Friday, May 17, 2013

မဆလခေတ် က “ခေါ်ဘူဒဲ” မှ “မြစ်ကြီးနား” အထိ (၃၁) ရက်ကြာ လမ်းလျှောက်၍ဆန္ဒ ပြခဲ့သော အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး


၁၉၈၈-ခုနှစ် ဟိုဘက်ပိုင်းကာလသည် ““မှောင်ခိုခေတ်”” ဖြစ်သည်နှင့်အညီ ခရီးသွားလက်မှတ်များ သည်ပင် မှောင်ခိုလက်မှတ် ဖြစ်နေခဲ့ လေသည်။ ထိုခေတ်ထိုအခါက ခရီးသွားလာရေးအမျိုးမျိုးတို့၌ ““၀န်ထမ်းဦးစားပေး”” စနစ်ကို ကျင့်သုံးကြသော်လည်း ခရီးစဉ်အတော်များများ တွင်မူ လူမျိုးခြား စီးပွားသမားတို့ကိုသာ အများဆုံးတွေ့ရလေ့ရှိသည်။ ဤသည်မှာ လက်မှတ်ရောင်းဝန်ထမ်းများ မှောင်ခိုရောင်းစားခြင်းများ ပါဝင်သလို ““အခွင့်ခံဝန်ထမ်းများ”” ၏ အခွင့်အရေးယူမှုကြောင့်လည်း ပါဝင်ပါသည်။ ခရီးသွားလာမှုခက်ခဲလေလေ လက်မှတ်မှောင်ခိုက ဖွံ့ဖြိုးစည်ပင် ဈေးကြီးလေလေဖြစ်သည်။
ထိုခေတ်အခါက လေယာဉ်မှောင်ခိုလက်မှတ် ဈေးအကြီးဆုံးမြို့များ၌ ကချင်ပြည်နယ်၊ ပူတာအိုမြို့လည်း ပါဝင်ပါသည်။ ပူတာအိုမှ မြစ်ကြီးနားသို့ သွားလာရန်မှာလည်း လေယာဉ်လမ်းတစ်ခုသာရှိသည်။ (ယခုခေတ်တွင်တော့ ပူတာအို-မြစ်ကြီးနားလမ်းကြမ်း ဖောက်လုပ် ပေးထားပြီးဖြစ်သည်။) ထို့ကြောင့် ပူတာအိုမြို့နယ်အပိုင်ကျေးရွာများ၌ တာဝန်ကျသော ၀န်ထမ်းအားလုံးသည် လေယာဉ်ကိုသာ မှီခိုကြရသည်။ လေယာဉ်လက်မှတ်ကလည်း အချို့ဝန်ထမ်းတွေဆိုလျှင် အဖေ၊ အမေ၊ ဇနီး၊ သားများ၏ နာရေးကို မသွားရောက်နိုင်သည်အထိပင် ခက်ခဲ လှသည်။ ၀န်ထမ်းများကရော ဘာများတတ်နိုင်ဦးမှာလဲ။ ငုံ့ခံကြရသည်ပေါ့။ သို့သော် ခေါ်ဘူဒဲအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးဂျိန်းဖောလကတော့ မည်သူမှမလုပ်ဖူးသော ဆန့်ကျင်မှုတစ်ခုကို လုပ်ပြနိုင်ခဲ့သည်။ သူ၏စွမ်းဆောင်မှုကြောင့်လည်း ပူတာအိုလေဆိပ်သည် ပညာရေးဝန်ထမ်းအပါအ၀င် အခြားဝန်ထမ်းများအတွက် လေယာဉ်လက်မှတ်မခက်ခဲသော လေဆိပ်အဖြစ် အသွင်ပြောင်း ရောက်ရှိသွားခဲ့ သည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင်လည်း ဆရာကြီးဂျိန်းဖောလ၏နာမည်သည် ပညာရေးလောကတစ်ခုလုံး ကျော်ကြားရေပန်းစားသွားခဲ့ ရသည်။ ဆရာကြီး၏လုပ်ကိုင်ပုံမှာ ဆန့်ကျင်၊ ဝေဖန်၊ ဆန္ဒပြတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ မိမိကိုယ်မိမိ အနစ်နာခံ၍ အခွင့်အရေးတစ်ခုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဆရာကြီးသည် ခေါ်ဘူဒဲ မှ ပူတာအိုကို တောလမ်းခရီးအတိုင်း ၁၂-ရက်ကြာ လမ်းလျှောက်ခဲ့ရသည်။ ပူတာအိုလေဆိပ်၌ လေယာဉ်လက်မှတ်ဝယ်ယူရာ ဘယ်လိုမှမရရှိနိုင်သဖြင့် ပူတာအို မှ မြစ်ကြီးနားအထိ လမ်းလျှောက်မည်ဟု လေဆိပ် လက်မှတ်အရောင်းဌာန၌ ကြေငြာပြောဆိုလိုက်သည်။ ကြားရသူများက ရယ်မောကြသည်။ ဒေသခံကချင်တိုင်းရင်းသားများပင် ပူတာအို-မြစ်ကြီးနားကို လမ်းလျှောက်ဖို့ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ မိုင်အားဖြင့် မိုင်(၂၀၀)နီးပါးသာ ဝေးလှသော်လည်း လူသွားလမ်းက မရှိသည့်အပြင် လူသားစား တောရိုင်းတိရိစ္ဆာန် များကလည်း ပေါများကျက်စားနေသေးသည်။ ရွာစဉ်ကလည်း ပြတ်သည်။ သာမာန်မြို့နေ ၀န်ထမ်းတစ်ဦး ဤခရီးလမ်းကို လမ်းလျှောက်မည်ဆိုခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည့်နှယ် ဖြစ်နေသည့်အတွက် လေဆိပ်လက်မှတ် ရောင်းသူများက ဤသို့ ရယ်မောလှောင်ပြောင်ကြခြင်းဖြစ်သည်။ ဆရာကြီး ဦးဂျိန်းဖောလက သူ့ထုံးစံအတိုင်းပြုံး၍ လေဆိပ်မှပြန်လာပြီး နောက်တစ်ရက်လုံး ခရီးသွားလာရေးအတွက် ပြင်ဆင်သည်။ ရိက္ခာခြောက်များ စုဆောင်းရှာဖွေ၍ လမ်းလျှောက်ခရီးစတင်သည်။ ထိုဖြစ်ရပ်ကို ထိုဒေသ၌ တာဝန်ကျနေသော အာဏာပိုင် များသိသွားပြီး ဆရာကြီးကိုတားဆီးရန် ကြိုးစားကြသေးသည်။ မမီလိုက်တော့။ ထိုသို့ လမ်းလျှောက် ခဲ့သော အတွေ့အကြုံနှင့်ပတ်သက်၍ ဆရာကြီးမကွယ်လွန်မီက ကျွန်တော့်ကို ဤသို့ပြောသွားဖူးသည်။
““ဆရာက ပညာရေးဝန်ထမ်းဘ၀မှာ အထက်တန်းပြဆရာကနေ ဒုတိယညွှန်ကြားရေးမှူးအထိ တာဝန်ယူဖူးခဲ့တာ ငါ့တပည့်လည်း သိမှာပါ။ ပညာရေးကိုချစ်လွန်းလို့ ““စေလိုရာစေ”” ဆိုပြီး လျှောက်ခဲ့တာကြီးပါပဲ။ ဘယ်အရပ် ဘယ်မြို့မှာ တာဝန်ထမ်းဆောင်ချင်ပါတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ စေလိုရာစေ ဆိုတာနဲ့အညီ ကသာ၊ ရန်ကုန်(မှော်ဘီအထက)၊ မံစီ၊ ခေါ်ဘူဒဲ၊ ပုလွေရွှေ ..အိုကွာ နိုင်ငံအနှံပါပဲ။ တာဝန်ပေးလိုက်ကြတာ။ ကသာမှာရှိတဲ့ ကိုယ့်အိမ်တောင် ကိုယ်မမှတ်မိလောက်အောင် မြန်မာပြည်အရှေ့ဖျား၊ အနောက်ဖျား စုံနေတာပါပဲ။ ဒါပေမယ့် ဆရာကြီး မငြီးငြူပါဘူး။ ဆရာတို့ခေတ်က ဘယ်နေရာ ဘယ်ဒေသက ဘယ်သူတွေမဆို ပညာရေးဝန်ထမ်းတွေကို ချစ်ကြ၊ ကူညီကြပါတယ်။ အဲ-ပူတာအိုမှာကျတော့ ပညာရေးဝန်ထမ်းဆိုရင် လေယာဉ် လက်မှတ်ရဖို့ လုံးဝမစဉ်းစားရဲအောင်ပါပဲ။ အဲဒီဟာကိုမကြိုက်လို့ ဆရာကဆန့်ကျင်ပြီး လမ်းလျှောက်တာ။ ပူတာအိုနဲ့ မြစ်ကြီးနားက အခုဖောက်ထားတဲ့လမ်းအတိုင်း ကားနဲ့သွားရင်တောင်(၁၅)ရက်လောက် ကြာတာဆိုတော့ ဆရာကြီးလမ်းလျှောက်ရတဲ့ရက်တွေကို တွက်ကြည့်စမ်း၊ အဲဒီတုန်းက အခုလို ကားလမ်းမရှိဘူး။ မြေခွေးတွေ၊ တောင်ဆိတ် တွေသွားတဲ့လမ်းကို သွားရတာ။ အချို့နေရာတွေဆို တောင်ခါးပန်း ကျဉ်းကျဉ်းလေးပဲရှိတာ။ အဲဒါကို တွယ်ကုတ်ပြီးသွား ရတာပေါ့။ ချောက် (ဂျောက်)ထဲပြုတ်ကျလိုက်လို့ကတော့ ကိုယ့်အလောင်းတောင် ဘယ်သူမှ မြင်ဖူးလိုက်ကြမှာမဟုတ်ဘူး။ အဲဒီလိုလမ်းမျိုး ဆိုတော့ ရွာစဉ်တွေက ပြတ်တယ်။ ရွာစဉ်နဲ့နီးတဲ့အခါတွေမှာတော့ ည၀င်အိပ်တယ်။ အများအားဖြင့်တော့ တောနက်နက်က သစ်ပင်ခွကြား တက်အိပ်ရတာပါပဲ။ပြောရဦးမယ်။ အဲဒီလိုသွားနေရင်းနဲ့ ရက် ၂၀ ကျော်လာတော့ ဆရာမှာပါလာတဲ့ ရိက္ခာပြတ်ရုံမကဘူး သောက်စရာရေတောင် မကျန်တော့ဘူး။ လူလည်းခပ်မျော့မျော့ပဲကျန်တော့တာ။ အဲဒီမှာ တပ်မတော်ရှေ့တန်း စခန်းတစ်ခုကိုတွေ့တော့ ရေတောင်းသောက်ဖို့ ကြံသေးတယ်။ ဒါပေမယ့် သူ့ကိုယ်မသိ ကိုယ့်သူမသိဆိုတော့ တောင်းမသောက်တော့ပဲ စခန်းရှေ့ကကျော်သွားလိုက်တယ်။ ခဏနေတော့ တပ်မတော်သားတစ်ဦး ပြေးလိုက်လာတယ်။ ““ဆရာကြီး ဆရာကြီး”” ဆိုတော့ ဆရာလည်း ရပ်စောင့်နေလိုက်တယ်။ အဲဒီတပ်မတော်သားက ဆရာ့ကိုသေချာကြည့် ပြီး ““ဟာ .. ဆရာကြီး ဒီကိုဘယ်လိုရောက်လာတာလဲ”” လို့မေးတယ်။ ဆရာကလည်း လေယာဉ်လက်မှတ်မရောင်းပေးလို့ လမ်းလျှောက် လာတာလို့ ရှင်းပြလိုက်တယ်။ အဲဒီရဲဘော်က စုတ်သတ်ပြီး ဖြစ်မှဖြစ်ရလေဆရာကြီးရာ အန္တရာယ်ကြီးမားလိုက်တာဆိုပြီး သူဟာ ဆရာ့ရဲ့ တပည့်ဖြစ်တဲ့အကြောင်းလည်းပြောပြီး တပ်စခန်းထဲခေါ်သွားတယ်။ အစားအသောက်တွေ ချကျွေးတယ်။ ရေနဲ့ရိက္ခာတွေပေးတယ်။ ဆရာ့မှာလေ ၀မ်းသာလိုက်တာကွာ။ ထားပါတော့လေ။ အဲဒီလိုနဲ့ မြစ်ကြီးနားရောက်သွားတော့ မြစ်ကြီးနားမှာ ဆရာ့သတင်းက ပျံ့နှံ့နေပြီ။ ဆရာ့ကိုတွေ့တော့ ရင်းနှီးတဲ့ဝန်ထမ်းတွေက မျက်ရည်ကျကြရှာတယ်။ နောက်ဆုံးတော့ ဒီဖြစ်ရပ်ကို အထက်အဖွဲ့အစည်းတွေသိသွားပြီး ပူတာအိုလေဆိပ်ကို ပြုပြင်ရေးတွေလုပ်လိုက်ကြတယ်။ ၀န်ထမ်းဦးစားပေးစနစ် ပီပီပြင်ပြင်ဖြစ်သွားတယ်။ အဲဒါအပြင် ဆရာ့နာမည် ပြောလိုက် တာနဲ့ လေဆိပ်ဧည့်ခန်းမှာ လေဆိပ်ဝန်ထမ်းတွေက ကျွေးမွေးဧည့်ခံကြတာ ဆရာပြောင်းတဲ့အထိပါပဲ”” ဟု ကိုယ်တိုင်ပြောပြပါသည်။ ထို အကြောင်းကို ဆရာခတ်ရှားဒင်းဒေါင်ကလည်း ““လေပေါ်ရှပ်၍ ပျံသန်းခြင်း”” ဟု ၀တ္တုတစ်ပုဒ်ရေးခဲ့ဖူးပါသည်။
ဆရာကြီးသည် ကျွန်တော်အထက်တန်း ကျောင်းသားဘ၀၌ ကျွန်တော်အား ဘောဂဗေဒဘာသာသင်ကြားပေးခဲ့သော ဆရာဖြစ်ခဲ့ ပါသည်။ ဆရာသည် အရက်မသောက်၊ ဖဲမရိုက်၊ အပျော်အပါးမလိုက်စား၊ ကွမ်းဆေးလိပ်မျှပင်မသောက်ဘဲ တပည့်များ၏ စံပြဖြစ်ခဲ့သည်။ ဆရာကြီးသည် ဘောဂဗေဒ(စီးပွားရေး)ဆရာဖြစ်သည်နှင့်အညီ ၀န်ထမ်းဘ၀ လစာမလောက်ငမှုအတွက် ဖြေရှင်းခဲ့ပုံကလည်း စိတ်ဝင်စား စရာဖြစ်သည်။
““ဆရာ့ဝန်ထမ်းဘ၀မှာ”” ဘယ်သူ့ဆီကမှ တန်စိုးလက်ဆောင် မတောင်းခဲ့ဖူးဘူး။ ရပိုင်ခွင့်တွေကို ပြမစားခဲ့ဘူး၊ ထုံးစံအတိုင်း ရတဲ့လစာနဲ့ မလောက်ငဘူးပေါ့ကွာ။ ဒီတော့ ဆရာက နွေရာသီကျောင်းပိတ်ရက်တွေမှာ ကုန်ရောင်းကုန်ဝယ်လုပ်ပြီး ငွေစုတယ်။ ဒါတောင် တပည့်တွေရဲ့ မိဘတွေက အကြေးပေးကြလို့လည်း လုပ်နိုင်တာပါ။ ဘာတွေလုပ်လဲဆိုရင် ကချင်ပြည်နယ်က လုံချည်တွေ ရန်ကုန်သွားရောင်းတယ်။ အမြတ်ငွေရတယ်။ အရင်းကို တပည့်တွေရဲ့ မိဘတွေကို အကြေးပြန်ဆပ်တယ်။ အဲဒီမှာ ထူးထူးခြားခြားဖြစ်ခဲ့တာလေး ပြောရဦးမယ်။ ဒီအကြောင်း ဆရာအဲငြိမ်းသာက စပယ်ဦးမဂ္ဂဇင်းမှာ ၁၉၉၀-လောက်က ““၀မ်းတထွာရဲ့လိပ်ပြာ”” ဆိုပြီး ရေးဖူးတယ်။ အဲဒါလေးတော့ ပြောပြချင်သေးတယ်။ ဒီလိုကွ၊ နှစ်တိုင်းက နွေရာသီကျောင်းပိတ်ရက်မှာ အရောင်းအ၀ယ်လုပ်လို့ရတဲ့အမြတ်ဟာ ကျောင်းဆရာလစာနဲ့ပေါင်း စားရင် တစ်နှစ်တော့ စားလောက်ပါတယ်။ အဲဒီနှစ်ကတော့ အမြတ်အစွန်းမရဘူး၊ ဒီတော့ လာမယ့်စာသင်နှစ်တစ်နှစ်စာ ဟင်းဖိုးကြေးဖိုး အတွက် စိတ်ပူမိနေတာပေါ့။ အဲ တစ်ရက်တော့ ဆရာ့တပည့်ဟောင်းတစ်ဦးက အကြံပေးတယ်။ ကသာကအမဲခြောက်တွေကို ဖားကန့်မှာ ဆတ်သားခြောက်ဆိုပြီးရောင်းရင် အမြတ် ၄-၅ ဆကျန်တယ်။ ဆရာလုပ်ပါလားလို့ အကြံပေးလာတယ်။ ပထမတော့ ဆရာက မဖြစ်ပါဘူးကွာ ငါလိမ်မရောင်းချင်ပါဘူးလို့၊ နောက်ဆုံးတော့ တပည့်ကလည်း တိုက်တွန်းကောင်း၊ ကျောင်းဖွင့်ရက်ကလည်းနီးနေတော့ ရှဥ့်လည်းစွဲသာ-ပျားလည်းလျှောက်သာမယ့်လမ်း ရွေးလိုက်တယ်။ ကသာကနေ အမဲခြောက်တွေဝယ်သွားတယ်။ ဆတ်အမြှီးတစ်ချောင်းဝယ်သွားတယ်။ ဖားကန့်ရောက်တော့ အမဲခြာက်တွေကို ဆတ်အမြှီးနဲ့ရိုက်ပြတယ်။ ကိုယ်ကဆက်သားခြောက်ပါလို့မပြောဘူး။ သူတို့အထင်နဲ့ ၀ယ်ပါစေဆိုပြီး ရောင်းတယ်။ ဘာပြောကောင်းမလဲ ငါ့တပည့်ရာ။ ရောင်းကောင်းလိုက်တာကွာ။ အဲ ဖြစ်ချင်တော့ အမဲခြောက်တပိဿာအထုပ်ကလေး ခုနှစ်ထုပ်၊ ရှစ်ထုပ်လောက်လည်းကျန်ရော ဆရာ့နဘေးကို လူတစ်ဦးရောက်လာတယ်။ ဆရာဆိုတဲ့ခေါ်သံကြားလို့ ကြည့်လိုက်တော့ ဆရာ့ရဲ့ တပည့်ရင်းတစ်ဦးကို တွေ့ရတော့တာပဲ။ သူက ဒီဖားကန့်မှာ အလုပ်ကြမ်းလာလုပ်နေတာတဲ့။ ဆရာ့ဆတ်သားခြောက် ၃-ထုပ်ဝယ်ပြီး အားပေးပါရစေလို့ပြောတယ်။ အဲဒီမှာ ဆရာခေါင်းကြီးသွားတာပဲ။ အဲဒီတပည့်က ဆရာနဲ့ အနီးကပ်နေဖူးတယ်လေ။ သူ့မှာ ဒူလာရောဂါရှိတာ ဆရာသိတယ်။ အမဲသားစားတိုင်း အဲဒီရောဂါ ထ-ထ လာတတ်တာလည်း ဆရာသိပြန်တယ်။ ဒီတော့ ဒီကောင် အမဲခြောက်ကို ဆတ်သား ခြောက်ထင်ပြီးစားရင် ဒုက္ခရောက်တော့မှာပဲဆိုပြီး ဆရာတွေးပူမိတယ်။ “ဟဲ့ကောင် - ဒါက အမဲခြောက်” လို့ပြောလိုက်ပြန်ရင်လည်း အစောပိုင်း ၀ယ်ထားတဲ့ ဈေးဝယ်တွေက ပြဿနာရှာတော့မယ်။ ဖားကန့် ဒေသဟာ အဲဒီတုန်းက စရိုက်ကြမ်းကြမ်းတွေကြီးပဲရှိကြတာဆိုတော့ ကိုယ့်အသက်တောင် အန္တရာယ်ရှိတယ်။ နောက်ဆုံးတော့ တပည့်အတွက် ဘာဖြစ်ဖြစ်ဆိုပြီး ဆရာက အားလုံးကို ဗြောင်ဖွင့်ပြောလိုက် တော့တယ်။ ဆရာ့ဆီက ၀ယ်သွားတဲ့သူတွေက ပြန်ပေးကြ ပြုကြ ဆိုတော့ ဆရာလည်း ရှုံးတော့တာပေါ့။ အဲဒီနှစ် ကျောင်းဆရာဘ၀မှာ တစ်နှစ်လုံး ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ အတော်ကျပ်တည်းခဲ့တာကွ။ ဆရာ့အဖြစ်ကို ဆရာ့သား(၂)ယောက်ကမကြည့်ရက်လို့ ဖားကန့်သွားပြီး ကျောက်တူးသေးတယ်။ နှစ်ယောက်စလုံး ငှက်ဖျားနဲ့ သေကုန် ကြတယ်။ အခုတော့ သားနှစ်ယောက်၊ သမီးတစ်ယောက်ပဲကျန်တော့တယ်”
ဆရာဦးဂျိန်းဖောလပြောပြခဲ့သော သူ့အဖြစ်ကြောင့် ကျွန်တော် အတော်ကြီး စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ဆရာရဲ့ ပင်စင်စားဘ၀မှာ
ဘယ်လိုများ နေထိုင်စားသောက်ပါသလဲလို့ ကျွန်တော်စိတ်ဝင်တစား မေးကြည့်မိသည်။
““ဆရာ ဒုတိယညွှန်ကြားရေးမှူးဘ၀နဲ့ ပင်စင်ယူပြီးတော့ မန္တလေးက နာမည်ကြီးဘော်ဒါတစ်ခုမှာ ဆရာဝင်လုပ်သေးတယ်။ ဆရာဝါသနာပါတဲ့ စေတနာဆရာနဲ့ အသပြာဆရာဆိုတာ အလွန်ကွာခြားတာမဟုတ်လား။ နှစ်နှစ်လောက်လုပ်ပြီးတော့ ဆရာကသာပြန်လာ တယ်။ မြို့နဲ့အတော်ဝေးတဲ့နေရာမှာ ခြံစိုက်စားတယ်။ အဆင်မပြေပါဘူးငါ့တပည့်ရာ။ ဒီနေရာမှာ ပြောရဦးမယ်။ တစ်ခါက ခြံထဲမှာ ဆရာအတော် ကြီး နေမကောင်းဖြစ်တယ်။ ရွာနီးစပ်ချုပ်က ဆေးကုတဲ့ဆရာတစ်ယောက်ဆီမှာ ဆေးထိုးဆေးစားလုပ်ပေမယ့် အတော် ကြာတဲ့အထိ မပျောက်ဘူးကွ၊ တစ်ရက်တော့ ဆရာ့နဘေးကခြံမှာ တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရောက်လာပြီး ကျွဲနွားတွေရဲ့ ကျန်းမာရေး လာကုပေးတယ်။ နောက်တော့ ဆရာ့ခြံထဲ လာလည်တယ်။ အဲဒီမှာ ဆရာနေမကောင်းမှန်းသိသွားပြီး သူကိုယ်တိုင်ပဲ ဆရာ့ကို ဆေးနှစ်လုံး ထိုးပေးတယ်ကွာ။ ဒီတပည့်ဆေးက စွမ်းလိုက်တာ တစ်ခါတည်းပျောက်သွားတော့တာပဲ။ ဒီတော့ ဆရာစဉ်းစားကြည့်မိတယ်။ ငါဟာ အသီး အရွက်တွေကြီးပဲစားနေရလို့ လူဆေးနဲ့မတိုးတော့ဘဲ တိရိစ္ဆာန်ဆေးနဲ့ တိုးတာပဲနေမှာလို့ပေါ့”” ဟု ရယ်စရာ မောစရာဖြင့် ဖြေပါသည်။ ဆရာ့အိမ်ကို ကျွန်တော်မရောက်ဖူးပါဘူး။ ဆရာကသာ စက်ဘီးစုတ်ကလေးစီးပြီး ကျွန်တော်လို တပည့်ဟောင်းတွေဆီလာပြီး စကားပြောဆိုလေ့ရှိပါသည်။ တစ်ရက်ကတော့ ဆရာ့ကို ကျွန်တော် ငွေ(၅၀၀၀)ကျပ်ထုတ်ပြီး ကန်တော့လိုက်သည်။ ဆရာက ဇွတ်ငြင်းသည်။ နောက်ဆုံးတော့ ဆရာဘယ်လိုမှ ငြင်းမရတော့အောင် ကျွန်တော်ဇွတ်ကန်တော့လိုက်သည်။ ဆရာမျက်စီမျက်နှာပျက်၍ ပြန်သွားသည်။ နောက်ထပ် ကျွန်တော့်ဆီ ဆရာဘယ်တော့မှ ရောက်မလာတော့ပေ။ ထိုသို့ လူရောက်မလာသော်လည်း သတင်းတစ်ခုကတော့ ကျွန်တော့ထံ ရောက်လာသည်။
““ဆရာဂျိန်းရဲ့ အသည်းကင်ဆာဟာ နောက်ဆုံးအခြေအနေကိုရောက်နေလို့ မန္တလေးဆေးရုံက လက်လွတ်လိုက်ပြီ၊ အခု ကသာကို ပြန်ရောက်နေပြီ””
ကျွန်တော် နောက်နေ့မနက်စောစော ဆရာ့အိမ်ကိုရောက်သွားသည်။ ယခင်နေ့က မိုးရွာထား၍ ဆရာ့အိမ်ဝရောက်ဖို့ပင် ဆိုင်ကယ်ကို အထူးဂရုစိုက်မောင်းနင်ခဲ့ရသည်။ လမ်းမကြီးမဟုတ်သဖြင့် ဘွက်များက ချောမွေ့နေသည်။ ဆရာဆီရောက်တော့ ပို၍စိတ်မကောင်းဖြစ်ရ သည်။ သက္ကယ်များက ပေါက်ပေါက်ပြဲပြဲ၊ အခင်းပြားက ကျိုးတို့ ကျဲတဲ။ ထရံများကလည်း ကွဲကွဲလွဲလွဲ ...။
ဆရာက အခန်းတစ်ခု၏ ကြမ်းပြင်ပေါ်မှာ ခွေခွေကလေးလဲလျောင်းနေသည်။ ဝေဒနာကြောင့် ယခင်ပြုံးရွင်ခဲ့သော မျက်နှာသည် ရှုံးမဲ့နေသည်။ ကျွန်တော် ဆရာ့ကိုနှုတ်မဆက်ဘဲ အိမ်ပြန်လာခဲ့သည်။ မန္တလေးရှိ အမေ၊ အစ်မနှင့်ညီမတို့ထံ ဖုန်းဆက်လိုက်သည်။ အမေနှင့် မောင်နှမတစ်တွေက လူနာသက်တောင့်သက်သာအိပ်စက်နိုင်သည့် ဒရင်းပက်တစ်လုံး ၀ယ်ပြီးကန်တော့ခိုင်းသည်။ နောက်ထပ်တပည့်ဟောင်း တွေကိုရှာပြီး အလှူခံသည်။ တပည့်များသာမက ဆရာ့အတွက် အလှူခံနေသည်ဟု ကြားရသူတိုင်းက လိုလိုချင်ချင် လာထည့်ကြသည်။ တခဏအတွင်း ငွေ(၃)သိန်းနီးပါးရသည်။ ညနေပိုင်း သူငယ်ချင်းတွေစုပြီး ဆရာ့ကိုသွားကန်တော့ကြသည်။ ဆရာက မျက်ရည်အ၀ိုင်းသားဖြင့် ကျွန်တော်တို့၏ အလှူငွေကို လက်ခံသည်။ စာရင်းစာရွက်နှင့်ပါတ်ထားသော ငွေထုတ်ကိုကိုင်၍ အိပ်လျှက်နှင့် လက်အုပ်ချီပြီး “သာဓု” ခေါ်သည်။ တပည့်တွေက တစ်ယောက်ပြီးတစ်ယောက် သူတို့၏နာမည်တွေပြော၍ နှုတ်ဆက်ကြသည်။ ဆရာက လှည့်မကြည့်နိုင်တော့ တစ်ဖက်သို့လှည့်၍ မျက်စိလေးမှေးပြီး နားထောင်နေသည်။
“ကျွန်မ ဂျူမှူးပါဆရာ””
ဆိုသည့်အသံကြားလိုက်ရတော့ ဆရာ မျက်လုံးတွေဖြတ်ကနဲဖွင့်လာသည်။ တိုးတိုးညင်းညင်းဖြင့် ““ဟဲ့ဂျူမှူး နင်တို့ စီးပွားရေးအဆင် ပြေကြရဲ့လား”” ဟု လှမ်းမေးသည်။ ကျွန်တော် ကြက်သီးထသွားမိသည်။ ဆရာသည် နောက်ဆုံးဝေဒနာခံစားနေရချိန်တိုင်အောင် တပည့် ဖြစ်သူတို့အပေါ် စိုးရိမ်ပူပန်နေသေးသည်။ ဂျူမှူးသည် စီးပွားရေးဖြစ်ထွန်းသူဖြစ်သော်လည်း သူ၏ကုန်ကားတစ်စင် မကြာခင်လပိုင်းက ဓါတ်ဆီသယ်ယူရင်း မီးလောင်သွားခဲ့သည်။ ကားတစ်စီးလုံး လောင်ကျွမ်းပြီးပါမှ မီးကငြိမ်းသွားသည်။ ဘာတစ်ခုမရရသည့်အထဲ သယ်ဆောင် ဆုံးရှုံးသွားသော ကုန်များအတွက်ပင် စိတ်ပူစရာဖြစ်နေသည်။ ဒီကိစ္စတွေကလည်း ဂျာနယ်အသီးသီးမှာ သတင်းအဖြစ် ပါလာ၍ ဆရာလည်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဆရာသည် သူ၏နောက်ဆုံးအချိန်ကိုပင် စိတ်မပူနိုင်ဘဲ တပည့်ဖြစ်သူ ဂျူမှူးအတွက် စိတ်ပူနေပြန်ပါသည်။ ဂျူမှူးကရယ်၍ (အမှန်တော့ သူငိုနေတာပါ) ““အဆင်ပြေပါတယ်ဆရာ ဆရာသာ နေကောင်းအောင်နေပါ”” ဟု ပြန်ဖြေပါသည်။ ကျန်တပည့် များကလည်း မျက်ရည်များဝိုင်းလျှက် ....... ။
တစ်ရက်ကတော့ ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာသည်။ ဆရာကြီးဦးဂျိန်းဖောလ မနက်(၅)နာရီမှာ ဆုံးသွားပြီဟူ၍ ....။ ကျွန်တော်လည်း ဖုန်းဆက်သင့်သူတွေဖုန်းဆက်၊ လိုက်ပြောသင့်သူတွေကို ကိုယ်တိုင်လိုက်ပြော လိုက်သည်။ ပြီးတော့ ထိုင်နေကျလဘက်ရည်ဆိုင်လေးကို ထွက်ခဲ့သည်။ ဆိုင်ရှင်သည် ဆရာတပည့်မဟုတ်သော်လည်း ဆရာ့ကိုကြည်ညို၍ အလှူငွေထည့်ခဲ့သူဖြစ်သည်။ ဆရာဆုံးတဲ့အကြောင်း ပြောပြလိုက်သည်။ လဘက်ရည်ဆိုင်ထဲ သတင်းပျံ့သွားသည်။ လဘက်ရည်စားပွဲဝိုင်း အားလုံး ဆရာ့အကြောင်း ပြောကြဆိုကြသည်။ ကျွန်တော် ၀ိုင်းတွေနားကပ်ပြီး နားစွင့်မိသည်။ အားလုံးအားလုံးသည် ဆရာ့ကို နှမြောတသ ကြသည်။ ယခင်က လူတစ်ဦးသေဆုံးသံကြားသည်နှင့် မကောင်းစကားတွေ ထွက်လာတတ်သော ၀ိုင်းများသည်ပင် စုတ်သပ်သံများ ထွက် လာသည်။ မည်သူတစ်ဦးတစ်ယောက်မှ သဘောကျသံထွက်မလာ။
ဆရာကြီး ဒဂုန်တာရာရဲ့ စကားအတိုင်းပါပဲ။
““မုန်းသူမရှိ - ချစ်သူတာရှိ ၊ ရန်သူမရှိ - မိတ်ဆွေသာရှိ”” သော ဆရာပါလား ဆရာရယ်ဟု တွေးမိရင်း...။

ဟာဂျူလီ (ကသာ)
 
 အရင်တစ်ခေတ်က ဖေါ်ပြခွင့် မရခဲ့တဲ့ ကျွန်တော့်ဆရာအကြောင်းဆောင်းပါးပါ..

  1 comment:

  1. အဲဒီဆရာကြီးကို လေးစား ကြည်ညိုလိုက်တာဗျာ..

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...