ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ
``အတိတ်ကို အတိတ်မှာထား ပုလိပ်ကို ဂိတ်မှာထား `` ဟူသောဆိုရိုးစကားရှိသော်လည်း ငယ်စဉ်တောင်ကြေး ကလေးဘဝကို ကျွန်တော်မကြာခဏ သတိရတတ်သည်။ ကျွန်တော့ကို မြန်မာပြည်အလယ်ပိုင်း တံတားဦးမြို့နယ် အတွင်းရှိ ရွာကလေးတစ်ရွာတွင်မွေးဖွားခဲ့ သည်။ ကျွန်တော်တို့ငယ်ငယ်က ရေမြေတောတောင် သဘာဝအလှတရားများ နဂိုအတိုင်းရှိသည့်အတွက် စိမ်းလန်းစိုပြည်သော အညာကျေးလက်ရွာကလေးတစ်ရွာဖြစ်သည် ။ ယခုတော့ ကျွန်တော်တို့ရွာကလေးသည် ရုပ်ပိုင်းဆိုင်ရာ များ တိုးတတ်ဖွံ့ဖြိုးလာသော်လည်း သဘာဝအလှတရား သစ်ပင် တောတောင် တို့သည်ကား လွင်တီးခေါင်ဖြစ်ပြီး ခြောက်သွေ့နေသည်မှာ ကန္တာရ တစ်ခုသဖွယ် ဖြစ်နေသည်ကို စိတ်မကောင်းစရာမြင်နေရသည်။
ကျွန်တော်တို့ငယ်စဉ်က ရွာအပြင်ထွက်လိုက်သည်နှင့် ဖွတ်၊ ပဒတ်၊ ယုန်၊ ဒရယ် ၊ငုံး၊ ဂျိုး(ချိုး)၊ ခါ ကဲ့သို့ တောကောင်ငယ်ကလေးများ ပေါများလှပြီး တောလိုက်မုဆိုးတို့ထံမှ အလွယ်တကူ ဝယ်ယူစားသုံးနိုင်သကဲ့သို့ ယာတောစပ် ကန်သင်းခြုံများမှလည်း ကင်းပုံသီး၊ ဒန့်သလွန်သီး ၊ ဂွေးတောက်ရွက် ၊ မန်ကျီးရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ငရံ့ပလူရွက် စသော အလေ့ကျ ဟင်းသီးဟင်းများ ပေါသလို လူတိုင်းစိုက်ထားသည့် မီးဖိုချောင်စိုက်ခင်းဆီမှ ချဉ်ပေါင်၊ ကြက်ဟင်းခါး ၊ဗူး၊ ခရမ်းသီး ၊ခရမ်းချဉ်သီး၊ ပဲသီး၊ ငရုပ်သီး၊ ခဝဲသီး တို့မှာလည်း ဝယ်စားစရာမလို တစ်ခါချက်တော့ဖြင့် မည်သည့်စိုက်ခင်းကမဆို တောင်းစရာပင် မလိုပဲ ခူးယူနိုင်သော မြန်မာမှုဓလေ့လေးများသည်လည်း ယခုတော့ ပုံပြင်ဆန်ကာ ယုံနိုင်ဖွယ် မရှိတော့ပေ။
ကျွန်တော်တို့ငယ်စဉ်က ရွာတွင် မူလတန်းကျောင်းပင် မရှိပါ။ တစ်ရွာလုံး၏ စာတတ်မြောက်ရေးမှာ ရွာဦးဘုန်းတော်ကြီးကျောင်းကပင် တာဝန်ယူသင်ပေးသည့်အခါမျိုးဖြစ် သည်။ ကျွန်တော်တို့ရွာနှင့် ကပ်လျှက် ရွာတွင်တော့ အစိုးရမူလတန်းကျောင်း ရှိသည်။ သို့သော်ရှေးဆန်သော လူကြီးများက ဘုန်းကြီးကျောင်းကသာ စာတတ်အောင်သင်ပေးနိုင်သည်ဟု အရိုးစွဲအမြင်ရှိရကား ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား အရေအတွက်မှာ တန်းကျောင်းသား (အစိုးရမူလတန်းကျောင်း) အရေအတွက်ထက်ပင် ပိုနေသည်။ ယနေ့ မင်းသားကြီး ဦးကျော်သူ၏ ယောက္ခမ စာရေးဆရာမကြီး ကျွန်တော်တို့ရွာလေးကိုရောက်စဉ် အမှောင်တစ်ခြမ်း အလင်းတစ်ခြမ်း ``ဟူသော ခရီးသွားဆောင်းပါးကို ကျွန်တော်တို့ရွာနှစ်ရွာကို အခြေခံပြီး ရေးခဲ့ဖူးသည်ဟု လူကြီးများက ပြောဖူးသည်။ မြန်မာစာ နှင့် ပါဋ္ဌိပါဒ်ဆင့်တွေကို ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားများက နောကျေအောင် ဖတ်နိုင်သော်လည်း အင်္ဂလိပ်စာတွင်တော့ နကန်းတစ်လုံးမှမသိပါ။သချာင်္တွင် လည်း ဘုန်းကြီးကျောင်းသားများက သာသည်။ အရေး အဖတ် အတွက် သင်ပေးသည်။
နောက်တော့ ဘုန်းတော်ကြီးက ခောတ်အခြေအနေကို သဘောပေါက်ကာ သူ့ကျောင်းသားများကို အင်္ဂလိပ်စာ စသင်ပါတော့သည်။ အင်္ဂလိပ်အက္ခရာတွေကို ဖတ်ရာ၌ အေ- ဘီ- စီ- ဒီ လိုမျိုး အသံပြည့်တွင် ပြဿနာမရှိသော်လည်း (F) ကျတော့ ဒုက္ခပေးပါတော့သည်။ အသံဝက်ကိုဘယ်သူမှ မထွက်တတ်။ အက်ဖုတွေရော အက်ဖိတွေရော ရှုပ်ကုန်ပါလေတော့သည်။နောက်ပြီး ရှိသေးသည် သချာင်္ကိုပါ အင်္ဂလိပ် လိုသင်တော့သည်။ ပထမဆုံး ဝမ်း-တူး-သရီး-ဖိုး စသဖြင့် ကျက်ရ မှတ်ရ ရေးရသည်။ ပထမဆုံး ထိုဂဏန်းတို့ကို အလွတ်ရွတ်ခိုင်းရာ အောင်မင်း အမည်ရှိ ကျောင်းသားက တတ်ကြွစွာဖြင့် ဝမ်း- တူး- သရီး - ဖိုးဆိတ်- ဟုရွတ်ဆိုရာ အားလုံးဝိုင်းရီကြလေသည်။ ဖိုး နှင့် စစ်ကြား ဖိုက် ကိုကျော်ကာ ဖိုး- စစ်ကို ဖိုးဆိတ် ဟု ဆိုမိသဖြင့် ထိုနေ့မှ စ၍ ထိုကျောင်းသားမှာ အောင်မင်းအမည်ပျောက်ပြီး ဖိုးဆိတ် ဟု အမည်သစ် တွင်လေ တော့သတည်း။
နောက်တစ်ခါ ဘုန်းတော်ကြီး မှားသင်တာကလည်း ရှိသေး ။ Ant (အန့်တ်) ပုရွက်ဆိတ်ကို ပုံကိုကြည့်ကာ Ant (အန့်တ်) နှံကောင် ဟုသင်ပေးခဲ့သဖြင့် ကျွန်တော်လေးတန်း ပြောင်းပြီးတတ်တော့ ထိုအမှားကို လူမသိအောင် တိတ်တိတ်ကလေး ပြင်ခဲ့ရလေသည်။ အရင်ခါက ကျွန်တော်တို့ဘုန်းတော်ကြီးကျော င်းထွက်များကို အစိုးရတန်းကျောင်းဆက်တတ်လိုလျှ င် ၈ တန်းမှ စတတ်ခွင့်ပေးသည်။ အလယ်တန်းအဆင့်ထိ သင်ပြီး သတ်မှတ်ပေးသည် ။ နောက်တော့ လက်မခံသဖြင့် ကျွန်တော်တို့ ကျတော့ လေးတန်းက စပြောင်းရသည်။ လေးတန်းတွင် အခြားသူများ အင်္ဂလိပ်စာကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်ဆိုနေကြစဉ် ကျွန်တော့မှာ ကြက်ကြီးလည်လိမ်ထားသလို ဘာသံမှ ထွက်မလာခဲ့။ မထွက်ဆို အေ- ဘီ-စီတောင် အလွတ်မရသေးသော ဘုန်းကြီးကျောင်းထွက်ကိုး။
နောက်တော့လည်း အဆင်ပြေသွားသည်။ သူများထက်တော့ ပိုကြိုးစားရတာပေါ့။ အံမယ် အထင်မသေးနဲ့ ဘုန်းကြီးကျောင်းသားဆိုပြီး အဲဒီတုန်းက မြို့နယ် ထူးချွန်ကျောင်းသား တောင်ဖြစ်လိုက်သေးသဗျ။ လေးတန်းအောင်တော့ ငါး- ခြောက်- ခွန်-ရှစ် ကို မြစ်သားအထက မှာတတ်ရသည်။ လူကသာ တန်းကျောင်းသားဖြစ်လာသော်လည်း ဘုန်းကြီးကျောင်းဖြင့်ကား ရေစက်ရယ် မကုန်သေးချေ။ ကျွန်တော် မြစ်သားမှာ ကျောင်းတတ်တုန်း မှတ်မှတ်ရရ အဖြစ်နှစ်ခုမှာ တစ်ခုက တောင်ကိုးရီးယား သမ္မတကို မြောက်ကိုးရီးယားက အာဇာနည် ကုန်းတွင် လုပ်ကြံခြင်းနှင့် နောက်တစ်ခုက ယနေ့ အလွန်နာမည်ကြီးနေသော AIDS ရောဂါကြီးကို စတင်တွေ့ရှိ ကာ ကမ္ဘာကို ကြော်ငြာအသိပေးနေခြင်းတို့ ဖြစ်ပါသည်။
ကျွန်တော်သည် အထက (၁) မြစ်သားမှာကျောင်းတတ်သည်။ တည်းခိုသည့်နေရာကား ရွှေသူဋ္ဌေး ဘုန်းတော်ကြီး ကျောင်းဖြစ်သည်။မိဘများက ရှေးကျ၍ ဘုန်းတော်ကြီးကျောင်း ကနေတတ်မှ စည်းကမ်းရှိသည် ဘာသာရေးကိုင်းရှိုင်းသည် စာတော်သည်ဟု ယုံကြည်ချက်ရှိကြသည်။ ယုံကြည်အောင်လည်း ထိုအချိန်က ကျောင်းတွင် စာတော်သော ကျောင်းသားအများစုမှာ ဘုန်းတော်ကြီးကျောင်းကို အဆောင်လိုနေသော သူများဖြစ် နေတတ်သည်။ကျွန်တော်တို့သည် ဘုန်းတော်ကြီးကျောင်းတွင် စားသောက်ရာ၌ အကုသိုလ် မဖြစ်အောင် ဝေယျာဝစ္စများ အကုန်လုပ်ပေးရယုံသာမက တစ်နှစ်စာ စားရိတ်ကိုလည်း လှုဒါန်းကြလေသည်။
ဘုန်းတော်ကြီးကလည်း စည်းကမ်းရှိသည်။ တစ်နေ့တာ ကို Time table ဖြင့်အလုပ်လုပ်ရသည်။ အချိန်မှန်အိပ်ယာထ၊ အချိန်မှန် ကျောင်းဝေယျာဝစ္စလုပ် ၊အချိန်မှန် စား ၊အချိန်မှန်ကျောင်းသွား၊ အချိန်မှန် ဘုရားရှိခိုး ၊ အချိန်မှန် စာကျက် ၊အချိန်မှန်အိပ် စသဖြင့်ပေါ့။ ထို့ပြင်ဘုန်းတော်ကြီးက မြို့နယ်သံဃမဟာနာယက ဥက္ကဋ္ဌ၊ ပါဋ္ဌိပါရဂူ ပညာတတ်ဆရာတော်ကြီး။
ထိုကာလအချိန်က ကျွန်တော်တို့မြို့လေး၏ တန်ဆောင်တိုင်ဘုရားပွဲသည် အလွန်စည်ကားသည်။
ဇာတ်ပွဲ ၊ ရုပ်သေးပွဲ၊ ရုပ်ရှင်ရုံ မှာလည်း ပွဲတော်တွင်းတွင် ဇာတ်ကားကောင်းများကို ပြတတ်သည်။ ပွဲဈေးတန်းကြီးကလည်း ဘုရားပွဲခင်းအကျယ်ကြီးတွင် အပြည့်။ သို့သော် ကျွန်တော်တို့ ဘုန်းတော်ကြီးကျောင်းသားများမှာ ပွဲကို နေ့တိုင်းကြည့်ခွင့်မပေး ကြိုက်တဲ့ရက် တစ်ရက်သာ တရားဝင်ခွင့်ပြုသည်။ သို့သော်ကျွန်တော်တို့သည်ကား တစ်ကြိမ်တစ်ခါမျှ မလိုက်နာခဲ့။ ဘုန်းတော်ကြီးကျိန်းတာနဲ့ (အိပ်တာနဲ့) အလျှိုအလျှို ပွဲဈေးတန်းဆီသို့ ကျောင်းတံတိုင်းကိုကျော်ကာ သွားကြလေသည်။ကြား ဖြတ်ပြောချင်သေးသည်။ တစ်ခါက ရှင်ဘုရင်တစ်ပါး (နံမည်လွဲမှာစိုးလို့ မထည့်တော့ဘူး ဆိုပေမယ့် ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးထင်တာပဲ) ထားပါ။ သမိုင်းသင်တာမဟုတ်လို့ ဘိုးတော်ဦးဝိုင်းပဲဆိုပါတော့ ။ ရှင်ဘုရင် ဘိုးတော်မင်းတြားကြီး အမတ်ကြီးမောင်ပေါ်ဦးကိုမေးတယ်။ ``ဟဲ့ ပေါ်ဦး -- ငါ့နိုင်ငံထဲမှာ င့ါကို မကြောက်တဲ့သူများ ရှိသလား``တဲ့။ အမတ်ကြီးက``မှန်ပါ ရှိကြောင်းပါ``ပေါ့။ ဒါနဲ့ ဘိုးတော်မင်းတြားကြီးက ``ဘယ်သူလဲကွဲ့`` လို့မေးတယ်။ အမတ်ကြီးက ``မှန်ပါ လက်တွေ့ပြပါမည်ဘုရား``လို့ဆြို ပီး သံဃာ အပါး ၁၀၀လောက်ကို ဆွမ်းကျွေးပြီး တရားနာစေတယ်။ တရားနာပြီးရော ဘုန်းကြီးကျောင်းသားတွေ ဘာပြောကောင်းမလဲ ကိုယ့်ဆရာတော်ရဲ့ အလှုဝတ္ထုတွေ ယူဘို့ ဘုရင်သော မိဘုရားသော အမတ်ကြီးသော နားမလည်ဘူး အကုန်ကျော်ခွပြီး သွားယူတယ်ဆိုကိုး။ ဒီတော့မှ ဘိုးတော်ဦးဝိုင်းက ဘုရင်ကိုမကြောက်တာ ဘုန်းကြီးကျောင်းသားတွေမှန်းသိ သွားတယ်တဲ့။
စောစောကဟာ ဆက်ကြစို့။ တစ်နေ့တော့ အာဂန္တုရဟန်းတစ်ပါး (ဘုန်းကြီးဧည့်သည်) ညဘက်ကြီးကြွလာပါရော။ ရန်ကုန်ကနေ ရထားနဲ့လာတာဖြစ်ပြီး ရထားက ညဘက်မှာဆိုက်တော့ အဲသလိုဖြစ်တာ။ ဘုန်းကြီးက အာဂန္တုဘုန်းကြီး သီတင်းသုံးဘို့ လိုအပ်တဲ့ဝေယျာဝစ္စ လုပ်ပေးဖို့ ကျောင်းပေါ်တတ်လာပြီး ကျောင်းသားတစ်ယောက်ကို လာနှိုးတယ်။ အဲဒီအချိန်မှာ ကျောင်းသားအားလုံးက ပွဲခင်းထဲရောက်နေကြပြီ။ ကိုယ်အိပ်တဲ့နေရာမှာ စောင်တွေ အဝတ်တွေနဲ့ လူအိပ်နေတဲ့ပုံစံ လုပ်ထားကြတာကိုး ။ ခါတိုင်းဘုန်းတော်ကြီးက ကျောင်းပေါ်ကျောင်းသားတတ်စစ်ရင် သာမာန်ပဲကြည့်တာ ။ ဟိုမှာတစ်ယောက်အိပ်နေတယ်။ ဒီမှာတစ်ယောက်အိပ်နေတယ် ။ အားလုံးရှိတယ် ။ ပြီးပြီ။ ဒါပေမယ့် ဒီနေ့က ဝေယျာဝစ္စလုပ်ခိုင်းမှာဆိုတော့ တောင်ဝှေးနဲ့ ထိုးပြီး နှိုးတယ်..။ ``ဟဲ့ မောင်ကျောင်းသား ထစမ်းး ထစမ်းး ``ပေါ့။ အဲဒါမှ ဒုက္ခရောက်ရော။ ဘုန်းကြီးက တောင်ဝှေးနဲ့ ထိုးနိုးမှ လူမဟုတ်မှန်းသိသွားတယ်။ ကျန်တဲ့လူတွေ အားလုံးလိုက်နှိုးတော့ အားလုံး မရှိမှန်းသိသွားရော။
ကျောင်းမှာကျန်ခဲ့တာဆိုလို့ အခန်းနေဦးဇင်း ဦးဝိဝေက ပဲကျန်ခဲ့တာကိုး (ယခုကျောင်းထိုင်ဆရာတော်) ။ ဘုန်းကြီးလည်း ဘာပြောကောင်းမလဲ ဦးဇင်းကို သူ့ကျောင်းထဲ ပြောင်း ကျိန်းခိုင်းပြီး( ကျောင်းသားတွေပြန်လာရင် ဖွင့်ပေးမှာစိုးလို့) တစ်ကျောင်းလုံး ဂလန့်ထိုး သော့ခပ်လိုက်ပါလေရော။ ကျွန်တော်တို့ ပြဇာတ်ကြည့်ပြီး ပြန်လာတော့ အညာဆောင်းတွင်း အလွန်အေးတဲ့ ကာလကြီးမှာ ကျောင်းပေါ်တတ်အိပ်လို့မရလို့ ပုဆိုးခြုံပြီး ဘုရားကြား ဇရပ်ကြား သူရဲခြောက်တဲ့ သစ်ပင်အောက်တွေမှာ အသီးသီး အိပ်ခဲ့ရတဲ့ အဲဒီတစ်ညကို မမေ့နိုင်တော့ပေ။
(ငယ်ငယ်က ဘဝကို အမှတ်တရ ရေးဖြစ်သည်- အလွဲလွဲအချော်ချော် အဖြစ်ပျက်တို့ကို ဆက်လက်ဖော်ပြပါမည်)
ကိုစိုးနိုင်
(မြန်မာ့အရုဏ်သစ်)
0 comments:
Post a Comment