Friday, July 13, 2012

တိုက်စားခြင်း (၄)


by မိုးကြာညို မိုး on Friday, July 13, 2012 at 12:24am 

“သံယောဇဉ်ဆိုတာ ဖြတ်ရခက်တဲ့ကြိုးတစ်မျှင်”

သာကေတဆေးခန်းရှေ့မှာ ကားပါကင် ထိုးလိုက်ရင်း ဒီအတွေးစလေးကခေါင်းထဲ ရုတ်တရက်ပေါ်လာလေတော့ တကိုယ်တည်းပြုံးမိပါသည်။ ပထမဆုံးလခစားအလုပ်ဖြစ်ခဲ့သော၊ ကိုယ့် professionalကိုအကောင်းဆုံး အသုံးချ ခွင့်ရခဲ့သော၊ တတိယနှစ် ကျောင်းသူ တစ်ယောက်အား ဘ၀များစွာကို လေ့လာခွင့်ပေးခဲ့သော၊ နားလည်မှုပြည့်ဝ သောလုပ်ဖော်ဆောင်ဖက်များရှိသော၊ မျှဝေခံစားတတ်သော လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့သော ညိုလုပ်ခဲ့ဖူးတဲ့အဖွဲ့ ဟောင်းကိုသံယောဇဉ်မပြတ်ခဲ့လေတော့ ရှမ်းပြည်မှပြန်လာတဲ့အခါတိုင်း ရုံးချုပ်သို့မဟုတ် ဆေးခန်းတခုခုသို့ သွားရောက်လည်ပတ်လေ့ရှိခဲ့သည်။
အခြားဆေးခန်းများက ညိုနေထိုင်ရာမြို့နယ်နှင့်အတော်ဝေးလေတော့ သာကေတဆေးခန်းသို့သာအရောက်များပါသည်။ ကားသော့ပိတ်ပြီး ဆေးခန်းဘက်ကို ဦးတည်လိုက်ရာတွင် ဆေးခန်းရှေ့ရှိ လက်ဖက်သုပ်၊ဂျင်းသုပ်၊ ကွမ်းယာစသည်တို့ ရောင်းချသည့် ယာယီဆိုင်လေးထဲကဆရာမ.. ဆရာမ… ဆိုပြီးအော်ခေါ်သံကြား သဖြင့် လှည့်ကြည့်မိသည်။

ကလေးငယ်တစ်ယောက်ကိုပွေ့ချီပြီး ပြုံးရွှင်စွာလှမ်းလျှောက်လာသော လူတစ်ဦးကို ဇဝေဇ၀ါဖြစ်စွာကြည့်မိစဉ်

“ဆရာမ…နေကောင်းတယ်နော်.. ဒီကိုပြန်လာလည်တာလား?”

သြော်..သူကငါ့ကိုသိတဲ့ပုံပဲ… လူနာတယောက်ယောက်ဖြစ်မယ်ထင်တယ်… ဆေးခန်းမှ ၀န်ထမ်းတော့မဟုတ်။

“ဟုတ်ကဲ့..ကျွန်မရန်ကုန်ခဏအလည်ပြန်ရောက်တုန်း ဒီကသူငယ်ချင်းတွေကိုလာတွေ့တာပါ”

ညို့လေသံထဲမှာ ပြတ်ပြတ်ထင်ထင်ရင်းနှီးမှုမရှိကြောင်း မသိမသာစွက်သွားတော့ ထိုသူကပြုံးပြီး

“ဆရာမ ကျွန်တော့်ကိုမမှတ်မိဘူးလား? ဘိုဟန်လေ”

“…..”

“ရတနာ့ယောက်ျားဘိုဟန်လေ ဆရာမရဲ့”

ရတနာ……..ရတနာ…………မှတ်မိတာပေါ့…….သေချာမှတ်မိတာပေါ့……မိုက်လုံးကြီးလှတဲ့ ရတနာ…

“အာာာ မှတ်မိပြီကိုဘိုဟန်…ဒါရတနာ့သားလေးလား?”

“ဟုတ်တယ်ဆရာမ…သားလေး ၁နှစ်ခွဲရှိပြီ”

“…………..”

မေးခွန်းများကိုဆက်ချင်ပေမယ့် confidential အရ အပြင်မှာပြောလို့မဖြစ်ဘူးမဟုတ်လား။

“လာ..လာ ကိုဘိုဟန် အထဲကိုသွားရအောင်”

“ဟုတ်ကဲ့ဆရာမ…၀င်နှင့်လိုက်ပါ..ကျွန်တော်အအေးဖိုးရှင်းပြီးလိုက်ခဲ့ပါ့မယ်”
-

သြော်..ရတနာ…ရတနာ….ထိုနေ့ကိုညိုမမေ့သေးပါ။ ညို့တသက်လုံးတွင် လူတယောက်အား ကြမ်းတမ်းသော စကားလုံးများနှင့် ပစ်ပေါက်ခဲ့ဖူးတဲ့ ထိုအတိတ်သို့အတွေးတွေပျံ့လွင့်သွားရတော့သည်။
-

HIV/AIDS လူနာများအတွက်ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခုမှာ data analysis အဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ဒီနေ့တမနက်လုံး လူနာမှတ်တမ်းဖိုင် ၂၀၀ကျော်လောက် data သွင်းခဲ့ရသည်။ မနက်ပိုင်းက ဖိုင်တွေထဲမှာ မရှင်းလင်းသည့်မှတ်တမ်း များအား သေချာရှင်းရှင်းလင်းလင်းသိရရန်အတွက် ဆရာဝန်များ၊ နှစ်သိမ့်ဆွေးနွေးသူ များ၊ သူနာပြုဆရာမများအား ထမင်းစားချိန်အတွင်းလိုက်လံ နှောင့်ယှက်ခဲ့ရသည့်အတွက် ညိုနဲနဲမောနေသည်။ ထိုမှပြန်လာတော့ ခြင်းတောင်းထဲမှာ ဖိုင်တွေသိပ်မကျန်တော့ အလွန်ဆုံး၅၀လောက်သာရှိမည်။ ခြင်းထဲမှ လက်မှီရာဖိုင်တစ်ခုကို ကောက်ယူလိုက်စဉ် အစိမ်းရောင်အလံလေးကပ်ထားပြီး ခပ်ထူထူဖိုင်တစ်ခုနှင့် ခပ်ပါးပါး ဖိုင်အသစ်တစ်ခုတွဲပေးထားတာမြင်လိုက်ရတော့ ၀မ်းသာမှုရောစိုးရိမ်မှုရော စိတ်အစဉ်မှာရောယှက်ဖြစ်ပေါ် လာသည်။ အစိမ်းရောင်အလံလေးရဲ့ သင်္ကေတ ကတော့ ဆေးခန်းမလာတာအနည်းဆုံး ၆လကျော်ပြီမို့ failure အဖြစ်သတ်မှတ်ထားသူ လူနာပြန်ရောက်လာခြင်းဖြစ်သည်။ ခပ်ထူထူဖိုင်ကတော့ အဲဒီ failure သတ်မှတ်ခံရသူ ရဲ့ ဖိုင်ဖြစ်မှာသေချာသည်။ ဖိုင်၂ခုပူးတွဲထားသဖြင့် ကလေးတစ်ယောက်ပိုလာတာလား? Partner ဖြစ်လာတဲ့ သူများလား? မသေချာပါ။ သို့သော် HIV ကူးစက်ခံရသူ သို့မဟုတ် ကူးစက်ရန်သံသယရှိသူတစ်ဦး တိုးပွါးလာ ခြင်းဖြစ်သည်မို့ စိုးရိမ်စိတ်ဖြစ်မိသည်။ ဖိုင်အသစ်ထဲမှာ သွေးအဖြေကို ခပ်လောလောရှာကြည့်မိတော့  
negative (window period) လို့ရေးထားသဖြင့် စိုးရိမ်စိတ် တ၀က်လျှော့သွားရသည်။ ဒါဆို data ထည့်စရာ မလိုသေး။ ဖိုင်အထူကိုကြည့်မိတော့ စိတ်ဝင်စားစရာအနည်းငယ်တွေ့ရသည်။ နှစ်သိမ့်ဆွေးနွေးမှုမှတ်တမ်းကို သေချာဖတ်ချင်သဖြင့် အချိန်နဲနဲပိုယူရမည်ဖြစ်သည်။ စားပွဲဘေးမှ intercom မှတဆင့် registration counter ကိုခေါ်ပြီး

“အစ်မမိုး…ဒီနေ့ဖိုင်များလားအစ်မ”

“မများဘူးညီမလေး… မနက်ပိုင်းက ၃၀ လောက်ပဲရှိတယ်....ခုထိ ၅၀ မကျော်သေးဘူး။ ဖိုင်လိုချင်လို့လား?”

“မလိုချင်လို့အစ်မ….ဒီနေ့ဖိုင်တွေကိုသပ်သပ်ထားလိုက်တော့..ညိုနောက်ရက်မှကြည့်တော့မယ်… ထပ်မပို့နဲ့ တော့နော်…ပြီးတော့ ကိုစိုးမိုးကိုတချက်လွှတ်ပေးပါ…data သွင်းပြီးတာတွေ အစ်မတို့ပြန်သိမ်းရအောင် ပို့လိုက်မလို့”

“အိုကေ ညီမလေး..ကိုစိုးမိုးအခုလာယူလိမ့်မယ်”

ကိုစိုးမိုးတယောက်ဖိုင်ခြင်းတွေလာသယ်သွားပြီးတော့မှ ခုနက failure ဖိုင်ကိုပြန်ကိုင်ဖြစ်သည်။

- အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ဘ၀မလှခဲ့လေသူ။ အမှောင်ရိပ်ထဲမှ ပန်းကြွေတစ်ပွင့်။
- မည်သူ့ဆီက HIV ကူးစက်ခဲ့မှန်းမသိရုံမက ကိုယ်ဝန်ဖျက်ချထားတာ ၃ကြိမ်။
- လွန်ခဲ့တဲ့ ၈ လက သေမထူးနေမထူးဆိုပြီး သောက်လက်စဆေးတွေရပ်ပစ်ခဲ့ရုံမက စေတနာထားပြီး ကုသပေးနေတဲ့ဆရာဝန် ဆရာမတွေကိုမျက်နှာချင်းမဆိုင်ချင်တာကြောင့် ဆေးခန်းကိုမလာခဲ့။
- အရင်လက ဆိုက်ကားနင်းတဲ့သူတစ်ဦးနှင့်တွေ့ဆုံခဲ့ရာမှ အချင်းချင်းနားလည်မှုရ ချစ်ရည်မျှပြီး အတူတကွ ပေါင်းသင်းနေထိုင်လျက်ရှိ။
- ထိုသူက ဆေးခန်းပြန်သွားဖို့ပြောသဖြင့် ဆေးခန်းသို့ပြန်ရောက်လာ။ ထိုသူပါဆေးစစ်ခြင်းခံယူ။
- ထိုသူ၌ HIV ပိုးမတွေ့ရသေး။ ကာလသားရောဂါပိုးသာတွေ့ရှိ။ window period ဖြစ်။ ကာလသားရောဂါ အတွက် ကုထုံးစတင်နေပြီး ၆လအကြာတွင် သွေးစစ်ရန်အတွက် ထပ်မံချိန်းဆို။
- သူမအား ပိုးသတ်ဆေးနှင့်အားဆေးပေးထားပြီး second line ဆေးတင်ရန် ဆရာဝန်များညှိနှိုင်းဆဲ။
- စောင့်ကြည့်ကာလ ၃လ။ လစဉ်ရက်ချိန်းရှိ။ အတူနေထိုင်သူရှိသဖြင့် condom များပံ့ပိုးရန်ညွှန်ကြားချက်။
- သွေးအဖြေများအရ အသည်းအခြေအနေမကောင်း၊ ယခင်ကထက် HIV ပိုးကောင်ရေတိုးတက်မှုနှုန်းမြင့်မား၊ သွေးအားနည်းခြင်းရှိ။ သလိပ်စစ်ရန်နှင့် ဓါတ်မှန်ရိုက်ရန်ညွှန်ကြားချက်။
- နှစ်သိမ့်ဆွေးနွေးမှုမှတ်တမ်းအရ နှစ်ဦးလုံးပျော်ရွှင်လျက်ရှိ။ ကာကွယ်ရမည့်အချက်အလက်များ အသေးစိတ် ထပ်မံဆွေးနွေး။ သန္ဓေတားခြင်းနည်းလမ်းများပါဆွေးနွေး။ သို့သော် ကလေးယူရန်ဆန္ဒရှိ။
- ဆေးထပ်သောက်ရန် တက်ကြွမှုရှိ။
- အရင်အလုပ်သို့ ခြေဦးမလှည့်တော့။ ဆိုက်ကားမှရသည့်ဝင်ငွေအပြင် ဈေးရောင်းဖို့ကြိုးစားခဲ့ဖူး။ ပတ်ဝန်းကျင် မှစကားတင်းဆိုမှုကြောင့် မအောင်မြင် အရင်းပြုတ်။ သူ့အားမသိသည့် ရပ်ကွက်များသို့ ပြောင်းဖူးပြုတ်လှည့် ရောင်းရန်အစီစဉ်ရှိ။
- မျက်လုံးပြူးရသောမှတ်ချက်တခုကတော့ “ဆေးခန်းတွင်း လူနာအချင်းချင်း တစ်ကြိမ်၊ သူနာပြုဆရာမနှင့် တစ်ကြိမ် ခိုက်ရန်ဖြစ်ဖူး” သည်ဟုမှတ်တမ်းတင်ထားသည်။
-

ဟူးးးးးးးးးးးးးးးးးးးးးးးးး data file ၂၀၀ လုပ်ရတာထက် မောပါသည်။ အလွန်မောပါသည်။ လက်ရှိအခြေအနေများအား မှတ်တမ်းတင်ရန် patient code ရိုက်ထည့်၍ ဖိုင်ဖွင့်လိုက်ပြီးမှ စိတ်မပါပြန်။ သူ့ဖိုင်ကိုခဏချထားပြီး တခြားဖိုင်တခုကိုကောက်ယူမှတ်တမ်း လုပ်နေလိုက်သည်။ မှတ်တမ်းထဲမှာ ကလေးယူရန်ဆန္ဒရှိဆိုတာ တွေ့မိ ထားတာကြောင့် ဒီနှစ်ယောက်နဲ့တွေ့ဆုံရန်တော့ outreach-worker များကိုစီစဉ်ပေးဖို့ပြောရမည်။ နောက် တစ်ပါတ်ခန့်အကြာတွင် ရက်ချိန်းတခုယူပြီး သူတို့နှင့် အချိန်ယူစကားပြောဖြစ်ခဲ့ပါသည်။ အပြစ်မဲ့ကလေး တစ်ယောက်ကို လူ့လောကထဲခေါ်ချင်တဲ့ဆန္ဒကိုသေချာစဉ်းစားဖို့၊ လူလားမြောက်အောင်ပြုစုကျွေးမွေးဖို့ အခက်အခဲ၊ လက်ရှိကိုယ်တိုင်ကြုံနေရတဲ့အခက်အခဲတွေ၊ ခွဲခြားဆက်ဆံခံရခြင်းကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်ကလည်း ကတိတွေ အထပ်ထပ်ပေးခဲ့ကြသည်။
-

ဒီလိုနဲ့ အခြားအခြားသော ရင်မောဖွယ်ရာများ၊ ရှုပ်ထွေးလေးလံသော report များ၊ ကျောင်းစာမေးပွဲများကြား မှာ သူတို့နှစ်ယောက်ကိုမေ့သွားရသည်။ ၆-၇လအတွင်းမှာအရာရာအားလုံးပုံမှန်လည်ပတ်နေခဲ့ပြီး မိုးစွေစွေ မနက်ခင်းမှာတော့ ထိတ်လန့်ဖွယ်ရာဖြစ်ရပ်တစ်ခု ဆေးခန်းကိုရောက်ရှိလာခဲ့သည်။ ထိုနေ့ကညို့ day-off ဖြစ်သော်လည်း မန်နေဂျာမှ အကူအညီတောင်းသဖြင့် မနက်အစောကတည်းက ဆေးခန်းကိုရောက်နေခဲ့သည်။ ၈နာရီသာရှိသေးသည်မို့ ဆေးခန်းလုံခြုံရေးဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်းအစ်မတစ်ယောက်၊ registration ကောင်တာမှအစ်မတစ်ယောက် နှင့် စောစောတိုကင်ယူကာ လာစောင့်နေသည့်လူနာ၎-၅ယောက်သာရှိသည်။ အလုပ်လုပ်စရာ laptop ကရုံးကားနှင့်မှပါလာမည်ဖြစ်သဖြင့် ကော်ဖီတစ်ခွက်ဖျော်ကာ လူနာများနှင့် စကားထိုင် ပြောနေသည်။ ထိုစဉ်…… ဆိုက်ကားတစ်စီးရေးကြီးသုတ်ပြာ ရောက်ရှိလာပြီး ရှုံ့မဲ့လျက်ညည်းတွားလျက် ရှိသော အမျိုးသမီးတစ်ယောက်နှင့် ပျာယာခတ်နေသူဆိုက်ကားဆရာ။ သေချာကြည့်လိုက်တော့အစိမ်းရောင်အလံလေးနှင့်ဖိုင်၂တွဲ က ခေါင်းထဲပြန်ပေါ်လာသည်။ ဆရာဝန် ဆရာမများလဲ မရောက်သေး၊ ရောက်လာပုံကလဲ ထိတ်လန့်စရာကောင်းနေတော့ အားလုံးဘာမှမပြောနိုင်ဘဲ ရုတ်တရက်မှင်သက်စွာရပ်ကြည့်နေမိကြပါသည်။
ချက်ချင်းပင် လူနာများနှင့် အထိအတွေ့များလှသော Registration မှအစ်မက

“ဟင်…အခုမှပေါ်လာတော့တယ် မရွှေချော…. ညည်းတို့ပျောက်နေတာ ၄လရှိပြီ..ဘာတွေများလုပ်နေကြလဲ?”

တကယ်တော့မေးစရာမလိုသောမေးခွန်းပါ။ ထိုအမျိုးသမီးမှာ မြင်သာထင်သာစွာ ကိုယ်ဝန်ဖြစ်တည်နေပြီပဲလေ။ ညို့အတွေးထဲမှာ လောကထဲကိုအပြစ်မဲ့စွာရောက်လာပြီး အကျဉ်ခံအနှိမ်ခံ ကံဆိုးရင်ရောဂါပါကူးစက်ခံရမယ့် ကလေးမျက်နှာလေးမြင်ယောင်လာကာ Code of Conduct တွေ Ethic တွေကို မေ့ပျောက်သွားလောက်အောင်
အမိုက်မှောင်ဖုံးသွားပြီး ဒေါသက အထွဋ်အထိပ်သို့…………..

“ရှင်တို့ကိုကျွန်မ မရှင်းပြခဲ့ဘူးလား? ဟင်…ကလေးတယောက်မွေးတယ်ဆိုတာ လွယ်တယ်မှတ်နေလို့လား? ပြောကြစမ်းပါဦး။ ဒီလောက်အသိပညာပေးဆွေးနွေးတာတွေ ဖျောင့်ဖျတာတွေလုပ်ပေးနေတဲ့ကြားက ဆေးခန်း လဲမလာ…. ကိုယ်လုပ်ချင်တာကိုယ်လုပ်ကြတယ်…. ဘာလဲ ပေးလိုက်တဲ့ကွန်ဒုံးတွေမလောက်လို့လား? ရှင်တို့ ဘယ်လောက်တောင်……………နေလို့လဲ? ရှင့်အသက်ကိုတန်ဖိုးမထားရင်နေလေ… ကလေးတယောက်ကို လောကထဲခေါ်သွင်းပြီး ရောဂါတွေအမွေပေး…ဆင်းရဲဒုက္ခတွေရောက်ခိုင်းဦးမလို့လား?
ကိုယ်တစ်ယောက် ဘ၀ပျက်ရရင်တော်ရောပေါ့…. ဘာလို့အပြစ်မရှိတဲ့သူတွေကိုလိုက်ဒုက္ခပေးချင်နေတာလဲ………
ရှင်ကရော ကလေးယူဖို့မသင့်ဘူးဆိုတာ နားလည်ပါပြီဆို…. ယောက်ျားလုပ်နေပြီးတော့ ကိုယ့်စကားကိုယ် မတည်တဲ့လူ…”

“ကျွန်တော်..ကျွန်တော် မသိလိုက်လို့ပါ….သူက ကွန်ဒုံးကိုထိပ်ဖောက်ပြီးတော့……..”

“တော်….ဘယ်လိုဖြစ်ဖြစ် ကလေးရှိမှန်းသိရင်လဲ ဆေးခန်းကိုလာကြပါလား? ကိုယ်လုပ်ချင်တာတွေလုပ်ထား
ပြီးတော့မှ အားနာသလေး ရှက်သလေးနဲ့။ အဲ့တာလုပ်တုန်းကတော့ မရှက်ကြဘူးလား?”


ဒေါသတကြီးနဲ့အော်နေမိတဲ့ညို့ကို ဘယ်သူမှဝင်မတားရဲကြပါဘူး။ ထိုစဉ်ရုံးကားရောက်လာပြီး ဆရာဝန်တစ်ယောက် နဲ့  နှစ်သိမ့်ဆွေးနွေးသူတယောက် ညို့နားရောက်လာတော့မှ စကားတွေရပ်သွားတော့သည်။

“ညီမရယ်…စိတ်လျှော့..စိတ်လျှော့…..”

ဆရာဝန်အစ်မကြီးက ပုခုံးကိုကိုင်ရင်းပြောလာတော့မှ ပြင်းထန်လွန်းသောဒေါသကြောင့် ညို့တကိုယ်လုံး တဆတ်ဆတ်တုန်နေကြောင်းသတိထားမိသည်။

အခြားသူများက ထိုအမျိုးသမီးကို ဆေးရုံပို့ဖို့ကားပေါ်တင်နေစဉ် အော်ဟစ်ညည်းညူနေသောထိုမိန်းမ၏ ခြေဖျား၌ သွေးစက်များးးးး

ဆေးခန်းသို့သူတို့ရောက်လာစဉ်မှစပြီးဆူပူငေါက်ငန်းနေချိန်ထိညိုမတွေ့ခဲ့တဲ့…..သွေးစက်များ…
ဆေးခန်းတွင် ရန်ဖြစ်ဖူးသည်ဟု မှတ်ချက်ပြုခံထားရဖူးသော ရတနာ… ညိုဆူပူအော်ဟစ်သမျှခေါင်းငုံ့ခံနေသော ရတနာ… ရင်တွင်းမှသန္ဓေသားအား ကယ်ဆယ်ပေးဖို့ ဆေးခန်းမှဝန်ထမ်း၏အငြူစူကိုမခံရဲနိုင်သော ရတနာ…ပညာအသိ ခေါင်းပါးပေမင့် ရင်သွေးအပေါ်ချစ်မေတ္တာစိတ်ကြောင့် အရာရာကိုရင်ဆိုင်ဝံ့သောရတနာ…မိခင်..မိခင်….မိခင်
ဘယ်သူတွေဘာပဲပြောပြော သူမသည်လည်း မိခင်တစ်ဦးပါပေ…
-

“ဆရာမ…ဆရာမ…ဘာတွေတွေးနေတာလဲ? ကျွန်တော်ရောက်နေတာ ကြာလှပြီလေ”

ကိုဘိုဟန်ကစိတ်မရှည်တော့သလို ကျွန်မအကျီ င်္လက်မောင်းကိုလာဆွဲပြီးပြောတော့မှ အတွေးစတို့ ရပ်တန့် သွားရသည်။ သူ့ကိုကြည့်လိုက်တော့……..

သြော်………….သူ့လက်ထဲမှာ လူနာမှတ်တမ်းခပ်ထူထူတစ်ဖိုင်နှင့် ကလေးလူနာမှတ်တမ်းခပ်ပါးပါးတစ်ဖိုင်…..

I didn't make the problems, why I have to pay.....?

သူ့ရင်ခွင်တွင်းမှသားငယ်က အပြစ်ကင်းစွာရယ်မောရင်း ညို့ဆံပင်တွေကိုဆွဲဆော့တော့ ညို့နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုတွဲခိုသွားရသည်။ ထိုအပြုံး၌ ကြင်နာခြင်းနဲ့ နာကျင်ခြင်းတချို့ ရင်မောခြင်းတ၀က်ပါသွားကြောင်း ကိုဘိုဟန် မရိပ်မိပါစေနဲ့……မသိလိုက်မမြင်လိုက်ပါစေနဲ့…..
-

အခြေခံအသိပညာနိမ့်ကျနေသေးတဲ့၊ အယူအစွဲသည်းလွန်းတဲ့ လူ့အဖွဲ့အစည်းထဲကို ညိုတို့ရဲ့ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ မထိုးဖောက်နိုင်တော့တဲ့အခြေအနေမှာ လူ့ဘ၀ကိုအလည်သက်သက်ရောက်လာခဲ့ရတဲ့ မိခင်မဲ့ ကလေးငယ်တစ်ယောက်အဖို့ လိုအပ်နေတဲ့ ဂရုဏာကမ်းလက်တွေများရှိပါ့မလားလေ…..

(ကာယကံရှင်များ၏အမည်များအားလွှဲပြောင်းသုံးစွဲထားပါသည်။)

ချစ်ခြင်းများစွာဖြင့်
မိုးကြာညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...