ဦးသန့်၏ မြန်မာဝတ္ထုရှည်ဝေဖန်ရေး
by Mya Than Tint on Saturday, May 5, 2012 at 8:22pm ·
ကျွန်တော်သည် ၁၉၃၉ ခုနှစ်က ထုတ်ဝေခဲ့၍ ၁၉၄၃ ခုနှစ်တွင် ကျွန်တော်ဖတ်ခဲ့ရပြီး ကျွန်တော့်လက်ထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသော ဂန္ထလောကမဂ္ဂဇင်းကလေးကို တယုတယကိုင်ရင်း စာရွက်များကို အသာလှန်လှောနေသည်။ မဂ္ဂဇင်းစာအုပ်မှာ စစ်ဖြစ်ခါနီး ထုတ်ဝေသည့် ရှစ်ချိုးမဂ္ဂဇင်းဆိုက်အရွယ် မဟုတ်။ ရှည်မျောမျော ဒီမိုင်းဆိုက်ကလေးဖြစ်သည်။
စာမျက်နှာကလည်း နည်းနည်းကလေး။ ငါးဆယ်ခန့်သာ ရှိသည်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနှင့်ဖြစ်ပြီး တစ်ဝက်က အင်္ဂလိပ်စာကဏ္ဍဖြစ်ပြီး၊ နောက်တစ်ဝက်မှာ မြန်မာစာ ကဏ္ဍဖြစ်သည်။
အယ်ဒီတာအမည်ကို မတွေ့ရသော်လည်း ပန်းတနော်ဦးခန့်ဖြစ်လိမ့်မည်ဟု ထင်ရသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ကျေးလက်တောရွာသက်ကြီးပညာသင်ကြားရေး၊ ဖီးဘတ်စ် ကလောင်အမည်ခံသူ၏ မြန်မာလူမျိုးနှင့်ကဗျာ၊ ဒေါက်တာရာဒါကရှစ်ရှနန်၏ အိန္ဒိယအမျိုးသားနှင့်တက္ကသိုလ်၏ အခန်းကဏ္ဍ၊ ပန်းတနော်ဦးသန့်၏ မြန်မာဝတ္ထုရှည် စသည့်ဆောင်းပါးများ ပါဝင်သည်။ မြန်မာစာ ကဏ္ဍတွင် သိပ္ပံမောင်ဝ၏ ရွေးကောက်ပွဲ၊ တင်မောင်မြင့် (သိပ္ပံမောင်ဝ)၏ ငါ၊ သိပ္ပ (သိပ္ပံမောင်ဝပင် ဖြစ်မည်ဟု ယူဆရသည်)၏ ခင်ပျို့မောင်နှင့် ဇော်ဂျီ၏ တိမ်မိလ္လာကဗျာတို့ကို တွေရသည်။
(နောင်တွင် ပြန်လည်ထုတ်ဝေသော ကဗျာပေါင်းချုပ်သစ်၌ ထိုကဗျာကို တိမ်လွှာဟု အမည်ပြောင်းထားပြီး နောက်ဆုံးအပိုဒ်ကို အသစ်ပြန်လည် ရေးထားသည်ကို တွေ့ရသည်။)
ယခုပြန်ဖတ်လိုက်သည့်အခါ၌ ၁၉၃၃ ခု၊ နိုဝင်ဘာလထုတ်၊ ဂန္ထလောကမဂ္ဂဇင်း၊ ကျွန်ုပ်တို့၏ကဗျာစု ဆိုသည့် ကဏ္ဍတွင် ဇော်ဂျီ၏ကဗျာတစ်ပုဒ်ကို သွားတွေ့ရသည်။ ထိုကဗျာကို ကျွန်တော်ယခုသတိထား၍ဖတ်ကြည့်သည့်အခါ ဇော်ဂျီ၏ ကဗျာပေါင်းချုပ်များတွင် မပါဘဲ ကျန်ရစ်ခဲ့သည့် ကဗျာတစ်ပုဒ်ဖြစ်နေသည်ကို တွေ့ရသည်။ ဇော်ဂျီသည် ထိုကဗျာကို မေ့လျော့သွားသည်လား။ သို့မဟုတ် ရှာမတွေ့၍လားတော့ မပြောတတ်ပါ။ ထိုကဗျာမှာ ‘မျက်လုံးနီလာ’ ဆိုသည့် ကဗျာဖြစ်ပါသည်။ သူ့ကဗျာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ငဲ့လို့ ပြုံးပါအုံ့
မျက်လုံးနီလာပျော်ရဲ့
ကေသာတော် နွဲ့နွဲ့နွမ်းငဲ့ပြင်
ကြွက်ဝမ်းပူ ဖြူဖြူဖွေးလိုပ
ခြေကလေး အသာလှဲ့ပြန်တော့
ဝင်းလဲ့လဲ့မြင်လိုက်သည်။
ယခင်ညဆီက
မြင်ရမည် အမျှော်ကြီးရယ်နှင့်
ဆီမီးတိုင် ရှေ့မှာထွန်းကာပ
လွမ်းစရာ ဘယ်မသိသော်လဲ
လွမ်းမိသည် ဟန်မလှလေဘု
နွမ်းလျခဲ့ပြီ။
ပြောရအုံးမယ်နော်
မျက်လုံးအပြာလျှံငဲ့
ခါတရံ ဇော်တဖေ့မှာလ
ကြုံတွေ့သည် ဖလံကောင်တို့
အလျှံပြောင် မီးဝါတောက်မှာဖြင့်
လာရောက်ကာ ပျော်လို့ပါးရာက
အားနွဲ့ကာ အဝါသက်ရှာကြ
မီးကျက်၍ အသံမြည်
ဆီရည်က ကျဆင်း။
ငဲ့လို့ ပြုံးပါအုံ့
မျက်လုံးနီလာပျော်ငဲ့
သည်ခါသော် သည်ဆီမီးကိုဖြင့်
အပြီးတိုင် အမြန်သတ်ခါပ
ဖြူလှပ်သည် ခြေကလေးဆီသို့
ဖွေးရာရာ ပြေးကာလိုက်တော့မယ်
မဲမိုက်မှောင်တွင်း။ ။
(မူရင်းသတ်ပုံအတိုင်း)
ကျွန်တော်သည် အထက်ပါကဗျာကို ဇော်ဂျီ၏ကဗျာပေါင်းချုပ်သစ်တွင် လိုက်ရှာသော်လည်း မတွေ့ပါ။ ယခုတစ်ခေါက် ဂန္ထလောကမဂ္ဂဇင်းများကို ပြန်ဖတ်သည့်အခါတွင်မှ အသစ်ပြန်၍ တွေ့ခြင်းဖြစ်ပါသည်။
ထိုဂန္ထလောကမဂ္ဂဇင်းထဲတွင် နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသည့် ဆောင်းပါးတစ်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် ပန်းတနော် အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသန့်၏ ဆောင်းပါးဖြစ်ပါသည်။ ဦးသန့်၏ဆောင်းပါးမှာ ‘မြန်မာဝတ္ထုရှည် ဝေဖန်ရေးကောင်းလိုအပ်နေပြီ’ ဆိုသည့် ဆောင်းပါးဖြစ်သည်။ ဦးသန့်၏ ဆောင်းပါးသည် မြန်မာဝတ္ထုရှည်ဝေဖန်ရေးနှင့် ပတ်သက်၍ အစောဆုံးပေါ်ခဲ့သော ဆောင်းပါးတစ်စောင်ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ဦးသန့်၏ ဆောင်းပါးကို ဖတ်ကြည့်ပါ။
(ဤဆောင်းပါးသည် မြန်မာဝတ္ထုရှည်၏ သမိုင်းကို အကြမ်းဖျင်း ခြေရာကောက်သည့်ဆောင်းပါး ဟုပင်ခေါ်နိုင်မည် မဟုတ်ပါ။ မြန်မာဝတ္ထုရှည်သည် ယခုမှ ပေါ်ထွန်းစသာ ရှိပါသေးသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း နှစ်ခုအတွင်း၌ မြန်မာစာပေလောကသည် တော်လှန်ပြောင်းလဲမှုကြီးတစ်ခုကို ဖြတ်သန်းခဲ့ပါသည်။ စာပေရေးသားခြင်းအတတ်တွင် ဟောင်းနွမ်း၍ ခွန်အားနည်းသော အစဉ်အလာကို ဆန့်ကျင်တော်လှန်သည့်သဘောသည် ယနေ့ခေတ် မြန်မာစာရေးဆရာတို့၏ အရေးအသားထဲတွင် ထင်ရှားစွာ မြင်နေရပါသည်။ ဝတ္ထုနယ်ပယ်တွင် ပီမိုးနင်းသည် သူ၏အဆင့်အတန်းမြင့်သည့် ဝတ္ထုများဖြင့် ဦးဆောင်လမ်းပြခဲ့ပါသည်။ သူ၏အကြီးကျယ်ဆုံးသော ဝတ္ထုရှည်ကြီး နှစ်ပုဒ်ဖြစ်သည့် နေရီရီနှင့် သဲမြညှာ ဝတ္ထုတို့တွင် အချစ်အကြောင်းကို ရေးထားသော်လည်း (အချစ်အကြောင်း မရေးသော မြန်မာဝတ္ထုဟူ၍လည်း အဘယ်မှာလျှင် ရှိပါသနည်း) ထိုဝတ္ထုနှစ်ပုဒ်စလုံးမှာပင် ပီမိုးနင်းသည် သူခါတိုင်းရေးနေကျ ထုံးစံအတိုင်း အချစ်ကိုနူးညံ့သိမ်မွေ့သော လှပတင့်တယ်မှု၊ သင်းပျံ့မှုတို့ဖြင့် ထုံမွှမ်းထားပါသည်။ ပီမိုးနင်းသည် ထုံးတမ်း အစဉ်အလာဟောင်းများကို စတင်ဖီဆန်ခဲ့သူဖြစ်ပါသည်။ နေရီရီကို ပုံနှိပ်ထုတ်ဝေပြီးချိန်မှစ၍ နောင်တွင် လူငယ်ဝတ္ထုစာရေးဆရာအများအပြား ပေါ်ပေါက်လာခဲ့သည်တွင် အချို့မှာ လွန်စွာအဆင့်အတန်းမြင့်သည့် ဝတ္ထုတိုများကို ရေးနိုင်လာခဲ့ကြပါသည်။။ ယင်းတို့အနက် ရွှေဥဒေါင်း၊ ဇေယျ နှင့် မဟာဆွေတို့မှာ အထူးဦးစားပေး ဖော်ပြရမည့်သူများ ဖြစ်ပါသည်။
ထိုဝတ္ထုရေးဆရာများ၊ အထူးသဖြင့် ပထမဝတ္ထုရေးဆရာနှစ်ဦးတို့ လူကြိုက်အလွန်များလာသည့်အတွက် ၎င်းတို့လောက်အဆင့်မရှိသည့် လူငယ်စာရေးဆရာများအား ထိုသို့ဝတ္ထုကောင်းများကိုရေးနိုင်ရန် ကြိုးစားဖို့ အားပေးနှိုးဆော်သကဲ့သို့ ဖြစ်လာပါသည်။ သူတို့၏ရေးဟန်ကို အတုခိုးရန် ကြိုးစားလာခဲ့ကြပါသည်။ ထိုအခါမျိုးတွင် စာပေလောကတွင် ဖြစ်တတ်သည့်အတိုင်း စက်ယန္တယားဆန်
ဆန် ငြီးငွေ့ဖွယ်ကောင်းသော ထပ်ပြန်တလဲလဲဖြစ်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်၌ ကျွန်တော်တို့တွင် အတော်အတန်အရည်အချင်းရှိသည့် စာရေးဆရာများ အများအပြား ပေါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။ သူတို့သည် အင်္ဂလိပ်ဝတ္ထုများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းပြုခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြရာ အတော်အတန်အောင်မြင်မှုကိုလည်း ရရှိခဲ့ကြပြီ ဖြစ်ပါသည်။
မြန်မာစာပေ၏ ဖြစ်ပေါ်တိုးတက်မှုတွင် ရာဇဝင် (သမိုင်း) ဝတ္ထုတို့ ပေါ်ပေါက်လာရခြင်းမှာလည်း အဆင့်သစ်တစ်ခုဟု ဆိုသင့်ပါသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ကာလအတန်ကြာကပင်လျှင် ရာဇဝင်ဝတ္ထုများကို ရေးသားကာ လမ်းသစ်ကို ခေါင်းဆောင်ခဲ့ပါသည်။ သို့ရာတွင် တစ်ခါတရံ၌ သူ့ဝတ္ထုများမှာ ရှည်လျားပြီး အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းနေပါသည်။ ခံ့ညားမှုအရာတွင် လည်းကောင်း၊ ရေးဟန်ကြွယ်ဝသည့်နေရာတွင် လည်းကောင်း၊ ဦးမောင်ကြီးကို မည်သူမျှ မမီနိုင်သေးပါ။ သို့ရာတွင် ဝတ္ထုရေးဆရာတစ်ဦးအနေနှင့်ကား ဦးမောင်ကြီးသည် လုံးဝအောင်မြင်သူ တစ်ဦး မဟုတ်ပါ။ နှောင်းလူတို့သည် သူ့ကို စာပေပညာရှင်တစ်ဦး အနေဖြင့် သတိရကောင်းရမည်ဖြစ်သည်တိုင် ဝတ္ထုရေးဆရာတစ်ဦးအနေနှင့်တော့ သတိရကြမည် မဟုတ်ပါ။ နောင်ပေါ်လာသည့် ဦးသိန်းမောင်မှာမူ ရဲမြန်မာ ဝတ္ထုကြောင့် ရာဇဝင် ဝတ္ထုရေးဆရာတစ်ဦးအနေဖြင့် ထင်ရှားစွာ အောင်မြင်လာခဲ့ပါသည်။ ဦးသိန်းမောင်သည် ဝတ္ထုနောက်ခံကို ကောင်းစွာ ဖွဲ့စည်းတည်ဆောက်ထားပြီး သုတေသနလုပ်ထားကြောင်းကို စာမျက်နှာတိုင်းတွင် ပေါ်လွင်နေပါသည်။
သို့ရာတွင် နောင်ပေါ်လာသည့် ဝတ္ထုရေးဆရာသစ်များကို ကြည့်လိုက်သည့်အခါတွင်မူ များစွာစိတ်ပျက်ခြင်း ဖြစ်ရပါသည်။၎င်းတို့သည် ဝတ္ထုရေးခြင်းအတတ်ပညာကို က,ကြီး ခ,ကွေးလောက်ကိုပင် နားလည်ကြပုံ မရပါ။ ခေတ်ပြိုင်ဝတ္ထုများထဲတွင် ခေတ်ပြိုင်လူ့အဖွဲ့အစည်း၏အခြေအနေသည် ထင်ဟပ်နေရမည်ဖြစ်ပါသည်။ သို့ရာတွင် အချို့သော ခြွင်းချက်များမှအပ ခေတ်ပေါ် မြန်မာဝတ္ထုသည် ထိုလုပ်ငန်းကို မလုပ်နိုင်ဘဲ ဖြစ်နေပါသည်။ ခေတ်ပြိုင် လူမှုဘဝကို သစ္စာရှိစွာ ဖော်ပြထင်ဟပ်သည့်အချက်ဆို၍ မြန်မာဝတ္ထုများထဲတွင် ရှာ၍မတွေ့ဘဲ ဖြစ်နေပါသည်။ မြန်မာဝတ္ထုရေးဆရာတို့သည် မိမိတို့၏ ခွန်အားကို အတုခိုးခြင်းကိစ္စတွင်သာ အစွမ်းကုန် အသုံးချနေကြပါသည်။ ထိုသို့အတုခိုးထားသော စာပေများ၊ ဝတ္ထုများမှာလည်း အလွန်အဆင့်အတန်း နိမ့်နေပါသည်။
သို့ဖြစ်လျှင် ထိုသို့သော အညံ့စားစာပေများသည် အဘယ်ကြောင့် ထိုမျှ အုံလိုက်ကျင်းလိုက် များပြားနေရပါသနည်း၊ ထင်ရှားသော အကြောင်းအရာတစ်ရပ်မှာ မှန်ကန်၍ ဘက်မလိုက်သော ဝေဖန်ရေး မရှိသောကြောင့် ဖြစ်ပါသည်။ ယခုအချိန်၌ ဝေဖန်ရေး စွမ်းအားသည် အလွန်နည်းနေပြီး စာပေအနုပညာ၏ တိုးတက်မှုကို အကျိုးဖြစ်မည့် လမ်းကြောင်းမှ သွေးဖည်နေသောကြောင့် ဖြစ်ပါသည်။ မြန်မာဝတ္ထုတိုးတက်ရေးတွင် မြန်မာသတင်းစာနှင့် ဂျာနယ်များသည် များစွာ အထောက်အပံ့ပေးနိုင်ပါသည်။ စာနယ်ဇင်းတို့သည် အရည်အချင်းရှိသော ဝေဖန်ရေးဆရာတို့ကို ရှာဖွေသင့်ပါသည်။ စာရေးဆရာ အဟောင်းအသစ်တို့ ရေးသားထုတ်ဝေကြသော ဝတ္ထုသစ်များကို ဘက်လိုက်ခြင်းမရှိဘဲ ဝေဖန်သင့်ပါသည်။ ယခု လောလောဆယ် လိုအပ်နေသောအရာမှာ စာနယ်ဇင်းများ၏ ပုဂ္ဂိုလ်စွဲ မပါသော ဝေဖန်ရေးဖြစ်ပါသည်။ )
ပန်းတနော်ဦးသန့်၏ မြန်မာဝတ္ထုရှည်ဝေဖန်ရေးနှင့် ပတ်သက်သည့်ဆောင်းပါးမှာ ဤမျှသာဖြစ်ပါသည်။ သို့ရာတွင် ဦးသန့်၏ဆောင်းပါးသည် အတော်အတန်ပြည့်စုံသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဦးသန့်က မြန်မာဝတ္ထု၏ အစသည် ပီမိုးနင်း၏ နေရီရီနှင့်သဲမြညှာဖြစ်သည်ဟ မှတ်တိုင်စိုက်၍ ကမ္ဗည်းထိုးလိုက်ပါသည်။ ဤအချက်တွင် သဘောကွဲနိုင်သော်လည်း ပီမိုးနင်းသည် မြန်မာဝတ္ထုရှည်ကို လမ်းသစ်ထွင်ခဲ့သူ ဆိုသည်အချက်မှာမူ အငြင်းပွားဖွယ်မရှိဟုထင်ပါသည်။ ဦးသန့်က ပီမိုးနင်း၏နေရီရီပြီးသည့်နောက်တွင် ပေါ်ထွက်လာသည့် မြန်မာ့ဝတ္ထုရှည်ဆရာသုံးဦးကို ညွှန်းပါသည်။ ယင်းတို့မှာ ရွှေဥဒေါင်း၊ ဇေယျနှင့် မဟာဆွေတို့ဖြစ်ပြီး အထူးသဖြင့် ရွှေဥဒေါင်းနှင့် ဇေယျတို့ကို ညွှန်းပါသည်။ နှောင်းခေတ် စာရေးဆရာတို့သည် ရွှေဥဒေါင်းနှင့် ဇေယျတို့၏ ဝတ္ထုမျိုးတို့ကို ရေးသားလာကြသည်ဟု ဆိုပါသည်။
ထို့နောက် ဦးသန့်က မြန်မာစာပေတွင် ရာဇဝင်(သမိုင်း) ဝတ္ထုပေါ်ပေါက်လာခြင်းသည် အဆင့်တစ်ရပ်သို့ ရောက်လာသည်ဟု ယူဆပါသည်။ လယ်တီ ပဏ္ဍိတဦးမောင်ကြီးသည် ရာဇဝင်ဝတ္ထုများစွာကို ရေးခဲ့သည့်တိုင် ဦးမောင်ကြီး၏ ရာဇဝင်ဝတ္ထုများသည် ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသည်ဟု ဝေဖန်ပါသည်။ ဦးမောင်ကြီးသည် စာပေပညာရှင်တစ်ဦးဖြစ်သည့်တိုင် ဝတ္ထုရေးဆရာတစ်ဦးအနေဖြင့် အောင်မြင်ခြင်းမရှိဟု ဦးသန့်ကဆိုခဲ့ပါသည်။ ရာဇဝင်ဝတ္ထုရေးဆရာ အဖြစ် ဦးမောင်ကြီးထက် ဦးသိန်းမောင်က ပို၍ အောင်မြင်သည်ဟု ဦးသန့် ယူဆပါသည်။
ဦးသန့်သည် သူတို့နောက်တွင်ပေါ်လာသည့် ‘ဝတ္ထုရေးဆရာအသစ်များ’ဆိုသည်ကို များစွာစိတ်ပျက်မိကြောင်း၊ ယင်းတို့မှာ ဝတ္ထုရေးသားခြင်း အတတ်ပညာ ကကြီး၊ခကွေးကိုပင် နားမလည်ကြကြောင်းဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားပါသည်။ ဦးသန့်သည် ထိုခေတ် (၁၉၃၃ ခုနှစ်တစ်ဝိုက်) ပေါ်ပေါက်ခဲ့သော အများကြိုက်ဝတ္ထုရေးဆရာများကို တော်တော်ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါသည်။ ဝတ္ထုသည် ခေတ်ပြိုင်လူမှုဘဝကို ထင်ဟပ်ပြရမည်ဟု စောစီးစွာကတည်းက မြင်ခဲ့ကြောင်းကို တွေ့နိုင်ပါသည်။ ယင်းသို့အညံ့စား စာပေများ တွင်ကျယ်နေကြခြင်းကို ဖြောင့်မတ်၍ ဘက်မလိုက်သော ဝေဖန်ရေးဆရာများကို ဖိတ်ခေါ်ကာ စာပေဝေဖန်ရေးကို လုပ်သင့်ကြောင်းဖြင့် ဆော်ဩခဲ့ပါသည်။
ကျွန်တော်သည် ထိုဂန္ထလောကမဂ္ဂဇင်းကို ၁၉၄၃ ခုနှစ်က ဖတ်ခဲ့ရသော်လည်း ထိုစဉ်က အင်္ဂလိပ်စာကို ကောင်းစွာမဖတ်တတ်သေးသဖြင့် ဦးသန့်၏ဆောင်းပါးကို မဖတ်ဖြစ်ခဲ့ပါ။
၁၉၃၃ ခုနှစ်က ရေးခဲ့၍ ၁၉၄၃ ခုနှစ်တွင် ကျွန်တော်လက်ထဲသို့ရောက်ခဲ့သည့် ဂန္ထလောကကို ၁၉၉၃ ခုနှစ်တွင် ကျွန်တော်ပြန်ဖတ်သည့်အခါ၌ ဦးသန့်၏ဆောင်းပါးကို ပထမဆုံးအကြိမ် ဖတ်ရခြင်းဖြစ်ပါသည်။
လွန်ခဲ့သည့် အနှစ်ခြောက်ဆယ်က ရေးခဲ့သည့်ဆောင်းပါးဖြစ်သည့်တိုင် ဦးသန့်၏ဆောင်းပါးသည် ခေတ်မီနေသေးသည်ကို တွေ့ရပါသည်။
မြသန်းတင့်
(၁၉၉၄၊ ဂျူလိုင်၊ သရဖူ)
0 comments:
Post a Comment