အကြောင်းမဲ့ ရယ်ခွင့်
by Zay Ya on Tuesday, January 17, 2012 at 11:20pm
ဇင် ကျောင်းသင်္ခမ်း အချို့မှာ ကိုယ်တော်တွေ လုပ်တတ်ကြတာ တစ်ခု ရှိတယ်။ မနက် မိုးသောက် အရုဏ်တက်အချိန် - ကြည်ရွှင်တဲ့ စိတ်နဲ့ ရယ်သွေး သွေးရင်း တစ်ချက် ဟက်ခနဲ ရယ်တတ်ကြတယ်။ ညအခါ အိပ်ချိန် ရောက်ရင်လည်း ပျော်ရွှင်တဲ့စိတ်နဲ့ ရယ်မောတတ်တယ်။ နေ့တစ်နေ့ကို ဟာသနဲ့ စပြီး ဟာသနဲ့ ဆုံးတယ် ဆိုပါတော့ ။ ခင်ဗျား ကိုယ်တိုင်လည်း ကြိုးစား ကြည့်လို့ ရပါတယ်။ ဘယ်လောက် နှစ်လိုဖွယ် ကောင်းလိုက်သလဲ။ ဒါပေတဲ့ အခု ခင်ဗျား အတွက် နည်းနည်းတော့ ကြောင်စီစီ နိုင်တယ် မဟုတ်လား။ ;)
အကြောင်းက - “လေးနက် တည်ငြိမ်ရမယ်” ဆိုတဲ့ မျှော်မှန်းချက် ရှိသူတွေချည်း ခင်ဗျား ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း မှာ တွေ့နေရလို့ပါပဲ။ ဟာသ တစ်ခု ၊ ရယ်သွေး သွေး တဲ့ အပြုအမူတစ်ခုကို ခင်ဗျား အပါအဝင် သူတို့တွေ - နားလည်မှာ မဟုတ်ဘူး။
- ပေါ့တန်တယ်၊ အလေနတော ဆန်တယ် လို့ပဲ သတ်မှတ်ကြမှာ ။ ခင်ဗျား ပတ်ဝန်းကျင် ဟာ ခင်ဗျား ပျော်ရွှင်နေရင် ( ဒါမှမဟုတ် ) ရယ်မောနေရင် - ဘာလို့ ရယ်နေသလဲ လို့ လာမေးတတ် ကြမယ်။ ရယ်တာကိုများ “ဘာဖြစ်လို့လဲ” တဲ့ ။ စဉ်းစားကြည့်ပါ - သူတို့တွေ ဘယ်လောက် ရူးလိုက်သလဲ။ အကြောင်းမဲ့ ရယ်ခွင့် မရှိဘူးလား။
ခင်ဗျား တကယ်လို့ ဝမ်းနည်းနေတယ် ဆိုရင်တော့ သူတို့ လာ မေးချင်မှ မေးကြမယ်။ အကြောင်းရင်း မေးစရာ စမ်းစရာ မလိုဘူး လို့ သူတို့ ထင်ကြမယ်။ သူတို့က ဝမ်းနည်း နေတဲ့ ခင်ဗျား ကို အလွယ်တကူ လာနှစ်သိမ့် ပေးမှာပဲ ။ အာမခံချက် စကားအချို့ နဲ့ သူတို့ စကား အဓိပ္ပာယ် ရှိတာမရှိတာ အပထား - ဂရုဏာ သက်ပြကြမယ်။ လူတိုင်းနီးပါး ကြေကွဲဝမ်းနည်း စရာ ကိုယ်စီ ရှိတတ်ကြတယ်။ ဘာများ အသစ်အဆန်း ပြင်ဆင်စရာ၊ သင်ကြားထားစရာ လိုနေသေးသလဲ။ အလွယ်တကူပဲ “အေးကွာ၊ ငါတို့ မင်းကို နားလည်ပါတယ်” ဆိုတာမျိုး နှစ်သိမ့်ပေးနိုင်မယ်။ ခင်ဗျားက ဝမ်းနည်း ကြေကွဲရတဲ့ အကြောင်း သူတို့ကို စီကာပတ်ကုံး ပြောပြရင်တောင် သူတို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စား မယ်။ သိပြီးသားတွေချည်း ဖြစ်နေမှာ မို့ သူတို့ အတွက် ဇာတ်လမ်း ရှည်ရှည် ပြောပြနေစရာ မလိုဘူးရယ်။
တစ်ခုပဲ ။ ခင်ဗျားက ဟားတိုက်ရယ်နေရင်တော့ သူတို့ စိတ်ဝင်စားကြပါလိမ့်မယ်။ အထူးအဆန်း ဖြစ်နေမယ်။ ဘာကြောင့် ရယ်တာပါလဲ လို့ လာမေးကြမယ်။ တကယ်လို့ ခင်ဗျားက “အကြောင်း မရှိပါဘူး ဗျာ။ ရယ်ချင်လို့ ရယ်တာပါ” လို့ ရိုးရိုးသားသား ပြန်ဖြေမိရင်တော့ ခင်ဗျား သွားပြီပဲ ;) သူတို့က ခင်ဗျားကို စုတ်တသပ်သပ် လုပ်မယ်။ “သွားပြီ- ချောင်သွားရှာပြီ” လို့ ပြောသွား ကြမယ်။ တကယ်လည်း အများအမြင်မှာ - ရူးနေတဲ့ လူတွေလောက်သာ အပြည့်အဝ ရယ်မော နိုင်တာ မဟုတ်လား။ ခင်ဗျား လည်း အဲ့လို ရယ်ရင် - ခင်ဗျားပါ အရူး စာရင်း ဝင်သွားမှာပဲ။
ဒီလူ့အဖွဲ့အစည်းအတွင်းမှာ လူတစ်ယောက်ဟာ အကြောင်းမဲ့ ရယ်ခွင့် မရှိဘူးတဲ့လား ။ ဖြေကြည့်စမ်းပါ ။
စင်စစ် ရယ်မောတဲ့ အပြုအမူ၊ ဟာသ၊ ကြည်ရွှင်နေတဲ့ လုပ်ရပ်တစ်ခုကို ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ တကယ့် ကဏ္ဍတွေမှာ နှိပ်ကွပ် ထားကြတယ်။ မြင်နိုင်ပါရဲ့လား မသိ။ ခင်ဗျား အလုပ်က အစည်းအဝေးမှာ - အကြောင်းမဲ့ ထရယ်ကြည့်။ အလုပ်ထွက်ရရင် ထွက်ရ၊ မထွက်ရရင် အနည်းဆုံးတော့ ခင်ဗျား မျက်စောင်းထိုး ခံရမှာပဲ။ ကုလသမဂ္ဂ ညီလာခံ မှာ လူတွေ ဘာလို့ မျက်နှာတည်ကြီးတွေနဲ့ ထိုင်နေကြတာတဲ့လဲ။ ဘယ့်နှယ်ကြောင့် မျက်မှောင်တွေ ကုတ်နေရသလဲ။ တကယ့်အရေးအရာကြီးတွေက လေးနက်နေမှ၊ အဲ့လို တည်တည်ကြီးတွေ ဖြစ်နေမှ - လို့ ဘယ်သူတွေကများ သွန်သင် ထားခဲ့သလဲ။
အစဉ်အလာ၊ ဓလေ့တွေ ဘယ်ကာလကတည်းက သတ်မှတ်ထားမှန်း မသိပေမယ့် - လူ့အသိုင်းအဝိုင်း အကုန်လုံးက “လေးနက် တည်ငြိမ်မှု ( Seriousness )” ဆိုတာကို တော်တော် ခုံခုံမင်မင် ရှိကြတယ်။ မိဘတွေကို ကြည့်။ သူတို့က သားသမီးတွေကို ရင့်ကျက် တည်ငြိမ်နေတာ မြင်ချင်တယ်၊ လေးနက် နေစေချင်တယ်။ ရယ်မော ပေါ့သွမ်းနေမှာကို မလိုလားဘူးရယ်။ အလားတူ - ဆရာက ကျောင်းသားကို ၊ သူဋ္ဌေးက သူ့အလုပ်သမား တွေကို၊ ဗိုလ်ချုပ်က သူ့တပ်သားတွေကို၊ လူ့အဖွဲ့အစည်းအတွင်းက လူသားအချင်းချင်း - တစ်ယောက်က တစ်ယောက်ကို - စသဖြင့် လေးနက် တည်ငြိမ်နေတာ ကိုသာ လိုလိုလားလား ရှိကြတယ်။ အဲ့လိုနဲ့ ဟာသ၊ ရယ်မောမှု ဟာ “ဖျော်ဖြေရေး” အဆင့်မှာပဲ ရှိတော့တယ်။
ဒါဆို ခင်ဗျားတို့ အနေနဲ့ - လေးနက်မှု ၊ တည်ငြိမ်မှု ကို ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ဆိုကြပါသလဲ။ အများစုက ရုပ်တည်တွေကို လိုလားတယ်။ စကားပြော တည်ငြိမ်နေတာ ကို ကြိုက်တယ်။ ဟုတ်ပြီ - ဒါပေတဲ့ ဒီနေရာမှာ - ရုပ်တည် ဆိုတာ ရုပ်သေ တော့ မဟုတ်ဘူး ။ စကားပြော တည်ငြိမ်တာဟာ - ဟန်လုပ်ယူလို့ မရဘူး ။ ဒါကို သိထားဖို့ လိုပါတယ်။
တည်ငြိမ်ရင့်ကျက် "ပြ" တာဟာ လိုလားအပ်တဲ့ ကိစ္စ မဟုတ်ဘူး။ လူ့အဖွဲ့အစည်း တစ်ခုအတွင်း - “လေးနက်တည်ငြိမ်မှု မရှိဘူး အထင်ခံရမှာ စိုးရခြင်း” တစ်ချက်တည်းနဲ့ လုပ်ယူရင် မမှန်နိုင်တော့ဘူး။ ဒီအကြောင်း တစ်ချက်တည်း နဲ့ ဟာသ တစ်ခု၊ ရယ်ရွှင်တဲ့ အမှု တစ်ခုကို အနှိပ်ကွပ်ခံ အဖြစ် မသတ်မှတ်သင့်ဘူး ။
လူအများကတော့ အဲ့လိုပဲ သတ်မှတ်လျက် ရှိနေကြပါတယ်။ ဒီတာ့ ဘာဖြစ်သွားမလဲ။ ရယ်မောမှု၊ ဟာသ တစ်ခု ဟာ လူပျက်တွေဆီမှာ၊ အပြောင်အပျက်၊ အပျော်သက်သက် သာ ရှိတော့တယ်။ တခဏတာ ရယ်မောပြီးရင် အပေါစားတွေပါကွာ လို့ စွန့်ပယ် မေ့ပစ် တတ်လာမယ်။
ဥပမာ ဆိုပါစို့။ စာသင်ခန်း တစ်ခုမှာ ဆရာ ဖြစ်သူ တစ်ခုခု သင်ကြားနေချိန် - ခင်ဗျား အကြောင်းမဲ့ ထရယ်ရင် ဘာဖြစ်မလဲ။ သူ့ကို လှောင်တာလားလို့ အနည်း ဆုံးတော့ အမေးခံရနိုင်မယ် မဟုတ်လား ။ ခင်ဗျား မိဘ က ခင်ဗျားကို တစ်ခုခု သွန်သင် ဆုံးမနေဆဲခဏ - ခင်ဗျား ရယ်မောနေကြည့်ရင်ကော ဘာဖြစ်မလဲ။ ခင်ဗျား မိဘတွေ တစ်ခုခု စိတ်မကောင်းဖြစ်မယ် ဒါမှမဟုတ် - ကြောင်စီစီ နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်သွားမှာပဲ မဟုတ်လား ။ တကယ်စင်စစ် လေးနက် ( Seriousness ) ဟန် ရှိတဲ့ အပြုအမူ တစ်ရပ်ဟာ ဂုဏ်သိက္ခာ ရှိတဲ့ ၊ ရိုသေလေးစားဖွယ် ကောင်းတဲ့ အပြုအမူ ဖြစ်ပါတယ်။ ဒါပေတဲ့ နေရာတကာတော့ မမှန်ဘူးလို့ ဆိုလိုချင်တယ်။ ဒါကိုပဲ အဖွဲ့လိုက်အစည်းလိုက် အစွဲအမြဲ ယူဆကြရင်းက ရယ်ရွှင်မှု၊ ဟာသ ဟာ တကယ့်နေရာတွေမှာ ချောင်ထိုးခံ ရတာတော့ မဟုတ်သေးဘူးရယ်။
“ဘဝရဲ့ တကယ့် ကိစ္စရပ်တွေဟာ အစဉ်အမြဲ လေးနက်နေတယ် - ခင်ဗျား တည်တည်ငြိမ်ငြိမ် ရင့်ကျက်ဟန် အပြည့် အမြဲတမ်း ရှိနေသင့်တယ်” လို့ ဘယ်သူ ကများ စပြီး သင်ကြားပေးလိုက်သလဲ။
စင်စစ် အပြည့်အဝ ရယ်မောလိုက်ရတဲ့ အဖြစ် တစ်ခဏလေးဟာ ကြောင်းကျိုး ဆင်ခြင်တုံတရား ရပ်ဆိုင်းနေချိန်မှာ ဖြစ်ပေါ် တတ် ပါတယ်။ ယုတ္တိ၊ အတွေးစဉ် တွေက ခေတ္တ ကင်းပြတ် နေချိန်မှာ လည်း ပေါ်ပေါက် တတ်တယ်။ အဲ့ဒီလို ဟားတိုက် ရယ်မော နိုင်တဲ့ ခဏမှာ စည်းဘောင်တွေ ကွာကျ သွားတယ်။ ခင်ဗျားရဲ့ သန္တာန်ထဲ ကြည်ရွှင်နေတဲ့ အချိန်၊ ခင်ဗျားရဲ့ စိတ်ခန္ဓာ တစ်ခုလုံး ပေါ့ပါး လွတ်လပ် နေချိန် မှာ အစစ်အမှန် ရယ်မော မိတဲ့ အပြုအမူ ဟာ ဖြစ်ပေါ်တတ် ပါတယ်။ ဆိုလိုတာက - အကြောင်းတရား မပါတဲ့ ရယ်မောမှု ဟာ စင်စစ် လေးနက်တဲ့ ဖြစ်စဉ် တစ်ရပ် သာ ဖြစ်တယ်။ ဒါကို တကယ် လွတ်လွတ်လပ်လပ် ရယ်မောလေ့ မရှိသူ၊ အတွေ့အကြုံ မရှိတဲ့သူ က နားလည်နိုင်မှာ မဟုတ်ဘူး။ အံ့ဩကောင်း အံ့ဩနေမှာပဲ။
ဘဝဟာ ရုပ်တည်တွေ၊ ရုပ်သေတွေနဲ့ ခက်ထန်မာကျောပြီးများ ဖွဲ့စည်းထားပါသလား။ တကယ်က ဘဝဟာ ပေါ့ပါး လှပနေတယ် မဟုတ်လား။ စင်စစ် လုပ်ယူတဲ့ လေးနက်မှု၊ လေးပင်မှု ဟာ သင်္ချိုင်းတွေမှာ ရှိပါတယ်။ သေခြင်းတရား မှာ ရှိတယ်။ ငိုကြွေးခြင်းမှာ ရှိတယ်။ ဘဝမှာတော့ မေတ္တာပဲ ရှိတယ်။ ရယ်မောမှု ရှိတယ်။ ချိုသာတဲ့ တေးသွားနဲ့ အကတွေရှိတယ်။ ခင်ဗျားက ဘာလို့ ဘဝကို မျက်မှောင်ကြုတ်ပြီး ကြည့်နေရသလဲ။ ဒါဆို ခင်ဗျား ဘဝက သနားစရာ တော်တော်ကောင်းမယ့် ဘဝ တစ်ခု ဖြစ်နေတော့မယ် လို့ ကျနော် ဆိုချင်ပါတယ်။
အတိတ်ရဲ့ လေးပင်ခဲ့သမျှတွေကို စင်စစ် ခင်ဗျား အပြည့်အဝ ရယ်မောလိုက်တဲ့ တစ်ခဏမှာ ဖြေဖျောက်နိုင်ပါတယ်။ အတိတ်ရဲ့ ဒဏ်ချက်တွေ၊ အတိတ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံ တွေကြောင့် ခင်ဗျား ရဲ့ ဟဒယ ကို ဘာလို့ အမှောင်ချ ပစ်ရသလဲ။ စင်စစ် အဲ့ဒီ အတိတ်ခါးခါးတွေကနေ ချိုမြိန်တဲ့ ဟာသ တွေ ပေါ်ထွက်လာလေ့ရှိတယ်။ ဟာသကို မမြင်နိုင်တဲ့အခါ ၊ ဟာသတစ်ခု အပေါ် မရယ်နိုင် တဲ့ အခါ အမောနဲ့သာ ခင်ဗျား မျက်နှာချင်းဆိုင် လိုက်ရတော့တယ်။ ဒါဆို ခင်ဗျားကို စင်စစ် မြင်နေလျက်နဲ့ ကန်းနေတဲ့သူ၊ ဘဝအပေါ် ကြောင်တောင်ကန်း ဖြစ်နေတဲ့သူ လို့ ပြောရတော့မှာပဲ။
............................
Ref: Osho
............................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...........................
0 comments:
Post a Comment