Sunday, July 8, 2012

အမေရိကအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ပိတ်ဆို့ထားတာတွေကို ဖွင့်ပေးဖို့ဖိအားပေးမှုတွေနဲ့ပိုမို ရင်ဆိုင်ရနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ဘက်မှပြောကြား


by Aung Myo Thu on Sunday, July 8, 2012 at 6:42am 

အမေရိကအနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးအပ်တာကို ခွင့်ပြုဖို့အတွက် လာမည့်လတွေအတွင်းမှာ အလှူရှင်နိုင်ငံတွေဘက်က ပိုမိုပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ဒုဥက္ကဌ စတီဖင်ဂရော့ဖ်ရဲ့အဆိုအရ သိရပါတယ်။
အိုဘားမားအုပ်ချုပ်ရေးအဖွဲ့မှ မေလတွင် ပိတ်ဆို့မှုတွေလျှော့ချခဲ့သည့်တိုင်အောင် ဘဏ္ဍာရေးဌာနအနေနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကို မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့အကူအညီတွေပေးခွင့်ပြုဖို့ ဥပဒေတွေနဲ့ ကန့်သတ်ပိတ်ပင်ခံထားရဆဲပါပဲ။ ဂရော့ဖ်ရဲ့အဆိုအရ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာပဲ ကျေနပ်မှုရှိပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်လိုကြတဲ့ ရှယ်ယာပိုင်ရှင်တွေကြောင့် အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့ပေါ်လစီကို မပြောင်းနိုင်ဘူးဆိုရင် ၎င်းတို့အပေါ်သည်းခံနိုင်စွမ်းတွေ စတင်ကုန်ဆုံးလာနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

ဒါတွေကိုလျှော့ချပေးပြီး ရှေ့ဆက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆန္ဒပြင်းပြနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်၏ အဓိကအလှူရှင်တွေလည်းရှိကြောင်း မြန်မာနိုင်ငံကို လေးရက်ကြာခရီးသွားရောက်အပြီး ဘန်ကောက်မှာဇွန် ၃၀ ရက်နေ့ကပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဂရော့ဖ်ကပြောကြားခဲ့ပါတယ်။ လတ်တလော ကန့်သတ်ချက်တွေကြားထဲမှာပဲ သူတို့ကကျွန်တော်တို့ကို မြန်မြန်ဆန်ဆန် ရှေ့ဆက်လုပ်ဆောင်စေချင်တဲ့ တစ်ချို့အကြောင်းတွေရှိပါတယ် လို့လည်းသူကဆက်ပြောပါတယ်။
ပြည်သူ ၆၄ သန်းကို အာရှရဲ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားစေခဲ့တဲ့ ဆယ်စုနှစ်ငါးစုခန့်အကြာ စစ်အုပ်ချုပ်မှုအပြီးမှာ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးအဆောက်အအုံနဲ့ ပြန်လည်ချိတ်ဆက်ဖို့အတွက် ၁၆ လ သက်တမ်းရှိ ဦးသိန်းစိန်အစိုးရဟာ အကူအညီတွေရှာဖွေနေပါတယ်။ ပေးဆပ်ရန်ရက်လွန်နေပြီဖြစ်တဲ့ ကြွေးမြီဒေါ်လာ သန်း ၉၀၀ ကိုဖြေရှင်းဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။ ဒီကမှတဆင့် မြန်မာနိုင်ငံကို ချေးငွေထုတ်ချေးတာတွေကို ပြန်လည်စတင်ဖို့ နီးစပ်မှာဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ဘုတ်အဖွဲ့ 

တကယ်လို့သာ ခုအချိန်မှာ ဘုတ်အဖွဲ့ကို ကျွန်တော်တို့ တစ်ခုခုတင်ပြမယ်ဆိုရင် ပိတ်ဆို့မှုတွေ မရုတ်သိမ်းရသေးတဲ့အတွက် အမေရိကန်အစိုးရဟာ ဒါကိုမဖြစ်မနေဆန့်ကျင်ရမှာပါပဲ ဟု ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဂရော့ဖ်ကပြောပါတယ်။ အမေရိကအနေနဲ့ လူသိရှင်ကြား မထောက်ခံနိုင်တဲ့ကိစ္စတစ်ခုကို ဒီဘုတ်အဖွဲ့ကိုတင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။
အာရှဖွံ့ဖြိုးရေးဘဏ်မှာ ရှယ်ရာအဖွဲ့ဝင် ၆၇ နိုင်ငံပါဝင်ပါတယ်။ အမေရိကန်နဲ့ဂျပန်တို့ဟာ ၁၂.၈၂ ရာခိုင်နှုန်းအသီးသီးဆီရှိပြီး အဓိကမဲပေးခွင့်ကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီနောက်မှာ ၅.၄၇ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရှိနေတယ်လို့ ဒီဘဏ်ရဲ့နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ADB ရဲ့ မြန်မာနိုင်ငံ၏ အဓိကကဏ္ဍ ၇ ရပ်နှင့်ပက်သက်တဲ့ သုံးသပ်ချက်မှာ လိုအပ်ချက်အမြောက်အများကို ဖော်ပြထားပါတယ်။ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံဟာ ဆင်းဆင်းရဲရဲနှင့်နေနေရပြီး၊ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်ပေးထားတာကတော့ လယ်ယာကဏ္ဍဖြစ်ပြီး၊ လူလေးယောက်မှာ တစ်ယောက်ကသာ လျှပ်စစ်သုံးနိုင်တယ်လို့ ဆိုပါတယ်။ လူဦးရေ ၁၀၀၀ အတွက် မော်တော်ယာဉ် ၁၈ စီးရှိတယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ၂၅၀ နှင့် ထိုင်းမှာ ၃၇၀ စီအသီးသီးရှိတယ်လို့ ဆိုပါတယ်။

Coca-Cola, Caterpillar 

ကိုကာကိုလာကုမ္ပဏီအနေနဲ့လည်း အမေရိကအစိုးရက ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုမိန့်ပေးတာနဲ့ နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်လုပ်ကိုင်တော့မယ်လို့ ဆိုပါတယ်။ Caterpillar Asia ကုမ္ပဏီ ဥက္ကဌ Kevin Thieneman က အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ နောက်လပိုင်းမှာ သွားရောက်ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ရှိပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အောက်လွှတ်တော်ကနေ ဇွန်လ ၂၉ ရက်နေ့မှာ Derek Mitchell ကို ၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး တရားဝင်သံအမတ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။
လာမည့်သုံးလအတွင်းမှာ ကြွေးမြီကိစ္စတွေကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရအနေနဲ့ အလှူရှင်နိုင်ငံတွေနဲ့ တွေ့ဆုံကောင်းတွေ့ဆုံနိုင်ပါတယ်လို့ ဂရော့ဖ်ကဆိုပါတယ်။ အဲ့ဒီကထွက်လာမယ့်အဖြေကတော့ တချို့သောကြွေးမြီတွေကိုလျှော်ပေးဖို့နဲ့ ကျန်ရှိတဲ့ကြွေးမြီတွေကို ပြန်ဆပ်ဖို့ ထိရောက်မှုရှိတဲ့ ရေရှည်စီမံကိန်းတွေရေးဆွဲကြဖို့ဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။
ဒီကြွေးမြီပြဿနာတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့လုပ်ရိုးလုပ်စဉ်၊ ငွေအရင်းအမြစ်တွေအပေါ်မှာပဲ မှီခိုလေလေ ကြားကာလမှာ ဆင်းရဲသားပြည်သူတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနည်းလေလေဖြစ်မှာပါပဲ လို့ ဂရော့ဖ်ကဆိုပါတယ်။

အလုပ်လက်မဲ့ပြဿနာ 

ပြီးခဲ့တဲ့လကပဲ ဦးသိန်းစိန်အစိုးရဟာ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၇.၇ ရာခိုင်နှုန်းနှင့်ချီတက်သွားနိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀င်ငွေတွေတိုးပွားအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီအလုပ်လက်မဲ့ဖြစ်တဲ့ လူငယ်တွေများပြားနေခြင်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ချိန်ကိုက်ဗုံးတစ်လုံးလို့ တင်စားပြောဆိုသွားပါသေးတယ်။ ADB ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မိမိကျွမ်းကျင်မှုနဲ့မသက်ဆိုင်ပဲ ရရာအလုပ်လုပ်ကိုင်နေရတဲ့ လူငယ်ဦးရေဟာလည်း ၂၀၀၅ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ ခုနှစ်အရောက်မှာ ၃၇ ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဆင်းရဲမွဲတေမှုရဲ့ ၈၅ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသော နိုင်ငံရဲ့အနောက်ဘက် နယ်စပ်ဒေသတွေဟာ အဆင်းရဲဆုံးဖြစ်တယ်လို့ ADB ကဆိုပါတယ်။ ကုလသမဂ္ဂအဆိုအရ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် မွတ်စလင် ရိုဟင်ဂျာလူမျိုးအကြား ပဋိပက္ခတွေကြောင့် လူ ၈၀ ခန့် သေဆုံးခဲ့ရပြီး၊ ငါးသောင်းကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
မျိုးနွယ်စုတွေအကြားတင်းမာမှုတွေဟာ ပြသနာတွေဖြစ်ပေါ်စေပြီး လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကနေ နောက်ပြန်လှည့်သွားနိုင်တယ်ဆိုပေမယ့်လည်း ဒီနိုင်ငံမှာပြုပြင်ပြောင်းလဲရေးတွေကို အမှန်တကယ်လုပ်ဆောင်နေတယ်လို့ မိမိအနေနဲ့ခံစားမိပါကြောင်း ဂရော့ဖ်ကနေ ပြောဆိုသွားခဲ့ပါတယ်။


Businessweek မှ ဇူလိုင် ၂ ရက်နေ့ပါ Daniel Tan Kate ၏ 
U.S. May Face More Pressure to Unblock Myanmar Aid, ADB Says ကို ဆီလျော်အောင် ဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...