Thursday, July 5, 2012

မြန်မာ့ဘောလုံး တခေတ်ဆန်းဖို့ အားကောင်းလာနေပြီ။


by Lwin Aung Soe on Thursday, July 5, 2012 at 8:20am 

ဓါတ်ပုံ - The Voice Weekly
အသက် ၂၂ နှစ်အောက် အာရှဖလား ဘောလုံးခြေစစ်ပွဲတွေ ကန်နေကြတာ ပြီးသလောက်တော့ ရှိနေပါပြီ။ ကျယ်ပြန့်လှတဲ့ အာရှတိုက်ရဲ့ အာရှအရှေ့၊ အလယ်၊ အနောက် နီးစပ်တဲ့ နိုင်ငံတွေကို စုစုပေါင်း အုပ်စု (၇) ခုခွဲပြီး ကစားစေတာ ဖြစ်ပါတယ်။ အာရှနိုင်ငံပေါင်း ၄၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကစားကြပါတယ်။


အခုဆိုရင် အုပ်စု (E) ကလွဲလို့ ခြေစစ်ပွဲ အုပ်စုအားလုံး ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အုပ်စု (E) ပွဲ့စဉ်တွေကလည်း ဇူလိုင် ၁၅ ရက်နေ့မှာ ပြီးဆုံးပါလိမ့်မယ်။

အုပ်စု (G) မှာ ပါဝင်တဲ့ မြန်မာအသင်းဟာ တောင်ကိုးရီးယား အသင်းလိုပဲ ၄ ပွဲနိုင်၊ တပွဲသရေ၊ ရှုံးပွဲမရှိ အမှတ်တူ ၁၃ မှတ် ရပေမယ့် ဂိုးကွာခြားမှုအသာနဲ့ တောင်ကိုးရီးယားက အုပ်စုပထမရပြီး မြန်မာက အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ အုပ်စု (G) မှာ ခြေစစ်ပွဲ မအောင်ဘဲ ထွက်သွားတဲ့ နိုင်ငံတွေကတော့ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ဖြစ်ကြပါတယ်။

အုပ်စုအလိုက် ခြေစစ်ပွဲ အောင်မြင်သွားတဲ့ အသင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အုပ်စု (A) – (ပ) အီရတ် (ဒု) ယူအေအီး
အုပ်စု (B) – (ပ) ဆော်ဒီအာရေးဗီးယား (ဒု) ဆီးရီးယား
အုပ်စု (C) – (ပ) အီရန် (ဒု) ကူဝိတ်
အုပ်စု (D) – (ပ) ဂျော်ဒန် (ဒု) ဥဇဘက်ကစ္စတန်
အုပ်စု (F) – (ပ) မြောက်ကိုးရီးယား (ဒု) တရုတ်
အုပ်စု (G) – (ပ) တောင်ကိုးရီးယား (ဒု) မြန်မာ

ဓါတ်ပုံ - The Voice Weekly

ကနေ့ (၅-၇-၂ဝ၁၂) စတင် ယှဉ်ပြိုင်နေကြတဲ့ အုပ်စု (E) မှာတော့ ဂျပန်၊ စင်ကာပူ၊ သြစတြေလျ၊ အင်ဒိုနီးရှား၊ အရှေ့တီမောနဲ့ မကာအိုတို့ ပါဝင်ကြပါတယ်။ ပွဲဦးထွက် ပွဲစဉ်တွေမှာတော့ ဂျပန်က မကာအိုကို ၆ ဂိုးအပြတ်နဲ့ အနိုင်ရသွားပြီး စင်ကာပူက အရှေ့တီမောကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။

အာဆီယံနိုင်ငံထဲက ထိုင်း၊ လာအို၊ ကမ်ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ကြပါဘူး။ ဘရူးနိုင်းကတော့ ဝင်မပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူ၊ အရှေ့တီမောတို့ကတော့ အုပ်စု (E) ကနေ ခြေစစ်ပွဲ အောင်-မအောင် မသိရသေးပါဘူး။ လောလောဆယ်မှာတော့ အာဆီယံနိုင်ငံတွေထဲမှာ ခြေစစ်ပွဲ အောင်နိုင်ခဲ့တာကတော့ မြန်မာအသင်းသာ ရှိပါသေးတယ်။

မြန်မာနိုင်ငံ အနောက်ဘက်က အိန္ဒိယ၊ ဘင်္ဂလာဒက်ရှ်၊ ပါကစ္စတန်၊ နိပေါ၊ သီရိလင်္ကာ နိုင်ငံတို့လည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ကြပါဘူး။

ဒါကိုကြည့်ရင် အသက် ၂၂ နှစ်အောက် ဘော်လုံးအဆင့်မှာ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အမြင့်ဆုံး ၁၄ နိုင်ငံထဲမှာ ပါဝင်နေပြီလို့ တွက်ချက်ထားနိုင်ပါတယ်။ ချွင်းချက်ကတော့ မြန်မာဟာ အိမ်ရှင်အသင်းအနေနဲ့ ကန်ရတာ ဖြစ်ပြီး အုပ်စုချောင်တယ်လို့လည်း ဆိုနိုင်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း အနာဂတ် မြန်မာ့ဘောလုံး အားကစားအတွက် မျှော်လင့်ချက် ကောင်းလာမှာကိုတော့ မငြင်းနိုင်ပါဘူး။

အသက် ၂၂ နှစ်အောက် ခြေစစ်ပွဲကို အောင်မြင်လာတဲ့ မြန်မာအသင်းအနေနဲ့ လက်ရှိ တိုးတက်မှုနှုန်းကို မြှင့်တင်နိုင်ရင် (သို့) ထိန်းထားနိုင်ရင် နောင် ၅ နှစ် ၆ နှစ်လောက်မှာ နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်းကြီးအနေနဲ့ အာရှ ထိပ်တန်း (၁ဝ) နိုင်ငံစာရင်းထဲမှာ ပါဝင်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် အိုလံပစ်နဲ့ ကမ္ဘာ့ဖလား ဘော်လုံးပွဲအတွက် ခြေစစ်ပွဲတွေ အောင်မြင်ဖို့ မျှော်မှန်းနိုင်စရာ ဖြစ်လာပါလိမ့်မယ်။

ဘော်လုံးဗီဇကောင်းလို့ ပင်ကိုယ်ထူးချွန်တဲ့ ဘော်လုံးသမားတွေကို မွေးထုတ်နိုင်တာဟာ မျိုးဆက်သစ် ခေတ်တခေတ်ရဲ့ ထူးခြားမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွှေရောင် မျိုးဆက်သစ်တွေ ထွန်းကားခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။ ကျနော်တို့ ငယ်စဉ်တုန်းကဆိုရင် ကိုကိုကြီး၊ ဘပု၊ ဗဟာဒူး၊ အေးမောင်ကြီး၊ အေးမောင်လေး၊ စိန်ဝင်းကြီး၊ စိန်ဝင်းလေး၊ ခင်မောင်ထွန်း (ဂိုး)၊ တင်အောင် (ဂိုး)၊ မောင်မောင်တင်၊ ဆပ်သီး၊ ပေါက်စီ၊ ဟန်ထွန်း (နာမည် မမှတ်မိတာတွေလည်း ရှိ) စတဲ့ ဘော်လုံးသမားကောင်းတွေ အစီအရီ အပြိုင်ဆိုင် ထွက်ပေါ်လာတော့ မြန်မာ့ဘောလုံးဟာ အာရှမှာသာမက အိုလံပစ်အဆင့်ထိ ရောက်နိုင်ခဲ့ပါတယ်။

ဘော်လုံးအသင်းတသင်းအနေနဲ့ အောင်မြင်ရာမှာ အသင်းလိုက် စုစည်းနိုင်မှု၊ ခွန်အား၊ နည်းစနစ်၊ စိတ်ဓါတ်အပြင် ငွေကြေးတောင့်တင်းမှုနဲ့ နိုင်ငံက အားပေးမှု အတိုင်းအတာကလည်း စကားပြောပါတယ်။

မြန်မာအသင်းဟာ နည်းပညာနဲ့ ကြံ့ခိုင်မှုမှာ တိုးတက်လာတာ အမှန်ပါပဲ။ ဒါပေမယ့် အရပ်အမောင်းနဲ့ ခွန်အားမှာ ဥရောပလို အကြမ်းပတမ်း ရေရှည်ကစားနိုင်စွမ်းရှိဖို့ ခဲယဉ်းနေဦးမယ် ထင်ပါတယ်။ ဒါကြောင့် နည်းစနစ်ပိုင်းမှာ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဥာဏ်လွှာသုံးနိုင်ရင် ပိုမိုတိုးတက်နိုင်မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကနေ့ ကမ္ဘာမှာ အအောင်မြင်ဆုံး စပိန်အသင်းနဲ့ ဘာစီလိုနား အသင်းတို့က ခွေးရူးလုပ်ကစားတဲ့ Tiki-taka နည်းဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

Tiki-taka ခွေးရူးလုပ်ကစားရာမှာ မိမိခြေထဲမှာသာ ဘော်လုံးကို အများဆုံး ထိန်းသိမ်းထားနိုင်အောင် အနီးကပ် အပေးအယူတွေလုပ်ပြီး တဖက်အသင်းကို ပြာရာခတ် ပင်ပန်းအောင်လုပ်ပြီး အကွက်ပျက်စေပါတယ်။ ပြိုင်ဘက်အသင်းဘက်ခြမ်းထဲမှာ ဖိအားပေး ကစားနေရင်းမှာပဲ အခွင့်အရေးပေါ်တာနဲ့ လျင်မြန်စွာ ထိုးဖောက် ဂိုးသွင်းယူတဲ့စနစ် ဖြစ်ပါတယ်။ အရပ်အမောင်းနဲ့ ခွန်အားက သိပ်အရေးမကြီးလှဘဲ ဘောလုံး အထိန်းအသိမ်း၊ အပေးအယူ ကျွမ်းကျင်တာ၊ နေရာယူတတ်တာ၊ အကွက်မြင်တတ်တာ ပိုကောင်းအောင် လေ့ကျင့်ပြီး ကစားကြတာ ဖြစ်ပါတယ်။

Source: David Ramos/Getty Images Europe

စပိန်က ဇာဗီ၊ အင်နီအက်စတာ၊ ဖက်ဘရီးဂက်စ်၊ ဆီလ်ဗာ၊ အာဂျင်တီးနားက မက်ဆီ၊ အီတလီက ပီရလို တို့လို ခန္ဓာကိုယ် သေးကွေးပြီး ဘော်လုံးအထိန်းအသိမ်း ကောင်းသူတွေနဲ့ လိုက်ဖက်လှတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတွေနဲ့လည်း ကိုက်ညီနိုင်စရာ ရှိမယ်လို့ ထင်ရပါတယ်။

ဥရောပသားတွေကို ကြံ့ခိုင်မှုနဲ့ အရပ်အမောင်း မမီနိုင်တဲ့ ဂျပန်အသင်းဟာ ကမ္ဘာ့ထိပ်တန်းကို ရောက်နိုင်ဖို့အတွက် စပိန်နဲ့ ဘာစီလိုနာ အသင်းတွေလို Tiki-taka ကစားတဲ့နည်းစနစ်ကို အသုံးပြုလာတာ တွေ့ရပါတယ်။ အောင်မြင်နေတာကိုလည်း တွေ့ရပါတယ်။ Tiki-taka ကို အာရှမှာ ပထမဦးဆုံး အောင်မြင်အောင် ကစားနိုင်တဲ့ အသင်းပါပဲ။

နိုင်ငံတကာ ဘော်လုံးအဆင့်ကို မီအောင် ကြိုးစားရာမှာ သတိပြုစရာတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်နေပြီဆိုရင် အချိန်ဆွဲကစားတာမျိုးဟာ အားကစားစိတ်ဓါတ်နဲ့ ပြိုင်ဘက်အသင်းကို မလေးစားရာရောက်တာဖြစ်လို့ နိုင်သွားတာတောင်မှ ဂုဏ်သိက္ခာ အနည်းအများ ထိခိုက်ရပါတယ်။ ရှုံးနေပြီ ဆိုရင်လည်း လူချကစားမျိုးဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ပါပဲ။ အခုမြန်မာအသင်းကတော့ ကြေးစား ဘော်လုံးအသွင် ကူးပြောင်းလိုက်ရာမှာ အဲဒီလို ပြိုင်ပွဲဝင် စိတ်ဓါတ်နဲ့ စည်းကမ်းပိုင်းမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။

ဓါတ်ပုံ - The Voice Weekly

ဘောလုံးပွဲကြည့် ပရိသတ်တွေအနေနဲ့လည်း အားကစားစိတ်ဓါတ် မြှင့်တင်နိုင်ရေးကို အဓိက ထားပြီးတော့မှ မိမိအသင်းကို အားပေးတာ ဖြစ်ရပါမယ်။ အမျိုးသား-အမျိုးသမီး အတူယှဉ်တွဲပြီး အားပေးနိုင်တာမျိုးလည်း ဖြစ်ရပါမယ်။ ပွဲကြည့်ပရိသတ်အချင်းချင်း ရန်ဖြစ်ကြတာ၊ ဆဲရေးတိုင်းထွာတာ၊ လူမျိုးခြားနဲ့ အသားအရောင်ကို ပြက်ရယ်ပြု ပြောင်လှောင်တာ၊ ကွင်းအတွင်းကို တခုခု ပစ်ပေါက်တာမျိုးတွေကတော့ ပရိသတ်ဘက်က လုံးဝ ထိန်းသိမ်းဆင်ခြင်ရမှာတွေ ဖြစ်ပါတယ်။

နောင်နှစ်ဆိုရင် မြန်မာနိုင်ငံမှာ အခြားခြေစစ်ပွဲတွေ၊ လက်ရွေးစင်အသင်း ခြေစမ်းပွဲတွေအပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုလည်း ကျင်းပဖို့ ရှိလာတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ပြီ ဆိုတာ သိပ်ဖြစ်စေချင်သလို အားကစားစိတ်ဓါတ်အပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိ နာမည်ကောင်းရမှာကိုလည်း ဖြစ်စေချင်လှပါတယ်။  

လွင်အောင်စိုး
၅-၇-၂ဝ၁၂

ဓါတ်ပုံ - The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...