Sunday, July 1, 2012

သမိုင်းအမှန်တို့အသံမြည်လေသော်


ကိုမြတ်သိန်းထွန်း ရဲ့ ကျွန်တော့်ကို ပြန်ကြားရေးသားထားတဲ့ "ကိုရဲရင့်သစ္စာ သို့ ပြန်ကြားချက်(၂)" ကို ကျွန်တော် အစအဆုံးသေသေချာချာ ဖတ်ရှုပြီးခဲ့ပါပြီ။ အလွန်ကောင်းပါတယ်။

အရေးအသားရော၊ ထင်မြင်ယူဆချက်တွေရော၊ argument ရော၊ rebuttal ရော ပေါ့ဗျာ။ ကိုမြတ်သိန်းထွန်း က ကျွန်တော့် ကို မြန်မာမူဆလင်တွေထဲမှာ နာမည်ကျော်ကြားပြီး သြဇာရှိတဲ့ စာရေးသူတစ်ယောက် ဖြစ်တယ်လို့ ယူဆထားပေမဲ့၊ ကျွန်တော် ဟာ သမိုင်းပညာရှင် တစ်ဦး မဟုတ်သလို ၊ နာမည်ကျော်ကြားပြီး ဩဇာရှိတဲ့ စာရေးသူတစ်ယောက်လည်း မဟုတ်ရပါကြောင်း ရိုးသားစွာဝန်ခံလိုပါတယ်။ ကျွန်တော့် ကို ကြိုးစားဆဲ သူတစ်ဦးအဖြစ်သာ အသိအမှတ်ပြုပေးပါလို့ ရင်းနှီးစွာ အသိပေးလိုပါတယ်ခင်ဗျာ။


လေးစားအပ်တဲ့ ကျွန်တော့်ရဲ့ ညီနောင် ကိုမြတ်သိန်းထွန်း မျှော်လင့်ထားသလို ကျွန်တော်တို့ နှစ်ဦးရဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ ဟာ မြန်မာမူဆလင်တွေနဲ့ တခြားတိုင်းရင်းသား လူမျိုးတွေကြားမှာ အပြုသဘောဆက်ဆံရေးတွေ ပိုမိုတိုးတက် လာလိမ့်မယ် ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ကြိုးပမ်းမှု တွေ အတွက် နှစ်ဦးစလုံးနဲ့တကွ မြန်မာပြည်သား community အစုံ က ဝမ်းမြောက်ပီတိဖြစ်ကြမှာ အသေအချာပါဘဲ။ ကျွန်တော်တို့ချစ်တဲ့ ဒီပြည်ကြီးအတွက်အေးချမ်းသာယာစည်ပင် မှု ကိုဖော်ဆောင်ရာမှာလည်း ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေဟာ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ အကျိုးပြုနိုင်မယ်လို့ဆိုရင် အလွန်မရှိဘူးလို့ ခံစားမိပါတယ်။

ကျွန်တော့်ကို ရည်ရွယ်ရေးသားခဲ့တဲ့ ကိုမြတ်သိန်းထွန်းရဲ့ ပထမဆုံး ကွန်မန့် ကို ဖတ်ရှုပြီး က တည်း က ကိုမြတ်သိန်းထွန်း ကို လေးစားမိကြောင်း ထပ်မံဝန်ခံပါရစေဗျာ။ အခုလို ပညာရှင်ဆန်တဲ့ အရေးအသားတွေ တစ်စစ မြင်တွေ့မိတော့ ပိုလို့တောင်လေးစားမိကြောင်း အတိအလင်း ပြောကြားလိုပါတယ်။ သို့သော် ကိုမြတ်သိန်းထွန်း နဲ့ ကျွန်တော် စတင်ဆွေးနွေးကတည်း က ကျွန်တော် အထူးသတိပြုမိတဲ့ အချက်တစ်ချက်ရှိပါတယ်။
အဲဒါ ကဘာလဲဆိုရင် ကိုမြတ်သိန်းထွန်း က ကျွန်တော့်ရဲ့စာတွေကို အနုလုံပဋိလုံ ကျကျနန ဖတ်ရှုခြင်း မရှိဘဲ ပြန်ကြားစာတွေကို အလျင်စလို ရေးသားနေခြင်းပါ။ ဒါ ကျွန်တော် ရိုးသားစွာ မြင်မိတဲ့ အချက်ပါ။ ကျွန်တော် ဘာကြောင့်များ အဲဒီလို မြင်ရသလဲဆိုတာ
ဆက်လက်ဖတ်ရှုရင်း ပေါ်လွင်လာပါလိမ့်မယ် ခင်ဗျာ။

ရခိုင်လူမျိုး တွေ နဲ့ ဘင်္ဂါလီတွေ ရဲ့ ပဋိပက္ခ ဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်ထိ မရှိခဲ့ဘူးဆိုတဲ့ အချက်ကို ရေးသားရာမှာ ကျွန်တော် ဟာ ဒေါက်တာအေးချမ်း က သူ့ရဲ့ စာအုပ်မှာ ဂျူးသမိုင်းသုတေသီ မိုရှေယေဂါရ် ကို ကိုးကားထားတဲ့အတိုင်း တစ်ဆင့်ပြန်လည်
တင်ပြခဲ့ရုံပါ။ "ရခိုင်လူမျိုး ဆိုးသွမ်းသောင်းကျန်းသူတွေက ဘင်္ဂလီတွေကိုစတင်တိုက်ခိုက်ခဲ့လို့ "ဆိုတဲ့အချက် ဟာလည်းဘဲ ဒေါက်တာအေးချမ်းရဲ့ အကိုးအကားကို ပြန်လည်တင်ပြခဲ့ရုံပါဘဲ။ အဲဒီလိုတင်ပြပြီးတော့.....
"ဒါက အဓိကရုံး စတင်ပုံအကြောင်းမိုရှေယေဂါရ် ရဲ့ သုတေသန ပြုချက်ပါ။ ဒေါက်တာအေးချမ်း က သူ့ရဲ့စာအုပ်မှာအထက်ပါ သုတေသန အမြင်ကို ရေးသားထားသလို" ဆိုပြီး ကျွန်တော် ရေးသားထားပါတယ်။ အဲဒီလိုပါဘဲ.....

ဒေါက်တာအေးချမ်း ဟာ Rakhine State People's Council 1986 : ၃၆ ကို ကိုးကားပြီး ......မွတ်စလင်တွေ က ရခိုင်ရွာလူကြီးနဲ့သူ့ညီနှစ်ဦးကို စတင်သတ်ဖြတ်ခဲ့တဲ့ အတွက် ရခိုင်လူငယ် နှစ်ဦးဖြစ်တဲ့ သိန်းကျော်အောင် နဲ့ ကျော်ရတို့က လူစုစည်းပြီး မွတ်စလင် ရွာတွေကို တိုက်ခိုက်ရွာနေသူတွေကို သတ်ဖြတ်ခဲ့ကြောင်း ရေးသားထားပြန်ပါသေးတယ်လို့ ကျွန်တော် ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဖော်ပြပြီးနောက် ဘယ်သူရဲ့ ရေးသားချက်ကမှန်သလဲ (တစ်နည်းအားဖြင့်) ရခိုင် က စ ကျူးလွန်တဲ့ အဖြစ်ဟာ မှန်သလား၊ ဘင်္ဂါလီ ကစကျူးလွန်တဲ့ အချက်ဟာမှန်သလား ဆိုတာကိုကျွန်တော် လုံးဝ သုံးသပ် မပြထားရုံမက၊ တစ်စုံတစ်ရာ မှတ်ချက်လည်းလုံးဝ ပေးမထားပါ။  မိုရှေယေဂါရ် ရဲ့ သုတေသန ပြုချက်ဟာ ချဲ့ကား ပါးစပ်ရာဇဝင်ဖြစ်နိုင်သလို၊  Rakhine State People's Council 1986 : ၃၆ က အဆိုဟာလည်း ချဲ့ကား ပါးစပ်ရာဇဝင် ဖြစ်နိုင်ပါတယ်။ မှတ်တမ်းနှစ်ခုစလုံးကို ကျွန်တော် ဖော်ထုတ်တင်ပြခဲ့ရတဲ့ ရည်ရွယ်ချက် က အဲဒီ အချိန်က ဖြစ်ခဲ့တဲ့ ရခိုင် ဘင်္ဂလီ အရေးအခင်းရဲ့ ကနဦးလက်သည် ဟာ ဘယ်သူဖြစ်ကြောင်း တပ်အပ် သေချာ ပြောမရနိုင်တာကို မီးမောင်းထိုးရုံပါဘဲ။ ကိုမြတ်သိန်းထွန်း သုံးသပ်သလိုပါဘဲ၊ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ရခိုင်ကိုမေးရင် ဘင်္ဂလီကစသတ်တာ၊ ဘင်္ဂလီကိုမေးရင် ရခိုင်က စသတ်တာ စသဖြင့် ဆန့်ကျင်ဖက် အဖြေ contradictory statements တွေ ထွက်လာမှာ ဘဲဥအစရှာမရသလိုပါ။

ဒါဖြင့်ရင် ကျွန်တော် က ကိုမြတ်သိန်းထွန်း ရဲ့ ဘယ်အရေးအသားကို ပါးစပ်ရာဇဝင်လို့ပြောခဲ့တာဖြစ်ပြီး၊ ဒေါက်တာအေးချမ်းရဲ့ ဘယ်အရေးအသားကို ပါးစပ်ရာဇဝင်လို့ ပြော ခဲ့တာလဲ? ကိုမြတ်သိန်းထွန်း က "ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် (၁)" မှာ အောက်ပါ
အတိုင်း ရေးသားခဲ့ပါတယ်။

"တကယ်တော့ ဒီဖြစ်ရပ်တွေ စတင်မြစ်ဖျားခံရာကို ကြည့်လိုက်ရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်အ၀င်၊ ဗြိတိသျှအထွက်မှာ ရခိုင်ပြည်နယ်အတွင်း အုံလိုက်ကျင်းလိုက်ရွေ့ပြောင်းအခြေချနေကြတဲ့ ဘင်္ဂလီတွေကို အင်္ဂလိပ်တပ်တွေ လက်နက်တပ်ဆင်ပေးရာ
ကနေ  လက်နက်မရှိတဲ့ ဒေသခံဌာနေတိုင်းရင်းသား ရခိုင်၊မြို၊ခမီ၊သက်၊ ဒိုင်းနက်၊မရမ္မာလူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီကာလတုန်းက အဲဒီဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီ၊
ဘုရားပုထိုးတွေ ဘယ်လောက်တောင် ပျက်စီးခဲ့ရသလဲဆိုတာ မီဒီယာဆိုတာ ဘာမှန်းမသိတဲ့ခေတ်ဖြစ်လို့ အပြင်ကဘယ်သူမှမသိခဲ့ကြပါဘူး။ အလ္လာအရှင်ရဲ့ နာမတော်ကို အော်ဟစ်တိုင်တည်ပြီး ရွာလုံးကျွတ်မီးရှို့၊သတ်ဖြတ်၊ မုဒိန်းကျင့်ခဲ့ကြတဲ့ ဘင်္ဂလီတွေရဲ့ လုပ်ရပ်ကြောင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ အလ္လာဟာ နာကျည်းစရာအမည် တစ်ခုဖြစ်လာခဲ့ပါတယ်။"

အဲဒီ အရေးအသားကို ကျွန်တော် က ပါးစပ်ရာဇဝင် လို့ ရေးသားခဲ့တာပါ။ အဲဒီ အရေး အသားဟာပါးစပ်ရာဇဝင် ဖြစ်ကြောင်း ကျွန်တော် အထောက်အထား (၂) ခုပေးခဲ့ပါတယ်။ တစ်ခု က logical evidence ဖြစ်ပြီး၊ တစ်ခု က documentary evidence ပါ။

၁။ လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေ က လက်နက်မဲ့ ရခိုင်လူမျိုးတွေကို အဲဒီလို သာမျိုးတုန်းသတ်ဖြတ် ခဲ့မယ်ဆိုရင် ရခိုင်လူမျိုးတွေ မျိုးတုန်းသွားနိုင်ကြောင်း။

၂။ စစ်တကောင်းသားတွေက ရခိုင်လူမျိုးတွေကို လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့အချက်ကိုမြန်မာပြည် ဘုရင်ခံရဲ့ အတွင်းရေးမှူး က ပြန်လည်ပြောပြရာမှာ    "I have been told harrowing tales of cruelty and suffering inflicted
    on the Arakenese villages in Rathedaung area......." လို့သုံးနှုန်းသွားကြောင်း ဒေါက်တာအေးချမ်း ကိုယ်တိုင် က အကိုးအကားနဲ့ရေးထားကြောင်း။

ဒေါက်တာအေးချမ်းရဲ့ဘယ် အရေးအသားကို ကျွန်တော် က ပါးစပ်ရာဇဝင်လို့ပြောခဲ့တာပါလဲ? The Development of a Muslim Enclave in Arakan (Rakhine) Stateof Burma (Myanmar) page 406 က အောက်ပါအရေးအသားပါ။

"For all the bloody communal violence experienced by the Arakanese Buddhists in the Western frontier, I feel strongly that it is reasonable to blame the British colonial administration for arming the Chittagonians in the Mayu Frontier as the Volunteer Force."

အဲဒီမှာ ဒေါက်တာရေးသွားတာ က "I feel strongly" ပါ။ အဲဒီ အရေးအသားကိုကြည့်ခြင်းအားဖြင့် ဒါဟာ အထောက်အထားမဲ့ ဖြစ်ကြောင်း၊ ဒေါက်တာအေးချမ်းရဲ့ sentimental thought သာ ဖြစ်ကြောင်း ထင်ရှားနေပါတယ်။

ကိုမြတ်သိန်းထွန်း က ဂျူးသုတေသီ မိုရှေယေဂါရ် ရဲ့ မှတ်တမ်းကို ပါးစပ်ရာဇဝင်ဖြစ်နိုင်ကြောင်းမှတ်ချက်ပြုသွားသလို၊ ကိုမြတ်သိန်းထွန်းရဲ့ အရေးအသားနဲ့ ဒေါက်တာအေးချမ်းရဲ့ အရေးအသားတွေဟာလည်း ပါးစပ်ရာဇဝင် ဖြစ်နိုင်ကြောင်း ကိုမြတ်သိန်းထွန်း ကလရိုးသားစွာဝန်ခံသွားတာကိုတလေးတစား အသိအမှတ်ပြုမိပါတယ်။

(I saw Dr Aye Chan's comment stating that If necessary, he will come into this discussion (according to him, "DEBATE") as he is a historian, not a liar, and therefore, I would like to request respected Dr Aye Chan to prove from
a single solid source indicating the immediate motive of the communal violence being cited)

ကိုမြတ်သိန်းထွန်း က reasoning လုပ်ပြထားတာလေး ရှိပါတယ်။ ဘာလဲဆိုရင်မွတ်စလင်တွေ က ရခိုင်ပြည် မြောက်ပိုင်းမှာ သွားစုဝေးတယ် ဆိုရင် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားဖြစ်တဲ့ ကမန် တွေဟာလည်းဘဲ မြောက်ပိုင်းမှာသွားစုနေတယ်လို့ ယူဆ
ရမယ်ဆိုတဲ့ အချက်ပါ။ ကျွန်တော် ရေးသားထားတာကဒီလိုပါ။ "အဓိကရုံန်းအပြီးမှာ တောင်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ စုစည်း နေထိုင်ကြပြီး၊ မြောက်ပိုင်းမှာ တော့ မွတ်စလင်စစ်တကောင်းသား တွေ စုစည်းနေထိုင်ကြပါတယ်။" ကျွန်တော်ရေးသားထား
တာ ရှင်းလှပါတယ်။ မြောက်ပိုင်းမှာစုစည်းသွားတဲ့သူတွေဟာ စစ်တကောင်းသားမွတ်စလင် တွေသာဖြစ်ကြောင်းပါ။ အစ္စလာမ်ဘာသာဝင်မွတ်စလင် အားလုံးလို့ လုံးဝမရေးထားတဲ့အပြင် ဘင်္ဂလီ နဲ့ ကမန်ကိုလည်းရောထွေးရေးသား ထားတာမဟုတ်ပါခင်ဗျာ။
ကမန် လူမျိုးတွေလည်း မြောက်ပိုင်းကို ထွက်ပြေးသွားခဲ့တယ်လို့ယူဆနိုင်တဲ့ အရေးအသားမျိုးကို ရေးသားခဲ့သူ က historian ဒေါက်တာအေးချမ်းပါ။ page 405 မှာ အခုလို ရေးသားထားပါတယ်။

"It is certain that hundreds of Muslim inhabitants of Southern Arakan fled northward," "ရခိုင်တောင်ပိုင်းမှာနေထိုင်တဲ့ ရာပေါင်းများစွာသော မွတ်စလင်တွေဟာ မြောက်ဖက်ကို ထွက်ပြေးခဲ့ တာ အသေအချာပါဘဲ" တဲ့။

ဒါကြောင့် အဲဒီမြောက်ပိုင်းကို ထွက်ပြေးစုရုံးခဲ့ကြသူထဲမှာ ကမန်တွေပါမပါ၊ ကိုမြတ်သိန်းထွန်း အနေနဲ့ ဒေါက်တာအေးချမ်း ကိုဘဲမေးကြည့်စေလိုပါတယ်။ ကျွန်တော့် ယူဆချက်ကို ပြောရရင်တော့  မြောက်ပိုင်းကိုထွက်ပြေးတဲ့ အထဲ ကမန်အရေအတွက်ဟာပြောပလောက်အောင်ပါမှာမဟုတ်ပါဘူး။

ကျွန်တော် မီးမောင်းထိုးပြ ချင်တဲ့နောက် တစ်ချက်ကတော့....တစ်ကယ်လို့သာ ဘင်္ဂါလီတွေ က ရခိုင်လူမျိုးတွေ ကို ဘာသာရေးခေါင်းစဉ် တပ်ပြီး သတ်ဖြတ်နှိပ်စက်ခြင်း ပြုခဲ့မယ် ဆိုရင် ရခိုင်တွေ အနေနဲ့လည်းလက်တုန့်ပြန်တဲ့ အနေနဲ့ အစ္စလာမ် ဘာသာဝင်တိုင်းကိုရန်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင် ကမန်တွေကြား communal riot မဖြစ်ခဲ့ဘူးလို့ ကိုမြတ်သိန်းထွန်း ဆိုထားသလို ကျွန်တော်လည်း အဲဒီလို လက်ခံပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဘင်္ဂါလီတွေ ဟာ ရခိုင်လူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး မျိုးတုန်းအောင်တိုက်ခိုက်ခဲ့တာ လုံးဝ မဟုတ်ကြောင်းပိုပြီး ထင်ရှားသွားပါတော့တယ်။

ကျွန်တော် ယခင် notes တွေမှာလည်း ရေးသားခဲ့ပါတယ်။ အခုလည်း ထပ်မံရေးသားဦးမှာ က ဘင်္ဂါလီလူမျိုးတွေဟာ ရခိုင်လူမျိုးတွေလိုဘဲ ဘင်္ဂလား နဲ့ မြန်မာနယ် နှစ်ဖက်စလုံးမှာ ဟိုဖက်ဒီဖက်နေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဆိုတဲ့ အချက်ကိုပါ။
ကိုမြတ်သိန်းထွန်း နဲ့ ကျွန်တော် အဓိက ကွဲလွဲနေတဲ့ အချက်ကလည်း ဒီအချက်ဘဲလို့ ယူဆမိပါတယ်။ ကိုမြတ်သိန်းထွန်း က ဘင်္ဂါလီတွေဟာ ရခိုင်ဖက်အခြမ်း နဲ့ ဘင်္ဂလားဖက် အခြမ်းနှစ်ဖက်စလုံး မှာ အခြေချနေ ထိုင်ခဲ့တဲ့လူမျိုး မဟုတ်ကြောင်း ရေးသားနေတာဖြစ်ပြီး၊ ကျွန်တော် က တော့ ဘင်္ဂါလီ တွေဟာ ရခိုင်ဖက်အခြမ်း နဲ့ ဘင်္ဂလားဖက် အခြမ်းနှစ်ဖက်စလုံး မှာ အခြေချနေထိုင်ခဲ့တယ်လို့ ရေးသားနေတာပါ။ ကိုလိုနီခေတ်မှာ စစ်တကောင်းဖက် က ဘင်္ဂါလီ အတော်များများကို
အင်္ဂလိပ် က ရခိုင်နယ်ထဲ import လုပ်ခဲ့တယ် ဆိုတဲ့ အချက်ကို ကို မြတ်သိန်းထွန်း က emphasize လုပ်ရေးသားနေပါတယ်။ အဲဒီအချက်ကို ကျွန်တော်လည်း လက်ခံထားပြီးသားပါ။ လက်ခံထားကြောင်းကျွန်တော့် ရဲ့ previous note မှာ "ရခိုင်မြေ ဟာ ဗမာဘုရင်
တွေရဲ့ လုပ်ရပ်ကြောင့် ဖုန်းဆိုးအသွင်ဆောင်နေခဲ့တဲ့ အတွက် ဗြိတိသျှတွေက ဘင်္ဂလားက ဘင်္ဂါလီ တွေကို ခေါ်ဆောင်အခြေချ နေထိုင်စေခဲ့ကြောင်း ဒေါက်တာအေးချမ်းကဘဲ J.S Furnivall ရဲ့ Colonial Policy and Practice ကို ကိုးကားရေးသားထားပါတယ်။" လို့ တင်ပြခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်မှာ ရှေးယခင်ကတည်း က ဘင်္ဂါလီ လူမျိုးတွေ အခြေချနေထိုင်မှု ရှိခဲ့သလား မရှိခဲ့ဘူးလားဆိုတဲ့ အချက်ကို ဖော်ဆောင်ဖို့ရာ အထောက်အထားတွေ ပေးဖို့လိုအပ်လာပါပြီ။ ကျွန်တော့်ဖက် က အထောက်အထားပေးပါပြီ။
ဒေါက်တာ Suniti Bushan Qanungo ပြုစုခဲ့တဲ့ A History of Chittagong Volume (1), စာမျက်နှာ ၂၉၁ မှာ-

"ရခိုင်မှာ ရှိတဲ့ မွတ်စလင် လူဦးရေ ကို အကြမ်းဖြင်းအားဖြင့် အုပ်စု လေးခုခွဲခြားနိုင်ပါတယ်။ အဲဒါတွေ က တော့ ဘင်္ဂါလီ၊ အခြားအိန္ဒိယအနွယ်၊ အာဖရိက အာရှ အနွယ် နဲ့ native ဌာနေ မွတ်စလင် တို့ဖြစ်ကြပါတယ်။ အဲဒီ မွတ်စလင်အုပ်စုလေးခု ထဲမှာ ဘင်္ဂါလီ မွတ်စလင်တွေက အကြီးဆုံးအုပ်စုဖြစ်ပါတယ်။ ဘင်္ဂလားအောက်ဖက် ကနေဝင်ရောက်လာတဲ့ မွတ်စလင် သုံ့ပန်းတွေဟာ ရခိုင်ဘုရင့်နိုင်ငံမှာ  ဘင်္ဂါလီမွတ်စလင် အရေအတွက်တိုးပွါးခြင်း ကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။"

ရခိုင်ပြည် မှာ အေဒီ (၁၇ ရာစု) မှာလည်း ဘင်္ဂါလီ လူမျိုးတွေဟာ မဂိုမင်းသားရှားရှုဂျာ နဲ့ အတူ အခြေချနေထိုင်မှုတွေ ရှိခဲ့ကြောင်း သမိုင်းအထောက်အထားနောက်တစ်ခု အနေနဲ့Francois Bernier ရဲ့ Travels in the Mogul Empire စာအုပ် (၁၉၁၆) ကို ဖတ်ကြည့်ပါ။

ကိုမြတ်သိန်းထွန်း က ဘင်္ဂလားမှာအခုအထိ နေထိုင်နေတဲ့ မရမာ (Magh, ရခိုင်လူမျိုး) တွေနဲ့ ပတ်သက်ပြီး၊ "ရခိုင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထား ရတယ်ဆိုတာက နဂိုကတည်းက အဲဒီနေရာမှာနေတဲ့တိုင်းရင်းသားဖြစ်နေလို့။" အဲဒီလို ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဘင်္ဂလားမှာအခုအထိ နေထိုင်နေတဲ့ မရမာ (Magh, ရခိုင်လူမျိုး) တွေဟာ ဘယ်အချိန်ကတည်း က စနေထိုင်ခဲ့လို့သူတို့ကိုဘင်္ဂလား တိုင်းရင်းသားအဖြစ် သတ်မှတ်နိုင်ရတာလဲ? သူတို့ ဟာ အေဒီ (၁၈) ရာစု မှာ မြန်မာဘုရင်တွေ ရခိုင်ကို သိမ်းပိုက်ပြီးနောက် မှ ဘင်္ဂလား ကို ကူးပြောင်းရောက်ရှိ အခြေချနေထိုင် ခဲ့သူတွေ ဖြစ်တယ်လို့ Encyclopaedia Brittanica ရဲ့ Marma entry မှာ အတိအလင်း  ဖော်ပြထားပါတယ်။ ဘင်္ဂလား က publish လုပ်တဲ့ ဘင်းဂလားစွယ်စုံကျမ်း Banglapedia
Magh entry မှာ ဖော်ပြထားတာ က တော့ သူတို့ဟာ ရခိုင်ဘုရင် အုပ်စိုးစဉ် အခါ (၁၄၅၉-၁၆၆၆) မှာ ဘင်္ဂလားတောင်ဖက်နဲ့ အရှေ့တောင်ဖက်တွေမှာ စတင် အခြေချနေ ထိုင်ခဲ့တာဖြစ်နိုင်ပေမဲ့၊ သမိုင်းအထောက်အထားနဲ့ခြေရာကောက်လို့ မရပါ။ ရခိုင်
ပြည် ဗမာလက်အောက်ရောက်တဲ့ အချိန် (၁၇၈၄) မှ Magh လူမျိုးတွေ ဘင်္ဂလားမှာအခြေချ နေထိုင်လာမှု ကြီးထွားလာပါတယ်။ သမိုင်းတွေကို ကျကျနန ခြေရာကောက် ကြည့်မယ် ဆိုရင် ရခိုင်လူမျိုးတွေ ဘင်္ဂလား မှာ စတင်နေထိုင်ခဲ့တဲ့ ခုနှစ်
ထက် ဘင်္ဂါလီ တွေရခိုင်ကို စတင်အခြေချနေထိုင်ခဲ့တဲ့ ခုနှစ် က ပိုလို့တောင်စောနေပါသေးတယ်။  မြောက်ဦး မင်းဆက် ကို စတင်တည်ထောင်ခဲ့တဲ့ ရခိုင်ဘုရင် မင်းစောမွန် (နရမိတ်လှ) ကို စစ်အင် အားအထောက်အကူပေးခဲ့တဲ့ ဘင်္ဂါလီလူမျိုး တွေဟာ မြောက်ဦး ခေတ်အဦးမှာကတည်းက ရခိုင်မှာ အခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးပညာရှင် ဦးရွှေဇံ က သူ့ရဲ့ The Golden Mrauk-U An Ancient Capital of Rakhine စာအုပ်မှာ ရခိုင်ပြည်နယ် မှာနေထိုင်တဲ့ ဘင်္ဂလီလူမျိုးတွေ ကို မြန်မာ၊ ကမန် နဲ့ မရမာကြီး တို့နဲ့အတူ တစ်တန်းတည်းထားပြီး "Nationals" လို့ သုံးနှုန်းရေးသွားတာကိုလည်း ဗဟုသုတ အနေနဲ့ပြောပြလိုပါတယ်။

သမိုင်းကို တစ်ကယ်အတွင်းကျကျ ကောက်ကြည့်ရင်.....အိန္ဒိယ ရဲ့ လွှမ်းမိုးမှု ဟာ ရခိုင်ပြည်မှာ ဝေသာလီခေတ် ( အေဒီ ၄ ရာစု) မတိုင်ခင် ကတည်းကိုက ရှိနေခဲ့တယ် ဆိုတာ ဘယ်သမိုင်းပညာရှင်မှ ငြင်းဝံ့မယ် မထင်ပါဘူး။ ရခိုင်ပြည်မှာ ရှေးကတည်းကဘင်္ဂါလီ
settlement တွေ မရှိဘဲ၊ ကိုလိုနီခေတ်ကျ မှ အလုံးအရင်းနဲ့ရောက်လာတာဆိုတဲ့ အချက်ဟာ historically, logically လုံးဝ လက်ခံနိုင်ဖွယ်ရာမရှိပါဘူးခင်ဗျာ။

ရိုဟင်ဂျာ ဆိုတာ ဘင်္ဂါလီ အဆက်အနွယ်တွေဖြစ်ပါတယ်။ "ရိုဟင်ဂျာ" ဆိုတဲ့အမည်ဟာ ရခိုင်မှာနေတဲ့ ဘင်္ဂါလီတွေ က သူတို့ကိုယ်သူတို့ ပေးထားတဲ့ အမည်သစ်သာ ဖြစ်ပါတယ်။ ဒါ "ရိုဟင်ဂျာ" အမည်နဲ့ပတ်သက်တဲ့ ကျွန်တော့် လက်ခံထားမှု ပါ။ဘင်္ဂါလီ
လူမျိုးတွေ ဟာ ရခိုင်မှာ ဝေသာလီ ခေတ်မတိုင်ခင် ကတည်းက အခြေချနေထိုင်ခဲ့တာ ရာခိုင်နှုန်း အတော်များများဖြစ်နိုင်ဖွယ်ရာရှိပြီး၊ မရောက်ဦးခေတ် ကနေ စတင်အခြေချ နေထိုင်လာခဲ့တယ် ဆိုတဲ့ အချက် က တော့ သမိုင်းအတိအကျဖြစ်တယ်။ ကိုလိုနီခေတ်
မှာလည်း ဘင်္ဂါလီ တွေ အလုံးအရင်းနဲ့လယ်ကူလီတွေအဖြစ် ရခိုင်ပြည်ကို ဝင်ရောက် အခြေချနေထိုင်လာတာလည်း သမိုင်းအမှန်ပါဘဲ။ ကိုလိုနီခေတ်နောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်ထဲ ခိုးဝင်လာတာ တွေရှိမှာ အသေအချာပါ။ ဗိုလ်ချုပ်နေဝင်း ခေတ် က
ထွက်သွားတဲ့ ဘင်္ဂါလီတွေကို ဟင်္သာစီမံချက် နဲ့ ပြန်ခေါ်ရာမှာ ထွက်သွားတာထက် ပိုပြီး လက်ခံပေးခဲ့ရတာ ရှိနိုင်ပါတယ်။ အဲဒါကအစိုးရရဲ့ ညံ့ဖျင်းမှုပေါ့ခင်ဗျာ။ ခိုးဝင်နိုင် တာလည်းဘဲ အစိုးရရဲ့ညံ့ဖျင်းမှု အဂတိ လိုက်စားမှုတွေကြောင့်ပါ။

ရခိုင်ပြည်နယ် မှာ ဘင်္ဂါလီတွေ က လက်နက်ကိုင် မူဂျာဟစ် အမည်ခံပြီး တစ်စင်ထောင်ဖို့ ကြိုးစားခဲ့တာအမှန်ပါဘဲ။ အဲဒါဟာ တိုင်းပြည်တစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးသူပုန် ထမှုပါဘဲ။ ရခိုင်လူမျိုးတွေရဲ့ ဘာသာရေးမုန်းတီးမှုတွေ ကို မြင်ခဲ့
ကြုံခဲ့ရတဲ့ ဘင်္ဂါလီတွေဟာ "မူဂျာဟစ်" ဂျိဟာဒ်လုပ်သူများလို့ အမည်ခံပြီးဘာသာရေးကိုခုတုံးလုပ် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ လက်နက်ကိုင် ပုန်ကန်တာက ရခိုင်လူမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကို သီးခြားအုပ်ချုပ်ရေးပေးဖို့
နည်းမျိုးစုံနဲ့ကြိုးပမ်းနေတဲ့ရခိုင်လူမျိုးတွေယနေ့ အထိရှိနေစဲပါ။ သီးခြားခွဲထွက်ရေးကို ဘင်္ဂါလီဘဲလုပ်လုပ်၊ ရခိုင်ဘဲလုပ်လုပ် တိုင်းပြည်အတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်ပါတယ်။ မူဂျာဟစ်လှုပ်ရှားမှု ကိုတော့ နိုင်ငံတော် အစိုးရ က အပြီးသတ်ကိုင်တွယ်ပြီးပြီဆိုတော့ တစ်ခြမ်းအေးသွားပါပြီ။ ရခိုင်လူမျိုးတွေ ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို လည်း နိုင်ငံတော်အစိုးရ အနေနဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ရင် တိုင်းပြည် မပဲ့တော့ဘူးပေါ့ဗျာ။ တိုင်းပြည်အပေါ်သစ္စာရှိတဲ့ ကျွန်တော့် ခံယူချက်ကို ပြောရရင်တော့ ကျွန်တော်တို့ မြေပုံကို ပုံပျက်အောင် ဖန်တီးနေတဲ့ ဘယ်သူ့ကို မဆို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။

Races Of Burma စာအုပ်မှာဖော်ပြထားတဲ့ အိန္ဒိယနွယ်ဖွားဦးရေ သန်းဂဏန်းမှာ မူဆလင်တွေချည်းပဲ မဟုတ်တာ သေချာတာပေါ့ခင်ဗျာ။ ကျွန်တော် က လည်းအဲဒီ သန်းဂဏန်း ဟာ မွတ်စလင်တွေချည်းပဲ လို့ ရေးသားခဲ့တာမရှိပါဘူး။ ကိုမြတ်သိန်းထွန်း သုံးသပ်ထားသလို အဲဒီသန်းဂဏန်း အိန္ဒိယအနွယ်ထဲမှာ အစ္စလာမ်ဘာသာ ၏ဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ခရစ်ယျာန်ဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေပါမှာပါ။ ဗုဒ္ဓဘာသာဝင်တွေတောင် ပါချင်ပါမှာပါ။ Races Of Burma စာအုပ် က ဗြိတိသျှ အိန္ဒိယ စစ်တပ်ရဲ့ Handbook လက်စွဲစာအုပ်ပါ။ စစ်သားစုဆောင်းရေး လုပ်ငန်းမှာ အထောက်အကူပြုဖို့ ပြုစုထားတဲ့ စာအုပ်ပါ။ မြန်မာနိုင်ငံမှာ မြင်တွေ့ ရတဲ့ လူမျိုးတွေ အ ကြောင်း မြန်မာပြည်မှာ တာဝန်ကျတဲ့ဗြိတိသျှစစ်သားတွေ သိဖို့အတွက် ပြုစုထားတဲ့ စာအုပ်ပါ။ ဘင်္ဂါလီ လူမျိုးဟာဘယ်လို ပုံစံလဲ ဆိုတာ ဗြိတိသျှ အင်္ဂလိပ်စစ်သားတိုင်း၊  ဗြိတိသျှ အိန္ဒိယစစ်သားတိုင်း ကောင်းကောင်းသိပြီးသားပါ။ ဗြိတိသျှစစ်သားတွေအတွက် Exotic ဖြစ်တဲ့လူမျိုးတွေ အကြောင်းကိုဘဲ  ရေးသားထားတာပါ။ မြန်မာပြည်မှာ ဘင်္ဂါလီတွေရှိတယ်လို့ ရေးသားရုံ နဲ့လုံလောက်သွားပါတယ်။

ကိုမြတ်သိန်းထွန်း က မျက်နှာဖုံး၊ခြေအိတ်လက်အိတ်စွပ်ပြီးမှ အပြင်ထွက်တဲ့အလေ့အထ ကို ဘာသာရေးအစွန်းရောက် အလေ့အထ လို့မြင်နေတာသိရပါတယ်။ ဘယ်လို ပုံစံနဲ့ အစွန်းရောက်နေတယ် ဆိုတာလေး detail ပြောပြရင် ပိုကောင်းမယ် ထင်တယ်ဗျာ။  စကတ်အတို ဘောင်းဘီအတို မကြည့်ဝံ့လောက်အောင် ရင်ဟိုက် ကုန်ကုန်ပြောရရင် အတွင်းခံ ဘောင်းဘီ ပေါ်အောင်ချက်ပြုတ် ဘောင်းဘီဝတ်တဲ့ လူတွေကို ရော ကိုမြတ်သိန်းထွန်း ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

ရခိုင်လူမျိုးတွေနဲ့ အဲဒီဒေသ က မွတ်စလင်တွေအကြား ပြဿနာ ကို ငြိမ်းချမ်းစေချင်ရင် solution ၃ ခု ကိုဘဲ ကျွန်တော်မြင်ပါတယ် လို့ပြောပြီး solution ၃ ခုချပြ ခဲ့တာက ဘာကြောင့်လဲဆိုရင် ရခိုင်လူမျိုးတွေက အစ္စလာမ်ဘာသာကို ဒီနေ့အထိ
အငြှိုးထားမုန်းတီးနေဆဲလို့ ကိုမြတ်သိန်းထွန်း က ယခင် ပြန်ကြားစာမှာ ရေးသားခဲ့လို့ပါခင်ဗျာ။ ရခိုင်လူမျိုးတွေက အစ္စလာမ် ဘာသာကို အငြှိုးထားတာမဟုတ်ပါလို့ ကိုမြတ်သိန်းထွန်း ထပ်မံရေးသားလာတဲ့ အတွက် ဝမ်းမြောက်ကြိုဆိုမိကြောင်းပါ။
ကျွန်တော်တင်ပြခဲ့တဲ့ option ၃ ခုထဲက ဒုတိယ option (သီးခြားနယ်မြေသတ်မှတ်ပေးရေး) ဟာ ကျွန်တော် က အစပြုတင်ပြတဲ့ option မဟုတ်ပါဘူး။ ရခိုင်လူမျိုးဘုန်းကြီးတွေ / ဆရာတော်တွေ ကိုယ်တိုင် က ကြေညာချက် ထုတ်တောင်းဆိုခဲ့
တဲ့ option ပါခင်ဗျာ။ တတိယ option (ကျွန်းတစ်ကျွန်း ကို ပို့ရေး) အတွက် ကိုမြတ်သိန်းထွန်း သဘောတူသွားတာ အားရစရာပါဘဲ။ အန္တာတိက တိုက်ကို စရိတ်ခံပြီး ပို့ပေးမယ်ဆိုတော့။ အဲဒီ အစီအစဉ်ကို နိုင်ငံတော်အစိုးရနဲ့ UN အပါအဝင် နိုင်ငံတကာ ကိုတင်ပြကြည့်ပါလားဗျာ။

ကိုမြတ်သိန်းထွန်း က ကုရ်အာန် ကျမ်းပါ အဆုံးအမတွေကို ဝိရောဓိ အသွင်ဆောင်တယ် လို့မြင်ထားတာသိရပါတယ်။ တစ်ကယ်တော့ ကုရ်အာန် ကျမ်းမှာ ဝိရောဓိ အသွင်ဆောင်တဲ့ အဆုံးအမ တစ်ခုမှ မပါပါဘူး။ မွတ်စလင်တိုင်းဟာ မိမိနေထိုင်ရာ တိုင်းပြည် ဥပဒေကို
နာခံရမယ် သစ္စာထားရမယ် ဆိုတာလည်းပါရှိသလို၊ မွတ်စလင်အချင်းချင်းရိုင်းပင်းကူညီရမယ် ဆိုတာလည်း ပါရှိပါတယ်။ ဒါပေမဲ့ မွတ်စလင်လို့ ဆိုတိုင်းရိုင်းပင်းကူညီခိုင်းထားတာလား? ဥပမာ-သူတစ်ပါးပစ္စည်းခိုးပြီးပြေးနေတဲ့ မွတ်စလင်ကို ကူညီရိုင်းပင်းရမှာလား?
မဟုတ်ပါဘူး။ မတရားညင်းပန်းနှိပ်စက်ခံနေရတဲ့ မွတ်စလင် ကို ရိုင်းပင်းကူညီဖို့ဆိုလိုတာပါ။ ဘာသာခြားကို မတရားလုပ်တဲ့ မွတ်စလင် နဲ့ မတရားလုပ်ခံရတဲ့ ဘာသာခြားယှဉ်လာရင် စစ်မှန်တဲ့ မွတ်စလင်ဟာ တရားမျှတမှု Justice ကိုဦးထိပ်ထားပြီး ဘာသာခြား
ဖက် က ရပ်တည်ရမှာပါ။ တမန်တော်မုဟမ္မဒ် နဲ့ ခလီဖွာ Caliph တွေ ခေတ်မှာ တရားမျှတ တဲ့ ဘာသာခြားဖက်ကို အလေးပေးပြီး ဆုံးဖြတ်ပေးခဲ့တဲ့ ဖြတ်ထုံးတွေ အများကြီးရှိပါတယ်။ အစ္စလာမ် ဘာသာရဲ့ အဓိက သွန်သင်ချက် က အမှန်တရား နဲ့ တရားမျှတမှု Justiceဖက် က ရပ်တည်ဖို့ဖြစ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ၊ သာသနာကို စော်ကားခံနေရတာ မြင်နေရဲ့သားနဲ့ သာသနာဖက်က မရပ်တည်ဘဲတိုင်းပြည်ကို သစ္စာရှိရမယ်ဆိုပြီး နေနေတာ မျိုးကိုတော့ ဘယ်ဘာသာက မှ approve လုပ်မယ် မထင်ပါဘူး။ ဥပမာ-အမေရိကန် နိုင်ငံသားမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တစ်ယောက်က အမေရိကန် နဲ့ မြန်မာစစ်ဖြစ်ရင် သူသစ္စာခံထားတဲ့ အမေရိကန်ဖက်ကဝင်ကူပေးခြင်းဟာဖြစ်နိုင်ပေမဲ့၊ အမေရိကန် နိုင်ငံ က ဗုဒ္ဓဘာသာ အပေါ်စော်ကားလာရင်တော့ "ငါသစ္စာခံထားတဲ့နိုင်ငံ က အမေရိကန် ဘဲ၊ ဒါကြောင့် ငါငြိမ်ခံနေလိုက်ရမယ်" လို့ ခံယူပြီး ကျေနပ်နေမဲ့မြန်မာလူမျိုးဗုဒ္ဓဘာသာဝင် ရှိမယ်မထင်ပါဘူး။ အဲဒီလိုမျိုး ခရစ်ယျာန်ဘာသာဝင် ဟိန္ဒူဘာသာဝင်တွေလည်း ရှိမှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ လူတစ်ချို့ က အစ္စလာမ် ဘာသာကို စော်ကားနေတာ က ရိုဟင်ဂျာ ဘင်္ဂါလီ နဲ့ ရခိုင်အရေးအခင်းမဖြစ်ခင် နှစ်ပေါင်းများစွာ အရင်ကပါ။ အမျိုးပျောက်မှာ စိုးကြောက်စရာ လို လမ်းဘေးစာအုပ်မျိုးတွေ ၊ ဗလီတွေ ကို ထိပါးတဲ့လုပ်ရပ်တွေ စတာတွေဟာ ရခိုင်အရေးမတိုင်ခင်ကတည်း က ရှိနေတာပါ။ အခုမှ ရခိုင်အရေးကို ဗန်းပြပြီး ဆဲဆိုရမ်းကားတာတွေ ပိုအားကောင်းလာတာပါ။ ရခိုင်တွေ က ဘင်္ဂါလီတွေကို ဆန့်ကျင်တာ ဟာ မြန်မာမွတ်စလင်တွေအနေနဲ့ အနေသာကြီးပါ။ ဘင်္ဂါလီတွေ က ရခိုင်လူမျိုးတွေရဲ့ရွာ တွေကို မီးရှို့ဖျက်စီး သတ်ဖြတ်တဲ့လုပ်ရပ်တွေ ကို မြန်မာမွတ်စလင်တွေက  ပြင်းပြင်းထန်ထန် ရှုံ့ချသလို၊ ရခိုင်တွေက ဘင်္ဂါလီ တွေရွာတွေကို မီးရှို့ဖျက်စီး သတ်ဖြတ်တဲ့လုပ်ရပ်တွေ ကို လည်း မြန်မာမွတ်စလင်တွေကပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။
ဒါပေမဲ့ ဘင်္ဂါလီ ကို အကြောင်းပြပြီး အစ္စလာမ်ဘာသာကို ဆက်လက်တိုက်ခိုက်နေမယ် ဆိုရင်တော့ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်အတွက် အလွန်ကိုရင်လေးမိကြောင်းပါ။

ကိုမြတ်သိန်းထွန်း ယခင် note မှာပြောခဲ့သလိုပေါ့ဗျာ။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘာသာတရားကို စော်ကားခံရရင်တော့ ဆင်ခြင်တုံတရား လက်လွတ်သွားတတ်တာမျိုးရှိတယ် ဆိုတော့....ကျွန်တော်တို့ တိုင်းပြည်ကြီး မှာ လူမျိုးရေး ဘာသာရေး အဓိကရုံးတွေ၊ မုန်းတီးမှုတွေ ပပျောက်သွားပြီး ချစ်ချစ်ခင်ခင်ညီညီညွတ်ညွတ် နေထိုင်သွားကြမယ့်တစ်နေ့ကို စောင့်နေမိပါတယ်။ အမျိုးပျောက်မှာစိုးကြောက်စရာစာအုပ်လို မုန်းတီးရေးဝါဒ hate speech တွေ ဖြန့်နေတဲ့ လူဆိုးတွေ မရှိတော့တဲ့ တစ်နေ့နေ့ပေါ့ခင်ဗျာ။


ရဲရင့်သစ္စာ

အပြန်အလှန် ဆွေးနွေးပိုစ်များ

ရေးသူ- ရဲရင့်သစ္စာ - ကို Myat Thein Tun အားဖြေကြားခြင်း
ရေးသူ- ကိုမြတ်သိန်းထွန်း .. ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်
ရေးသူ- ကိုမြတ်သိန်းထွန်း .. ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် (၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...