တော်က အရင်မေးလိုတော့ သမ္မတရှေ့ ကြမ်းပြင်မှာ ထိုင်ချလို့ ရင်းရင်းနှီးနှီး အနေအထားဖန်တီးပြီး မေးခွန်းတွေ ဦးဆုံး မေးဖြစ်ခဲ့ပါတယ်။

(ဘီဘီစီ သတင်းထောက်က အဲဒီလို ကြမ်းပြင်ထိုင် မေးရသလားဆိုပြီး ကျွန်တော့်ကို ဂျာနယ်တစောင်က အပုပ်ချ ရေးတာကိုလည်း မှတ်မှတ်ရရ ခံလိုက်ရပါသေးတယ်၊ အဲဒီလူတွေက မီဒီယာသမားဆိုတာ ဒါမျိုး မလုပ်ရဘူးလို့ ထင်မှတ်နေကြလို့ သူတို့ ရေးတယ်လို့ပဲ ကျွန်တော်က သဘောထားခဲ့ပါတယ်။ စကားမစပ် အဲဒီတုန်းက သမ္မတဦးသိန်းစိန် တည်းခိုရာ ဟိုတယ်ကနေ ပြန်ထွက်ခဲ့ပြီးနောက် သူတို့ အကြပ်ရိုက်နေပြီး အခက်အခဲ ရှိနေတုန်းမှာ ကျွန်တော် ငှားစီးလာတဲ့ ကားတဲ့ ခေါ်တင်ခဲ့တာကို မှတ်မိနေပါသေးတယ်)။

ဒီနေရာမှာ ကျွန်တော် နားလည်တာကတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့်၊ လူထုက သိချင်နေကြတဲ့ တာဝန်ရှိသူတွေရဲ့ နှုတ်ထွက် အဖြေစကားတွေ၊ ကတိစကားတွေ ရဖို့၊ ကြားနိုင်ဖို့က မီဒီယာသမားတွေဟာ အချိန်နဲ့တပြေးညီ အခွင့်အရေးတွေကို လျင်လျင်မြန်မြန် ရယူတတ်ဖို့ လိုပါတယ်။ တခုပဲ ရှိပါတယ်၊ ကိုယ် တွေ့ဆုံ၊ မေးမြန်းနေရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ ၀တ်စား ဆင်ယင်မှုနဲ့ ပြောဆို သုံးနှုန်းရမှုတွေကို နားလည်ဖို့ လိုပါလိမ့်မယ်။ (တခါတလေတော့လည်း ချက်ချင်း ဆုံးဖြတ်ပြီး တုံ့ပြန်ရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်၊ အဓိက က ကြီးကြီးမားမား ပြဿနာ တစုံတရာ မဖြစ်သွားစေဖို့နဲ့ နှစ်ခါ ပြန်မရနိုင်တဲ့ လက်ထဲရတဲ့ အခွင့်အရေး လွတ်မသွားစေဖို့ပါပဲ)။

အမေးကောင်း၊ ကျေနပ်စရာ အဖြေကောင်းတွေ ရခဲ့ပေမယ့် စိတ်ကသိကအောင့် ဖြစ်စရာက သမ္မတဦးသိန်းစိန်နဲ့ ၀န်ကြီးတွေကို ရှားရှားပါးပါး အနီးကပ် ဓာတ်ပုံရိုက်ထား၊ ဗီဒီယိုရိုက်ထားတဲ့ ကျွန်တော့် ကင်မရာလေး ပျောက်သွားခဲ့တာပါ။ ဒီတော့လည်း သင်ခန်းစာက ယူရ ပြန်ပါသေးတယ်။ သတင်းထောက်ဆိုတာ သတင်းတွေ၊ ဓာတ်ပုံတွေ ကြိုးစားရယူသလို အဲဒီ ရခဲ့တဲ့ သတင်းနဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေကို မပျောက်မရှအောင် မလပ်သော သတိနဲ့ ကာကွယ်စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် တွေ့လို့ မေးခွန်းမေးဖူးတာကတော့ ရန်ကုန်က အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့နေအိမ်မှာပါ။ ၂၀၁၂ ဧပြီလ အတွင်းမှာဖြစ်ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီး ဂူအီလို တာဇာနဲ့ တနာရီလောက် တွေ့ဆုံ ဆွေးနွေးကြပြီးနောက်မှာ သတင်းစာ ရှင်းလင်းပွဲတွင်းမှာ ဘီဘီစီ သတင်းထောက်အနေနဲ့ မေးခွင့်ရတာပါ။

အဲဒီတုန်းက ကြားဖြတ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက ၄၄ နေရာ ၀င်ပြိုင်တာမှာ ၄၃ နေရာ အနိုင်ရခဲ့ပြီးနောက် လွှတ်တော်တက် ကျမ်းကျိန်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး မေးစရာ ရှိနေချိန်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မစခင်မှာ ၀န်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးကြတဲ့ အကြောင်းကိုသာမေးဖို့ ပဏာမ စကားခံခဲ့ပေမယ့် ကျွန်တော် မေးရမယ့် အလှည့်ရောက်ချိန်မှာ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီ ကျမ်းကျိန်ကိစ္စကိုပဲ မေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုံးစံအတိုင်းပါပဲ၊ ခေါင်းမာစွာနဲ့ နဂိုပြောထားတဲ့အတိုင်းပဲ မဖြေဘူးလို့ ပြောပြီးသားမို့ သူ့အနေနဲ့ မဖြေနိုင်ပါဘူးလို့ပဲ ခပ်မာမာ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်သူတွေနဲ့ ဆန္ဒနဲ့အညီ လက်ရှိ အနေအထားအတိုင်း ကျမ်းကျိန်ဖို့ အင်န်အယ်လ်ဒီပါတီက ဆုံးဖြတ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကို ဒုတိယအကြိမ်တွေ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တတိယအကြိမ် တွေ့တာကတော့ တနေရာထဲမှာပါ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်က ၂၀၁၂ စက်တင်ဘာလ ကမ္ဘာ့ကုလသမဂ္ဂထိပ်သီး အစည်းအဝေးကို နှစ်ပေါင်း ၅၀ အတွင်း မြန်မာသမ္မတတဦးအနေနဲ့ ပထမဆုံးအကြိမ် လာတက်ချိန်မှာ နယူးယောက်က မြန်မာသံရုံးအတွင်း ပြည်တွင်းပြည်ပက မြန်မာသတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြည်တွင်းကတော့ သမ္မတနဲ့ အတူလိုက်ပါလာတဲ့ စကိုင်းနက်ရုပ်သံက ဖြစ်ပါတယ်။ စကိုင်းနက်က ဦးကျော်ဝင်းနဲ့ ဦးရဲမင်းဦးတို့ကလည်း ကျွန်တော့်ကို အတော် ကူညီခဲ့ကြပါတယ်။

တိုက်ဆိုင်စွာပဲ သံရုံးအပြင်ဘက်မှာတော့ အမေရိကရောက် ကချင်တိုင်းရင်းသားတွေက သမ္မတကို ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ၀န်ကြီးတချို့ကလည်း ဆန္ဒပြခေါင်းဆောင်တချို့ကို ခေါ်ယူ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာလည်း မြန်မာဝတ်စုံကို ကျွန်တော် ကျကျနန၀တ်ဆင်ပြီး သမ္မတကို ဦးဆုံးမေးခွန်းတွေ မေးခဲ့ပါတယ်။ (ဒီတချီတော့ ကြမ်းပြင်ထိုင်စရာ မလိုတော့ဘဲ သမ္မတနဲ့ ငါးပေ၊ ခြောက်ပေ အကွာလောက်ကနေ ရှေ့ဆုံးက ထိုင်ပြီး မေးမြန်းခွင့်ရတာ ဖြစ်ပါတယ်)။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ၂၀၁၂ စက်တင်ဘာ ၂၁ မှာ ကုလသမဂ္ဂဌာနချုပ်ရှိရာ ရုံးအဆောက်အဦထဲ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒါလည်း လွယ်လွယ်ကူကူ ရတာတော့ မဟုတ်ပြန်ပါဘူး။ သတင်းစာ ရှင်းလင်းပွဲ မစမီ ကျွန်တော်တို့ စောင့်နေကြတုန်း မြန်မာမီဒီယာသမားလေးယောက် စကားပြောဖြစ်တော့ မြန်မာမီဒီယာသမား တယောက်အနေနဲ့ မေးကြမယ်ဆို ကျွန်တော့်ကို မေးပါလို့ မေးခွင့်ပြုခဲ့ကြပြီးနောက် တကယ်တမ်းကျတော့ မေးခွင့်မရလို့ အတင်းကြိုးစားခဲ့ရလို့ ဖြစ်ပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ အကို၊ အမတွေကို ကျေးဇူးတင်ပါတယ်။

ပြဿနာက တကယ်တမ်း သတင်းစာ ရှင်းလင်းပွဲလည် စရော... အတွင်းရေးမှူးချုပ်က နှုတ်ဆက် စကားပြောပြီး ကုလသမဂ္ဂမှာ ၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ၀န်ထမ်းဟောင်းလည်း ဖြစ်၊ လက်ရှိ ကမ္ဘာ့အဆင့်မီ မြန်မာ့နိုင်ငံရေးသမားလည်း ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂရုံး အဆောက်အဦဆီ ပြန်လည် လာရောက် လည်ပတ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း မီဒီယာသမားတွေကို သူ့ခရီးစဉ်အကြောင်း နည်းနည်း ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦး ခပ်တိုတို စကားလည်း ပြောပြီးရော ကုလသမဂ္ဂဌာနချုပ်ရဲ့ ပြန်ကြားရေး အရာရှိချုပ်က ဗီအိုအေနဲ့ အေပီက သတင်းစာဆရာနှစ်ဦးကို မေးခွင့်ပြုပြီး သတင်းစာ ရှင်းလင်းပွဲ ပြီးပြီလို့ အဆုံးသတ် ကျေးဇူးတင်စကား ပြောပါတော့တယ်။ အဲဒီမှာ ကျွန်တော်က အော်ရပါတော့တယ်၊ ဒီမှာ မြန်မာမီဒီယာသမားတွေ၊ သတင်းထောက်တွေလည်း ရှိနေတာမို့ မေးဖို့ ခွင့်ပြုသင့်တယ်။ ကျွန်တော့်မှာလည်း မေးစရာမေးခွန်းရှိလို့ ခွင့်ပြုစေချင်ပါတယ်ဆိုပြီး ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လည်း ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်လည်း ဖြစ်တယ်၊ မြန်မာနိုင်ငံမှာက ငြိမ်းချမ်းရေးကိစ္စတွေကလည်း မပြတ်သေးတော့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ မေးခွန်းတခု မေးလိုက်ပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူးလို့ မှားယွင်းစွာ ညွှန်းဆို သုံးနှုန်းသွားတာကို ကျွန်တော်က ပြင်ဆင်ပေးချင်တာမို့ အင်န်အယ်လ်ဒီပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လို့ ညွှန်းဆိုပြီး တမင်သိအောင် သုံးနှုန်းလိုက်တော့ အတွင်းရေးမှူးချုပ်လည်း လက်ရှိရာထူးအမှန်ကို သိရှိပြီး/ တည့်မတ်ပြီး ဖြစ်သွားတာမို့ မေးခဲ့ရတာကို ကျေနပ်မိပါတယ်။ အတွင်းရေးမှူးချုပ်က ကျွန်တော့်ကို ပြုံးပြီး ကြည့်နေခဲ့သလို ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိချုပ်ကလည်း သတင်းစာ ရှင်းလင်းပွဲအပြီးမှာ ကျွန်တော့်ကို လေးလေးနက်နက် တောင်းပန်ခဲ့တာမို့ ကျွန်တော် ကျေနပ်ပီတီ ဖြစ်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်ပွဲ မတိုင်ခင် လန်ဒန်မှာလည်း တကြိမ် သေသေချာချာ တွေ့ခဲ့ရပါသေးတယ်။ အဲဒါကတော့ ပိုပိုသာသာ ပြောခွင့်ပေးမယ်ဆို ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့တာလို့ ပြောလို့ရပါတယ်။ လန်ဒန်က ဗြိတိသျှပါလီမန် (လွှတ်တော်နှစ်ရပ်ပေါင်း) မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့လာရင်းက လန်ဒန်ဘီဘီစီကို လာရောက်လည်ပတ်ပြီး မြန်မာဌာန၀န်ထမ်းတွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ကြီးကျယ်လွန်းတဲ့ အင်္ဂလိပ်တွေရဲ့ ထက်/အောက် လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ဗြိတိသျှပါလီမန်ရဲ့ ၀က်စ်မင်စတာခန်းမမှာ မိန့်ခွန်းပြောခွင့်သာတဲ့ ကမ္ဘာ့အဆင့်ခေါင်းဆောင်က လက်ချိုးရေတွက်လို့ ရပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ပြင်သစ်သမ္မတ အဲလ်ဘတ် လီဘရွန်း၊ ပြင်သစ်သမ္မတ ဗိုလ်ချုပ်ကြီး ချားလ်စ် ဒီဂေါ၊ တောင်အာဖရိကသမ္မတ နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဘဲနဒစ် ၁၆၊ အမေရိကန်သမ္မတ ဘားရက် အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ပါတယ်။

ထပ်ဆင့်ဂုဏ်ယူမယ်ဆို ၀က်စ်မင်စတာခန်းမမှာ ပြောခွင့်သာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးသော အာရှရဲ့ ကမ္ဘာ့အဆင့် တန်းဝင်တဲ့ ခေါင်းဆောင်နဲ့ ထပ်ပြီး ပိုထူးခြားတာက နိုင်ငံ့အကြီးအကဲ (သမ္မတ) မဟုတ်တဲ့ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်နဲ့ လွှတ်တော်အမတ်သာ ဖြစ်ပါတယ်။

ဒီလို ထူးခြား ထင်ရှား ဂုဏ်သရေကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာဌာန ဌာနမှူး အမှူးပြုတဲ့ ဘီဘီစီ မြန်မာဝန်ထမ်းတွေဟာ သီးသန့် တွေ့ဆုံခွင့် ရခဲ့ပြီး၊ ပွင့်ပွင့်လင်းလင်း ပုဂ္ဂိုလ်ရေး မေးမြန်းချင်တာတွေ မေးမြန်းလို့ ရခဲ့ပါတယ်။ ဘီဘီစီ မြန်မာဌာနနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပွင့်ပွင့်လင်းလင်း မှတ်ချက်စကားတွေကိုလည်း ကြားနာခွင့် ရခဲ့ပါတယ်။ ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ ဆုတောင်းပေးလိုက်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုံးလို့ ကျေးဇူးတင်ပါတယ်ရှင်လို့ ပြန်ပြောသွားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း ဥရောပခရီးစဉ်အတွင်းမှာတော့ ယူကေနိုင်ငံ မပါရှိတဲ့အတွက် လန်ဒန်ဘီဘီစီမှာ သမ္မတနဲ့ တွေ့ဆုံနှုတ်ဆက်ခွင့်၊ ကျန်းမာပါစေကြောင်း ဆုတောင်းခွင့် ကျွန်တော် မကြုံကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ မကြာခင်မှာတော့ ယူကေနိုင်ငံကိုလည်း သမ္မတဦးသိန်းစိန် လာလည်မယ်လို့ မှတ်ပါတယ်။ အဲဒီအခါကျရင်တော့ သမ္မတက ဘီဘီစီကို လန်ဒန်ရောက် တခြားနိုင်ငံ့ ခေါင်းဆောင်တွေလိုပဲ သွားလည်ဖြစ်ရင်လည်း (အချိန်ဇယားအရ အခွင့်သာမယ်ဆို) လည်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သမ္မတကို မျက်ဆိုင်မေးခွန်းတွေ မေးခဲ့ဖူးတဲ့ ဘီဘီစီက ကိုချိုကတော့ အဲဒီအချိန်မှာဆို လန်ဒန်မှာ ရှိနေတော့မှာ မဟုတ်ပါဘူး...။

၂၀၁၃ မေ ၆၊ ည ၈ နာရီ။
လန်ဒန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...