အဆိုပြုတင်ပြခြင်း
သို့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
ရန်ကုန်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
ရန်ကုန်
ရက်စွဲ
၁.၇.၂၀၁၂(တနင်္ဂနွေနေ့)
အကြောင်းအရာ။
။ ၇ ဇူလိုင်ပွဲ၌ ပူးပေါင်းဆင်နွဲပါကြောင်း အဆိုပြုတင်ပြခြင်း။
ယခုလာမည့် ၇ ဇူလိုင်သည် နှစ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတ၀န်းကျင်းပပြုလုပ်မည်ဟု ကြားသိနေရပါသည်။
ဤပွဲတွင် လူကြီးမင်းတို့ အဖွဲ့အနေဖြင့် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေကြလိမ့်မည်ဟုလည်းယူဆပါသည်။
အဆိုပါ လူကြီးမင်းတို့၏ ပွဲတွင် မိမိယခုလာမည့် ၇ ဇူလိုင်သည် နှစ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတ၀န်းကျင်းပပြုလုပ်မည်ဟု ကြားသိနေရပါသည်။
ဤပွဲတွင် လူကြီးမင်းတို့ အဖွဲ့အနေဖြင့် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေကြလိမ့်မည်ဟုလည်းယူဆပါသည်။
(အောက်ဖေါ်ပြပါအစီအစဉ်)ကိုလည်း ပါဝင်ဆင်နွဲခွင့်ပြုပါရန် တင်ပြခြင်းဖြစ်ပါသည်။
မိမိသည် ၂၀၁၁ ဇူလိုင်၌ “ကျောပေါက်ကြီး``အမည်ဖြင့် စာတစ်ပုဒ်ကို Ex ABSDF,မိုးမခမီဒီယာနှင့် မိမိ၏ facebook, Htoo Aung,my notes....စသည့် online
မီဒိယာများတွင်ရေးသားဖေါ်ပြခဲ့ပါသည်။ ယခု Attach file ဖြင့် ပူးတွဲပါပါသည်။
က) ဤ ကျောပေါက်ကြီး အကြောင်းအရာအား လူကြီးမင်းတို့၏ အခမ်းအနား နောက်ဆုံးအစီအစဉ်တွင် ပြောဆိုတင်ပြလိုခြင်း။
ခ) ပြောပြီးသည်နှင့် အသင့်ပြင်ဆင်လာသော ပါဖော့မင့်( ရှပ်အင်္ကျီ အဖြူနောက်ကျောပေါ်တွင် အပေါက်ကြီးမှသွေးစီးကျနေပုံနှင့် ကချင်ပုဆိုး။ ကတ္တီပါ ဖိနပ်ဖြင့် )
အား ပရိသတ်သို့ လှည့်ပြခြင်း။
ဂ) အခမ်းအနားအပြီး ထို ပါဖော့မင့်တင်ပြသူက ကျောပေါက်ကြီး ပန်းဖလက်ကို ပရိသတ်သို့ လိုက်လံဝေငှခြင်းတို့ ဖြစ်ပါသည်။
မိမိ၏ အထက်ပါ စိတ်ကူးအစီအစဉ်များဖြင့် ပူးပေါင်းလိုခြင်းအား လူကြီးမင်းတို့အနေဖြင့် အလေးအနက်ထား စဉ်းစားဆောင်ရွက်ပေးပါရန်လည်း မေတ္တာရပ်ခံ
အပ်ပါသည်။
လေးစားစွာဖြင့်
ထူးအောင်
Ex ABSDF
မိမိ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း ၁၉၈၈ ကျိုက်လတ်မြို့နယ် ဗကသ။
၁၉၉၀ ကျိုက်လတ်မြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဦးဆောင်သူ တစ်ဦးအဖြစ်နှင့် ကျိုက်လတ်မြို့နယ် NLD ရွေးကောက်ပွဲ
အောင်နိုင်ရေးဆောင်ရွက်ခဲ့။
၁၉၉၁ အဖမ်းခံရ။ အချုပ်သုံးလ ချုပ်နှောင်ခံရပြီးနောက် နေ့စဉ် ခံဝန်ချုပ်လက်မှတ်ကို တစ်နှစ် ထိုးနေခဲ့ရ။
၁၉၉၂ မှ ၂၀၀၄ အထိ ABSDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့။
၂၀၀၄ မှ ၂၀၀၆ အထိ CDC (မယ်တော်ဆေးခန်း)၊ မဲဆောက်။
၂၀၀၆ မှ ၂၀၁၂ အထိ Ex ABSDF။ နို့ဖိုး။
ကျောပေါက်ကြီး
၁
ကျနော်
ခပ်ငယ်ငယ် သတ္တမတန်းကျောင်းသားလောက်ကဖြစ်မည်ထင်ပါသည်။ တနေ့ သော
ညနေကျောင်းဆင်းချိန်၊ ကျနော်တို့သူငယ်ချင်း သုံးလေးယောက်အုပ်စုသည် အခြားသူ
များနှင့်ရောနှော၍ စကားတပြောပြောဖြင့် ကျောင်းခန်းတွင်းမှထွက်လာခဲ့ကြသည်။ မှတ်မှတ်
ရရ ကျောင်းဝင်းအပြင်ကိုပင် မရောက်သေး။ မိုးကလေးက တဖွဲဖွဲကျနေသည်။ ဘယ်ကနေ စကားဆက်သွားသည်
မသိ၊ သူငယ်ချင်းတစ်ယောက်က ကောင်မလေးတစ်ယောက် သူရဲ ခြောက်ခံရပုံကို ပြောပြတော့သည်။
“အခုလိုကျောင်းဆင်းချိန်ပေါ့၊
ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းနဲ့ခပ်လှမ်း လှမ်းရောက်မှ ကျောင်းခန်းထဲမှာ ကွန်ပါဗူးကျန်ခဲ့တာကို
သတိရတယ်။ ဒီတော့ သူ့အဖေါ်တွေ ကို လမ်းမှာပဲစောင့်ခိုင်းပြီး သူက ချက်ခြင်းလှည့်ပြန်ယူတယ်။
သူတို့ကျောင်းကလည်း ဒို့ ကျောင်းလိုပဲ နှစ်ထပ်ကျောင်းကြီးတဲ့။ ကောင်မလေးအခန်းက
အပေါ်ထပ်မှာ။ ကျောင်းဆင်း တာ မကြာသေးတော့ ကျောင်းဝင်းတံခါးမကြီးလည်း မပိတ်သေးဘူး။
ဒါပေမယ့် ကျောင်းဝင်း ထဲမှာ လူကရှင်းနေပြီ။ ဆရာ၊ ဆရာမတွေတောင်ပြန်ကုန်ပြီ။ သူ အောက်ထပ်
လှေကားရင်း နားရောက်တော့ ကျောင်းသန့်ရှင်းရေးက ခပ်ရွယ်ရွယ် ဦးလေးတစ်ယောက်ကို
တံပြက်စည်း လှဲမလို့ ပြင်နေတာတွေ့ရတယ်။ ဒါနဲ့ သူလည်း အဲဒိဦးလေးကို ကွန်ပါဗူးကျန်ခဲ့လို့
ပြန်တက် ယူမယ့်အကြောင်း ပြောပြောဆိုဆိုနဲ့ပဲ လှေကားကို ခပ်သွက်သွက်တက်ခဲ့တယ်။ အပေါ်
ထပ်ရောက်၊ အခန်းထဲဝင်။ ရှေ့ဆုံးအတန်းက သူ့ခုံဆီအသွား…အဲဒိမှာ...။ အခန်းဝကနေ ကြည့်တုန်းက
အခန်းထဲမှာ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ပေမယ့် အခုတော့ သူ့ ခုံဘေးက ခုံတစ်လုံးမှာ…
လူတစ်ယောက်၊ ကျောကုန်းမှာ အပေါက်ကြီးနဲ့…၊ သွေးတွေနဲ့… လူတစ် ယောက်။ သူ့ကို နောက်ကျောပေးပြီးထိုင်နေတာကို
ဗြုန်းကနဲ တွေ့လိုက်ရတယ်တဲ့။
ဘာပြောကောင်းမလဲ
ကောင်မလေးလည်း လိပ်ပြာလွင့်မတတ် အော်ပြီး လှည့်ပြေး တော့တာပေါ့။ လှေကားထစ်တွေကို ဘယ်လိုကျော်ဖြတ်ပြီးဆင်းခဲ့သလည်းမသိဘူး၊
အောက် ရောက်လာတယ်ဆိုပါတော့ကွာ။ အောက်ရောက်တော့ ကောင်မလေးခမြာ မျက်လုံးပြူးမျက် ဆံပြူးနဲ့
ဖြစ်နေပြီ၊ သိပ်ကြောက်နေပြီ။ တကိုယ်လုံးတုန်တုန်ယင်ယင်နဲ့ အသက်ကိုတောင် မနဲ လုရှုနေရပြီ။
ဒိအချိန်မှာပဲ အတက်တုန်းကတွေ့ခဲ့တဲ့ တံပြက်စည်းလှည်းနေတဲ့သူ ရှိနေသေး တာကို တွေ့လိုက်ရတယ်တဲ့။
ဒါဟာ ကောင်မလေးအတွက်တော့ ကယ်တင်ရှင်ကို
တွေ့လိုက် ရတာပဲလေ၊ အဲဒိတော့ ကောင်မလေးလည်း တအားတက်ပြီး အဲဒိလူကို သူ အပေါ်ထပ်မှာ
သူရဲခြောက်ခံရကြောင်း အမောဆို့မတတ်ဖြစ်နေရင်းက အားကိုးတကြီးနဲ့ ပြောပြတော့တာပေါ့။
ဟို ပုဂ္ဂိုလ်က
ကောင်မလေး စကားဆုံးတဲ့အထိ အေးအေးဆေးဆေးနားထောင်တယ်။ ဘာ စကားမှ ဖြတ်မမေးဘူး၊
ဖြတ်လည်း မပြောဘူး။ ပြီးမှ… ကောင်မလေးစကားဆုံးတော့မှ… ခေါင်းတညိတ်ညိတ်လုပ်ရင်း
ဟောဒီလိုမျိုးကြီးလားဆိုတဲ့သဘောနဲ့ သူ့နောက်ကျောကုန်းကို လှည့်ပြလိုက်တယ်။ အေး…သူ့
ကျောကုန်းမှာလည်း အပေါက်ကြီးနဲ့…၊ သွေးတွေနဲ့ပဲတဲ့။”
ပုံပြင်ထဲက
ကောင်မလေးတော့ ဘယ်လိုဖြစ်သွားသလဲ မသိတော့ပါ။ နေရာမှာတင် မျက်ဖြူလန်ပြီး အရုပ်ကြိုးပြတ်ခွေကျသွားသလား။…ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားသလား။
ပေါက်ကွဲလွင့်စင်…။ အမှုံဖြစ်…။ အငွေ့ပျံ…။ ဒါမှမဟုတ် ဦးတည်ရာမဲ့
လျှောက်ပြေးနေမလား၊ ဆက်မတွေးရဲ။ သူ့အဖြစ်ကိုကြားလိုက်ရသည့် မဆီမဆိုင်ကျနော်ပင် ကြက်သီးမွှေးညှင်း
တွေထ၊ ခေါင်းနပန်းကြီးသွားရ၏။
အခုပဲဆင်းလာသည့်
ကိုယ့်ကျောင်းကိုကိုယ် ယောင်ယောင်ကန်းကန်း ပြန်လှည့်ကြည့် မိသည်။ ၀င်းအကျယ်ကြီးထဲမှာ
အောက်ထပ်က အုတ်ဖောင်ဒေးရှင်း ထူထူမြင့်မြင့်နှင့်အခန်း များ။ အပေါ်ထပ်က သစ်၊ ရေနံ
၀၀။ အုတ်ကြွပ်မိုးနီနီနှင့် မြို့ဂုဏ်ဆောင် အမျိုးသားကျောင်း ဟောင်းကြီး။
မိုးဖွဲဖွဲအောက် အုံ့မှိုင်းမှိုင်း ညနေခင်းနောက်ခံမှာ ခပ်တည်တည်နဲ့ ထီးထီး
မားမားကြီး။ ကျနော်တို့လက်ထက်ကြတော့ အလက(၁)၊ ကျိုက်လတ် ဖြစ်နေပြီ။
နံဘေးက
ဆူညံသံများကြား၌ ကျနော်တို့တွေ အသံတိတ်နေကြသည်။ အတွေးကိုယ်စီ၊
အကြောက်ကိုယ်စီနှင့်ဖြစ်မည်။ ထိုစဉ် သူငယ်ချင်းက သူ့စကားကိုဆက်သည်။
“
အဲဒိ သူရဲတွေက ရန်ကုန်က ကျောင်းသားကြီးတွေတဲ့။ ဆဲဗင်းဇူလိုင်တုန်းက ဆန္ဒပြပွဲ အပြီးမှာ
မောမောပန်းပန်းနဲ့ ကျောင်းထဲမှာ နားနေကြတဲ့ အချိန်၊ မမျှော်လင့်ပဲ သူတို့ နောက် ကျောကို
ဘက်နက်နဲ့ထိုးသတ်တာခံလိုက်ရတဲ့ ကျောင်းသားတွေတဲ့။”
၂
ပုံပြင်ကြားခဲ့ရသည်မှာ
နှစ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ကျနော့်ရင်ထဲ
ခုထိခြောက်ခံနေရတုန်း။ ထိုအချိန်က နိုင်ငံရေးနှင့်ပတ်သက်၍ ဘာမှ သိပ် မသိသေးပေမယ့်
နင့်နင့်နဲနဲ စွဲကျန်ခဲ့သည်။ မမေ့။ အရွယ်ကလေးရလာသည်နှင့်အမျှ ဤပုံပြင် ကို
ကျနော့်လို့ပင် အခြားသူများလည်း ကြားဖူးကြောင်းသိလာရသည်။ သူတို့တွေထဲက အချို့ နှင့်
လူချင်းတွေ့လာရသည်။ သူတို့ ကြားရပုံနှင့်ကျနော်ကြားခဲ့ရပုံချင်း မတူ၊ ကြားရသည့် အရပ်ဒေသချင်း၊
အချိန်ကာလချင်း ကွာခြားကြောင်းလည်းတွေ့ရသည်။ သို့သော် ဇာတ်လမ်း ကျောရိုးကတော့ဖြင့်
တူကြသည်။ အခြားတူသည့် အချက်များထဲမှ ထူးခြားသည့်အချက်မှာ နှစ်စဉ်လိုလို ဟိုမြို့မှာ
ခြောက်ခံလိုက်ရသည်။ ဒီကျောင်းမှာ ခြောက်ခံလိုက်ရသည်ဟု ကြား သိရသော်လည်း
ကျောပေါက်ကြီးခြောက်သဖြင့် လက်တွေ့ဘ၀တွင် ကျောင်းသူကျောင်းသား တဦးတယောက်မျှ ဒုက္ခရောက်သွားရသည်ဟု
မကြားရခြင်းဖြစ်သည်။ ထို့အပြင် ကျောပေါက် ကြီးသည် ကျောင်းအစောင့်တို့နှင့် ၎င်းတို့၏
မိသားစုများ၊ ကျောင်းပတ်ဝန်းကျင်မှ လူများအား မခြောက်မလှန့်ခြင်းကလည်း အံ့သြစရာကောင်းလှသည်။
သို့ဆိုလျှင်
ထိုဝိဉာဉ်တို့သည် ကျောင်းအဆောက်အဦးများ၌ အမြဲရှိနေပုံ မပေါ်။ ကျောင်းသားထု၏ရင်၌သာ ကိန်းအောင်းနေပုံရသည်။
ကျောင်းသားထုတွင်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သမိုင်းပေးအသိဖြင့် ထုံကူး၍
လက်ဆင့်ကမ်းသယ်ဆောင်နေကြခြင်း ဖြစ်မည်။
တစ်နည်းအားဖြင့်
ခါးခါးသီးသီး နာကျည်းကြေကွဲရမှုများကို မမေ့ရန်၊ ထွန်းပြောင်ခဲ့ သည့်
တိုက်ပွဲဝင်ကျောင်းသားသမိုင်းအား သတိရနေစေရန်နှင့် မိမိတို့ပုခုံးပေါ် ကျရောက် လာသည့်
သမိုင်းပေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြစေရန်အတွက် ကျောင်းသား များအား
တပ်လှန့်ပေးကြခြင်းသာဖြစ်မည်။
... … …
စနစ်ဆိုးတိုင်းကို
ခွပ်ဒေါင်းပီပီ
တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြသည့်၊ ရက်ရက်စက်စက်
လည်းနှိပ်ကွပ်ခံခဲ့ကြရသည့် ကျောင်းသားတို့၏
အရိုးတွန်သံဟူသည်မှာ ဤအရာမျိုးကိုခေါ် ခြင်းဖြစ်မည် ထင်ပါသည်။
ကျောပေါက်ကြီးကား… ဆက်ခြောက်နေဆဲ။
ဝမ်းနည်းစရာပင်…၊
ပြည်သူတွေ မလွတ်မြောက်သေးသ၍ သူတို့ မကျွတ်နိုင်ကြသေး။
၃
ကျနော်လည်း ထိုစဉ်ကတည်းက အပမီခဲ့တာဖြစ်မည်။
၈၈၊ နောက် တောက်လျှောက် …။
ထူးအောင်
၇.၇.၂၀၁၁
(မတရားထောင်ဒဏ်
နှစ်(၆၀)ကျော် ချခံထားရသည့်
သူငယ်ချင်း
အေးမင်းနိုင်တို့ဇနီးမောင်နှံနှင့်တကွ မလွတ်မကျွတ်သေးသူများ အမြန်လွတ်မြောက်ပါစေ…။))
0 comments:
Post a Comment