Wednesday, May 15, 2013
ကျွန်တော်နှင့် ထိုးချင်တယ် မထိုးချင်ဘူး
by Zay Yar Phyo (Notes) on Monday, May 13, 2013 at 6:08am
ပေးထားတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး လန့် မသွားကြပါနဲ့ ဗျာ။ကျွန်တော့်ရဲ့ နေ့ တဓူဝ ဘဝမှာ ကြုံတွေ့ နေရတဲ့ ဆေးထိုးခံ ချင်တဲ့ လူနာတွေ နဲ့  ဆေးထိုးခံရတာ ကြောက်တဲ့ လူနာတွေရဲ့ အကြောင်းပါ။ဒီနေ့  ဆေးခန်းထဲကို စွပ်ကျယ်အကျီ င်္ ချိုင်းပြတ်ဝတ်ထားတဲ့ ခပ်နွမ်းနွမ်း ကုလားလေး နှစ်ယောက် ဝင်လာကြတယ်။ဗလ ခပ်သေးသေးနဲ့ အသက်ကလည်း အလွန်ဆုံးရှိမှ
၁၅ ၁၆ အရွယ်လေးတွေ။ဝင်လာလာချင်း
 "ဆရာ အကြောဆေး ထိုးချင်လို့ တဲ့။ ဘယ်လောက်လောက်ကုန်မလဲ" တဲ့။
ကြည့်အုံး မေးပေါက်က ဈေးဆိုင်မှာ ဈေးလာ ဝယ်တဲ့ အချိုးမျိုးနဲ့။ ဈေးမဆစ်တာ၊ တစ်ယောက်အကြောဆေးထိုးရင် နောက် တစ်ယောက်ကို ပါ မေတ္တာလက်ဆောင် အကြောဆေးထိုးပေးသလား လို့ မမေးတာကံကောင်း။
ရုပ်တွေကြည့်တော့လည်း ပိန်တာကလွဲရင် လူမမာရုပ်လည်းမပေါက်ပါဘူး။ဒီတော့ ဒီက ဆရာ ကလည်း ခပ်ပြတ်ပြတ်ပဲ။
 "ဆေးဆိုတာ လိုမှ ထိုးတာကောင်းတယ် ညီလေးတို့ရ။မင်းတို့က ဘာတွေဖြစ်နေလို့
ဆေးထိုးချင်တာလဲ' လို့မေးတော့။ ကျွန်တော်တို့ က နွားမောင်းတဲ့ သူတွေပါဆရာ။မန္တလေးမြို့ပေါ်ကနွားတွေကို ဝက်ဝံတို့ မေမြို့ တို့ထိ ခြေလျင်မောင်းပြီး အရောင်းအဝယ်လုပ်တဲ့အဖွဲ့ကပါ။
အဲဒါ ပင်ပန်းလို့ အကြောအားဆေးထိုးချင်တာပါ "တဲ့။ အေးကွာ ဘာရောဂါမှ မရှိပဲ ပင်ပန်းတာတစ်ခုတည်းနဲ့ ဆေးမထိုးပါနဲ့ကွာ။အချိုရည် ဓာတ်ဆားရည်လေးသောက်ပေါ့ကွာ။
ဆေးဆိုတာက လိုမှ ထိုးတာကောင်းတယ်(ဆရာဝန်ပိုက်ဆံလိုမှ ထိုးတာမဟုတ်ရပါ)" ကွာ ဟု ရှင်းပြလိုက်ရသည်။ကုလားလေး နှစ်ယောက်လည်း မကျေနပ်ဟန်ပြပြီး ပေစောင်းပေစောင်း
နဲ့ ဆေးခန်းကနေ ပြန်သွားတယ်။
မန္တလေးမြို့ ရဲ့ ဆင်ခြေဖုံး ရပ်ကွက်ကလေး မှာ ဖွင့်ထားတဲ့ ဆေးခန်းလေးဟာ အဲဒီ လို ဆေးထိုးမယ် မထိုးဘူး ဆိုတဲ့ ပြဿနာတွေနဲ့ တစ်ပတ်ကို တစ်ခါ
နှစ်ခါလောက်တော့ ကြုံရတတ်တယ်။အထူးသဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အနေများတဲ့ ရပ်ကွက်ကလေးလည်းဖြစ်တယ်။ဒီတော့ တနေ့လုပ်မှ တနေ့စား အလုပ်ကြမ်းသမား
တွေ က ပင်ပန်းတယ်နုံးတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေ နဲ့ ဆေးခန်းကို အကြောဆေး ထိုးဖို့ ပေါက်ချလာတတ်ကြတယ်။သူတို့ တွေ တော်တော်များက  အကြောဆေးတစ်လုံးလောက်ထိုး
လိုက်ရရင် အားအင်တွေ အလိုလို ပြန်လည်ပြည့်ဖြိုးလာတယ်လို့  ထင်ကြတယ်။တချို့လူတွေက ကျတော့ နပ်တယ်။ဆရာ့ကို စိတ်ကသိကအောက်
ဖြစ်အောင် မလုပ်ကြဘူး။ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တယ်။သူတို့ တွေ လာပြီဆိုရင် ဆရာ ရယ် ခေါင်းတွေမူးတာ ချွေးတွေလည်း တအားပျံတယ်။အလုပ်ကလည်း ပင်ပန်းတယ်ဆရာ။
နားချင်ပေမယ့်လည်းမနားရဘူး။ဒီနေ့လည်း အလုပ်လုပ်နေရင်းနဲ့ မိုက်ကနဲ့ မူးလဲမလိုဖြစ်သေးတယ်ဆရာရယ်။ကျွန်တော့်ကို နည်းနည်းလောက်စစ်ဆေးပြီး လိုတာလေးတွေ ညွှန်ပေးပါအုံး။
ဆေးထိုးဖို့ လိုရင်လည်း ထိုးပါ ဆိုပြီး
စီကာပတ်ကုံးနဲ့ ပြောတယ်။ ဒီလို ဆိုရင်တော့ ဒီကဆရာကလည်း သဘောပေါက်တယ်။လိုတာလေးတွေ စစ်ဆေးပြီး မေးသင့်တာလေးတွေ မေးမြန်းပြီး အကြောဆေးလေး သူတို့အခေါ် အားဆေး
လေး တစ်လုံးလောက်ထိုးပေးလိုက်တာပါပဲ။ကိုယ့်အရပ်နဲ့ ကိုယ်ဇာတ်ဆိုတော့ ကိုယ့်လူတွေအကြောင်း ကိုယ်သိနေတာပေါ့။
တချို့ လူတွေကျတော့ အရိပ်သုံးပါးနားမလည်ဘူး။ကိုယ်ဖြစ်ချင်တာကိုပဲ ဦးစားပေးတယ်။လူတွေကသာ ဘာမှမဟုတ်တာ။မာနက တာဝတိံသာ ထိ
ရောက်နေတာ။အဲဒီလို လူတွေဆိုရင် ဆေးခန်းထဲ ဝင်လာကတည်းကိုက ဆရာ အားဆေးထိုးချင်လို့ ။ဖြစ်နိုင်ရင် အားဆေးပုလင်းကြီးပါ ချိတ်ချင်တယ် ဆိုပြီး အထက်စီးက နေ လာတာ။
အဲဒါမျိုးဆိုရင်တော့ ဒီကဆရာကလည်း ဆောရီးပဲ။နည်းနည်းပါးပါး ဟိန်းဟောက်ပြီး လာရာလမ်းကို ဗလာချီ ကြွမြန်းဖို့သာ ပြင်ပေတော့ပဲ။ဘာရောဂါ မှ မယ်မယ်ရရ မရှိပဲ ဆေးထိုးတယ်ဆိုတာ
အရမ်း အန္တရာယ် ကြီးတဲ့ အလုပ်လို့ပဲ ကျွန်တော်က သတ်မှတ်တယ်။သူတို့ ခေါ်နေတဲ့ အားဆေး အားဆေးဆိုတာကလည်း အခန့်မသင့်ရင် anaphylactic shock ဝင်နိုင်တယ်လေ။
အလွန်ဆုံး ဂလူးကိုစ့် ထိုးပေးအုံး အခန့်မသင့်ရင် ဒုက္ခများသွားနိုင်တယ်။ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘယ်သူမှ ကြိုသိနိုင်တာမှမဟုတ်တာ။ကိုယ့်ဘက်က အတတ်နိုင်ဆုံး safe ဖြစ်အောင်လုပ်ထားတာအကောင်းဆုံးပဲ။
မလွဲမရှောင်သာ အားဆေးထိုးရမယ်ဆိုရင်တောင် သူတို့ မတည့်တဲ့ ဆေးရှိမရှိ မေးရတယ်။ကိုယ့်ဆေးခန်းမှာ အရေးပေါ်အသက်ကယ်ဆေးတွေလည်း အသင့်ထားထားရတယ်။
တချို့ လူနာတွေကျတော့လည်း ရောဂါ တစ်ခုခု ဖြစ်လာပြီ ဆိုရင် ဆေးခန်းလေးလာပြ ဆေးလေး တစ်လုံးလောက် ထိုးလိုက်ရမှ ပျောက်တယ်လို့ အယူရှိကြတယ်။တချို့ ပိုက်ဆံရှိတဲ့လူနာတွေ ပညာတတ်တွေ
တောင် အဲဒီလို အတွေးအခေါ် အယူအဆ မျိုးတွေရှိတာကြုံဖူးတယ်။တစ်ခါက အရာရှိ ခပ်ကြီးကြီးတစ်ယောက် ဆေးခန်းကို လာပြတယ်။သာမန်ဖျားတာနာတာပဲ။ကျွန်တော်က သောက်ဆေးပဲ သောက်။သက်သာ
သွားလိမ့်မယ်လို့ ပြောတော့။ "ဟာ..ဆရာရယ် ဆေးထိုးပေးပါ။ကျွန်တော်က ဆေးထိုးခံချင်လို့ ဆရာ့ဆီ လာပြတာ။အထူးကုတွေ ဆီသွားပြရင် ဘာဆေးမှ ထိုးမပေးပဲ သောက်ဆေးပဲ ပေးလိုက်တာကို အားမရဘူးဆရာ။
မသက်သာဘူးလို့ လည်း ထင်တယ်။အဲဒါ ဆေးလေးတစ်လုံးလောက်တော့ ထိုးပေးပါ" ဆိုပြီး ဇွတ်ရော အဓမ္မရော တောင်းဆိုတာ ကြုံဖူးတယ်။တချို့  ကလေးလေးတွေ ဖျားလို့ နာလို့ လာပြတယ်ဆိုရင်လည်း
မိဘတွေက သူတို့ ကလေးကို ဆေးထိုးပေးစေချင်တယ်။အဲဒီလို ကလေးလူနာရှင် မျိုးတွေက ပိုပြီးတော့ ဆိုးတယ်။သူတို့ ကလေး ဖျားနေတော့ ဆေးပဲ ဇွတ်ထိုးခိုင်းနေတယ်။တချို့ လာပြတဲ့ ကလေး လူနာတွေဆို
အသက် တစ်နှစ်တောင် မပြည့်သေးဘူး။ဒီတော့ ကျွန်တော်ကလည်း injection ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်တော့ တော်ရုံတန်ရုံ ဆို ထိုးမပေးပါဘူး။တအားဖျားတယ်ဆိုရင် သူတို့အခေါ် စအိုထဲကို
ဒုံးကျည် (paracetamol suppository) တစ်တောင့်လောက် ပစ်သွင်းပေးလိုက်ပြီး ရေပက်တိုက်ခိုင်း ဆေးတိုက်ခိုင်းလိုက်တာပဲ။ဒီတော့ လူနာရှင် မိဘတွေက မကျေနပ်ကြဘူး။
အရင်တစ်ခေါက်ဖျားတုန်းက ရွာက ဆရာဝန်က ဆေးထိုးပေးလိုက်တာ တစ်လုံးတည်းနဲ့ ပျောက်သွားတယ်ဆရာ ဆိုပြီး အတွန့် တက်ကြသေးတာ။ဒီတော့လည်း ကျွန်တော် ဆရာဝန် ခမျာ အာပေါက်မတတ်
သူတို့တွေ နားလည်အောင် ရှင်းပြရတယ်။ဆေးဆိုတာ လိုမှ ထိုးတာကောင်းတယ်။ကလေးက ငယ်သေးတော့ အခန့်မသင့်ရင် ဆေးထိုးလွန်ပြီး အာရုံကြောတွေ ထိသွားနိုင်တယ်။ဘာညာ ဆိုပြီး နည်းနည်း ဖြဲခြောက်လိုက်မှ
ဘောက်ဆက်ဘောက်ဆက်နဲ့ ဆေးခန်းကနေ ပြန်သွားတဲ့ လူနာရှင်တွေလည်း ကြုံဖူးပြီ။
တချို့  လူနာတွေ ကျတော့လည်း ဆေးထိုး အရမ်းကြောက်တယ်။အထူးသဖြင့် ဆေးထိုးအပ်ကို ကလေးလူနာတွေက ပိုကြောက်တယ်။နေမကောင်းလို့  ဆေးခန်းလာပြရင်ကို သူ တို့ ကို ဆရာဝန်က ဆေးထိုးတော့မယ် ထင်ပြီး ရင်ဘတ်ပေါ်
နားကြပ်လေးတင်လိုက်တာနဲ့   အာခေါင်ခြစ်ပြီး
 ဖြဲညှစ်အော်တော့တာပဲ။တော်ရုံတန်ရုံ ဆေးထိုးဖူးတဲ့ ကလေးတွေဆို လူကြီးတွေက ဟိုကလေး စကားနားမထောင်ဘူးလား ဆရာဝန်ဆီပို့ ပြီး ဆေးထိုးခိုင်းလိုက်မှာနော် လို့ ပြောရင် ငြိမ်ဝပ်ပိပြားသွားတာတွေလည်းရှိတယ်။သူတို့ လုပ်မှ ဆရာဝန်
တွေခမျာမှာလည်း လူဆိုးထိန်းတွေကိုဖြစ်လို့ ။
 တကယ်လိုအပ်လို့ ဆေး ထိုးရမယ် လို့ပြောရင် ဟာ..ဆရာ သောက်ဆေးတင် သောက်လို့  မရဘူးလား။ကျွန်တော်က ဆေးထိုးအရမ်းကြောက်တယ် ဆိုပြီး ပြောတဲ့ လူနာက တစ်မျိုး။လူ ကြည့်
တော့ ဆင်ကိုးစီး ကျားကိုးစီး စားမကုန်တဲ့ ခန္ဒာကိုယ်ကြီးနဲ့ ဆေးထိုးဖို့  ကျတော့ ပါလာသမျှ လူနာစောင့် တွေကို ချုပ်ခိုင်းပြီး ဆေးထိုးရတဲ့ လူနာမျိုးနဲ့လည်း ကြုံဖူးတယ်။တစ်ချို့ တလေကျတော့ လည်း ဆေးထိုးဖို့  တင်ပါးကို ဂွမ်းလေးနဲ့ တို့လိုက်တာနဲ့ 
အမလေး နာတယ်ဆိုပြီး လုပ်ကြတယ်။ဆေးထိုးတာကြောက်တယ်ဆိုပြီး ကျွန်တော့်ဆရာဝန် လက်ကို တအားဆုပ်ကိုင်ထားပြီး ဆေးထိုးခံတဲ့ မမတွေ ဒေါ်ဒေါ်တွေနဲ့လည်း ကြုံဖူးပြီ။
 တစ်ခါက ဆို ကလေး လေး တစ်ယောက်လာပြတယ်။ မနက်ပိုင်းကို ကာကွယ်ဆေးထိုးတယ်။ညနေပိုင်းကျ ကလေးက အဖျားတက်လာတယ်။အဲဒါနဲ့ ကလေး မိဘတွေက စိုးရိမ်ပြီး ဆေးခန်းလာပြတယ်။
ကာကွယ်ဆေး ထိုးလို့ သူတို့ကလေး ဖျားတယ်ထင်ပြီး နောက်ခါ ကာကွယ်ဆေးထိုးခိုင်းဖို့  လာခေါ်ရင် မထိုးတော့ဘူး ဆိုပြီး ပြောတယ်။ကျွန်တော်က မဟုတ်ပါဘူး ဆိုပြီး အကျိုး သင့် အကြောင်းသင့် ရှင်းပြလိုက်မှ သူတို့တွေ နားလည်သွားကြတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း  သူများကို ဆေးထိုးဖို့ ရော ကိုယ်နေမကောင်းဖြစ်ရင် ဆေးထိုးခံရဖို့ ရော အရမ်းကို ကြောက်ပါတယ်ခင်ဗျာ။ဟော အခု ဒီစာရေးရင်းနဲ့  လူနာတစ်ယောက်ဝင်လာပြန်ပါပြီ။
အဲဒီလူနာ ဆေးထိုးဖို့  လိုလား မလိုဘူးလား ဆေးထိုးခံရတာ ကြောက်လား မကြောက်ဘူးလားဆိုတာကတော့ အဲဒီလူနာနဲ့  ကျွန်တော့် အပေါ်မှာ ပဲ မူတည်နေလျက်...............................
photo credit to original uploader
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...