မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒါမျိုးတွေ အရေးတကြီးလိုအပ်နေပြီ..။
ကျနော့် စာသင်ခန်းတခုပါ။ အရင် Academic class တွေစတက်ခါစ ဆိုရင် ကျနော်ထင်တာ ကိုယ့်ထက် ငယ်တဲ့ ဒီကောင်တွေ ငါတော့ ခေါင်းခေါက်လို့တောင် ရမယ် ထင်ခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ESL အတန်းတွေမှာ နိုင်ငံခြားသားချင်း ကျနော် ဘိုကျနိုင်ခဲ့လို့ပါ။
တကယ်တော့ ကျနော်ထင်သလို မဟုတ်ပါဘူး။ သူတို့ ပညာလေ့လာဆည်းပူးခဲ့တဲ့ နည်းစနစ်က ကျနော်တို့နှင့် ဝေးလွန်းပါတယ်။
ဒီမှာမွေး ဒီမှာကြီးလာတဲ့ ဟာလေးတွေကို စကားရည်လုနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆရာတွေက အလယ်တန်း အထက်တန်းထဲက စကားရည်လုပြီး မိမိအချက်လက်ကို မှန်ကန်မှု တင်ပြဖို့ စွမ်းရည် အဝေဖန်ခံနိုင်မှု စသည်တို့ကို စနစ်တကျ သင်ကြားပေးခဲ့တယ်။ စကားနိုင်လုခြင်းမဟုတ်တာကို သူတို့ကောင်းကောင်း သိပြီးသား။
ဒီတော့ ကျနော်လို မြန်မာပြည်ကလာပြီး အခုမှ Debate ကို အသုံးတည့်သော တရားဝင်သော အရာဖြစ်ကြောင်း သိရတဲ့ လူတယောက်အဖို့ ကိုယ့်အကြောင်းရာ ခိုင်နေရင်တောင် တခါတရံ ရေနစ်နေပါတယ်။
နောက်တခုက ပိုကြီး ချီးမွမ်းဖို့ကောင်းတာက အသေလဲ ငြင်းခုန်ကြပြီး။ အဲဒီ စကားဝိုင်းပြီးသွားလို့ တယောက်နှင့် တယောက် အငြိုးတေးလုံးဝ မရှိပါ။ ပုံမှန် ဟီး ဟီး ဟား ဟား ရှိနေပါတယ်။ ၀န်ခံရရင် ကျနော်မှာ အဲဒီလိုဖြစ်ဖို့ကို ကိုယ့်စိတ်ကိုယ် မနည်းကြီး မွေးမြူနေရပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်တင်တဲ့ အကြောင်းရာ တခုကို ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တဲ့ လူကို မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ လူပီပီ ချက်ချင်း ရယ်မပြနိုင်တဲ့ ပြဿနာပါ။
ဓါတ်ပုံထဲမှာ အရှေ့က အကျီအပြာနှင့် ကျောင်းသားက အနောက်က အကျီအနက် နှင့် ကျောင်းသားကို ငြင်းခုန်နေတာပါ။ လယ်သမားတွေ မွေးမြူရေးနှင့် စီးပွားရေးသမား မွေးမြူရေး လုပ်ငန်းကွာဟမှု အကြောင်း စကားရည်လုနေတာပါ။ ဆရာသောမတ်က ရပ်ကြည့်နေတာကို တွေ့ရမယ်။
အဲဒီ့စကားပွဲဆို ပြင်းထန်လွန်းလို့ ထထိုးမယ်တောင် ထင်မိပါတယ်။ တကယ်တော့ အဲဒီလို Debate က ရန်ပွဲလို့ အထင်ရှိတဲ့ ကျနော်၏ အရိုးဆွဲနေတဲ့ အမှားသာ ဖြစ်ပါတယ်။ သူတို့ရန်မဖြစ်ကျပါ။ အတန်းပြီးတော့ ပီစာတပိုင်းစီ အတူတူစားရင်း မင်းတော်တယ် ငါတော်တယ် ချီးမွမ်းနေကြပါတယ်။
အဲဒါ ကျနော်တို့နှင့် အမေရိကန်တွေ ကွာဟချက်ပါ။ လွတ်တော်ထဲမှာ အကြောင်းရာတခုကို တင်တဲ့အခါမှာ Debate ရှိတယ် ရွေးကောက်ပွဲမှာ Debate ရှိတယ်။ စာသင်ခန်းမှာ Debate ရှိတယ်။ အဲဒါကြောင့် သူတို့တွေမှာ ချဉ်းကပ်မှုတိုင်းသည် အပြန်အလှန် အနာဆာမဲ့အောင် စဉ်းစား ဆုံးဖြတ် ဆွေးနွေးထားသလို ဖြစ်နေပြီး။ ဒေါင့်စေ့အောင် စဉ်းစားနိုင်ဖို့ လေ့ကျင့်သင်ကြား ပြီးသားဖြစ်နေပါတယ်။
ငြင်းခုန်မှုလုပ်တိုင်း ရန်သူမဟုတ်သလို လက်ခုပ်တီးတိုင်း မိတ်ဆွေ မဟုတ်ကြောင်းကို ကျနော်တို့ဆီက လူငယ်တွေ သိဖို့လိုပါတယ်။
0 comments:
Post a Comment