Sunday, July 22, 2012

သမီးရင်ထဲက ဗိုလ်ချုပ်ကျော်ဇော



ဗိုလ်ချုပ်ကျော်ဇောဟာ သူ၏နာမည်နဲ့လိုက်အောင် မြန်မာ ပြည်သူတွေရဲ့ကြားမှာ ဂုဏ်သတင်း မွှေးပျံ့ ကျော်ဇောခဲ့သူ တဦး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ သမီးတို့လို မြန်မာပြည် ကျေးလက် တောရွာလေးတရွာမှာ ကြီးပြင်းလာပြီး နိုင်ငံရေးဆိုတာလဲ ဘာမှန်းမသိတဲ့ ကလေး တယောက်ရဲ့ ဦးနှောက်ထဲမှာ “ဗိုလ်ချုပ်ကျော်ဇော” ဆိုတဲ့ နာမည်ကို မှတ်မှတ်ရရ ရင်းနှီးရင်းနှီးနှီး ဖြစ်နေခဲ့လို့ ပါပဲ။
သမီးဟာ အရမ်းအဆော့မက်ပြီး တနေကုန်တနေခန်း သူ ငယ်ချင်းတွေနဲ့ ရွာရိုးကိုးပေါက် လိုက်လည် ဆော့ကစားနေ တတ်တဲ့ ကလေးတယောက်ပါ။ မိဘတွေ တုတ်နဲ့လိုက်ခေါ်မှ အိမ်ပြန်တတ်တဲ့ကလေးမျိုးပေါ့။ သမီးနဲ့ သမီးရဲ့သူငယ်ချင်း တွေကလဲ အရမ်းကိုလိုက်ဖက်ပါတယ်၊ အားလုံးကလဲ ဆော့ တဲ့နေရာမှာဆို “အအိပ်မေ့ အစားမေ့” ဆော့တတ်ကြတဲ့ ကလေးမျိုးတွေချည်းပဲဆိုတော့လေ။ ဒါပေမယ့် ကျောင်းသွားရ မှာတို့ လူကြီးတွေနဲ့ တရားသွားနာရမှာတို့ဆိုရင်တော့ အ မြဲတမ်း တွန့်ဆုတ်တွန့်ဆုတ်လုပ်နေကြစမြဲပဲ၊ ဒါမျိုးဆို သမီးတို့ အမြဲတန်းနောက်တန်းကပဲ လိုက်ပါတယ်။
ဒါပေမဲ့ “ဗိုလ်ချုပ်အောင်ဆန်း” အကြောင်းကို စာထဲမှာသင်တော့ သမီးတို့အားလုံး ထူးထူးခြားခြားကို စိတ်ဝင်တစားရှိခဲ့ ပြီး ဗိုလ်ချုပ်ကို သမီးတို့ အသည်းထဲ အူထဲကကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမိခဲ့ကြပါတယ်။ ဗိုလ်ချုပ်ဟာ သမီးတို့တိုင်းပြည် ရဲ့ ဖခင်ကြီး၊ သမီးတို့ အားလုံးချစ်ခင် ကြည်ညိုထိုက်တဲ့ ခေါင်းဆောင်ကြီး ဆိုတဲ့အသိဟာ သမီးတို့တတွေရဲ့နှလုံးသား ထဲမှာ အမြစ်တွယ်နေခဲ့ပါတော့တယ်။ ဒါဟာ သမီးတို့ကို လမ်းမှန်ပြပေးခဲ့တဲ့ အာစရိယ ဆရာသခင်များရဲ့ကျေးဇူးပါပဲ။ သုံးလေးတန်းလောက်ရောက်လာတော့ ဗိုလ်ချုပ်နေ၀င်းနဲ့ ပတ်သက်တဲ့ ကောင်းကြောင်းများကို ထပ်ခါတလဲလဲ တွီဗွီ တွေ ဗွီဒီယိုတွေ သတင်းစာတွေထဲမှာ တွေ့ရ မြင်ရ ကြားရပါတယ်။ ထူးဆန်းတာကတော့ သမီးတို့အားလုံး သူ့ကို နည်း နည်းလေးမှ အထင်မကြီးခဲ့ပါဘူး၊ သူနဲ့ ပတ်သက်တဲ့ အကြောင်းမှန်သမျှကို သမီးတို့ရဲ့ဦးနှောက်တွေက အော်တိုမက်တ ဥပက္ခာပြု ထားခဲ့သလိုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ပတ်သက်ပြီး ဘာတခုမှ မမှတ်မိလို့ပါပဲ။ သမီးတို့ငယ်ငယ်တုန်းက စာထဲမှာ သင်တဲ့ ခေါင်းဆောင်တဦးရဲ့ နာမည်ကို မှတ်မှတ်ရရ ရှိနေပါသေးတယ်၊ သူကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ အလုပ်ကြံခံခဲ့ရတဲ့ “ဒီးဒုတ် ဦးဘချို” ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ဟာ အဲဒီအချိန်က သမီးတို့ကလေးတွေ အတွက် တော့ တော်တော်ကို ထူးဆန်းနေတယ်လို့ ထင်ခဲ့လို့ပါ။
သမီးတို့အတွက် ကျောင်းစာထဲက လူပုဂ္ဂိုလ်တွေရဲ့နာမည်တွေတောင် မနည်းမှတ်နေရတာ၊ ကျောင်းစာ အပြင်ဘက်က ခေါင်းဆောင်တွေတို့ လူပုဂ္ဂိုလ်တို့ နာမည်တွေဆိုရင်တော့ ဝေလာဝေးပဲပေါ့။ တကယ်လို့များ သမီးတို့ သိခဲ့ရင်လဲ အဲဒီ လူပုဂ္ဂိုလ်တွေဟာ ပြည်သူတွေ အရမ်းချစ်ခင်ရတဲ့သူ ဒါမှမဟုတ် ပြည်သူတွေရဲ့ မုန်းတီးခြင်းကို ခံရသူတွေသာ ဖြစ်နိုင်ပါ တယ်။ အဲဒီအချိန်မှာ လူကြီးတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည် နှစ်ခုတော့ရှိပါတယ်၊ တယောက်ကတော့ “ဗိုလ် ချုပ်ကျော်ဇော” ဖြစ်ပြီး နောက်တယောက်ကတော့ “အရူးစောမောင်” လို့ နာမည်တွင်ခဲ့တဲ့ “ဗိုလ်ချုပ်စောမောင်” ဖြစ်ပါ တယ်။ ဘာကြောင့်သူ့ကို အဲဒီလိုခေါ်ခဲ့တယ်ဆိုတာ သမီးတို့ မသိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ကျော်ဇောအကြောင်း ကို တော့ မကောင်းသတင်းမပြောခဲ့ကြတာ သမီးမှတ်မှတ်ရရ ရှိနေပါတယ်။
သမီးရဲ့နိုင်ငံရေးအသိအမြင်တွေဟာလဲ သမီးရဲ့အသက် တစစ ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်းချင်း နိုးကြားစပြု လာခဲ့ပါတယ်။ ဒါဟာ သမီးရဲ့ မာတာပီတု မိဘနှစ်ပါးရဲ့ သွန်သင်ဆုံးမမှုများကြောင့်သာ ဖြစ်ပါတယ်။ နောက် သမီး ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့လဲ အများကြီးသက်ဆိုင်နေတယ်လို့ သမီးယူဆပါတယ်။ ဒီနောက်မှာတော့ ဗိုလ် ချုပ်ကျော်ဇော နှင့်တကွ တခြားနိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့ အကြောင်းတွေကို လူကြီးများမှတဆင့် သို့မဟုတ် စာ အုပ်စာတမ်းများမှတဖုံ လေ့လာသိရှိခဲ့ရပါတယ်။ အများစု နိုင်ငံရေး ခေါင်းဆောင်ကြီးများဟာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ အတွက် သူတို့ကို သမီးတို့ခေတ်လူငယ်တွေ မီနိုင်မည် မဟုတ်တော့ပါ။
ဒါပေမယ့် ကျန်းမာရေးတော်တော်ကောင်းပြီး အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ သမီးတို့ရဲ့ ဖိုးဖိုး ဗိုလ်ချုပ်ကျော်ဇော ကို တော့ အပြင်မှာ ကံကောင်းထောက်မလို့ တွေ့မြင်ခဲ့ဖူးပါတယ်၊ ဖိုးဖိုး ဗိုလ်ချုပ်ကျော်ဇောဟာ တကယ်ကို ခင်မင်ရင်းနှီးစ ရာကောင်းပြီး ဥပဓိရုပ်လဲ တော်တော်ကောင်းသူတဦးလဲ ဖြစ်ပါတယ်။ ဖိုးဖိုး ငယ်ငယ်ကဆို ဘယ်လောက်ချောလိုက်မလဲ ဆိုတာ သမီးခန့်မှန်းလို့ ရနိုင်ပါတယ်။ ဖိုးဖိုးဟာ စာရေးစာဖတ် သတင်းနားထောင် စတဲ့အလုပ်များနဲ့ တနေ့တာအချိန်ကို ကုန်ဆုံးစေတတ်ပါတယ်။ ဖိုးဖိုးဟာ စာပေဗဟုသုတများကို အဲဒီလို အချိန်ရှိသရွေ့ လေ့လာလိုက်စားနေတတ်သူတဦး ဖြစ်ပြီး အရမ်းကို ယဉ်ကျေးသိမ်မွေ့သူ တဦးလည်း ဖြစ်ပါတယ်။သမီးတို့လို လူငယ်တွေနဲ့စကားပြောရင်တောင် “ကျနော်” လို့ ဖိုးဖိုးက သူ့ကိုယ်သူ သုံးတတ်ပြီး ၀ါကျတိုင်းမှာလဲ “ဟုတ်ကဲ့” ဆိုတဲ့ လူတဖက်သားကို ရိုကျိုးလေးစားမှုပေးတဲ့ စ ကားလုံးမျိုးနဲ့ သုံးတတ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ ဖိုးဖိုးနဲ့စကားပြောရင် သမီးတို့ တော်တော်ကို အားတောင့်အားနာ ဖြစ်မိပါတယ်။
ဖိုးဖိုးနဲ့တွေ့ဖူးတယ်လို့သာပြောရတယ် ဖိုးဖိုးအကြောင်းကို ဂဃနဏပြောပြပါဆိုရင် သမီးပြောပြတတ်မှာ မဟုတ်ပါဘူး။ ဖိုးဖိုးက အရည်အချင်းရှိပြီး ချစ်ခင်လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တဦးလို့သာ နားလည် သိရှိထားပါတယ်။ လွန်ခဲ့တဲ့ တလလောက်က သမီးရဲ့အမေက ဖိုးဖိုးရေးသားထားတဲ့ စာအုပ် တအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဖိုးဖိုး ဗိုလ်ချုပ်ကျော်ဇောရဲ့ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” ဆိုတဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိပေါင်းချုပ်ကို ဖတ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖိုးဖိုးဟာ တော်တော် အရေးအသားကောင်း သူဖြစ်ကြောင်း ဒီစာအုပ်ကိုဖတ်ပြီးတော့ သမီးအံ့အားသင့်စွာ သိရှိလိုက်ရပါတယ်။ ပြီးတော့ ဖိုးဖိုးရဲ့အရည်အချင်းကိုလဲ သမီးစိတ်ထဲကနေ ဂုဏ်ယူစွာ အသိအမှတ်ပြုမိပါတယ်။ ဒီစာအုပ်ထဲမှာ သမီးအတွက် လေ့လာစရာ သင်ယူမှတ်သားစရာတွေ အများကြီးပါပါတယ်။ ဒီ သိပ်ပြီး မထူလှတဲ့ ဖိုးဖိုးရဲ့ အထ္ထုပ္ပတ္တိစာအုပ်ကလေးဟာ သမိုင်းဝင်အချက်အလက်များနှင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ စာ မျက်နှာတိုင်းဟာလဲ စိတ်ဝင်စားစရာများနဲ့ ပြည့်နှက်လို့ နေပါတယ်။ သမီးတို့လို စာဖတ်ရမှာ တော်တော်ပျင်းပြီး မြန်မာ စာနဲ့ တော် တော်အလှမ်းဝေးနေတဲ့ လူငယ်စာဖတ်ပရိသတ်မျိုးကိုတောင် ဆွဲဆောင်ထားနိုင်တာကြောင့် ဒါဟာ ဖိုးဖိုး စာ အုပ်ရဲ့ အောင်မြင်မှုတခုလို့ ကိုယ့်ဖာသာ ကောက်ချက်ချထားပါတယ်။ ဒီစာအုပ်ဟာ ဖိုးဖိုးရဲ့ လျှောက်လှမ်းခဲ့တဲ့သမိုင်းလို့ ပြောလို့ရသလို သမီးတို့နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းလို့ ဆိုရင်လဲ မှားလိမ့်မည်မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖိုးဖိုး လျှောက်လှမ်းခဲ့တဲ့လမ်းဟာ “နယ်ချဲ့ဗြိတိသျှ တော်လှန်ရေးလမ်း” “ဖက်ဆစ်ဂျပန် တော်လှန်ရေးလမ်း” တွေဖြစ်ပြီး ဗိုလ် ချုပ်အောင်ဆန်းနှင့် သမီးတို့ အမြဲတန်း လေးစားဦးညွတ်ရမယ့် အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး အတူလျှောက် လှမ်းခဲ့တဲ့ သမိုင်းဝင် မြန်မာပြည် လွတ်လပ်ရေးလမ်းကြီး မဟုတ်ပါလား။
ဖိုးဖိုးဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တခြားသောနိုင်ငံရေးခေါင်းဆောင်ကြီးများလိုပဲ ဆယ်ကျော်သက် အရွယ်လောက်က စပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူ တဦး ဖြစ်ရုံမျှမက မြန်မာ့သမိုင်းမှာ မော်ကွန်းတင် ခံခဲ့ရတဲ့ ရဲဘော်သုံးကျိပ်ဝင်တဦးလဲ ဖြစ်ခဲ့ပါတယ်။ အများစု ရဲဘော် သုံးကျိပ်ဝင်များရဲ့  နာမည်များ ရှေ့မှာ “သခင်” ဆို တာ ပါတတ်ပါတယ်။ သခင်အောင်ဆန်း (ဗိုလ်တေဇ/ ဗိုလ် ချုပ်အောင်ဆန်း) တို့၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်) တို့၊ သခင်ရွှေ (ဗိုလ်ချုပ်ကျော်ဇော) တို့ စသဖြင့်ပေါ့။ ဘာဖြစ်လို့ ဒီလိုမှည့်ရသလဲဆိုတော့ မြန်မာပြည်ကို သူ့ကျွန်ဘ၀ကနေ ရုန်းထွက်နိုင်ပြီး သခင်နိုင်ငံဖြစ်ရစေမယ် ဆိုတဲ့ ဆန္ဒတွေနဲ့ “တို့ဗမာအစည်းအရုံး သခင်ပါတီကြီး” ထဲကိုဝင်ပြီး သခင်အ ဖြစ်ပြောင်းလဲလိုက်ကြတာ ဖြစ်တယ်။ ဒါဟာ ဘယ်လောက်အားရကျေနပ်ဖို့ကောင်းတဲ့ အပြောင်းအလဲလဲ။ သမီးကတော့ “သခင်မျိုးဟေ့ တို့ဗမာ” ဆိုတဲ့ ဟစ်ကြွေးသံနဲ့ ထောက်ခံအားပေးလိုက်ချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖိုးဖိုးတို့ ရဲဘော်သုံးကျိပ်ဝင်များဟာ ဟိုင်နန်ကျွန်းမှာ ဂျပန်စစ်ပညာသင်ခဲ့ပြီး နောက်ပိုင်းမှစလို့ သူတို့ရဲ့ နာမည်များကို “သခင်” မှ “ဗိုလ်” လို့ ပြောင်းလဲခေါ်ဆိုလိုက်ကြတယ်။ ဒီလိုပြောင်းရတဲ့ အကြောင်းအရင်းကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကျန်-ရဲဘော်သုံးကျိပ်ဝင်များဟာ မြန်မာပြည်ရဲ့တပ်မတော်ကြီးကို ရှေးဦးစွာ စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီး များ ဖြစ်လို့ပါပဲ။ ဒါတွေဟာ ဖိုးဖိုးရဲ့ အထ္ထုပ္ပတ္တိစာအုပ်ထဲက မှတ်ယူသိရှိလိုက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တချို့ ဖြစ်ပါ တယ်။ ဒါပေမဲ့ သမီး ဒီစာအုပ်ထဲကနေ မယုံနိုင်စွာ သိရှိလိုက်ရတဲ့ အချက်တချက်ကတော့ “ဗိုလ်ချုပ်နေ၀င်း ဟာလဲ ရဲ ဘော်သုံးကျိပ်ဝင်တဦး” တဲ့။ ဘယ်လောက်တောင် ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်မှန်တခုပါလဲ။
သမီးတို့ရဲ့ မျိုးချစ်တော်လှန်ရေး ခေါင်းဆောင်ကြီးများဟာ ရဲဘော်သုံးကျိပ်ဝင် စဖြစ်တဲ့နေ့ကစလို့ သူတို့ ရဲ့ အသက်ကို အမိမြန်မာပြည်အတွက် စွန့်လွှတ်ပေးဆပ်ဖို့ အသင့်ဖြစ်နေခဲ့ကြပါတယ်။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲများအတွင်း မှာ သူတို့ရဲ့ မျိုးချစ်စိတ်နဲ့ သတ္တိသွေးကို ဖော်ပြခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေကြားမှာ သမီးတို့ရဲ့ခေါင်းဆောင်ကြီးများ သမီး တို့ချစ်ခင်ရသော မျိုးချစ်ရဲဘော်များနှင့် ပြည်သူအမြောက်အမြား ကျဆုံးခဲ့ရပါတယ်။ သွေးချောင်း စီးခဲ့ရပါတယ်။ ဒါပေ မယ့် တချို့ မျိုးချစ်ခေါင်းဆောင်ကြီးများမှာတော့ ကိုယ့်အချင်းချင်း လုပ်ကြံမှုကြောင့် ၀မ်းနည်းကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ တာပါ။ ဒီကောက်ကျစ်တဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ သမီးတို့ ချစ်ခင်လေးစားရပါသော သမီးတို့တိုင်း ပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြားသော အာဇာနည် ခေါင်းဆောင်ကြီးများအားလုံးအတွက် သမီးမခံမ ရပ်နိုင် ဖြစ်ရပါတယ်၊ ၀မ်းနည်း ပူဆွေးရပါတယ်၊ နှမြောတသမဆုံးလဲ ဖြစ်ရပါတယ်။
ဘာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းတို့လို တကယ်တမ်း မြန်မာပြည်အကျိုးကို သယ်ပိုးပေးချင်တဲ့ ခေါင်းဆောင်မျိုးတို့ကိုမှ ရွေးပြီးလုပ်ကြံရတာလဲ။ တတိယ ခေါင်းဆောင်ပိုင်းထဲ ၀င်နေခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းကရော အဲဒီလုပ်ကြံခံရတဲ့နေ့မှာ ဘယ် ကို ရောက်နေပါသလဲ။ တကယ်လို့ သူသာမရှိရင် တိုင်းပြည်ကြီး တော်တော်ငြိမ်းချမ်းနေပြီလို့ သမီးထင်ပါတယ်။ တကယ် လို့ ဗိုလ်ချုပ် အောင်ဆန်းတို့သာ အလုပ်ကြံမခံခဲ့ရဘူးဆိုရင် သမီးတို့ မြန်မာနိုင်ငံကြီး ဒီလောက်ဆိုးဝါး နိမ့်ကျနေစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ ကျန်ရှိနေသေးတဲ့၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ နိုင်ငံရေးခေါင်း ဆောင်ကြီး များကိုလဲ အခုနောက်တက်လာတဲ့ အစိုးရတွေလို လိုက်လံသတ်ဖြတ်စာရင်းရှင်းနေမှာ မဟုတ်တာ သေချာပါတယ်။ ဗမာပြည် ကွန် မြူနစ်ပါတီနှင့်တကွ တခြားသော မျိုးချစ်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု များကိုလဲ “သောင်းကျန်းသူ” “သူပုန်” နာမည်တတ်ပြီး တောထဲကို မောင်းထုတ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည် ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူတဦး ဖြစ်ပါတယ်၊ နောက်ပြီး မြန်မာပြည်ရဲ့လွတ်လပ်ရေးကြီးဟာလဲ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တကွ ကျန်တိုင်းရင်းသား ပြည်သူများရဲ့  ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် ပေးဆပ်ကြိုးပမ်းခဲ့တဲ့ ရ လဒ်ဖြစ်တာကို ဗိုလ်ချုပ်အောင်ဆန်း အသေအချာ သိထားတာကြောင့် သူ့ရဲဘော်ရဲဘက် တိုက်ဖော်တိုက်ဖက်တွေကို ရက်ရက်စက်စက် လုပ်မယ်မဟုတ်ဘူးလို့ ယူဆထားလို့ပါ။
သမီးငယ်ငယ်တုန်းကဆို “သူပုန်” တို့ “သောင်းကျန်းသူ” တို့ ကြားရင် အရမ်းကြောက်ပါတယ်။ လမ်းမှာသူပုန်တွေနဲ့တွေ့ ရင် အသတ်ခံရမှာတို့ ဘာတို့ပေါ့၊ ဇာတ်ကားတွေထဲကလိုလေ။ ဒါပေမယ့် သမီး အခုမှ ပြန်စဉ်းစားကြည့်မိတယ်။တကယ် လို့များ အခုချိန်မှာ မြန်မာပြည်ပြည်သူတွေအတွက် အကာအကွယ်ပေးနေပါတယ်ဆိုတဲ့ အစိုးရစစ်တပ်ကြီးနဲ့တွေ့ရင် “အဲဒီ သူတို့ဇာတ်ကားတွေထဲမှာ ပြောနေတဲ့ ဓားပြ သူပုန် သောင်းကျန်းသူ” တွေကိုတွေ့တာထက် အဆပေါင်းများစွာ အခြေအနေက ဆိုးရွားသွားနိုင်တယ် ဆိုတာကိုပေါ့။ အားလုံးပဲ စဉ်းစားကြည့်ကြပါ၊ စစ်တပ် မကျူးလွန်ဖူးတဲ့ မကောင်းမှု ဘယ်နှစ်ခုများ ကျန်ရှိနေသေးလဲလို့။ သူတို့တွေဟာ အဓမ္မပြုကျင့်တဲ့အလုပ်တွေမှာ “အထူး ကျွမ်းကျင်သူ” တွေဖြစ်ကြပါ တယ်။ ခိုးမလား၊ ၀ှက်လား၊ ဗြောင် ဓားပြတိုက်မလား၊ လူကွယ်ရာမှာလုပ်ကြံမလား၊ လူမြင်ကွင်းမှာသတ်ဖြတ်မလား၊ ရွာ မီးရှို့မလား၊ မိန်းကလေးတွေကို အဓမ္မ ပြုကျင့်ရမလား ကြိုက်တာလာခဲ့ အကုန်ရတယ်ဆိုတဲ့ အစိုးရပေါ့။ တကယ်က တော့ သူတို့ကမှ “ဓားပြအစစ်” “သောင်းကျန်းသူအစစ်” “အချောင်သမားအစစ်” တွေပါ။
ဗိုလ်ချုပ်တို့ ဦးဆောင်ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ ပြည်သူတွေချစ်ရတဲ့ မြန်မာ့တပ်မတော် ဘယ်ရောက်သွားပြီလဲ။ “ဆရာ ၀န်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ မြန်မာ့ သားကောင်းဇာနည် စစ်သားကြီးကို ကျနော်မျှော်မှန်းရည်” ဆိုတဲ့ ဒီသီချင်းစာသားလေးကို သမီးအရမ်းကြိုက်ခဲ့တာပါ။ ခဏခဏလဲ ဆိုဖြစ်ခဲ့ပါတယ်။ သူပြော တဲ့ စစ်သားကြီးကတော့ ဗိုလ်ချုပ်တို့ခေတ်က မြန်မာ့သားကောင်းဇာနည် စစ်သားကြီးများကို ဆိုတာပဲ ဖြစ်ပါလိမ့်မယ်၊ အဲ ဒီလို ပြည်သူကချစ်ရတဲ့ စစ်သားကြီးတွေပြန်ပေါ်လာနိုင်ပါစေလို့ သမီးဆုတောင်းပါတယ်။ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာတဲ့ ဒီဟစ်ကြွေးသံ ကို သမီးရဲ့နားထဲမှာ ပြန်လည်ကြားယောင်နေမိပါတယ်။ ဟုတ်ပါတယ်၊ သမီးတို့ တိုင်းပြည်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၊ သမီးတို့ရဲ့ခေါင်းဆောင်ကြီး ဗိုလ်လင်္ကျာ (သခင်လှဖေ)၊ ဗိုလ်ချုပ်ကျော်ဇော (သခင်ရွှေ) တို့ ပေးအပ်ခဲ့တဲ့ စစ်ပညာ ဟာ ပြည်သူတွေကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ပါ။ ပြည်သူတွေကို ရန်သူသဖွယ် ရက်ရက်စက်စက် သတ်ပစ်ဖို့မဟုတ်ပါ ဘူး။
ဗိုလ်ချုပ်တို့နှင့် မြန်မာပြည်ရဲ့ အာဇာနည်အပေါင်းတို့ သွေးချောင်းစီးမျှ အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့တွေရဲ့ လက်ထဲက ခက် ခက်ခဲခဲတိုက်ယူခဲ့တဲ့ မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာ အချည်းနှီးသာ ဖြစ်ခဲ့ရပါတယ်။ အခု လက်ရှိ မြန်မာပြည်သူတွေရဲ့ ဘ၀ဟာ လွတ်လပ်မှုဆိုတာ “မူးလို့တောင် ရှူစရာမရှိ” တဲ့ ဘ၀ပါ။ မြန်မာပြည်စစ်အစိုးရဟာ မကောင်းတာလုပ်နေတဲ့ သူတွေဆိုရင် လွတ်လပ်မှုကို အပြည့်ပေးထားတတ်ပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စမျိုးတွေဆိုရင်တော့ လွတ်လပ်မှုကို နည်းအမျိုးမျိုးဖြင့် တားဆီးပိတ်ပင် ထားတော့တာပါပဲ။ ဒါမှလဲ တိုင်းပြည်ကြီး ပျက်စီးပြီး သူတို့တတွေ ကောင်းစားကြမှာလေ။ အခု မြန်မာပြည်ရဲ့ ဆင်းရဲမှုကတော့ ကမ္ဘာမှာ နံပါတ်ဝမ်းကို တက်ချိတ်တော့မှာပါ။ ဘယ်နိုင်ငံမှ သမီးတို့နိုင်ငံကို လိုက်မမီတော့ပါဘူး။ ဒါဟာလဲ သမီးတို့ရဲ့ စစ်အစိုးရ ခေါင်းဆောင်ကြီးများရဲ့ ၁၀၀% ကြိုးစားဖျက်ဆီးမှု ကြောင့်သာ ဒီလောက်အဆင့်ကို ပြိုင်ဖက်ကင်းစွာ ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံကတောင် သမီးတို့ နိုင်ငံကို အဖေပြန်ခေါ်ရမယ့်ကိန်း ဆိုက်နေပါပြီ။ ဒါတွေကတော့ မြန်မာပြည်စစ်အစိုးရ တက်ပြီးနောက်ပိုင်းမှာ ရလာခဲ့တဲ့ မယုံနိုင်စရာ ပြောင်းလဲမှုကြီးတွေပါ။
စစ်အစိုးရဟာ မြန်မာပြည်ပြည်သူတွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး အမှောင်ချထားခဲ့တာ ၁၉၈၈ မတိုင်မီကတည်းကပါ။ ဒါကြောင့် သမီးတို့လို နောက်မျိုးဆက်သစ်များဟာလဲ အမှားနဲ့အမှန်ကို ကောင်းကောင်း မဝေခွဲနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အမှန်ကို အကြာကြီးဖုံးကွယ်မထားနိုင်ပါဘူး။ ပြည်သူတွေ အားလုံး အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားလာ နိုင်တဲ့ တနေ့ဟာ သူတို့တွေ အကြောက်ဆုံးဖြစ်ရမယ့်နေ့ ဖြစ်ပါလိမ့်မယ်။
သမီး အခုတလော စစ်အစိုးရက ဦးစီးရိုက်ကူးထားတဲ့ “အာရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုတဲ့ ပေါ်လစီကားထဲက သီချင်းစာ သားလေးတကြောင်းကို အမှတ်ရမိပါတယ်။ “အမှောင်ကိုခွင်း၍ အလင်းကို ဆောင်မည်” ဆိုသည့် စာသား လေးပါပဲ။ ဒီ စာသားလေးကို သူတို့တွေ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲသုံးသုံး သမီးကတော့ သူ့ရဲ့အဓိပ္ပါယ်အရင်း ဖြစ်တဲ့ “အလင်းဟာ အမှောင်ကိုဖြိုခွင်းနိုင်စမြဲ ဖြစ်ပြီး အမှောင်ဟာ အလင်းကိုဘယ်တော့မှ ကာဆီးမထားနိုင်ဘူး” ဆိုတဲ့ အနက်အဓိပ္ပါယ် လေးကိုပဲ ကြိုက်ပါတယ်။ သူတို့တွေ ဦးနှောက်အခြောက်ခံပြီး လုပ်ဇာတ်ဆင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလဲ ပြည် သူတွေရဲ့ ရင်ထဲအထိရောက်အောင် ဂယက်ရိုက်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အလင်းနှင့်အမှောင်ကို ပြည်သူတွေ ကွဲကွဲပြား ပြားသိလာတဲ့ တနေ့ဟာ သူတို့တွေရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေနဲ့ပြည့်နှက်နေတဲ့ အမှောင်ထုကြီးကို သမီးတို့ပြည် သူ တွေရင်ထဲမှာ ကိန်းအောင်းနေမယ့် အမှန် အလင်းနဲ့ ဖြိုခွင်းနိုင်မယ့်တနေ့ပဲ ဖြစ်ပါတယ်။ မင်းသား ‘လူမင်း’ အဲဒီအထဲမှာ ပြောခဲ့တဲ့ စကားတခွန်းကို တော်တော်သဘောကျမိပါတယ်။ “ငါတို့တွေ လက်နက်ကိုင်တိုက်မှ အောင်ပွဲရနိုင်မယ်”ဆိုတဲ့ စကားပါပဲ။ ဒါဟာ သမီးအတွက်တော့ အမှောင်ထဲက အလင်းတန်းတခုလို့ ခံယူပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖိုးဖိုး ဗိုလ်ချုပ်ကျော်ဇောတို့ ခေါင်းဆောင်ကြီးများအားလုံးဟာ သူတို့ အပေါ်မှာကျလာ သော သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပါတယ်။ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းနေတဲ့ သမီးတို့လို နောက်မျိုးဆက်သစ်များဟာလဲ အမှောင်ထဲက အလင်းတန်းများကို ရှာဖွေတွေ့ရှိနိုင်ပြီး သမိုင်းပေးတာဝန် တွေကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားနိုင်လိမ့်မယ်လို့ သမီးယုံကြည်ပါတယ်။

သမီးထက်ထက်
၂၀၁၁ ဖေဖော်ဝါရီ ၁၃
(မှတ်ချက် … သမီးထက်ထက်ဟာ သြစတေးလျားနိုင်ငံ ဆစ်ဒနီမြို့မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူလေးတဦးပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...