Sunday, July 1, 2012

ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒ ဆိုင်ရာစိန်ခေါ်မှုများ (၁)


by Min Zaw Oo on Sunday, July 1, 2012 at 9:28am 

(Voice Weekly Volume 8, No. 38., page 30-31, June 30, 2012)
 မင်းဇော်ဦး

အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရိုလင်ဂျာပြဿနာ အပေါ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ နိုင်ငံရေးပါတီကြီးတွေက သဘောထား ထုတ်ပြန်ချက်တွေပေးကြတယ့်အခါမှာ အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေး နဲ့ ဘာသာရေး အဓိကရုဏ်းအဖြစ် တခြားနေရာတွေမှာ ပြန့်မသွားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိ အဓိကရုဏ်းကို ရပ်တန့်ဖို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကလှည့်စားခြေတာတွေရပ်ဖို့ ကလက်ငင်းလိုအပ်ချက်တွေပါ။ ဒါအပြင် ရေရှည်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စကို စဆွေးနွေးသင့်ပြီ၊ လူထုကို ချပြသင့်ပြီလို့ထင်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာက အမျိုးသားလုံခြုံရေး နဲ့ ဘယ်လိုဆက်စပ်လဲ? ဒီပြဿနာနဲ့ပတ်သက်ပြီး အမျိုးသား အကျိုးစီးပွားက ဘာဖြစ်သင့်လဲ? ဘယ်လိုပေါ်လစီတွေချပြီး ဆောင်ရွက်သင့်လဲ?


အမျိုးသားလုံခြုံရေးပြဿနာ
ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေး နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာတရား သက်သက်လောက်မှာပဲ ကန့်သတ်စဉ်းစားလို့ မရဘူး။ ရိုဟင်ဂျာပြဿနာက အမျိုးသားလုံခြုံရေး နဲ့တိုက်ရိုက်ဆိုင်တယ်။ အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွား ကိုစဉ်းစားတဲ့အခါမှာ ချစ်ခြင်းမုန်းခြင်းကင်းတဲ့ ကျိုးကြောင်းဆီလျှော်မှုကို အခြေခံတဲ့ ရလဒ်ကိုခြေပြုတဲ့ ဆင်ခြင်တုံတရားကို အခြေခံဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်ရတယ် ဆိုတာ အချက် ၃ ချက်ရှိတယ်။

ဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့အကြပ်အတည်း
နံပတ်တစ် အဓိကအကြောင်းက ဘေးအိမ်နီးချင်း ဘင်းဂလားဒေ့ရှ် ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းပါ။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံထက် ၄.၆ ဆလောက် အကျယ်အဝန်းအရ သေးငယ်ပေမယ့် ခန့်မှန်းချေ အရ သူ့လူဦးရေက ၂.၆ ဆပိုများတယ်။ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းဆ အများဆုံးနိုင်ငံတွေထဲ မှာပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက လုပ်ကိုင်စားသောက်လို့ ပိုအဆင်ပြေတဲ့ မြန်မာပြည်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကသူတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် ဗြိတိသျှအစိုးရတောင် နောင်လူမျိုးရေးပြဿနာတွေ ဖြစ်နိုင်တယ်လို့ မှတ်တမ်းပြုခဲ့ဘူးတယ်။
ဘင်းဂလားဒေ့ရှ်ဆိုတာ သဘာဝပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို အခံရဆုံးနိုင်ငံတွေထဲ ကတစ်ခု။ UNDPရဲ့အဆိုအရ ပယ်လယ်ရေမျက်နှာပြင်မြင့် တက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၇.၅% သောမြေတွေပာာ ရေအောက်ရောက်မယ့် ကိန်းဖြစ်နေပြီ။ ရေဖုံးလာနေတဲ့မြေတွေပာာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကန်ရိုးတန်းဒေသတွေဖြစ်ပြီး ဒီပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လူသန်း ၄၀ လောက်တဖြေးဖြေးနဲ့ “သဘာဝပတ်ဝန်းကျင် ဒုက္ခသည်” ဖြစ်လာမယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ခန့်မှန်းကြတယ်။ ရေမျက်နှာပြင် မြင့်တက်နှုန်းအမြင့်ဆုံးဒေသက မြန်မာပြည်နဲ့နီးတဲ့ စစ်တကောင်း (Cox’s Bazar) ကမ်းရိုးတန်း ဖြစ်တယ်။ တစ်နှစ်ကို အနည်းဆုံး ၇.၈ မီလီမီတာနှုန်းနဲ့ မြင့်တက်လာတယ်။ ရေရှည်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့  “သဘာဝပတ်ဝန်းကျင်ဘေးသင့် ဒုက္ခသည်” ပြဿနာက မြန်မာနိုင်ငံတံခါး ကိုလာခေါက်တော့မှာ ဖြစ်တယ်။ အထူးအဖြင့် မြန်မာပြည်မှာ စီးပွားရေး အခွင့်အလမ်း တိုးတက်လာခဲ့ယင်ပေါ့။


ဒါပေမယ့် ၁၉၉၁ နောက်ပိုင်းကစလို့ အစိုးရက ရိုဟင်ဂျာတွေကို နိုပ်ကွပ်လာလိုက်တဲ့အခါ ခိုးဝင်တာတွေနည်းသွားတဲ့အပြင် ဘင်းဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူညီမှုရပြီး ပြန်ပို့တဲ့သူတွေထဲမှာတောင် မြန်မာပြည်တွင်းက ပြန်ထွက်ပြေးသူတွေ အများကြီးပါ။ မြန်မာပြည်တွင်းမှာ စီးပွားရေး မကောင်းတာက တစ်ကြောင်း နိုင်ငံခြားမှာ သွားအလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပေါ်လာတာကတစ်ကြောင်း အနောက်နိုင်ငံတွေကို ဒုက္ခသည်အဖြစ် သွားရောက်ဖို့ အခွင့်အလမ်းတွေ ဖန်လာတာတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ သူတွေအပြင် မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေပါ ပြည်ပကို တစ်နည်းနည်းနဲ့ ရအောင်ထွက်ကြပါတယ်။ ဒါကြောင့် လူကုန်ကူးလုပ်ငန်း ကိုကျယ်ကျယ်ပြန့်ပြန့် လုပ်တဲ့သူတွေထဲမှာ ရိုဟင်ဂျာကွန်ယက်ဟာ စနစ်တကျနဲ့ အချိပ်ဆက်ရှိရှိ တည်ဆောက်ထား တယ်လို့  ဒေသဆိုင်ရာ လုံခြုံရေး အဖွဲ့တွေက ဆိုပါတယ်။ ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ တရားမဝင်ခိုးဝင်တဲ့ ပြဿနာဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အော်စတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္နိယ၊ ပါကစ်စတန်၊ ဆော်ဒီအာရေးဘီးရား၊ UAE စတဲ့နိုင်ငံတွေ အထိပြန့်နှံ့နေပြီး ဒေသဆိုင်ရာ နယ်စပ်ဖြတ်ကျော်မှုခင်း (Transnational Crime) တစ်ခုအဖြစ် အလေးနက်ထား စဉ်းစားလာပြီဖြစ်တယ်။


နယ်စပ်ရိုဟင်ဂျာတို့ရဲ့ ဘင်္ဂလီ အဆက်အနွယ်
နံပတ်နှစ် အကြောင်းက ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ ဘာသာစကား ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှုအရ နီးစပ်တဲ့ မြန်မာပြည်ထဲက ရိုဟင်ဂျာတွေပာာ ဆွေမျိုးသားချင်းတွေက လာချင်တယ်ဆိုယင် လာခေါက်မယ့် တံခါးဝမှာ ဖွင့်ပေးဖို့ ထိုင်စောင့်နေသူတွေလို ဖြစ်နေတယ်။ မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းက ၁၂၅ မိုင် ပဲရှိပေမယ့် အိန္နိယလို ဘင်္ဂလားဒေ့ရှ် ကခိုးဝင်လာမယ့် သူတွေကိုတားဆီးဖို့ စနစ်တကျပြင်ဆင် ထားတဲ့ အတားအဆီးမျိုး မရှိဘူး။ အိန္နိယမှာ မိုင်၂၅၀၀ ကျော် ဘင်္ဂလားနယ်စပ်ကို မိုင်  ၂၀၀၀ လောက်ခြံစည်းရိုးခတ်ပြီး လုံခြုံရေး အစီအမံတွေ လုပ်ထားတာတောင်  ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာကို မဟန့်တားနိုင်ပါဘူး။ နယ်စပ်ကလည်းပို ရှေလျှားတဲ့ အပြင် အာသံနဲ့ West Bengal ဘက်မှာက ဘင်္ဂလီအနွယ်တွေက ရှိနေတော့ ၂၀၀၁ တရားဝင်နေထိုင်သူ စစ်တမ်းအရ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလီ ၃ သန်းလောက်က အိန္နိယနိုင်ငံနိုင်ငံထဲ ရောက်နေပြီးပြီ။ အိန္နိယ ပြည်ထဲရေး ဝန်ကြီး Shri Indrajit Gupta က တရားမဝင် ၁၀သန်းကျော် ခိုးနေသူတွေထဲမှာ ဘင်္ဂလားနယ်စပ် အာသံနဲ့ West Bengal  နှစ်ခုပေါင်းရင်ပဲ ၉သန်းကျော် သူတို့တိုင်းပြည်ထဲမှာ ဝင်နေပြီလို့ ၁၉၉၇ တုန်းက  အိန္နိယလွတ်တော်ကို တင်ပြဖူးတယ်။ ဘင်္ဂလီအနွယ် လူမှုရေးကွန်ရက်ရှိပြီးသား နယ်စပ်တွေက တရားမဝင် ခိုးဝင်ဖို့ လွယ်ကူတဲ့နေ ရာတွေဖြစ်လာတယ်။ အထူးသဖြင့် ဒီလိုဝင်လာတဲ့သူ အများစုက ဆင်းရဲပြီး ပညာမတတ်သူတွေ ဖြစ်တာကြောင့် မတိုးတက်သေးတဲ့ တိုင်းပြည်တွေမှာ ဝန်ထုတ်ဝန်ပိုး ပိုကြီးလာတယ်။ မြန်မာပြည်က အကျင့်ပျက်လဝက အရာရှိတွေကြောင့်လည်း တရားမဝင်ခိုးဝင်လာသူတွေ ကိုထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ပါဘူး။

တံခါးစောင့်ဆွေမျိုးပေါက်ဖော် ပြဿနာက ရခိုင်ဘက်မှာတင်မဟုတ်ဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းက တရုပ်စကားပြောတဲ့ ဥပမာ ‘ဝ’ လူမျိုးစု တွေလိုအုပ်စုတွေမှာလည်း အလားတူ ပြဿနာမျိုးရှိပါတယ်။ ရခိုင်မှာ အခုဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းမျိုး မန္တလေးလို နေရာမျိုးမှာ တစ်ချိန်ဖြစ်လာနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အဆက်အနွယ် တင်မက နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုပြီး ရောက်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေက မြန်မာပြည်ပြန်ရေး ဆိုပြီးဖြစ်လာနိုင်တဲ့ ပြဿနာကိုလည်း ထည့်စဉ်းစားဖို့လိုပါ လိမ့်မယ်။ နိုင်ငံတကာရောက် ရိုဟင်ဂျာတွေနဲ့ သူတို့နေတဲ့ အိမ်ရှင်နိုင်ငံကြားမှာ ပြဿနာအများကြီးရှိပါတယ်။ ဥပမာ ဆော်ဒီဘုရင် Faisal လက်ထက်မှာ ၁၉၅၀ အစောပိုင်းကစပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် လက်ခံပြီး အမြဲတန်းနေထိုင်ခွင့် ပေးခဲ့ပါတာ အခုဆို ၂သိန်းခွဲလောက်ရှိနိုင်ပါတယ်။ အဲဒီထဲမှာ မကာဘုရားဖူးဆိုပြီး ဗီဇာနဲ့ဝင် ခိုးဝင်ြပီးနေတဲ့ သူတွေလည်း အများအပြားပါ။ အခုဆိုယင်  Faisal လက်ထက်ကပေးဝင်ခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ကိုတောင် ဆော်ဒီအစိုးရက နေထိုင်ခွင့်တိုးပေး ဖို့ငြင်းဆန်နေပါတယ်။ ၂၀၀၉မှာ ရာဇဝတ်မှုအမျိုးမျိုးနဲ့ ထောင်ထဲမှာထည့်ထားတဲ့ ရိုဟင်ဂျာ မိသားစု ၃ ထောင်လောက်ကို ဆော်ဒီကနှင်ထုတ်ဖို့ အမိန့်ချပေမယ့် ဘယ်ပို့ရမလဲမသိ ဖြစ်နေတယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာနေတယ်ဆိုတဲ့ အသိမှတ်ပြုမှုမျိုးဖြစ်လာရင် နိုင်ငံအသီးသီးထောင်တွေထဲက ပြည်နှင်ခွင့်ကျနေတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဖိအားပေးမှုမျိုးတွေ ရှိလာဦးမှာပါ။

နယ်စပ်ပြဿနာ ရှုထောင့်ကကြည့်ယင် ဘင်္ဂလီအနွယ်ခြင်း တူတာတောင်မှ  ပြည်မရောက်လာပြီး မြန်မာတိုင်းရင်းသားတွေနဲ့ ဒွေးရောယှက်တင် နေထိုင်နေတဲ့သူတွေက ပြဿနာမဟုတ်ဘူး။ ဒီသူတွေကို အကြောင်းပြုပြီး နောက်ထပ်တရားမဝင် လာရောက်ဖို့ဆိုတာ ဖြစ်ဖို့အလားအလာ နဲတယ်။ နယ်စပ်နဲ့ဆိုင်တဲ့ အဓိကပြဿနာက ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီနွယ် ရိုဟင်ဂျာတွေ။ သမိုင်းဆိုင်ရာအရ ၁၅ ရာစုလောက်က မွတ်ဆလင်ဘာသာဝင်တွေ ရခိုင်ကိုကူးလာတာ ရှိခဲ့တယ်လို့ ပြောကြပေမယ့် တကယ့်အများစုကတော့ အင်္ဂလိပ်ရခိုင်ကို စသိမ်းပြီးမှ ရောက်လာကြတာပါ။ သူတို့မြန်မာပြည်ကို စရောက်လာတဲ့ အချိန်ကစပြီး တခြားလူမျိုးစုတွေနဲ့ ရောထွေးမှုမရှိပဲ သီးသီးသန့်သန့် နေခဲ့ကြတယ်။ အစိုးရ အဆက်ဆက်ကမူဝါဒ အမှားတွေကြောင့် သူတို့ကို သီးသန့်နေခိုင်းသလို ဖြစ်သွားတာလဲပါတယ်။

သူတို့အနေနဲ့ အများစုက ဘင်္ဂလီဘာသာစကားပဲ ပြောတယ်။ မြန်မာပြည်မြေပေါ်မှာ မွေးလာတဲ့သူတို့ ခလေးတွေကလည်း မြန်မာပြည်က ယဉ်ကျေးမှုထက် တဖက်နိုင်ငံကပါလာတဲ့ ဓလေ့ထုံးတမ်းတွေ အပေါ်မှာကြီးပြင်းလာတယ်။ သူတို့ရဲ့ အမျိုးသားရေး ဆက်စပ်မှုက (national sense of belonging) မြန်မာပြည်ထက် တဖက်နိုင်ငံကို တွယ်ဆက်ထားတယ်။ ဒါကြောင့်မို့ လွတ်လပ်ရေးရတော့မယ့် အချိန်မှာ ဂျပန်တိုက်ဖို့ဆိုပြီး အင်္ဂလိပ်တွေ လက်နက်တပ်ဆင်ပေးထားတဲ့ ရခိုင်နေ ဘင်္ဂလီနွယ် မွတ်ဆလင် အုပ်စုဟာ  မြန်မာပြည်က ခွဲထွက်ပြီး East Pakistan (အခုဘင်္ဂလားဒေ့ရှ်) နဲ့ပေါင်းမယ်ဆိုပြီး ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်က ဘင်္ဂလားဒေ့ရှ် ကပါကန်စတန်ရဲ့နယ်ဖြစ်ခဲ့တာမို့ ပါကန်စတန် သမ္မတ Muhammad Ali Jinnah  က မြန်မာခေါင်းဆောင်များနဲ့ မျက်နှာမပျက်ရအောင် ရခိုင်မွတ်ဆလင်တွေနဲ့ East Pakistan ပေါင်းဖို့ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ North Arakan Muslim League ကိုတည်ထောင်ပြီး (အဲဒိအချိန်တွေမှာ ရိုဟင်ဂျာဆိုတာ မပြောကြသေးပါ) East Pakistan နဲ့ပေါင်းမရယင်လဲ ကုလားတန်မြစ်နဲ့ မေယုမြစ်ကြားကဒေသကို လွတ်လပ်တဲ့ မွတ်ဆလင်နိုင်ငံတခု ထူထောင်ဖို့ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်ထဲမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ရအောင်လုပ်သင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ အစွန်းမရောက်တဲ့ ခေါင်းဆောင်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသံက အနည်းစုဖြစ်ခဲ့တယ်။


မွတ်ဆလင်ချင်း တူယင်တောင်မှ ရခိုင်က ဘင်္ဂလီအနွယ် နဲ့ အိန္နိယအနွယ်တွေကြားမှာ အဲဒီထဲက ကွာခြားမှုရှိခဲ့တယ်။ ရခိုင်ပြည်ပြင်ပ မှာနေကြတဲ့ အိန္နိယအနွယ် မွတ်ဆလင်အများစုကတော့ သူတို့ရဲ့ အိန္နိယ ပါကစ္စတန် အဆက်ကိုဖြတ်ပြီး မြန်မာနိုင်ငံသား အဖြစ်နေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြန်ချင်တဲ့သူတွေ ကလည်းအပြီးပြန်သွားတယ်။ ကျန်နေတဲ့ အိန္နိယနွယ်ဖွား မြန်မာမွတ်ဆလင်တွေဟာ ဒီနေ့အထိ ဘာသာတာမတူပေမယ့် သူတို့ကိုသူတို့ မြန်မာနိုင်ငံသားလို့ နှစ်နှစ်ကာကာခံယူပြီး ဒီတိုင်းပြည်ရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အောက်မှာကြီးပြင်းလာ ကြတယ်။ လူမှုရေး ယဉ်ကျေးမှုအရ ရောရှက်သွားပြီး အမျိုးသားရေး ဆက်စပ်ပေါင်းစည်းမှု (National Integration) ဖြစ်လာခဲ့တယ်။ ဒါကြောင့် ရခိုင် ပဋိပက္ခကို မွတ်ဆလင် နဲ့ ဗုဒ္ဓဘာသာ ပြဿနာသက်သက်လို့ သုံးသတ်လို့ မရပါဘူး။ ဆက်စပ်ပေါင်းစည်းမှု integration မလုပ်နိုင်ခဲ့တဲ့ ပြဿနာဖြစ်တယ်။


အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးပြဿနာ
တတိယ ပြဿနာက လုံခြုံရေး ကိစ္စဖြစ်တယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီး အယင် ဘင်္ဂလီတွေကြောင့် တဖက်နိုင်ငံကိုပြေးသွားရတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေ ပြန်ရောက်လာတော့ အခုလိုပဲ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ကြပါတယ်။ အဲဒီအချိန်ကတည်းက သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာရေးစစ်ပွဲ ဂျီဟတ်ကိုဆင်နွဲဖို့ နိုးဆော်ခဲ့ပါတယ်။ ဒီလိုနဲ့ မူဂျာဟစ်သူပုန်ဆိုတာဖြစ်လာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိမ်းချုပ်ထားနိုင်ခဲ့တယ်။


၁၉၅၄ မှာတော့ မူဂျာဟစ်တွေ စစ်ဦးကျိုးသွားခဲ့ပြီး  သူ့တပ်တွေလည်း ဆန်မှောင်ခိုဂိုဏ်း သာသာလောက် ဖြစ်သွားခဲ့တယ်။ ၁၉၆၀ ဦးနုရဲ့ ဖဆပလ ရွေးကောက်ပွဲနိုင် သွားပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ် အဆင့်ပေးဖို့လုပ်တဲ့ အချိန်မှာ မူဂျာဟစ်ကနေ ရိုဟင်ဂျာဆိုပြီး နိုင်ငံရေး လှုပ်ရှားမှုတွေပေါ်လာတယ်။ ပြည်တွင်းမှာ Rohingya Youth Organization, Rohingya Student Organization နဲ့ Rohingya Jamiat-al-Ulama Organization စတဲ့အဖွဲ့တွေအပြင် ဘူးသီးတောင် မောင်းတောက ရွေးကောက်ခံရတဲ့ ကိုယ်စားလုယ်တွေက ရခိုင်ပြည်နယ် အတွင်းမှာပဲ သူတို့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ ရပိုင် ခွင့်တွေပေးဖို့ တောင်းဆိုခဲ့တယ်။

ဦးနုအစိုးရက မေယုအုပ်ချုပ်ရေးဒေသဆိုပြီး ရိုဟင်ဂျာတွေအတွက် သီးသန့်သတ်မှတ်ဖို့လုပ်ခဲ့ပေမယ့် ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာက မရပ်တဲ့အပြင် ပိုကြီးလာတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း တက်လာပြီး နောက်ပိုင်းမှာ ရိုဟင်ဂျာအုပ်စုတွေ မြေအောက်ရောက်သွားပြီး ခွဲထွက်ရေး တောင်းဆိုချက်တွေ ဖြစ်လာပြန်တယ်။ ဒါပေမယ့် ၁၉၇၈ နဂါးမင်း စစ်ဆင်ရေး ဖြစ်လာတဲ့အချိန်မှာရော နောက်ပိုင်းတွေမှာ ရိုဟင်ဂျာ စစ်ရေးလှုပ်ရှား မှုတွေက အရှိန်သေသွားခဲ့ပြီ။ ၁၉၉၀ မှာ စစ်တပ်က ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့ စဉ်မှာလည်း ရိုဟင်ဂျာ စစ်ရေးလှုပ်ရှားမှုတွေ မယ်မယ်ရရ သိပ်မတွေ့ရပါဘူး။ ၁၉၉၄မှာ မောင်းတော်ဒေသအတွင်း  Rohingya Solidarity Organization (RSO)က ထိုးဖောက်စစ်ဆင်ရေးလုပ်ခဲ့ပေမယ့် စောစောစီးစီးပဲ ချေမှုန်းခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း မြန်မာပြည်တွင်း မှာ ရိုလင်ဂျာ အဖွဲ့တွေရဲ့ အထင်ကရ စစ်ရေးလှုပ်ရှားမှု ဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ ဒါဆိုဘာကြောင့် အခုချိန်မှာ ဒီရိုဟင်ဂျာအဖွဲ့က မြန်မာပြည်မှာ လုံခြုံရေးပြဿနာရှိတယ် လို့ပြောရတာလဲ မေးစရာဖြစ်လာတယ်။


အချုပ်အားဖြင့် ပြောရယင် RSO ရဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်စပ်မှု၊ လက်ရှိ နိုင်ငံတကာကကွန်ယက်၊ ဘင်္ဂလားဒေ့ရှ် အစိုးရ ရဲ့ အခန်းကဏ္ဍ၊ မြန်မာပြည်တွင်းက ရိုဟင်ဂျာတို့ရဲ့ ပေါက်ကွဲထွက်မဲ့အခြေအနေ နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး တံခါးအဖွင့် အားလုံးဆုံလိုက်တဲ့ အခါ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ လုံခြုံရေးအရ စိုးရိမ်စရာတွေ ဖြစ်လာတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ရိုဟင်ဂျာ အဖွဲ့တွေထဲမှာ Arakan Rohingya National Organization (ARNO) နဲ့ RSO နှစ်ခုလောက်ပဲ ထင်ထင်ရှားရှား ရှိတော့တယ်။ ARNOမှာ RSO ကအဖွဲ့တစ်ခုအနေနဲ့ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ ခွာပြဲသွားတယ်။ ARNO ကတော့ RSOထက်စာယင် အင်အားနည်းပြီး  ပိုပျော့ပြောင်းတဲ့မူဝါဒရှိတယ်။ ခွဲထွက်ရေးအတွက် မလုပ်ဖူးလို့ ၂၀၀၁ အင်တာဗျူးလုပ်တုန်းကပြောခဲ့ဖူးတယ်။ ရိုဟင်ဂျာထဲမှာလည်း အကွဲကွဲ အပြဲပြဲနဲ့ မူဝါဒကအမျိုးမျိုးပါ။ လှေနံဓါးထစ် တွက်လို့မရဘူး။


RSO ရော ARNO နှစ်ခုလုံး အရှေ့အလယ်ပိုင်း နိုင်ငံများကနေ အကူအညီရဖို့ ကြိုးစားခဲ့ကြတယ်။ ၁၉၈၀ ကျော်နှစ်တွေကထဲက RSO ကအာဖကန်နစ်စတန် ပါကစ္စတန် နိုင်ငံတွေထဲက အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သတင်းများကဆိုတယ်။ ပါကစ္စတန်ရောက် ရိုဟင်ဂျာ ၃သိန်းခွဲလောက်မှာ အများစုက အဲဒီက ဘာသာရေးကျောင်းတွေမှာ တက်ကြတာ။ ပါကစ္စတန် ဘာသာရေးကျောင်းတွေထဲမှာ ဆော်ဒီအာရေးဗီးယား အခြေစိုက် Al-Haramain Islamic Foundation ကထောက်ပံ့တဲ့ကျောင်းတွေဟာ အစွန်းရောက် အစ္စလမ်ဘာသာကြီးစိုးရေးကို အခြေခံတဲ့ Wahhabi  လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေဖြစ်တယ်။ အဲဒီကျောင်းသားတွေထဲမှာ အချို့ကို အာဖကန်မှာ စစ်တိုက်ဖို့ စစ်သားစုဆောင်းခဲ့ကြတယ်။ ဒီနေ့ အာဖကန်နစ်စတန် မှာ အသေခံဗုံးခွဲသူ အများစုက ပါကစ္စတန် ဘာသာရေးကျောင်းထွက်တွေဖြစ်တယ်။ Al-Haramain အဖွဲ့ဟာ ၁၉၉၀ နှစ်ဆန်းပိုင်းထဲကစပြီး စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာတွေကို ထောက်ပံ့ခဲ့တယ်။ ဒါတင်မကဘူး လက်ရှိမြန်မာပြည်ထဲမှာ ရှိနေတဲ့ အထူးသဖြင့် ဘူးသီးတောင် မောင်းတော်က ဘာသာရေးကျောင်းတွေကိုလည်း ထောက်ပံ့နေတယ် လို့ခန့်မှန်းတယ်။ Al-Haramain ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့တွေ ထောက်ပံ့မှုနဲ့ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း အခြား အဖွဲ့ နာမည် တွေသုံးပြီး ဘင်္ဂလားဒေ့ရှ်က RSO အပါအဝင် အခြားအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေ ကိုဆက်လက်ထောက်ပံ့ခဲ့တယ်။


အမေရိကန်က အာဖကန် တာလီဘန်ကို ထိုးစစ်ဆင်တော့ ပါကစ္စတန်ထောက်လှမ်းရေး Inter-service Intelligence (ISI)နဲ့ ဘင်္ဂလားထောက်လှမ်းရေး Directorate General of Force Intelligence (DGFI) တို့လက်ဝါးချင်းရိုက်ပြီး အာဖကန်မှာရောက်နေတဲ့ နိုင်ငံတကာက စစ်သွေးကြွတွေကို ၂၀၀၁ ဒီဇင်ဘာမှာ သဘောင်္စီးလုံးနဲ့တင် ဘင်္ဂလား စစ်တကောင်းကို ပို့လိုက်တယ်။ ဒီစစ်သွေးကြွတွေက RSOစခန်းတွေမှာ ခိုလုံနေပြီး လက်နက်ကိုင် ဖောက်ခွဲရေး သင်တန်းတွေလုပ်ကြတယ်။ အခုအချိန်ထိ ဒီစစ်သွေးကြွတစ်ချို့ RSOနဲ့ ဆက်နွယ်ပြီး စစ်တကောင်းမှာ ရှိနေဆဲလို့ ခန့်မှန်းရတယ်။


နိုင်ငံတကာဖိအားတွေကြောင့် စစ်တကောင်းက အကြမ်းဖက်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၀၅ ကစပြီးဝင်ရောက်စီးနင်းတော့ ထိုင်းနယ်စပ်ဖက်က RSO သွင်းလာတဲ့လက်နက်တွေအပြင် TNT C4 စတဲ့ ဖောက်ခွဲယမ်းတွေမိတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဆာလဖြူရစ်အက်ဆစ် အပါအဝင် ဖောက်ခွဲရေး ပစ္စည်းအဖြစ်ထုတ်လုပ်နိုင်တဲ့ ဓာတုအရည် စည် ၁၃ပုံးကို ၂၀၀၅ စက်တင်ဘာ စစ်ဆင်ရေးတစ်ခုမှာ တွေ့ရတော့ RSO ပာာ ဖောက်ခွဲရေး  ပညာ တင်မကဘူး ဖောက်ခွဲရေးပစ္စည်းကိုပါ ဖော်စပ် ထုတ်လုပ် ဖို့နည်းပညာရှိတယ် ဆိုတာ သုံးသတ်လို့ရတယ်။


ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ Harakat-ul-Jihad-ul-Islami (HuJI) ရယ် Jamaat-ul Mujahideen Bangladesh (JMB) တို့နဲ့ RSO ကြားမှာ အပြန်အလှန် အကူအညီပြုခဲ့တယ်။  ၂၀၀၉ မေလမှာ JMB ရဲ့ ဖောက်ခွဲရေး ကျွမ်းကျင်သူ Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ်တပ်က မိတော့ သူ့ရဲ့ထွက်ချက်အရ RSO သင်တန်းဆရာတွေက JMB တပ်သားတွေကို လက်နက်ကိုင်နည်း ပို့ချခဲ့ပြီး အပြန်အလှန်အဖြစ် JMB က RSO အဖွဲ့သားတွေကို လက်လုပ်ဗုံး (Improvised Explosive Devices-IED) လုပ်ဖို့သင်တန်း ပေးခဲ့တယ်လို့ ထွက်ချက်ပေးတယ်။ RSO ဆီလာသင်တန်းယူခဲ့တဲ့ JMB ဆိုတာ ၂၀၀၅ခု သြဂတ်စ် မှာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးက  မြို့နယ် ၆၄ခု အနက်က ၆၃ခုမှာ ဗုံးအလုံးပေါင်း ၅၀၀ ကိုတစ်နာရီအတွင်း အချိန်ကိုက် ခွဲနိုင်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ RSOက နိုင်ငံတကာမှာ လက်လှမ်းကျယ်တော့ လက်နက်ခဲယမ်းကို မှောင်ခိုသွင်းပြီး  ဘင်္ဂလားအဖွဲ့တွေ အပြင် အိန္နိယ အာသံပြည်နယ်က အကြမ်းဖက် အဖွဲ့တွေကိုတောင် လက်နက်ရောင်းတာမျိုး လုပ်တယ်။


ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းနိုင်ငံရေး အနေအထားက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့တယ်။ Bangladesh Nationalist Party (BNP) ဦးဆောင်တဲ့ ၄ပါတီ တပ်ပေါင်းစု အစိုးရ ဖြစ်လာတဲ့ ၂၀၀၁ ခုနှစ် အချိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ အစ္စလမ်ဘာသာအခြေပြုတဲ့ အမျိုးသားရေး အထွန်းတောက်ဆုံးလို့ ပြောလို့ရမယ်။ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ Jamaat-e-Islami နဲ့ Islami Oikyo Jote (IOJ) လိုပါတီမျိုးတောင် အစိုးရအဖွဲ့မှာ ပါခဲ့တယ်။ RSO အပါအဝင် တစ်ခြား အကြမ်းဖက် အဖွဲ့တွေအတွက် ဘင်္ဂလားဒေ့ရှ်မှာ ခေတ်ကောင်းချိန်လို့ ပြောလို့ရတယ်။ အမေရိကန်က အာဖကန်နစ်စတန်နဲ့ အီရတ် နိုင်ငံတွေကို စစ်ဆင်တော့ အစ္စလမ်အရေး ကလည်း ဘင်္ဂလားဒေ့ရှ်မှာ အားကောင်းလာတယ်။ အိန္နိယ ထောက်လှမ်းရေးတို့ အဆိုအရ ၂၀၀၄ မှာ အယ်လ်ခိုင်းဒါး နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ စစ်စခန်း ၁၃ ခု ဘင်္ဂလားဒေ့ရှ်မှာ ရှိတယ်လို့ဆိုတယ်။ အများစုက မြန်မာပြည်နဲ့ နီးတဲ့စစ်ကောင်းနယ်ထဲမှာ။


အမေရိကန်က လည်းဒီအခြေအနေတွေမြင်တော့ ၂၀၀၁ ထဲမှာပဲ BNP အစိုးရကို အကြမ်းဖက် အဖွဲ့တွေကို ချေမှုန်းဖို့ ဖိအားပေးလာတယ်။ ဗုံးကွဲတဲ့ အခါတွေမှာ FBI နဲ့ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းတယ်။ စစ်တကောင်းဒေသကိုလည်း အမေရိကန်ထောက်လှမ်းရေးတွေ စောင့်ကြည့်လာတယ်။ နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီတွေ အပေါ် အမှီပြုနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရလည်း ဖိအားကို အလွန်ဆန်နိုင်တော့ဘူး။ ဒ့ါအပြင် အဲဒီအချိန်မှာ အိန္နိယ၊မြန်မာ၊ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆက်စပ်ပြီး ဓာတ်ငွေ့ပိုင်းလိုင်း လုပ်ဖို့အစီအစဉ်တွေ ဖြစ်နေတော့ မြန်မာအစိုးရ အလိုကျ ရိုဟင်ဂျာ အဖွဲ့တွေကို ချေမှုန်းပြရမယ် ဖြစ်လာတယ်။ ဒါပေမယ့် တကယ်တမ်း ဖိအားပေးတော့ ARNO လိုသဘောထားပျော့တဲ့ စစ်ရေးအရ သိပ်အရေးမပါတဲ့ အဖွဲ့မျိုးကိုသာ နိုမ်နှင်းခဲ့ပြီး RSO ကိုတော့ ဆက်မွေးထားတယ်။  ဒါနဲ့ ARNOက စစ်ဦးစီးမှုးကို ၂၀၀၁ မှာဖမ်းပြတာမျိုး သူ့စခန်းတွေကို ရုပ်ဖို့ ဖိအားပေးတာမျိုးတွေ လုပ်လာတယ်။ ဒီဖိအားကြောင့် ARNO က ထိုင်းအခြေစိုက် ကရင်နီအဖွဲ့ KNPP ကို စခန်းပြောင်းဖို့ ဆွေးနွေးဖူးတယ်လို့  မြန်မာနိုင်ငံထောက်လုမ်းရေးက လာတဲ့သတင်းအဖြစ် အမေရိကန်သံရုံးက အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့တယ်။  ARNO ခေါင်းဆောင် နာရူးအစ္စလမ် အင်္ဂလန်မှာ နိုင်ငံရေး ခိုလုံခွင့် သွားယူလိုက်ပြီးနောက်ပိုင်း ၂၀၀၅ လောက်မှာ ARNO ရဲ့စစ်ရေး စုဖွဲ့မှုက ပျက်သလောက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် RSO ကဆက်ရှိနေတယ်။


၂၀၀၅မှာ JMB အဖွဲ့ရဲ့ ဗုံးခွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် BNP အစိုးရ လည်း မလုပ်မဖြစ် အကြမ်းဖက်အဖွဲ့တွေကို ဖြိုခွင်းလာတယ်။ မြန်မာနယ်စပ်နားက အကြမ်းဖက် စခန်းတွေရှာယင် အမေရိကန်ထောက်လှမ်းရေး ပါလာတယ်လို့ တစ်ချို့သတင်းရပ်ကွပ်တွေကဆိုတယ်။ ၂၀၀၅ နောက်ပိုင်းမှာ JMB နဲ့ HuJI  အပါအဝင်  ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် အဖွဲ့အတော်များများကို ဖမ်းဆီးခဲ့တယ်။ ဘာသာရေး အခြေခံ မဟုတ်တဲ့ Awami League ၂၀၀၉ မှာအစိုးရ ဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် အဖွဲ့တွေကို ပိုပြီး နိုမ်နင်းခဲ့တယ်။ ဒါပေမယ့် RSO ကိုတော့ ထိထိရောက်ရောက်နိုမ်နင်းမှုမျိုး မလုပ်ပဲ မြေအောက်မှာ တိတ်တဆိတ် နေခွင့်ပြုခဲ့တယ်။ RSO ခေါင်းဆောင် ဒေါက်တာ မူဟာမက်ယူနပ်စ်က ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်နေထိုင်လျက်ရှိပြီး နိုင်ငံတကာ ခရီးစဉ်တွေလည်း သွားခွင့်ပြုနေဆဲပါ။


ရိုဟင်ဂျာတွေရဲ့ မွန်းကျပ်တဲ့ လူမှုဘဝကလည်း အကြမ်းဖက် လမ်းကြောင်းပေါ် ရောက်ဖို့တွန်းအားတစ်ခုလို ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက်က တရားမဝင်နေထိုင်သူတွေကို ပြန်ပို့လို့မရတော့ ကျုံးသွင်းတဲ့နည်းကိုသုံးပြီး ရခိုင်ပြည်ထဲမှာပဲ ပိတ်ထားဖို့ကြိုးစားခဲ့တယ်။ တိုင်းရင်းသား မဟုတ်တဲ့အတွက် ကျောင်းတက်ခွင့်က မရဘူး။ UN ရဲ့စစ်တမ်းအရ ရိုဟင်ဂျာလူငယ်တဝက်လောက်က စာမတတ်ဘူး။ မြန်မာလို ရခိုင်လိုလဲ နားမလည်ဘူး။  ကျောင်းတက်ချင်တဲ့သူုတွေကြပြန်တော့လည်း ခေတ်ပညာရေးထက် ဘာသာရေး သက်သက်ပဲ ပို့ချတဲ့ ကျောင်းတွေပဲ အားကိုးရတယ်။ ၁၉၉၄ ခုစာရင်းတွေ အရ ဘူးသီးတောင်မြို့နယ် တစ်ခုထဲမှာတင် ဘာသာရေးကျောင်းပေါင်း ၂၀၁ ခုဖွင့်ခဲ့တယ်ဆိုတယ်။ အဲဒီထဲမှာ အစွန်းရောက် Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေကလည်း အများကြီး။ ရိုဟင်ဂျာ အများစုဟာ တစ်ခြား တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့်မရတဲ့အခါ သူတို့ရဲ့သီးသန့်ကမ္ဘာက ဘင်္ဂလား လူမှုယဉ်ကျေးမှုထဲ မှာပဲကျန်ခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းနဲ့ အဆက်ပြတ်သလိုဖြစ်သွားတယ်။ လူငယ်အများစုက အလုပ်အကိုင်မရှိ အနာဂတ်မရှိတဲ့အခါ အစွန်းရောက်အဖွဲ့တွေက စည်းရုံးဖို့လွယ်ကူလာတယ်။ ကျုံးသွင်းဂျောင်ပိတ်တဲ့နည်းနဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ကြိုးစား တာဟာ စနက်တန်မီးရှို့ထားတဲ့ဗုံးကို ခါးပိုက်ဆောင်ထား ရသလို ဘယ်အချိန် ထပေါက်မလဲ အမြဲ စိုးရိမ်နေရတယ်။


University of Maryland မှာ ကမာ့္ဘနိုင်ငံအသီးသီးက လူနည်းစု ၃၀၀ကျော်ကို လေ့လာပြီး အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ အုပ်စုတွေကို ကြိုတင် အသိပေးနိုင်တဲ့ စနစ်တစ်ခု လုပ်တဲ့အခါမှာ ရိုဟင်ဂျာ လူမျိုးစုက ပေါက်ကွဲမှု ဖြစ်နိုင်ချေ အရှိဆုံး အုပ်စုမှာ ပါတယ်။ RSO အဖွဲ့အနေနဲ့ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေ လုပ်ဖို့ လိုအပ်တဲ့ ငွေကြေးအထောက်ပံ့၊ နည်းပညာ၊ အိမ်ရှင်နိုင်ငံ၊ အယူဝါဒအခြေခံ၊ ကွန်ယက်၊ အနာဂတ်မဲ့တဲ့ လူထု စတဲ့ ရေခံမြေခံတွေ အကုန်ရှိတယ်။ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေအတွက် ပြင်ဆင်မှုလုပ်တဲ့ အထောက်ထားတွေလည်း တွေ့ရတယ်။ ဒါဆို RSO အပါဝင် တစ်ခြားရိုဟင်ဂျာအဖွဲ့တွေ ဘာလို့ မြန်မာပြည်တွင်းမှာ ဖောက်ခွဲရေးတွေ မလုပ်လဲလို့ စဉ်းစားစရာဖြစ်လာတယ်။


ဖြစ်နိုင်ချေ တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မူဝါဒ အရမြန်မာအစိုးရနဲ့ မလိုအပ်ပဲ ထိပ်တိုက်မတွေ့အောင် ရှောင်ရေးဖြစ်တယ်။ သမိုင်းအစဉ် အဆက်အရ ရိုဟင်ဂျာနဲ့ပတ်သက်လာယင် ဘင်္ဂလားဒေ့ရှ် နယ်ကိုအခြေခံပြီး မြန်မာပြည်ထဲကို ထိုးစစ်ဆင်တာမျိုး လုပ်တာကို သူတို့အစိုးရက သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာတပ်တွေက သူတို့နိုင်ငံထဲ အထိလိုက်ဝင်တိုက်မှာ ကိုစိုးရိမ်လို့။  ရိုဟင်ဂျာအဖွဲ့တွေက မြန်မာပြည်ထဲ အကြမ်းဖက်မှုတွေ လုပ်ယင် အယင်စနစ်ဟောင်းအောက်မှာ မြန်မာအစိုးရက ပြည်တွင်းကရိုဟင်ဂျာတွေကို မဲပြီး ဖိနိုပ်ခဲ့ရင် ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒုက္ခသည် အပြုံကြီး ထပ်ရောက်လာမှာ ကို ဘင်္ဂလားအစိုးရက မလိုလားဘူး။ အဲဒီတော့ RSO ကိုမွေးထားတဲ့ အဆင့်လောက်ပဲရှိပြီး မြန်မာပြည်ထဲ စစ်ဆင်ရေး ဖောက်ခွဲရေးတွေ မလုပ်ဖို့ ဘင်္ဂလားအစိုးရက တားထား တာလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂလားအစိုးရ အနေနဲ့ မတည်ငြိမ်တာက တစ်ကြောင်း ဘာသာရေး အစွန်းရောက်ပါတီတွေ ထပ်အားကောင်းနိုင်တာတွေက တစ်ကြောင်းတို့ကြောင့် ဘင်္ဂလားအစိုးရ ပေါ်လစီပေါ်မှီခိုပြီး RSO အကြမ်းဖက်မှုကို ဟန့်တားလို့မရပါ။


ဖြစ်နိုင်ချေ နောက်တစ်ခုက RSO အနေနဲ့ ပြည်တွင်းမှာ ဖောက်ခွဲရေးလုပ်ခဲ့ယင်တောင် မသိခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ၂၀၀၅ မေမှာဖြစ်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက လူ၂၇ယောက်သေ ၂၁၅ ဒဏ်ရာရခဲ့တဲ့ ဗုံးကွဲမှု ၂ခုလုံးက အရပ်သားပစ်မှတ်တွေကို ဦးတည်ထားပြီး လူအသေအပြောက်ရှိအောင် စီမံခဲ့တယ်။ ၂၀၀၅ ခုကနေ ၂၀၀၈ အတွင်း မြန်မာပြည်တွင်းမှာ (နယ်စပ်စစ်ပွဲဖြစ်နေရာတွေမပါ) အကြမ်းဖက်ဗုံးခွဲမှု ၆၂ ကြိမ်ရှိခဲ့တယ်။ အများစုက လက်သယ်မပေါ်ခဲ့ဘူး။ ခေတ်သစ်အကြမ်းဖက်အဖွဲ့ အများစုက အရပ်သားတွေကို ပစ်မှတ်ထားရင် ဘယ်သူလုပ်တယ်လို့ ဝန်ခံလေ့ မရှိဘူး။ အရပ်သား သေကျေထိခိုက်လာရင် အစိုးရက အကာအကွယ် မပေးနိုင်ရကောင်းလား ဆိုပြီး လူထုက အစိုးရ အပေါ်မှာ ယုံကြည်မှု နည်းလာမယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမယ် ဆိုပြီးရည်ရွယ်ချက်နဲ့ အရပ်ဖက်ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သာဓကများလည်း ရှိခဲ့ပါတယ်။ RSO နဲ့ပတ်သက် ပြီးထူုးခြားတာက ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးကလွဲလို့ အနောက်နိုင်ငံကထောက်လှမ်းရေးတင်မက ဒေသတွင်း ထောက်လှမ်းရေးတွေကလည်း သိပ်သိကြပုံ မပေါ်ဘူး။


ဒါပေမယ့် RSOလို အကြမ်းဖက်အဖွဲ့မျိုးကို ရိုဟင်ဂျာတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ မြင်လို့မရဘူး။ အစွန်းရောက် အကြမ်းဖက် အဖွဲ့ဆိုတာ ဘယ်လူ့အဖွဲ့အစည်းမှာ ဖြစ်ဖြစ် လူနည်းစုပါ။ အာဖကန်နစ်စတန်လို နိုင်ငံမျိုးမှာတောင် လူများစုကတော့ အကြမ်းဖက် အဖွဲ့တွေနဲ့ မပတ်သက်ချင်ပါဘူး။ အများစုက သူတို့ဘဝ သာယာချင်တယ်၊ တိုးတက်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နည်းနိယျာက လူထုကို အစွန်းရောက်အောင်တွန်းပို့ ဖို့ကြိုးစားတယ်။ အီရတ် နဲ့ ပါကစ္စတန်မှာဆို စွန်နီ ရှီရိုက် ပြဿနာပိုကြီးအောင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ လူထုအစွန်းရောက်လေလေ အစွန်းရောက်ဝါဒီတွေ အတွက်အမြတ်ထွက်လေလေ ဖြစ်တယ်။ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကို ကာကွယ် ဖို့ဆိုယင် ရိုဟင်ဂျာအများစု နဲ့ အကြမ်းဖက်ချင်တဲ့ အုပ်စုတွေ အကြားမှာ မနီးစပ်သွားအောင် စည်းခြားပေးဖို့လိုမယ်။ ဒီအကြမ်းဖက် အဖွဲ့တွေ မြန်မာပြည်တွင်းမှာ တိုက်ခိုက်မှုမျိုးမလုပ်ခင် ကြိုတင်တား ဆီးနိုင်ဖို့လိုလိမ့်မယ်။


ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေး ပြဿနာတွေကိုစဉ်းစားတဲ့အခါ အမျိုးသား အကျိုးစီးပွား ရည်မှန်းချက် ဘာဖြစ်သင့်တယ်၊ ဘယ်လိုမူဝါဒမျိုး ချမှတ်ပြီး အကောင်အထည် ဖော်သင့်တယ် ဆိုတာကို နောက်တစ်ပတ်မှာ ဆက်ဆွေးနွေးပါမယ်။  


(မင်းဇော်ဦးသည်လက်ရှိ အာဖကန်နစ်စတန်တွင် သုတေသနညွှန်မှူး အဖြစ် Democracy International အဖွဲ့တွင် တာဝန်ယူလျှက်ရှိသည်။ လုံခြုံရေးဆိုင်ရာ သုံးသတ်ချက်များနှင့် ကြိုတင်အသိပေးစနစ်များ ဆိုင်ရာစီမံချက်တို့တွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ George Mason University မှ ပဋိပက္ခဖြေရှင်းရေးဘာသာဖြင့် Ph.D. ရရှိခဲ့ပြီး Georgetown University မှ လုံခြုံရေး ဘာသာရပ်ဖြင့် မဟာဝိဇ္ဖာဘွဲ့များ ရရှိခဲ့သည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...