Monday, July 16, 2012

ငယ်ငယ်တုန်းက လူငယ်ဘဝ


  
Inline image 2Inline image 3

အခု ကျွန်တော့်သားပင်  ငါးတန်းရောက်နေပါပြီ။ တစ်နေ့က သူ့ အမ က သူ့စာအုပ်တစ်အုပ်ကိုလုနေသည်။ သူကလည်း ပြန်လုနေသည်။ အမလုပ်သူက ``အဖေရေ  အဖေရေ ဒီမှာ မောင်လေး သီချင်းရေးထားတယ်``ဟု တိုင်လေသည်။ ကျွန်တော်  ကဗျာ  စရေးတာလည်း မှတ်မှတ်ရရ ငါးတန်းမှာပင်။
ကျွန်တော်တို့က ကလေးလေးဟု စိတ်က သတ်မှတ်ထားသော်လည်း အရွယ်ရောက်စ ပြုနေသော သားတော်မောင်ကို ချော့ကာ သူရေးထားတယ်ဆိုသော သီချင်းကို ဖတ်ကြည့်သည်။ အားပါးပါး  အချစ်သီချင်း​`` မင်းမရှိရင်``တဲ့။ ဟစ်ဟော့ဆိုရမယ့်အပိုင်းလည်းပါသေးသည်။ ဆိုပြပါဆိုတော့ လုံးဝဆိုခိုင်းလို့မရ ။ ရှက်တော်မူသတဲ့။ သူ့အမေက လူလေးလက်တောက်လောက်နဲ့ အချစ်သီချင်းတွေ ဘာတွေရေးရမလားဟု ဆူတော့ အခြားသီချင်းတွေထဲက ကူးပြီး စပ်ထားတာပါဟု လျှောက်လဲချက်ပေးသည်။ ကျွန်တော်လည်း  ငါ  ငါးတန်းတုန်းက စိတ်က ဘယ်လိုစိတ်လဲဟုပြန်စဉ်းစားတော့---

          ကျွန်တော်တို့မြို့ငယ်လေးမှာ ကိုယ်ပိုင်ကားနဲ့ ကျောင်းတတ်တဲ့သူအလွန်ရှားသည်။ ထိုရှားသည့်ထဲမှ ``-----------`` အမည်ရှိကောင်မလေးကတော့ သူ့အဖေက လယ်စိုက်ရှင်း (လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း) ကအရာရှိမို့ ငွေကြေးပြည့်စုံသည်။ ကျောင်းကို ကိုယ်ပိုင်ကားနဲ့လာတတ်သည်။ အသားဖြူဖြူ ရီလိုက်လျှင် သွားတတ်ကလေးနှင့် ချစ်စရာအလွန်ကောင်းသည်။ ထမီမဝတ်တတ်၍ ငါးတန်းတစ်နှစ်လုံး စကတ်ဝတ်သည်။ ခြောက်တန်းကျမှ ထမီဝတ်လာတာကိုတွေ့ဘူးသည်။ ခြောက်တန်းမပြီးခင်  အခြားမြို့သို့ရွှေ့သွားသည်။ အစိုးရဝန်ထမ်းမို့ တာဝန်ကျလေရာ ပြောင်းရွှေ့ရခြင်းပင်။ ထိုကောင်မလေး ကျောင်းလာသည့်အချိန်ကို ကျွန်တော် ပြူတင်းပေါက်က အမြဲစောင့်ကြည့်တတ်သည်။ ဘယ်သူမှတော့မသိ ။ အော်--- လှတာကိုး။ ဒါဆိုရင် အချစ်ဆိုတဲ့ခံစားချက်ကို ငါးတန်းထဲက စခဲ့တာလား ။ တော်တော် ဆိုးဆိုးပင်။

          အဲဒီကောင်မလေး ခြောက်တန်းကနေ အခြားမြို့ကိုပြောင်းသွားတော့ စိတ်ထဲမှာအတော်ဟာ သွားသည်။ ကျောင်းတတ်ရတာ ပျင်းခြောက်ခြောက်ကြီးထင်လာသည်။ သို့သော် အချိန်ကြာလာတော့လဲ မေ့သွားသည်ပင်။ ရှစ်တန်းမှာ ကောင်မလေးတစ်ယောက်နဲ့ သံယောဇဉ်ဖြစ်ပြန်သည်။ သူလည်း ကျောင်းကို ကိုယ်ပိုင်ကားနဲ့တတ်သော အရာရှိသမီး။ ထို့အပြင် ကျွန်တော်တို့အတန်းတွင်သင်သော ဆရာမရဲ့သမီးလည်း ဖြစ်သည်။သူ့အဖေက ဆည်မြောင်းက အင်ဂျင်နီယာ အရာရှိ။ 

          ကျွန်တော်တို့အခန်းတွင် ကျောင်းသူတွေက ရှေ့ပိုင်းတွင်ထိုင်ရပြီး ကျောင်းသားတွေက နောက်ပိုင်းမှာ ထိုင်ရသည် ။ ဒီတော့ကျောင်းသူ နောက်ဆုံးတန်းနှင့် ကျောင်းသားရှေ့ဆုံးတန်းက သူများက ရှေ့နောက် ထိုင်ခုံခြင်း နီးကြသည်။ သူက ကျွန်တော်တို့ ရှေ့ခုံမှာ။ ဆရာမ မရှိသောအချိန်များတွင် ရှေ့ခုံက သူတို့က နောက်ပြန်လှည့်ထိုင်ပြီး မျက်နှာချင်းဆိုင် စကားလက်ဆုံကျတတ်ကြသည်။ ဒီင်္လိုနဲ့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် (တစ်ဖက်သတ်သံယောဇဉ်လည်း ဖြစ်ကောင်းဖြစ်မည်) ရှိလာသည်။ ကျွန်တော်မေ့မရသော အကြောင်းလေးလည်းရှိသည်။ တစ်ခါက ကျွန်တော်တို့ စာသင်ချိန်အားတုန်း ရှေ့ခုံနောက်ခုံ မျက်နှာချင်းဆိုင်ကာ လေဖောင်ကြသည်။ ပေါက်တတ်ကရ ရောက်တတ်ရာရာ စကားကောင်းရင်း ဝယ်ထားသော နေကြာစေ့ထုတ်ကို အလယ်တွင်ပုံကာ အတူတူစားကြသည်။ စားရင်းပြောရင်း အလယ်က နေကြာစေ့ပုံက ကုန်သွားသည်။ တစ်စေ့ထဲသာ ကျန်နေသည်။ စကားပြောရင်း စားနေကြသည်မို့ ထိုနေကြာစေ့လေးတစ်စေ့ကို သူနှင့်ကျွန်တော် နှစ်ယောက် ပြိုင်တူ ယူတော့မလိုဖြစ်သွားသည်။ ပြီးမှ နှစ်ယောက်ပြိုင်တူ ရယ်မိကြသည်။ ကျွန်တော်က စားပါဟု သူ့ကို ပေးသည်။ (နေကြာစေ့တစ်စေ့ထဲကို ရက်ရက်ရောရော အနစ်နာခံလိုက်တာ) ။ သူက ယူသည်။ ပြီးတော့ ခွာလိုက်သည်။ နောက် နေကြာစေ့ တစ်စေ့ကို တစ်ဝက်ကိုက်ကာ ကျန်တစ်ဝက်ကို ကျွန်တော့်ပေးသည်။ ကိုင်း  --- ရင်ခုံစရာ မကောင်းဘူးလားဗျာ--။

          အဲဒီအကြောင်းကိုပြန်ပြောတိုင်း နားကြားပြင်းကတ် တတ်သူမှာ ကျွန်တော်နှင့် အချစ်ဆုံး သူငယ်ချင်း ရည်းစားလုဘက်  ကိုမိုးဖြစ်သည်။ ကျွန်တော်ရှစ်တန်းအောင်တော့ သိပ္ပံတွဲ ရသည်။ သချာင်္ဂုဏ်ထူးလည်းပါသည်။ သိတဲ့အတိုင်း ကျွန်တော်က ဆိုးသဖြင့် မမမြညွန့်နဲ့လည်း မတည့်ပါ။ ဒီတော့ စာမေးပွဲဖြေရန် နှစ်လလောက်အလိုတွင် အမနှင့်ရန်ဖြစ်ပြီး  ကျောင်းလည်း ဆက်မတတ်တော့ဟု ဆုံးဖြတ်ကာ ရွာကိုပြန်သွားသည်။ တဖြည်းဖြည်း နဲ့စာမေးပွဲကနီးလာသည်။ အတန်းပိုင်ဆရာမက ကျွန်တော့်ကို စာမေးပွဲဖြေဖို့ ကျွန်တော့်သူငယ်ချင်း စိုးအောင်နိုင်နဲ့ မှာသည်။ ကျွန်တော့သူငယ်ချင်း စိုးအောင်နိုင် ၏ အဖေကလည်း ဘီအိုစီမန်နေဂျာဆိုတော့ ချမ်းသာသည်။ သူတို့အိမ်က ဆိုင်ကယ်ကြီးဖြင့် ကျွန်တော့် ရွာအထိ ခဏခဏလာခေါ်သည်။ သူတို့အိမ်မှာနေ၍ စာမေးပွဲဖြေရန်ဖြစ်သည်။ 

          ကျွန်တော်လည်း တောင်သူလုပ်၇တာပင်ပန်းလာသဖြင့် စိတ်က ကျောင်းကို တစ်ဖန်ပြန်လည်လာသည်။ ဆရာမကလည်း ခေါ်ခိုင်း ၊ သူငယ်ချင်းကိုလည်း အားနာကာ စာမေးပွဲဖြေရန် တစ်ပတ်လောက်လိုမှ ဘာစာမှ မကျက်ရသေးပဲ ပြန်လိုက်သွားသည်။ အဖေကတော့ ကျွန်တော့သဘောပင်။ စာမေးပွဲအောင်မည်ဟုပင်ထင်ပုံမပေါ်ပါ။ အစိုးရစစ်ကိုး။ ဟိုရောက်တော့သူငယ်ချင်းအိမ်မှာ အဆင်ပြေသည်။ စာကိုညလုံးပေါက်ကျက်သည်။ ကျွန်တော့်သူငယ်ချင်းကတော့ ဆရာမအိမ်မှာသွားအိပ်ပြီးကျက်သဖြင့် အခြားသူငယ်ချင်းတစ်ယောက်နဲ့ သီးသန့်အိမ်လေးထဲမှာကျက်ကြသည်။ အိပ်ပျော်သွားလျှင်မအိပ်တဲ့သူက  ရေဖလားနဲ့ မျက်နှာပေါ်လောင်းသည်။ ကျွန်တော်က ဖုတ်ပူမီးတိုက် ဖြေသော်လည်း သိပ္ပံတွဲ သချာင်္ဂုဏ်ထူးနဲ့ အောင်ခဲ့သည်။  ကျွန်တော့်သူငယ်ချင်းမှာ ကျခဲ့ရှာသည်။ ယခုတော့ လူ့လောကမှာပင် မရှိတော့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘဝကို နှုတ်ဆက်ထွက်ခွာသွားလေပြီ။ သူငယ်ချင်းကောင်းရာဘုံဘဝရောက်ပါစေ။ 

          ကျွန်တော် ရှစ်တန်းအောင်တော့ မိဘကို ကြေးတိုက်ပြန်သည်။ အဖေ့ဆွေမျိုးတွေအားလုံးက ရန်ကုန်မှာ ရှိသည်။ ကျွန်တော်က ရန်ကုန်မှာနေချင်သည်။ အဲဒီတော့ စာမေးပွဲ ရလဒ်မထွက်ခင်ကတည်းက အဖေ့ကို သိပ္ပံတွဲရလျှင် ရန်ကုန်မှာကျောင်းထားပေးဖို့ ပူစာသည်။ အဖေက ဂုဏ်ထူးပါလျှင် ပို့ပေးမည်ဟု မထင်၍ အာမခံသည်။ ကံကောင်းတော့ ပါလာသည်။ ဒါနဲ့ ရန်ကုန်ရောက်လာခြင်းပင်။ (ရန်ကုန်ရောက်ပြီး မကြာမီ ၈၈ အရေးအခင်းဖြစ်သည်။ ထိုအကြောင်းကို မှော်မှာရေးပြီး)

          အဲဒီတော့ ချစ်ရတဲ့သူလေးနဲ့ တစ်မြေစီခြားရလေပြီ။ လွမ်းစရာလေးပင်။ အတန်းထဲမှာရော ကျူရှင်မှာပါ အရမ်းခင်တဲ့ သူငယ်ချင်း မောင်ဝင်းမိုးသန့်winmoethant175@gmail.com ကို ကျွန်တော့ ကောင်မလေး  (အမ်မလေး  ပိုင်စိုးပိုင်နင်းး  ) အား စောင့်ကြည့် သတင်းပို့ပေးရန် အကူအညီတောင်းသည်။ သူငယ်ချင်းကလည်း အလွန် တာဝန်သိတတ်သည်။ တစ်ပါတ်တစ်ကြီမ် စာမှန်မှန် အပြန်အလှန်ပို့ကြသည်။ အခုခောတ်လို အင်တာနက် မှမရှိပဲကိုး။ ဒီလိုနဲ့ တစ်နှစ်လောက်တာဝန်ကျေ အနီးကပ် စောင့်ရှောက်လေရာ အဲဒီကောင်မလေးကို ကျွန်တော့သူငယ်ချင်းက ပါ ချစ်သွားပါလေတော့သတည်း ။အဲဒါကြောင့် ရည်းစားလုဘက် လို့ပြောတာ။
          ကျွန်တော်တို့နှစ်ယောက်ကား အခင်မပျက် ပါ ။ ကျွန်တော်အညာပြန်လို့ အဲဒီမြို့လေးကို ရောက်လျှင် နေ့တစ်နေ့ကို မနက်ပိုင်း ညနေပိုင်း ခွဲဝေပြီး အလှည့်ကျလူပျိုလှည့်သည်။ စက်ဘီးတစ်စီးတည်းရှိလျှင် သူ့အချိန်ဆို ကျွန်တော်က နင်းပို့ပေးရပြီး ကျွန်တော့်အချိန်ဆို သူက နင်းသည်။ အဲဂလို----။

          သူကလည်း သူ့ကို အဲဒီကောင်မလေးက ဘယ်လိုဂရုစိုက်တာ ဘယ်လိုအကြင်နာမျက်လုံးနဲ့ ကြည့်တာဟု ပြောလျှင် ကျွန်တော်ကလည်း ချေးချောက်ရေနှုးကာ အားကျမခံပြန်ပြောသည်။ ဘယ်သူမှမနိုင်သော ဒိုင်မဲ့ စကားနိုင်လုပွဲမှာ အခြားသူငယ်ချင်းတွေနားညီးကုန်ကြသည်။ နောက်တော့ ချစ်လှပါသည်ဆိုသော ကျွန်တော့သူငယ်ချင်းလည်း သူ့ထက်ငယ်သော ကောင်မလေးတစ်ယောက်နဲ့ သံယောဇဉ်တွေ ညိကုန်သည်။ my sweet heat ဟု မကြာမကြာနားကြားပြင်းကပ်အောင် အချစ်ဒဿနတွေ အန်တတ်သဖြင့် ကျွန်တော်တို့ ------ ဟု အမည်ပေးထားသည်။ (ဒီမေးလ်ကို မင်းမိန်းမ မမြင်ခင် အမြန်ဖျက်နော် သူငယ်ချင်း)။

          အဲဒီကောင်မလေးနဲ့ပါတ်သတ်ပြီး ပြောစရာတွေအများကြီးရှိသည်။ ကောင်မလေးနဲ့ သူ့ကို မိဘဆွေမျိုးတွေက လုံးဝသဘောမတူပေ။ သူ ကောင်မလေးနဲ့ ချိန်းတွေဖို့သွားတိုင်း နောက်က ဒုက္ခအတူတူ ခံရသူမှာကျွန်တော်။ ကောင်မလေးရဲ့ရွာကို ဝင်မည်။ အခြေအနေပေးလျှင် ခိုးမည်။ သူတို့ကို အသိအမှတ်ပြုတာက ကောင်မလေးရဲ့ ဦးလေးဝမ်းကွဲတစ်ယောက် ။ ရွာထဲကို အလင်းရောင်ရှိသည့်အချိန် မဝင်ရဲသောအခါ ကျွန်တော်တို့နှစ်ယောက် တောပုန်းလုပ်ရသည်။ တောထဲမှာ နေဝင်သည်အထိ စိတ်ရှည်လက်ရှည်စောင့်ရသည်။ နေဝင်တော့မှ ရွာခြံစည်းရိုးနားကပ်ကာ ခွေးတိုးပေါက်မှ လေးဘက်ထောက်ပြီး ဝင်ရလေသည်။ (အညာရွာများမှာ တစ်ရွာလုံးကို ခြံစည်းရိုးခတ်ထား၏ ။ သို့သော် နေရာအတော်များများတွင် ရွာခွေးများ ဝင်ထွက်လို့ရသော အပေါက်များရှိတတ်၏ ။ လူဝင်လျှင် အလားတူ လေးဘက်ထောက်ပြီး ဝင်ရ၏။ ထိုအပေါက်ကို ခွေးတိုးပေါက်ဟုခေါ်သည်။ ထိုအပေါက်ကို နေရာတိတိကျကျ သင်းကမှတ်သားထားသည်)

          ညဘက် ထိုအပေါက်မှဝင်ပြီး ကောင်မလေးဦးလေးနှင့်သွားတွေ့သည်။ ဦးလေးလုပ်သူက နားချ၍သာ အသာလှည့်ပြန်ခဲ့ကြသည်။ ဒါကတစ်ခါ။ နောက်တစ်ခါကတော့ သူလည်း ရန်ကုန်ကို စိတ်ညစ်ညစ်နဲ့ အလည်လာသည်။ အဲဒီမှာ အလုပ်လိုနေသော ကျွန်တော်နှင့်သိသည့် ကုမ္ပဏီဖြင့် ချိတ်ဆက်ပေးလိုက်တော့ မရည်ရွယ်ပဲ ရန်ကုန်မှာအလုပ်လုပ်ဖြစ်သွားသည်။ အညာက ချစ်ညီမလေး -------နဲ့တော့ အဆက်သွယ်မပြတ်။ တစ်ရက်တွင် ချစ်ညီမလေးက မန္တလေးတွင် စာမေးပွဲဖြေရင်းသူ့ဆီဖုန်းဆက်သည်။ ဘာပြောလိုက်သည်မသိ။ ကျွန်တော့်ကို အသဲအသန် မှတ်ပုံတင်ယူခိုင်းပြီး ညတွင်းချင်း မန္တလေးကိုမှီရာ ရထားနဲ့လိုက်လေသည်။ ကျွန်တော့်မှာ ငွေတစ်ပြားမှ ပါမလာခဲ့။ ယောင်လည်ယောင်လည်နဲ့ သူငယ်ချင်းကို ပါရမီဖြည့်ရသည်။ သူ့မှာတော့ ငွေပါပါသည်။

          ဒီလိုနဲ့ နောက်နေ့ မနက် မန္တလေးကိုရောက်သည်။ ဘူတာကြီးနားက တည်းခိုခန်းမှာ အခန်းငှားလိုက်သည်။ ကျွန်တော်ကတော့ အိပ်ရေးပျက်သည်ဟုဆိုကာ တည်းခိုခန်းရောက်တာနဲ့ ပြန်အိပ်တော့သည်။ သင်းကတော့ ချစ်ရောဂါထနေသဖြင့်ေ၇ချိုးကာ သူ့ချစ်ညီမလေးဆီဒိုးတော့သည်။ ကျွန်တော်တရေးနိုးတော့ ဗိုက်အရမ်းဆာလာသည်။ ညက ဘာမှဟုတ်တိပတ်တိ မစားထားခဲ့။ လက်က နာရီကိုကြည့်တော့ နေ့လည် ဆယ့်တစ်နာရီတောင်ထိုးပြီ။ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာကိုး။ မောင်မင်းကြီးသား အလိုက်တသိများ ပိုက်ဆံထားခဲ့မလားဟု ရှာဖွေကြည့်တော့ ပိုက်ဆံနဲ့တူတာဆိုလို့ ဘာမှမရှိ။ သူကတော့ ချစ်ညီမလေးနဲ့ အပျော်တွေစီးဆင်းနေစဉ် ကျွန်တော့်မှာ ဗိုက်ဆာတိုင်း ရေတွေလှိမ့်သောက်နေရသည်။ ညအိပ်ခါနီးမှ ပြန်လာသည်။ တော်သေးတယ် ထမင်းအသက် ခွန်နှစ်ရက်မို့ ။ နို့မဟုတ်ရင် ကျွန်တော်သေပြီ။

          မှတ်ချက် ။   ။ဖော်ကောင်လုပ်မိတာခွင့်လွတ်သူငယ်ချင်း  ငါလည်းပြောချင်နေတာ လူမစုံသေးလို့ ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
         

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...