စီးပွားရေးလုပ်ငန်းဆိုင်ရာ စာအရေးအသားပိုမိုကောင်းစေရန် အကြံပြုချက် (၁၀) ချက်
စီးပွားရေးလောကမှာ စာရေးခြင်းဟာ စံသတ်မှတ်ချက်တွေ၊
စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေနဲ့ ယှဉ်တွဲ ဆက်စပ်နေတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့်လည်း ကုမ္ပဏီတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်ပြီး
စာတစ်စောင်ကို ပြင်ဆင်ရေးသားတော့မယ်ဆိုရင် အောက်ဖော်ပြပါ အချက်(၁၀)ချက်ကို
ထည့်သွင်းစဉ်းစား စေလိုပါတယ်။
၁။ ရှင်းလင်းပြတ်သားမှု (Clarity) ရှိပါစေ။
ဆက်သွယ်မှုတိုင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ရှင်းလင်းပြတ်သားမှုဖြစ်တဲ့အတွက် သင်ရေးသားတဲ့ စာဟာ ရှင်းရှင်းလင်းလင်းရှိပါစေ။
စီးပွားရေးလုပ်ငန်းဆိုင်ရာ စာတစ်စောင်ရဲ့ ရှင်းလင်းပြတ်သားမှု အတိုင်းအတာဟာ အစီရင်ခံစာကတဆင့် (သို့) သဘောတူညီမှုရယူခြင်းကနေတဆင့် ဆောင်ရွက် နေတဲ့ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်ခြင်း (သို့) ရှုံးနိမ့်ခြင်းကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်စာရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ပေးပို့ပါ။ ဒါ့အပြင် သင်လိုချင် (သို့) လိုအပ်တဲ့ တိကျမှန်ကန်တဲ့ အဖြေကို တောင်းခံပါ။
၂။ ပြုခြင်းပြကြိယာ (Active Voice)ကို အသုံးပြုပါ။
ပြုခြင်းပြကြိယာပါသော ၀ါကျပုံစံ (Subject – verb – object)ကို အသုံးပြုပါ။ "This report was sent to me by John Smith" (ဒီအစီရင်ခံစာဟာ ကျွန်တော့်ဆီကို John Smith မှ ပေးပို့လိုက်ခြင်းဖြစ်ပါ တယ်)ဆိုတဲ့ ၀ါကျဟာ မမှားပါဘူး။ အထူးသဖြင့် အစီရင်ခံစာတစ်စောင်ကို အခြားအစီရင်ခံစာတွေနဲ့ ခွဲခြားပြချင်တာဆိုရင်တော့ ဒီဝါကျပုံစံဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ John Smith ကို ၀ါကျရဲ့ ကတ္တား (subject) အဖြစ် စဉ်းစားမယ်ရင်တော့ ပြုခြင်းပြ၀ါကျ ဖွဲ့စည်းပုံ (Active Syntax) ကို အသုံးပြုခြင်းဟာ သင့်ရဲ့ တက်ကြွမှုနဲ့ အားမာန်ကို ဖော်ပြနေတာဖြစ်တဲ့အပြင် အများအားဖြင့်လည်း ပိုပြီး ဆီလျော်ပါတယ်။
၃။ ရှင်းသော တိုက်ရိုက်အသုံးအနှုန်း (Direct Language)ကို အသုံးပြုပါ။
ကျစ်လစ်ပြည့်စုံပြီး လေးနက်တဲ့ (concise and declarative) အရေးအသားကို အသုံးပြုပါ။ သင့်ရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို သတင်းအချက်အလက်ပေးပို့ဖို့ (သို့) တစ်ဖက်လူထံမှ သတင်းအချက် အလက်ကို ရယူဖို့ဖြစ်နိုင်သလို သင့်အနေဖြင့် တစ်ဖက်လူကို စည်းရုံးဖို့(သို့) သင့်အနေဖြင့် အစည်းရုံး ခံဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အချိန်ဟာ သင့်အတွက် တန်ဖိုးရှိသလို သင့်ရဲ့စာကို လက်ခံရရှိမဲ့ သူတွေမှာလည်း အချုပ်အချယ်တို့ (constraints) အချိန်ကန့်သတ်ချက်တို့ (deadlines) တွေ ရှိကြပါတယ်။ ဒါကြောင့် သင့်ရဲ့ အရေးအသားမှာ စကားလုံးတွေကို ချွေတာပြီး တဲ့တိုး (direct) အသုံး အနှုန်းများကို အသုံးပြုပါ။
၎။ လွယ်ကူရိုးရှင်းသော စကားလုံးများ (Simple words)ကိုသာ အသုံးပြုပါ။
နည်းပညာဆိုင်ရာဝေါဟာရတွေ (technical terms)၊ ဗန်းစကားတွေ (jargon)၊ ရေပန်းစားသော အသုံး အနှုန်းတွေ (buzz words) အစား နားလည်လွယ်တဲ့ ရှင်းလင်းပြတ်သားသော စကားလုံးအသုံး အနှုန်းများကို အသုံးပြုပါ။ ပိုမိုလေးနက်ပြီး ပိုင်နိုင်ကျွမ်းကျင်တဲ့ (businesslike) အရေးအသားပုံပေါက် အောင်ရေးသားခြင်းကို ရှောင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီလိုလုပ်ရင်းနဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေး သွားတတ်တဲ့အပြင် စာရဲ့အသွားအလာကလည်း မာထန်တဲ့ပုံပေါက်သွားနိုင်ပါတယ်။ ရှင်းလင်းပြတ် သားမှုကို အားဖြည့်ဖို့နဲ့၊ သင့်ရဲ့နှံ့စပ်မှု၊ ကျွမ်းကျင်မှုတွေကို ဖော်ပြဖို့ဆိုရင်တော့ သင့်တော်မှန်ကန်တဲ့ အခေါ် အဝေါ်တွေကို အသုံးပြုပါ။ ဒါပေမဲ့ သင်ရည်ရွယ်ထားတဲ့ သင့်စာကို လက်ခံမဲ့သူကို စဉ်းစားပြီး စကားပြောတဲ့အခါမှာ အသုံးပြုတဲ့ ဝေါဟာရတွေကို အသုံးပြုပြီး သင့်ရဲ့စာကို ရေးပါ။
၅။ စာရဲ့သဘောလက္ခဏာ (Tone)
ရေးသားဆက်သွယ်ရခြင်းရဲ့ အခြေအနေပေါ်မူတည်ပြီး မလျော့ မတင်းတဲ့ သဘောပါရှိတဲ့ဟန်နဲ့ ရေးသားပါ။ ပုံနှိပ်ထားတဲ့ မှတ်တမ်းပဲဖြစ်ဖြစ်၊ e-mail ပုံစံနဲ့ ရေးထားတဲ့ မှတ်တမ်းပဲ ဖြစ်ဖြစ်၊ ဈေးကွက် မာတိကာပဲဖြစ်ဖြစ်၊ စာအဆက်အသွယ်ရဲ့ဆိုလိုရင်းကို ခံစားနိုင်မှုသည် အကြောင်းအမျိုးမျိုးပေါ် မူတည်နေပါတယ်။ စီမံအုပ်ချုပ်သူများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပါ။ ရှေ့ကရှိခဲ့ဘူးတဲ့ အစဉ်အလာကို လေ့လာပါ။ ဒါ့အပြင် ပြောလိုတဲ့အကြောင်းနဲ့ပတ်သက်လို့ စာရဲ့သဘောလက္ခဏာ (tone)ကို အတည်ပြုတဲ့ အခါ သင့်ရဲ့စာကို လက်ခံမဲ့သူကို ထည့်သွင်းစဉ်းစားပါ။
၆။ သင့်စာရဲ့ အခန်းကဏ္ဍ(role) ကို သိခြင်း
သင်ရေးသားတဲ့ စာတစ်စောင်ရဲ့ လုပ်ဆောင်ချက်ဟာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပါ။ သင်ရေးရမှာက အစီရင်ခံစာကို အကျဉ်းချုပ်ဖော်ပြတာလား။ ဒါဆိုရင် (အစီရင်ခံစာကို ဖတ်ဖို့ အချိန်မပေးနိုင်တဲ့ ကုမ္ပဏီလူကြီးကို အလုပ်ဆက်လုပ်နိုင်အောင် ပေးပို့တဲ့ အကျဉ်းချုပ်အစီရင်ခံစာ (executive summary) မဟုတ်ဘူးဆိုရင်တော့ မူရင်းအစီရင်ခံစာကို မလိုအပ်တော့လောက်အောင် သင့်စာကို အသေး မစိတ်ပါနဲ့။ အကယ်၍ သင်ရေးနေတဲ့စာဟာ ပိုပြီး ကျယ်ပြန့်တဲ့ စီမံချက်ရဲ့ အပိုင်းတစ်ခုဖြစ်နေရင် ပါဝင်တဲ့ အချက်အလက်အားလုံးပေါ် ချဉ်းကပ်တဲ့နည်းနဲ့ ကိုက်ညီမဲ့ ရေးနည်းရေးဟန်ကို အသုံးပြုပါ။
၇။ ရည်ရွယ်ချက် (goal) မပျောက်ပါစေနှင့်
သင်မျှော်လင့်ထားတဲ့ ရလဒ်ကို အာရုံစိုက်ပါ။ အထက်လူကြီး (သို့) လက်အောက်ငယ်သားဆီကို ဆက်သွယ်တာပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်(သို့) သင့်ရဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းပြင်ပရှိ သူတစ်ယောက် ယောက်ဆီကို ဆက်သွယ်တာပဲဖြစ်ဖြစ်၊ သင့်စာရဲ့ဆိုလိုရင်း ရည်ရွယ်ချက်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ထင်ရှားပြတ်သားစွာ ဖော်ပြပါ။
၈။ ပွင့်လင်းတဲ့ (Candor) အရေးအသားဖြစ်ပါစေ
စကားလုံးအနုအလှ (euphemisms) လေးတွေ၊ ယေဘူယျကျတဲ့ ရည်ညွှန်းချက်တွေ (generic references) ကို ရှောင်ပါ။ အကြောင်းအရာတွေကို မကွယ်မ၀ှက် ဖော်ပြပါ။ လူမှုဆက်ဆံရေး ပရိယာယ် (diplomacy) ဟာ လုပ်ငန်းညှိနှိုင်းရေးအောင်မြင်ဖို့အတွက် အခြေခံကျသော်လည်း သတိထားရမဲ့ အကြောင်းအရာတွေပေါ်မှာ ဂရုစိုက်လွန်းခြင်း (သို့) မပြတ်မသားရှိခြင်းတို့က အောင်မြင်မှုအတိုင်းအတာကို လျော့နည်းစေပါတယ်။ သင့်ဆွေးနွေးမှုမှာ ပွင့်လင်းမှုရှိပါစေ။
၉။ လုပ်ထုံးလုပ်နည်း (formality) အရ ရေးသားပါ
စီးပွားရေးလုပ်ငန်းဆိုင်ရာ စာအဆက်အသွယ် (correspondent) နဲ့ ပတ်သက်တဲ့ စံနှုန်းတွေ့ကို အခုအခါမှာ လျော့ပေါ့ပေးလာပါပြီ။ ဒါပေမဲ့လည်း ဗန်းစကား (slang)၊ စာသားအပြောအဆို (text-speak)၊ အာမေဍိတ်အမှတ်များ (exclamation points) နှင့် ရင်းနှီးမှုကို လွန်လွန်ကဲကဲဖော်ပြတဲ့ နှုတ်ဆက်စကားများ (salutations) နှင့် အဆုံးသတ်များ (sign-offs) ကို ရှောင်ရှားခြင်းဖြင့် ကျွမ်းကျင် ပြီး အလုပ်သဘောဆန်တဲ့ (professional)အသွင်လက္ခဏာကိုတော့ ဆောင်နေဆဲဖြစ်ပါတယ်။
၁၀။ မိတ်ဆွေများနှင့်ပြောဆိုခြင်း (words with friends)
လုပ်ဖော်ကိုင်ဖက်များ (coworkers)၊ သင့်အနေဖြင့် ယုံကြည်စိတ်ချရသူ (သို့) သူငယ်ချင်းလို့ သတ်မှတ်ထားတဲ့အပေါင်းအသင်းများကို စာအဆက်အသွယ်လုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းများကို ခြွင်းချက် အနေနဲ့ မဖယ်ရှားပါနဲ့။ နှစ်ယောက်သားလူချင်းတွေ့တဲ့အခါ ဘယ်လောက်ပဲ အားမနာတမ်း ပြောပြော e-mail နဲ့ ဆက်သွယ်မှုလုပ်တဲ့အခါ (သို့) ကုမ္ပဏီ network ပေါ်မှာရှိတဲ့ တခြား electronic စံနစ်သုံးတဲ့နည်းနဲ့ ဆက်သွယ်မှုလုပ်တဲ့အခါမှာတော့ အဲဒီလို အားမနာတမ်း အသုံးအနှုန်းများသုံး၍ မရပါ။ လုပ်ထုံးလုပ်နည်းတွေကို လျော့မှ ဖြစ်မယ်ဆိုရင်တော့ တစ်ဆင့်လောက်တော့ လျော့ချနိုင်ပါ တယ်။ ဒါပေမဲ့ လုပ်ငန်းသဘောအရ စာဖြင့် ဆက်သွယ်တဲ့အခါမှာ ရှိတတ်တဲ့ သင့်ရဲ့ သတိ လစ်ဟင်းမှုတွေကိုတော့ မှတ်တမ်းတင် မခံမိအောင်သတိထားပါ။

Read more: စီးပွားရေးလုပ်ငန်းဆိုင်ရာ စာအရေးအသားပိုမိုကောင်းစေရန် အကြံပြုချက် (၁၀)ချက် - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A865571&xgs=1&xg_source=msg_share_topic#ixzz2TYjX7KQQ
0 comments:
Post a Comment