Thursday, May 2, 2013

ပထမနေ့

by Myo Tha Htet (Notes) on Thursday, May 2, 2013 at 6:41am
 
လူ့သဘာဝက ပထမဆုံး အတွေ့အကြုံတွေကို ပိုပြီး အမှတ်တရ ရှိတတ်ကြတယ်။ ပြီးတော့ ရင်ခုန်လှိုက်မောဖို့လည်း ကောင်းတယ် မဟုတ်ပါလား။ အားလုံးက အသစ်အသစ်တွေချည်း တွေ့ရ၊ မြင်ရ၊ ခံစားရတတ်တာကိုး။ ကျွန်တော် လန်ဒန်ဘီဘီစီမှာ ပထမဆုံး ရုံးတက်ရတဲ့ အတွေ့အကြုံကို ပြန်စဉ်းစားကြည့်မိတယ်။

လန်ဒန်ကို ဇူလိုင် ၄၊ ၂၀၀၉ စနေ ရောက်တယ်၊ တနင်္ဂနွေမှာ ဘီဘီစီဝန်ထမ်းသစ်တွေ ရောက်ရင်နေကြတဲ့ ဘားမောင့်ဟောက်စ်မှာ ဌာနမှူးက လာတွေ့ နှုတ်ဆက်တယ်။ ဌာနမှူးက ချက်ပြုတ်စားဖို့ ဈေးဝယ်ပေးခဲ့တယ်၊ ရထားစီး/ ဘတ်စ်ကားစီးနည်း ပြပေးတယ်၊ ဒါနဲ့ ကျွန်တော် ဇူလိုင် ၆၊ တနင်္လာမှာ ရုံးစတက်တယ်။


မြန်မာဌာနအပါအ၀င် ဘီဘီစီကမ္ဘာတလွှား အသံလွှင့်အစီအစဉ်တွေ အခြေစိုက်တဲ့ ရုံးက ဘုရှ်ဟောက်စ်လို့ ခေါ်ပါတယ်၊ မြို့လယ် ဟိုးလ်ဘွန်းမြေအောက် ဘူတာရုံနဲ့ဆို ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရင် ရောက်ပါပြီ၊ သွားရေးလာရေးက အင်မတန်မှကို အဆင်ပြေပါတယ်။

လန်ဒန်ကိုလည်း ရောက်စကတော့ ရန်ကုန်က လာသူမို့ ပျံလန်နေပြီး အင်မတန် အံ့သြစရာ ကောင်းလိမ့်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်း တွေ့တဲ့အခါကျတော့ အဆောက်အအုံ အဟောင်းတွေနဲ့ သပ်သပ်ရပ်ရပ်ရှိလှတဲ့ မြို့တမြို့ပါလားလို့ပဲ တွေးမိပါတယ်။ သစ်ပင်တွေ၊ ပန်းခြံတွေ ရှိနေတာကိုတော့ သဘောကျမိတယ်။ ရန်ကုန်သားမို့ လန်ဒန်ဟာ ရန်ကုန်နဲ့တောင် ခပ်ဆင်ဆင်ပါလားရယ်လို့ ကောက်ချက်ချမိတယ်။

ဘုရှ်ဟောက်စ်ကို ရောက်တော့ ငါးထပ်မှာ ရှိနေတဲ့ မြန်မာဌာနရုံးခန်းကို ဧည့်ကြိုကနေတဆင့် လှမ်းအကြောင်း ကြားလိုက်ပါတယ်။ အဲဒီမှာ ခဏကြာတော့ မမအိန်ဂျယ်က လာဆင်းခေါ်ပါတယ်။ ဧည့်ကြိုစာရေးမ ချောချောလေးပေးတဲ့ ဧည့်ဝင်စာအုပ်နဲ့ ၀န်ထမ်းကတ်ပြား (အဲဒီကတ်က တံခါးဖြတ်တဲ့ ကတ်လည်း ဖြစ်ပါတယ်) မေ့ခဲ့တဲ့ ၀န်ထမ်းတွေ ရေးသွင်းရတဲ့ စာအုပ်၊ ဘယ်စာအုပ်မှာလဲ မမှတ်မိတော့ပါ၊ ရေးသွင်းပြီး အထဲလိုက်လာပါတယ်။

ဧပြီ ၂၄၊ ၂၀၁၃ နှုတ်ဆက်ပွဲမှာတော့ မမအိန်ဂျယ်က အဲဒီတုန်းက ချာတိတ်လေး တယောက် ရုံးရောက်လာလို့ သူ ဆင်းခေါ်ရတယ်။ ကြည့်လိုက်တော့ မြန်မာကောင်လေးမှန်း တန်းသိတယ် (ရုံးမှာက ဘာသာစကားဌာနပေါင်း ၂၀ ကျော်၊ ၃၀ လောက် ရှိတဲ့အပြင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အာရှတောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက လူတွေလည်း ရှိကြတော့ မြန်မာမှန်း တန်းသိဖို့က နည်းနည်းတော့ မှန်းတတ်ဖို့ လိုပါတယ်)၊ သပ်သပ်ရပ်ရပ်လေး ၀တ်စားထားပြီး၊ အိတ်သစ်တလုံး လွယ်ထားတယ်။ စကားပြောကြည့်တော့ သွက်သွက်လက်လက် ချက်ချက်ချာချာ ဖော်ဖော်ရွေရွေ ရှိတယ်၊ အိတ်က ဘီဘီစီမှာ အလုပ်လုပ်ရင် ကိုင်ဖို့ ကျွန်တော် ၀ယ်ထားတာလို့လည်း ပြောသေးတယ်လို့ ပြန်ပြောပြတယ်။

ကျွန်တော်က လန်ဒန်ဘီဘီစီမှာ လုပ်ရမယ်ဆိုတော့ ရှပ်အင်္ကျီလက်ရှည်နဲ့ အပေါ်က ထပ်ဝတ်ရတဲ့ ကုတ်အင်္ကျီနဲ့ စမတ်ကျကျ၊ အနောက်တိုင်းဝတ်စုံ ၀တ်ရမယ်လို့ ထင်ထားတာကိုး...၊ ဒါနဲ့ ရန်ကုန်ကနေ ၀တ်စုံနှစ်စုံလောက် အလေးခံပြီး လန်ဒန်ကို သယ်ချလာခဲ့သေးတယ်။ ဌာနမှူးနဲ့ တွေ့မှ အဲဒီလိုတွေ ၀တ်ဖို့ မလိုပါဘူး၊ မင်းကြိုက်တာ ၀တ်လို့ ရပါတယ်လို့ ပြောပြတယ်။ အဲဒီလို အနောက်တိုင်းဝတ်စုံက ရုံးမှာဝတ်တာဆိုလို့ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနဲ့ ရုပ်မြင်သံကြားထက်က သတင်းပြောသူတွေပဲ ၀တ်ကြတာ နောက်မှ သိရတယ်။

ဒီတော့ ၀တ်စုံနှစ်စုံကို ဘီရိုထဲ အသာထား (နောက်တော့လည်း မ၀တ်မယ့် အတူတူဆိုပြီး အင်္ဂလိပ် ကြက်ခြေနီအဖွဲ့ကို ပေးလှူ လိုက်ပါတယ်) လို့ ဂျပန်တခါ သွားခဲ့တုန်းက အမှတ်တရ ၀ယ်လာခဲ့တဲ့ (ဒေါ်လာ ၂၀ လား ၂၅ လား ပေးရပါတယ်) ချယ်ရီပွင့်တွေ ပါတဲ့ ခရမ်းရောင် တီရှပ်လေး တထပ်တည်း ၀တ်သွားခဲ့ပါတယ်။ ဇူလိုင်ဆိုတော့ လန်ဒန်နွေရာသီ၊ နေသာပြီး ရာသီဥတုကလည်း အလွန်ကောင်းတာပေါ့။

အဲဒီ ခရမ်းရောင် တီရှပ်ကြောင့် အထင်လွဲ ခံခဲ့ရပါသေးတယ်။ ဒီမှာက အင်္ဂလိပ်တွေက ယောက်ျားဆို အင်္ကျီအရောင် မှိုင်းတဲ့၊ ရင့်တဲ့ အရောင်ပဲ ၀တ်ကြပါတယ်။ ခရမ်းရောင် အပါအ၀င် လွင်တဲ့ တောက်တဲ့ အရောင်နုတွေ ဆိုတာ မိန်းကလေး ဒါမှမဟုတ် ဂေးတွေ ၀တ်တာပါတဲ့။ နောက်ထပ် လအနည်းကြာမှ မမကြီးက ညည်းကို ဂေးလေးလားလို့ ထင်ခဲ့တာလို့ ပြောပါသေးတယ်။ ဟဲ ဟဲ...။

ခရမ်းရောင် တီရှပ်အသစ်လေးနဲ့ လူငယ်လေးဟာ (လူကလည်း ပိန်ပိန်ပါးပါးလေး ဖြစ်နေပါတယ်၊ ၀ိတ်ကလည်း ချထားတဲ့ အချိန်ပေါ့၊ အရင် ပေါင်ချိန် ၁၈၀၊ ခါးဆိုက် ၃၆ ကနေ ပေါင်ချိန် ၁၄၀၊ ခါးဆိုက် ၃၂ လောက် ဖြစ်နေချိန် ဖြစ်ပါတယ်) အိတ်သစ်ကြီးနဲ့ ရုံးဟောင်းကြီးဆီ (ရုံးကတော့ နှစ်ပေါင်း သက်တမ်း ၁၀၀ လောက် ရှိမယ်လို့ ထင်ခဲ့ပါတယ်) ပထမနေ့အဖြစ် ရုံးတက်ခဲ့ပါတယ်။

ဘီဘီစီဘုရှ်ဟောက်စ်မှာ ဘီဘီစီကမ္ဘာတလွှားအစီအစဉ် BBC World Service က နှစ်ပေါင်း ၇၀ ကြာ (၁၉၄၁ ဆောင်းရာသီကနေ ၂၀၁၂ နွေရာသီအထိ) အခြေစိုက်ပြီး အသံလွှင့်ခဲ့ပါတယ်။ ဘုရှ်ဟောက်စ် အဆောက်အဦကြီးကို ကုန်သွယ်ရေး အဆောက်အဦအဖြစ် ၁၉၁၉ မှာ စတင် တည်ဆောက်ပြီး ခြောက်နှစ်အကြာ ၁၉၂၅ ဇူလိုင် ၄ ရက်နေ့မှာ ဖွင့်ပွဲနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီခေတ်က ကမ္ဘာ့တန်ကြေး အကြီးဆုံး အဆောက်အဦလို့ သမိုင်းဝင်ခဲ့ပါတယ်။

မြန်မာတွေကြား နာမည်ကြီးတဲ့ အင်္ဂလိပ်စာရေးဆရာနဲ့ သတင်းစာဆရာ ဂျော့ရှ် အိုဝဲလ်ဟာ ဒီဘုရှ်ဟောက်စ်မှာ ၁၉၄၁ ကနေ ၁၉၄၃ အထိ အလုပ် လုပ်ခဲ့ဖူးပြီး သူ့ရဲ့ နာမည်ကြီး ၀တ္ထု 1984 ကို ရေးဖို့ ဘုရှ်ဟောက်စ် အဆောက်အဦကြီးက သူ့ကို အိုင်ဒီယာတွေ ပေးခဲ့တယ်လို့ နာမည်ကြီးပါတယ်။ ၀န်ကြီးချုပ် ဦးနုလည်း ဘုရှ်ဟောက်စ်မှာ အင်တာဗျူး ဖြေပေးနေတဲ့ ဓာတ်ပုံတပုံ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဘီဘီစီကနေ တိုင်းပြည်ကို ရေဒီယို အသံလွှင့်မိန့်ခွန်းပြောဖို့ စီစဉ်ခဲ့ဖူးတယ်လို့ ဖတ်မှတ်ဖူးပေမယ့် ဘုရှ်ဟောက်စ်ကို လာခဲ့လေသလား ဆိုတာတော့ သေချာ မသိပါ။

အဲဒီလို နာမည်ကျော်တဲ့ ဘုရှ်ဟောက်စ်ကို ရန်ကုန်က လူငယ်လေး တယောက်ဟာ ဘီဘီစီ သတင်းထောက်အဖြစ် အလုပ်လုပ်ဖို့နဲ့ ဘုရှ်ဟောက်စ်သက်တမ်း ၇၄ နှစ်နဲ့ ၂ ရက်တိတိမှာ အားမာန်အပြည့်နဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ရောက်လာပါတော့တယ်။ မမအိန်ဂျယ် ခေါ်ဆောင်ရာနောက် လိုက်ခဲ့တော့ လည်နေတဲ့ တံခါးကြီးကို ဖြတ်ကျော်ပြီး ဓာတ်လှေကားကြီး လေးစင်းထဲက တစင်းကို နှိပ်ခေါ်လို့ ၀င်ခဲ့ပါတယ်။ ဓာတ်လှေကားတွေကလည်း အကြီးကြီးတွေပါ၊ ဟောင်းနေတဲ့ပုံတော့ ပေါက်နေပါတယ်။

ရုံးခန်းရောက်တော့ အကုန်လုံးက စတင်ပြီး အလုပ်များနေကြပါတယ်၊ တယောက်ချင်း ခေတ္တမိတ်ဆက်ပြီးနောက်မှာ သူ့အလုပ် သူဆက်လုပ်နေကြပါတယ်။ ဘီဘီစီ ထမင်းဝိုင်းလို့ နာမည်ကြီးတဲ့ ထမင်းစားပွဲဝိုင်းကြီးမှာ တယောက်ထဲ ထိုင်နေရင်း ဌာနမှူးကို စောင့်နေပါတယ်။ ဌာနမှူးက ခဏနေမှ သူ့စားပွဲကနေ ထလာပြီး စကားပြောကြပါတယ်။ ခဏနေဦး၊ လုပ်တာကိုင်တာတွေ ကြည့်ထားလို့ ပြောတယ်လို့ မှတ်ပါတယ်။ ပြီးတော့ မမအိန်ဂျယ်ကို လန်ဒန်မှာ အိမ်ငှားနေရင် ဘယ်နား ကောင်းမလဲ၊ ဘယ်လို ငှားရသလဲ၊ ဆောင်ရန်/ ရှောင်ရန်တွေ မေးစမ်းကြည့်ပါတယ်။ အားလုံးကလည်း အလုပ်ကိုယ်စီ အချိန်ကိုက် လုပ်နေရတော့ ပြောလိုက်၊ လုပ်လိုက်ဖို့ အများကြီးလည်း မပြောရဲပြန်ပါဘူး။

ဒီလိုနဲ့ ယောင်တောင်တောင် တယောက်ထဲ ဖြစ်နေတုန်း ရန်ကုန်မှာကထဲက ခင်မင်ရင်းနှီးခဲ့တဲ့ ဘိုဘို ရောက်လာပါတယ်။ ဘာပြောကောင်းမလဲ၊ အလွန် ပျော်သွားခဲ့ပါတယ်။ ဘိုဘိုက ကော်ဖီသောက်မလား၊ သူ လိုက်တိုက်မယ်ဆိုတော့ ကျွန်တော့်မှာ တယောက်ထဲ ဘာမှ မလုပ်ရသေးဘဲ ပျင်းနေတာဆိုတော့ သောက်မယ်ဆိုပြီး ထလိုက်သွားခဲ့ပါတယ်။ ရန်ကုန်မှာ အယ်ဒီတာ လုပ်ခဲ့တဲ့ အထာတွေလည်း ပါတာပေါ့လေ၊ ဧည့်သည်လာပြီဆို လာ... လက်ဖက်ရည်ဆိုင် သွားမယ်ဆိုပြီး ထသွားကြတဲ့ ပုံစံပေါ့။

ရုံးကလည်း လန်ဒန်ကို ဖြတ်စီးနေတဲ့ သိမ်းမြစ်နဲ့ဆို တပြ၊ မြို့လယ်က ထွာဖဲလ်ဂါရင်ပြင်နဲ့ဆို နှစ်ပြလောက်ပဲ ဝေးတာမို့ ဘိုဘိုခေါ်ရာနောက် ခပ်သွက်သွက် လျှောက်လာလိုက်ကြတာ သိမ်းမြစ်လည်း မြင်ဖူးသွားတယ်၊ ရင်ပြင်ဘက်လည်း ရောက်လာကြတယ်။ (အဲဒီမှာလည်း တခု သတိထားမိတာက ရန်ကုန်မှာ အင်မတန် လမ်းသွက်သွက် လျှောက်ခဲ့တဲ့ ကျွန်တော်ဟာ ဘိုဘို့ကို မီအောင် မပြေးရုံတမယ် လိုက်နေခဲ့ရပါတယ်၊ လန်ဒန်မှာက အရပ်ပုသူရော၊ မိန်းမတွေပါ လမ်းလျှောက် တအားမြန်ပါတယ်၊ ကျွန်တော်တို့ဟာ လမ်းလျှောက်မှာတင်ကို နောက်ကျနေကြတာပါလားလို့လည်း မဆီမဆိုင် တွေးမိသွားပါတယ်) အဲဒီနားက ကော်ဖီဆိုင် တဆိုင်ထိုင်ပြီး ဘိုဘိုတိုက်တဲ့ ကော်ဖီကို သောက်တယ်၊ လန်ဒန်မှာ ပထမဆုံး ဆိုင်မှာ သောက်တဲ့ ကော်ဖီပေါ့။ မိုးက ဖွဲဖွဲရွာနေသေးတယ်။ လန်ဒန်မှာကတော့ မိုးက အမြဲလိုလို ရွာတတ်တယ်။ ကျွန်တော်က ထီးမဆောင်းဘဲ မိုးဖွဲဖွဲထဲ လမ်းလျှောက်ရတာကို သဘောကျတယ်။ ကျွန်တော်က မိုးကို ချစ်တာကိုး...။

ကော်ဖီသောက်၊ ပြီးတော့ ဘိုဘိုက ဟိုနားဒီနား အမှတ်တရ ဓာတ်ပုံ ရိုက်ပေးပြီးနောက်မှာ ရုံးကို ပြန်လာကြတယ်။ ဌာနမှူးက ဆူတယ်၊ အလုပ်လုပ်ဖို့ လာတာ အလုပ်ကို မလေ့လာဘဲ ဘယ်တွေ သွားနေတာလဲလို့ ပြောတယ်။ လာအခုလာ... စတူဒီယို ၀င်၊ အသံဖမ်း/ အသံသွင်းတာ လုပ်ကြည့်ဆိုပြီး ခိုင်းတယ်။ ပြီးတော့ နိုင်ငံတကာ သတင်းတခုကို ရေးခိုင်းပြီး အသံသွင်းခိုင်းတယ်။ ချက်ချင်းကို တခုပြီးတခု လုပ်စမ်းခိုင်းတော့တာပါပဲ။ ဘီဘီစီကတော့ ဘီဘီစီဆိုတာ ဘာလဲ ဆိုတာကို စတင် ပြသပါလေပြီ။

ကျွန်တော်က ဘီဘီစီဆိုတာ အင်္ဂလိပ်တွေရဲ့ ကမ္ဘာကျော် ပြည်သူ့ ၀န်ဆောင်မှု အသံလွှင့် လုပ်ငန်းကြီးမို့ စနစ်တကျ လုပ်တတ်စေဖို့ အသံလွှင့်လုပ်ငန်းဆိုင်ရာ သင်တန်းတွေ၊ ဘာတွေ တက်၊ သေချာ လေ့ကျင့် သင်ကြားပြီးမှ တတ်မြောက် အောင်မြင်ပြီး လက်တွေ့ လုပ်ရမယ်လို့ ယူဆထားတာကိုး...။ ဌာနမှူးက ဘီဘီစီအသံလွှင့်ကန်ထဲ ကျွန်တော့်ကို တွန်းချလိုက်ပြီ။ ပထမရက်ကစလို့ အားပါးပါးလို့ အော်ရင်း မနစ်မမြုပ်ရလေအောင် ကျွန်တော် ကူးခတ်ရပါလေပြီ။ (ဘီဘီစီက ပေးတဲ့ ဘီဂျေဝမ်း အခြေခံ အသံလွှင့်လုပ်ငန်း သင်တန်းအကြောင်း ရေးပါဦးမယ်)။

၂၀၁၃ မေ ၂၊ မွန်းလွဲ ၂ နာရီ။
အောက်စဖို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...