Thursday, July 26, 2012

“ကျွန်တော်၊ ခင်ဗျား - ခေတ်ပြိုင်ကဗျာဖတ်ခြင်း” (စိမ်းခက်စိုး)


by Sein Khat Soe on Thursday, July 26, 2012 at 8:59am ·

ငယ်ငယ်က ကျွန်တော်တို့ရပ်ကွက်မှာ ကုန်းထိပ်(ဂုန်းထိပ်)ဆိုတဲ့ လူငယ်တွေ ဆုံတဲ့နေရာရှိတယ်။ ကုန်းကျော်တံတားကို ကွန်ကရိဘောင်ထူထူကြီးတဲ့ ဆောက်ထားတဲ့နေရာမို့လို့ ဂစ်တာတီး၊ ဆေးချ၊ ရန်ဖြစ်၊ ဖြစ်သွားဖြတ်လာကောင်မလေးတွေငေး၊ နည်းနည်းညည့်နက်ရင် ဂစ်တာဝိုင်းနဲ့ အရက်ဝိုင်းလေးဖြစ်ရာနေရာပေါ့။ သားတွေကို မိဘတွေသွားမှာ အပူဆုံးနေရာဖြစ်ပေမယ့် ကျွန်တော်တို့ခေတ် ကအရွယ်ရောက်တဲ့ လူငယ်တိုင်းတော့ အဲဒီနေရာလေးက စီနီယာအကိုတော် တွေကိုလာရောက် ဂါရ၀ပြု ရာနေရာပေါ့။

အဲဒီနေရာကို ရင်းနှီးကျွမ်းဝင်အောင်မနေရင် ရပ်ကွက်ထဲမှာ အကြောင်းတခု ခုကြောင့် ရန်ဖြစ်တာကစ သာရေးနာရေးအဆုံး ကူညီမယ့်လူငယ်မရှိဘူး။ တခြားရပ်ကွက်နဲ့သို့မဟုတ် ကျောင်းမှာ လူမိုက်ဆိုတဲ့သူတွေနဲ့ ရန်ဖြစ်လာ လို့အကူအညီလိုရင်လည်း ဒီကုန်းထိပ်လေးကိုလာပြီး နောင်တော်တွေနဲ့ တိုင်ပင်ဖြေရှင်းအကူအညီတောင်းရတာဆိုတော့ကာ အရမ်းအေးတဲ့ လူ ငယ်တွေလောက်ကလွဲပြီး လူငယ်အများစုကတော့ အဲဒီမှာစုကြတယ်။

အဲဒီနေရာလေးမှာ ပညာစုံသင်ကြားရတဲ့အထဲ မာရှီ (စကားချပ်။ ကိုမားဆိုးနဲ့ ဘာမှ မတော်ပါ)လို့ခေါ်တဲ့ ဆေးခြောက်ချတာလည်း ၀ါသနာပါရင် အခမဲ့ သင်ကြားလေ့လာခွင့်ရကြတာကိုး။ ကျွန်တော်တို့သူငယ်ချင်းတစ်စု အဲဒီတံ တားကို စပြီးဂါရ၀ပြုခါစတုန်းက အဖြစ်လေးပေါ့။ ကျွန်တော်တို့သူငယ်ချင်း အာကြီးဆိုတဲ့ တစ်ကောင်က မာရှီချချင်တယ်ဆိုပြီး စီနီယာအကိုတွေကို ပူဆာပါရော။ ကျွန်တော်က အထက်မှာ အကိုအရင် ၅ ယောက်၊ ၀မ်းကွဲ အယောက် ၂၀ လောက်ရှိတာဆိုတော့ အဲလိုနေရာလာတာတောင်အချိန်နဲ့ သွားအချိန်နဲ့ပြန်ရတဲ့ကောင်ပေါ့။ တားမရတဲ့အဆုံး အကိုကြီးတစ်ယောက်က ချကွာဆိုပြီး သူကိုယ်တိုင်သွားဖန်ပေးလာတဲ့ သဘာဝဆေးလိပ်ကြီး(သဘာဝ ဆိုတာ အဲဒီတုန်းက တော်တော်နာမည်ရတဲ့ဖပ်ကြမ်းပေါ့)သူတို့အခေါ် တစ်တိုင်ပေးတယ်။

အဲဒီနေ့တညနေလုံးမှာတော့ ကျွန်တော်တို့အဖွဲ့ထဲမှာ အာကြီးကသူရဲကောင်းဖြစ်သွားတာပေါ့။ ဒီကောင်က သဘာဝကြီးကို စိမ်ပြေနပြေ ဖွာ။ ၈ဖွာလောက်ဖွာလည်းပြီးရော အကိုကျွန်တော်ကောင်းလာပြီဗျာ၊ အကိုကြီးတွေကလည်း အေးဆက်ချ ညီလေး။ နောက် သုံးပုံပုံ တစ်ပုံလောက်ကုန်တော့ တိမ်တွေကလည်း မိုက်တယ်ဗျာ။ လမ်းကြီးက ခုံးလာသလိုဘဲ။ ရီလည်းရီချင်တယ်အကိုယ်ရာတဲ့ အကိုကြီး တွေကလည်း အေးမင်းဟုတ်လာပြီး ကုန်အောင်ဆွဲညီလေးဆိုပြီးတွန်းတယ်။ ကျွန်တော်တို့ကလည်း ဒီကောင့်ဘဲ ဂရုစိုက် နေရ တာပေါ့။ ဒီကောင်တက်လာတာလေးတွေကို မှတ်ထားနိုင်ရင် အနည်းဆုံးတော့ကျောင်းမှာ ကိုယ်ချခဲ့ဖူးသလိုလိုပြန်လွှတ်လို့ရတာပေါ့။

နောက်ဆုံးတတိုင်လုံးကုန်သွားတယ်ဆိုပါတော့။ ဒီကောင် ငြိမ်ကျသွားပြီး စကားတွေကလည်း တကယ့်အလွင့်တွေချည်းဘဲပြောတာ။ ဘာတွေမှန်းကို မသိဘူး။ ငမိုးရိပ်ချောင်းက သူ့အဖိုးတူးခဲ့တာဆိုတာတွေရော၊ ဂျိုးဖြူပိုက်လုံးကြီးထဲမှာ ပွက်ပွက်ဆူသံတွေကြားရတယ် ဆိုတာရော။ အစုံအစုံ။ ကျွန်တော်တို့တွေကလည်း သူငယ်ချင်း သူရဲကောင်းကို ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီကောင်က ဒီမှာတင်မရပ် ဘူး။ ခုနက မားမဆွဲခင်တုန်းက အကိုကြီးခေါ်နေတဲ့ ကျွန်တော်တို့ရဲ့ စီနီယာအကိုကြီးကို ဘဲကြီးနောက်တတိုင်လောက်ဆွဲချင်တယ်။ သိပ်မထိသေးဘူးအထိ တင်လာပါလေရော။ ကျွန်တော်တို့ဆို ဘာပြောကောင်းမလဲ။ အရုပ်တွေကလည်းအများကြီး၊ ရန်ဖြစ်လိုက်ရင် လည်းလက်ကသွက်၊ မဟုတ်မခံ ကိုယ်တွေရဲ့စီနီယာအကိုကြီးကိုတောင် ဘဲကြီးတက်ခေါ်လောက်အောင် သွေးကြွလာတဲ့ သူငယ်ချင်း ကိုမှ စိတ်ထဲက အားမကျဘယ်သူ့အားကျမလဲနော်။

အဲဒီမှာ မထင်မှတ်ဘဲ။ စီနီယာအကိုက အာကြီးကို နပန်ထကျင်းပြီး ခွေးကောင်လေး သဘ၀တစ်တိုင်လုံးထဲကို ဘူးရွက်ခြောက် ချေထည့် ရတာ လွယ်တယ်များအောက်မေ့နေလား။ မင်းအမေ့လင် ဗူးခြံက ဂွနဲ့လှမ်းပြစ်မှာလည်းကြောက်ရတယ်ဟ။ မင်းချနေတာ မာရှီမဟုတ်ဘူး။ ဘူးရွက်ခြောက်တွေ သွားပြန်တော့။ နောက်တခါ မင်းတို့တွေ အဲဒါလုပ်ရင်သေမယ်သာမှတ်ဆိုပြီး။ ဟိုကောင် လူအေး (ကျွန်တော်ငယ်နာမည်ပါ။) မင်းအဲကောင်တွေ အဲဒါချရင် အကို့ကိုလာတိုင်သိလား။ ပြန်ကြတော့ဆိုတော့ သကောင့်သား အာကြီးက ငေါက်ခနဲ့ထထိုင်ပြီး အကောင်းအတိုင်း အိမ်ပြန်သွားရောဗျာ။ ကျွန်တော်တို့လည်း အဲဒီတော့မှ ဒီကောင်က သက်ကြီးစကား သက်ငယ်ကြားနဲ့ ဗူးရွက်ခြောက်သိပ်ထားတဲ့ မာရှီဆေးလိပ်အတုကိုသောက်ပြီး တစ်ကယ့်အစစ်လို ဟန်ဆောင်တက်လာတဲ့(လူအထင်ကြီးအောင်) အာကြီးကို တညီတညွတ်တည်းနာမည်ပေးခဲ့တာက ခုကျွန်တော်နာမ်စားသုံးသွားတဲ့ “အာကြီး”ဆိုတဲ့နာမည်ပေါ့။

ကျွန်တော့်ဆီကို ကဗျာတွေ၊ စာတွေတော်တော်များများလာတဂ်ကြ၊ ကျွန်တော့်ကို အွန်လိုင်းချက်တင်ကနေကဗျာတွေ (ခေတ်ပြိုင်ကဗျာ) တွေ ဘယ်လိုဖတ်လဲ ဆွေးနွေးကြတော့။ ကျွန်တော် အမြဲပြန်ပြောဖြစ်တဲ့ ဥပမာတစ်ခုရှိတယ်။ ဘာသာပြန်တဲ့ စိတ်အခံချည်းနဲ့မဖတ်နဲ့လို့။ ခေတ်ပြိုင်ကဗျာတွေ ဖတ်ရင် ကျွန်တော်က ရေကူးကန်ထဲ မြစ်ထဲမှာ ကိုယ်ဖော့မျှောသလိုဖတ်တယ်။
ကိုယ်ဖော့နေတဲ့ အားထုတ်မှုကလွဲပြီး ကန်ကြီး၊ မြစ်ကြီးက ဘယ်လောက်နက်လဲ အောက်မှာ ဘာကောင်တွေရှိမလဲ။ ဘယ်လောက် အထိကျယ်လဲ လျောက်တွေးရင် ကြောက်စိတ်ဝင်ပြီး ရေနစ်နိုင်သလို၊ ရေပေါ်မှာ လက်ငင်းကိုယ်ဖော့မျောလို့ရတဲ့ ခံစားမှုအရသာ စစ်စစ်ကိုလည်း မခံစားရဘဲဖြစ်နေမယ်။
  
ကဗျာတွေဖတ်ရင် ဘာသာပြန်စိတ်အခံနဲ့ ဖတ်တယ်ဆိုတာက ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရင် ကဗျာဆရာက ဘာပြောချင်တာလဲ၊ ဘာကြောင့်ဒီကဗျာရေးတာလည်း။ သဒ္ဒါတွေကလည်း တလွဲ၊ မျဉ်းစောင်းတွေကလည်း ချလို့မရဘဲ ချထားတယ်။ စာမှတတ်ရဲ့လား မသိဘူး။ ဒီစာကြောင်းနှစ်ခုက တွဲရေးလို့မှမရဘဲ။ သူများစာပိုဒ်ကြီးဖြတ်ယူထားတယ်၊ တစ်ကြောင်းထဲကို ဘာလို့အကြိမ် ကြိမ် ပြန်ရေးထားတာလဲ..စတဲ့ စတဲ့ ဘာသာပြန်မှုတွေနဲ့ ကဗျာကို နားလည်ဖို့၊ ဘာသာပြန်ကြည့် အနက် တည်ဆောက်ဖို့ စိတ်မှာအ တင်းအားထုတ်နေတော့။ ကဗျာဆုံးသွားရင် ကဗျာဖတ်သူမှာ ကျန်ခဲ့တာ တစ်ခုဘဲ “ဘာတွေရေးထား မှန်းလဲမသိဘူး။ နားလည်းမ လည်ဘူး။” ဆိုတာဘဲဖြစ်တယ်။
  
ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ပညာသင်နှစ်တစ်လျောက်လုံး သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိက ကဗျာတစ်ပုဒ်သင်ပြီးရင်၊ ခက်ဆစ် အနက်တွေကို ဖင်ကုန်းကျက်ခဲ့ရသလို။ သတ်မှတ်ထားတဲ့ ခက်ဆစ်၊ အနက်ဘောင်ထဲက ကျော်စဉ်းစားခွင့်မရခဲ့တဲ့ အနုပညာကို သင်္ချာ လိုသင်ကြားခဲ့ရတဲ့ ပညာရေးစနစ်က ကျွန်တော်တို့ရဲ့ အနုပညာခံစားတတ်မှုအညွှန့် ပျိုးဥလေးကိုသတ်ပစ်လိုက်လို့ဘဲလို့ ပြောရမယ် ထင်ပါတယ်။
  
တကယ်တော့ “လက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တာပြန်လောင်းသော်၊ .....” အစချီတဲ့ကဗျာတွေ၊ “တတောင်ပေါ် တတောင်ဆင့်၊
တောင်အမြင့်ပတ်ခြံရံ၊ တတောင်ဆုံးပြန်တော့၊......” အစချီတဲ့ ကဗျာမျိုးတွေဆို နီတိဘာသာပြန်မျိုးအဖြစ်နဲ့ ခက်ဆစ်တွေ၊ နည်းယူ ဖွယ်တွေကိုဘဲ ခေတ်အဆက်ဆက်ပုံသေစွဲသင်ကြားခြင်းခံခဲ့ရတော့ အဲဒီကဗျာတစ်ကြောင်းချင်းစီမှာ ကဗျာဖန်တီးသွားသူရဲ့ အားထုတ် မှုအမြင့်ဆုံး၊ အလေးနက်ဆုံးဖြတ်တဲ့ ကာရံအနိမ့်အမြင့်တွေ၊ ပါဒအချိတ်အဆက်၊ တစ်ကြောင်းနဲ့ တစ်ကြောင်းအဓိပ္ပာယ်ဆွဲချိတ်သွားတဲ့ ပညာရပ်တွေစတာကို မခံစားနိုင်ဘဲ နောင်တ= လုပ်သင့်သည်ကို မလုပ်မိ၊ မလုပ်သင့်သည်ကို လုပ်မိသည့် အချိန်လွန်မှ ရသော ပူပန် မှု စတဲ့ သီအိုရီ ဆန်ဆန် ဘာသာပြန်မှုတွေကို ကျက်မှတ်ခဲ့ရပြီး အနုပညာအနိုးစိတ်လေး သေသွားတော့တာဘဲလို့ ထင်ပါတယ်။
  
သိပ်ကြောက်ဖို့ကောင်းတဲ့ အနုပညာသေဆုံးမှုပါ။ ကဗျာအနုပညာ ဖန်တီးမှု၊ ခံစားမှုမှာ ဖတ်သူရော၊ ဖန်တီးသူပါ ရိုးသားမှုလိုအပ်ပါတယ်။
တိကျသေချာတဲ့ အခြေခံစည်းမျဉ်းတွေ မရှိသော်ညားလည်း လိုက်နာစောင့်ထိန်းအပ်တဲ့ သံမဏိစည်းတွေက မမြင်ရဘဲ ကြီးကြီးမားမား ကြီးကိုရှိပါတယ်။ ကဗျာတကယ်ဖတ်တဲ့သူတစ်ယောက်အတွက် ဘယ်ကဗျာဟာ ဒန်တော့ဒန်တယ် ဒါပေမယ့် ဖျစ်ညှစ်လိမ်ညာထားတဲ့ ဒန်တွေဖြစ်တယ်ဆိုတာ ဖတ်လိုက်တာနဲ့ သိသလို၊ ကဗျာဖတ်သူတစ်ယောက် ကဗျာတစ်ပုဒ်ပေါ်မှာပေးသွားတဲ့ မှတ်ချက်တစ်စုံ တစ် ရာ၊ ဆွေးနွေးမှုပေါ်မှာတည်ပြီး ဒီကဗျာဖတ်သူဘယ်လောက်ရိုးသားတယ်၊ မရိုးသားဘူးဆိုတာ သိသာပါတယ်။ “နားမလည်းဘူး။” ပြော ယုံနဲ့ မရိုးသားရာကျလားဆိုတော့လည်း မဟုတ်သလို၊ နားလည်တယ်ဆိုတိုင်းလည်း ရိုးသားတယ်ပြောမရဘူး။

သေချာတာတစ်ခုက ကဗျာဖတ်သူတချို့ဟာ ကျွန်တော့်သူငယ်ချင်း အာကြီး ဗူးရွက်ခြောက်ကို မာရှီဆိုပြီး ရှုပြီး ကြားဖူးနားဝတွေ နဲ့ကောင်းနေသလို မဖြစ်စေချင်တာတော့ အမှန်ဘဲ။ ကဗျာဖတ်တာဟာ စာပိုဒ်တစ်ပိုဒ်ကို ဘာသာပြန်ဖို့ အားထုတ်နေတာမျိုးထက် ပိုလာဖို့တော့ ကဗျာဆရာမှာ သင်ပေးခွင့်၊ လမ်းပြခွင့်မရှိဘူးလို့ ရဲရဲပြောချင်တယ်ဗျ။ ခင်ဗျားကဗျာဖတ်ချင်တာလား၊ အနုပညာစိတ်နဲ့ အကြောင်းအရာတစ်ခုအပေါ် ကွန့်မြူးစီးမြောချင်တာတာ ကွဲကွဲပြားပြားသိမယ်ဆိုရင် ကမ္ဘာတစ်ပုဒ်ဖတ်ရှု့ခံစားခွင့်ရတဲ့ ခင်ဗျားဟာ ကမ္ဘာတစ်ခုတည်လိုက်ရသလို ပီတိတစ်ခုစားခွင့်ရမယ်လို့ ကျွန်တော်ပြောချင်တာပါဘဲဗျာ။

ရော့ ဒီမှာ ဆရာမင်းထက်မောင်ရဲ့ကဗျာလေးနဲ့ ခင်ဗျားကို ကျွန်တော်လည်း နပန်တစ်ချက်လောက်ရိုက်ခဲ့မယ်............

“မဖြစ်မနေ”

ငါတို့ရဲ့ တွေးခေါ်မြော်မြင်မှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ ကဗျာရေးသားမှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ အရာရာ အကြောင်းကြောင်း
ပြောင်းကို ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ သဘာဝပတ်ဝန်းကျင်က လွဲလို့ပေါ့။

မင်းထက်မောင်

ဘာဘဲဖြစ်ဖြစ် ဟန်ဆောင်ခြင်းကင်းစွာကွာစွာနဲ့ ခင်ဗျားနဲ့ ကျွန်တော် ကဗျာတွေပေါ်မှာ ပြန်လည်ခေါ်ပြောနုတ်ဆက်ချင်ပါသေး တယ်ဗျာ။
  
စိမ်းခက်စိုး
(ကြာသာပတေး) ဇူလိုင်လ ၂၆၊ ၂၀၁၂
ည - ၁၀း၂၃ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...