Wednesday, July 25, 2012

"နိုးကြားကြပါ"



Question: ဘာသာ အသီးသီးမှာ -"နိုးကြားကြပါ" လို့ မကြာခဏ တိုက်တွန်းနေ ကြ၊ ပြောနေ ကြတာ ရှိပါ တယ်။ လောက က ဘယ်အချိန်ကတည်းက အိပ်ပျော် နေ တာပါလဲ။ အခုရော နိုး ကြားနေ ပါသ လား။

Ans: သူက အမြဲတမ်း အိပ်ပျော်နေပါတယ်။ လူတို့ သမိုင်းမှာ စင်စစ် နိုးကြား ကြ တဲ့ သူ ဟာ အနည်း ငယ် သာ ရှိတယ်။ သူတို့ရဲ့ နာမည် ကို ရေတွက် ကြည့် မလား - လက် ဆယ်ချောင်း ထက် မပိုဘူး ရယ်။

ဒါ သဘာဝ ကျတယ်။ - ဟုတ်တာ မဟုတ်တာ အပထား - လူဟာ တိရစ္ဆာန် က တိုးတက် ဖြစ်ပေါ် လာတယ်တဲ့။ တကယ် လို့ ဟုတ်ခဲ့ရင် - ကြည့်ကြည့်ပါ။ တိရစ္ဆာန်တွေ ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေ တဲ့ သတ္တဝါ တွေ သာ ဖြစ် ပါတယ်။ အိပ်ပျော်တယ် ဆိုတာ ဘာလဲ။ "အိပ်ပျော် တယ်" ဆိုတာ "သူတို့ ဖြစ်တည် နေ သမျှ ကို သူတို့ အသိမရှိဘူး" လို့ ရှင်းရှင်း အဓိပ္ပာယ် ထွက်ပါ တယ်။ -- တစ်စုံ တစ်ယောက် က ဖြစ်နေ၊ ရှိနေတယ်။ ဒါပေမယ့် သူ့ကိုယ် သူ မသိဘူး - ဒါဆိုရင် အဲ့ပုဂ္ဂိုလ် အိပ်ပျော်နေ ပါတယ်။ ဘယ် တိရစ္ဆာန် မှ ကိုယ်ကိုယ်ကိုယ် အသိ မရှိဘူး - ဒါကို ခင်ဗျား လည်း မြင်နိုင် လိမ့်မယ်။

ချားလ်စ် ဒါဝင် နဲ့ ကျနော် ဒီနေရာမှာ သဘောတူညီတာ ရှိတယ်။ ဒါပေမယ့် အကုန်သဘောတူတာ မဟုတ်ဘူး။ အခြေခံချင်း မတူဘူး။ သူ့ရဲ့ ယုတ္တိအခြေခံ က သိပ္ပံအမြင် ရိုးရိုး၊ ဆင်ခြင်ဥာဏ် ရိုးရိုး။ ဒါ့ကြောင့် သူနဲ့ အလားတူ အခြား သူတွေ က သူ့ကို ဝေဖန်နိုင်တယ်။ တကယ် လည်း သူဟာ အဝေဖန် ခံခဲ့ရ တယ်။ ဒါ့ကြောင့် လူတွေရဲ့ ဖွံ့ဖြိုးမှု သမိုင်းမှာ သူဟာ လက်သင့် သိပ်မခံကြတဲ့ သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင် အများစု က သူ့ကို ပစ်ပယ် ထားကြ တယ်။ ကျနော် သူ့ကို သီးခြား ရှုထောင့် တစ်ဖက် ကနေ ထောက်ခံ ပါ တယ်။ အဲ့ဒီ ရှုထောင့်က - အခြား မဟုတ်။ အခု ပြောနေတဲ့ - လူတွေ အိပ်ပျော်နေကြတယ် ဆိုတဲ့ အချက် ကနေ ပဲ ဖြစ်ပါ တယ်။

လူဟာ မျောက် ကနေ- ချင်ပန်ဇီ ကနေ - ဘယ် သတ္တဝါကနေ - ဘယ်လို ဖြစ်ဖြစ်၊ ဟိုးအစဦး ပုဂ္ဂိုလ် တစ်ဦးဦး ဘယ်သူ ရှိရှိ၊ သူတို့ ဆီကနေ ဆင်းသက် မယ် ဆိုပါစို့ ။ ဒါ ဖြစ်နိုင်ချေ မျှသာ ဖြစ် ပါ တယ်။ ဒါပေမယ့် အဲ့ဒီ သတ္တဝါ ဟာ အိပ်ပျော်နေမှာပဲ။ ဒါကို လူတွေရဲ့ အခု အိပ်ပျော်နေ ကြတဲ့ သရုပ် သကန် ကသာ သက်သေခံပါတယ်။ တစ်ခေတ် တစ်ခါ က သမိုင်းမှာ ရှားရှား ပါးပါး - ဂေါတမ ဗုဒ္ဓ၊ ဗောဓိဓမ္မ၊ ဆော့ခရတ္တိ၊ စသဖြင့် - တစ်ယောက် တစ်လေ သာ နိုးထ လာနိုင် ခဲ့ကြတယ်။

လိုရင်း က - ပုဂ္ဂိုလ် တစ်ဦး အိပ်ပျော်ရာ ကနေ နိုးထလာဖို့ ဆိုရင် သတ္တိခွန်အား အပြင်းအထန် လိုတယ် လို့ ကျနော် ဆိုချင် ပါတယ် ။ အကြောင်းက အိပ်စက် တဲ့ အမှုမှာ ကျနော် တို့ အရင်း အနှီး တော်တော် များများ စိုက်ထုတ် ထားပြီး ဖြစ်နေ လို့ပဲ ရယ် ။

ဆိုပါစို့ - လူ တစ်ယောက် အိပ်မက်မက် နေမယ် - ရွှေနန်းတော် ကြီးမှာ ၊ ကြီးကျယ် မြင့်မြတ် တဲ့ နေမဝင် အင်ပါယာ ကြီးကို ပွေ့ဖက်ရင်း၊ စည်းစိမ် တွေ ခံစား စံစားနေတယ် လို့ အိပ်မက် မက်နေမယ် ဆိုပါစို့ ။ ခင်ဗျား သူ့ကို နှိုးဖို့ ကြိုးစားနေမယ်။ သူဟာ တကယ်က လမ်းပေါ် က သူတောင်း စား သက်သက်။ သူတောင်းစား ဖြစ်တာမို့ ဧကရာဇ်ဘုရင် အဖြစ်ကို အိပ်မက် မက် နိုင် ပါတယ် ။ ဘုရင် ဖြစ်ရင်တော့ ဘုရင်အဖြစ် ကို အိပ်မက် မမက်ဘူးပဲ ။ အဲ့ဒီ သူတောင်းစား ဖြစ် သူ က သူ့ အိပ်မက် ထဲမှာ တကယ့် ဧကရာဇ်၊ တကယ့် အရှင် သခင် ၊ ဒါကို သူ နှစ်နှစ်လိုလို သဘောကျ တယ် ။ အသည်းခိုက်အောင် တွယ်တာ တယ် ။ အိပ်မက်ထဲမှာ သူ ချမ်းသာနေတယ် - မွေ့နေတယ် ။ သူ့ရဲ့ အိပ်မက် ဟာ သူ့ကို မနိုးသွားချင်လောက်အောင် ဆွဲဆောင်နေပါတယ်။

ခင်ဗျား သူ့ ကို ဘယ်လောက် နှိုးမလဲ - ဘယ်နည်း နဲ့ ဖြစ်ဖြစ် သူ မနိုးလာ ချင်ဘူး ပဲ။ ခင်ဗျား သူ့ကို ဘယ်လို ပုံစံ နှိုးမှာတဲ့ လဲ - ကျိန်းသေတာက - သူ ခင်ဗျား ကို ငြင်းဆန် ပါလိမ့်မယ်။ ခင်ဗျားကို သူ ဒေါသ ဖြစ် မယ်။ ပြီးရင် လက်ညှိုး ငေါက်ငေါက် ထိုးပြီး ပြောမယ် - "ခင်ဗျား ကျုပ်ဘဝကို ဘာ လို့ လာ နှောင့်ယှက် တာလဲ၊ ကျုပ် အိပ်မက်ကောင်းကောင်း မက်နေတယ် - ခင်ဗျား မနာလို ဖြစ်နေ တာ ပဲ - တော်တော် ယုတ်မာတဲ့ သူပဲ" စသဖြင့် သူ ပြန်ပြော ပါလိမ့်မယ်။ ခင်ဗျား ဘယ်လောက် ပဲ "နိုးပါ ဟဲ့ - ထပါဟဲ့" စုံကိုင် လှုပ်နေ ရင်တောင် သူ ပြန်အိပ်ဖို့ ကိုပဲ တာစူ နေ လိမ့်မယ်။ ဘာလို့လဲ - သူ နိုးနေ ရင် သူတောင်းစား အဖြစ်ပဲ ရှိနေမယ် မဟုတ်လား။ - ဧကရာဇ် အိပ်မက် မက်နေတာ သူ့အတွက် ပိုကောင်းနေသလိုပဲ မဟုတ်လား။

ဒီ နေရာမှာ - အိပ်ပျော်နေတယ် ဆိုတာ ပုံပမာ သက်သက် ဖြစ်ပါတယ်။ ကျနော် ပြော လိုတဲ့ - အိပ်ပျော်နေတယ် ဆိုတာဟာ - "မျော်လင့်ချက်၊ ရည်သန် ချက်၊ ခံစားချက်၊" စသည်တို့နဲ့ နိစ္စ ဓူဝ လှုပ်ရှား နေချိန်ကိုလည်း ဆိုလိုတယ်။ လူဟာ နိုးပါလျက်နဲ့ - အတွေး တွေ အိပ်ပျော် နေတဲ့ Psychological Sleep အတိအကျ ဖြစ်ပါတယ် ။

လူ့အဖွဲ့အစည်း အများ ဟာ မရှိလာသေးတဲ့ အနာဂတ် ကို မျှော်မှန်းတယ် - ရှေ့တစ်ချိန်ကို "ယုံကြည် တယ်" ဆိုတဲ့ စကားနဲ့ အိပ်မက် မက်တယ်။ လက်ရှိ ဘဝတွေ ကို ရင်းနှီး မြှုပ်နှံ ပစ်တယ်။ ဆိုလိုတာ က - အရှေ့ကို အိပ်မက်မက် ရင်း အခုကို ပစ်ဖယ်တယ် - ဒါဟာလည်း အိပ်မက် မက်နေ တာ ပဲရယ် ။ ဟုတ် တယ် မဟုတ်လား။

ဒီအိပ်မက်မျိုး - ခေတ်တိုင်း - လူတိုင်းမှာ ရှိတယ်။ အထက်က ပြောခဲ့တဲ့ သူတောင်းစား လိုပဲ - ဒီလို အိပ်မက်ကနေ နိုးထလာဖို့ ဘယ်သူ မှ မလိုချင်ဘူးပဲ - အိပ်မက်သာ မက်ချင်တယ် - အိပ်မက်ကောင်း ဘယ် လို မက် ရမလဲ ဒါကိုသာ ခင်ဗျား ပေးနိုင်ရင် ပေး။ သူတို့ ကလည်း ဒါကို သာ တောင်းခံ ချင်ပါ တယ်။ နိုး ထ ပါ လို့ ခင်ဗျား ပြောမလား- အဲ့ဒါ က တော့ ဆောရီးပဲ - ခင်ဗျား က လာနှိုး ရင် ခင်ဗျားကို ပြန်ဆဲပါလိမ့်မယ်။ အကျိုး သင့် အကြောင်း သင့် ဘယ်လို ပြောပြော၊ ဘယ်လို စုံကိုင် နှိုးနှိုး - သူ ပြန်ခွေရင်း အိပ်ပျော် သွားဦး မှာပဲ။

ဒါ့ကြောင့် - တကယ့် အဖြစ် နိုးထလာဖို့ ဆိုတာ နှိုးတဲ့ သူ ထက်၊ နိုးချင်တဲ့သူရဲ့ ခွန်အား သတ္တိနဲ့ သာ ဆိုင် တယ် လို့ ကျနော် ဆိုပါတယ်။ အဲ့လို သတ္တိမျိုး က လည်း ရှားရှား ပါးပါးပဲ ။ ဒီလို ရှားပါး ရခြင်း အကြောင်းကြောင့်လည်း - ဂေါတမ ဗုဒ္ဓ၊ ဗောဓိဓမ္မ၊ ချောင်ဇူ၊ လောက်ဇူ၊ ဟီရာ ကလစ်တပ်၊ ပလို တိနပ် စသည် ပုဂ္ဂိုလ် ထူး များ - ဘယ်လို ပေါ်ပေါက်ပြီး - ဘယ်လောက်ပဲ ကြိုးစားကြပါစေ - အခု ရှိရှိ သမျှမှာ - အိပ်ပျော်နေသူ တွေသာ အတောမသတ် ရှိနေတာ ဖြစ်ပါ တယ်။

.........................
Re-sharing: April 10th 2012 at 12:30 PM
.........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...