Tuesday, July 24, 2012

အပျော်ရဲခြင်း နှင့် အနေရဲခြင်း (၁)


by Mya Than Tint on Sunday, July 22, 2012 at 4:58am ·


မိုးရာသီ တစ်မနက် ဦးဝိစာရလမ်းမကြီးပေါ်တွင် ကျွန်တော် လမ်းလျှောက်ပြန်လာစဉ် ကျွန်တော်နှင့် မျက်နှာချင်းဆိုင် လမ်းကြောင်းပေါ်မှ ကြက်ဥနှစ်ရောင် ဟိုင်းလက်ကားတစ်စီး ဟွန်းသံတတီတီပေးပြီး ဖြတ်သွားသည်။ ကျွန်တော်နှင့် တည့်တည့်လောက် ရောက်သည့်အခါတွင် ကားပေါ်မှ အမျိုးသားတစ်ယောက်က လက်ပြနှုတ်ဆက်ကာ "ဆရာ ဘယ်သွားမလို့လဲ" လှမ်းအော်သည်။ ကျွန်တော်က မျက်စိမွဲသူဖြစ်၍ မည်သူ မည်ဝါမသဲကွဲ။

သည်လိုပင် ကျွန်တော် လမ်းလျှောက်နေစဉ် ကားပေါ်မှ လက်ပြနှုတ်ဆက်သွားတတ်သည်။ တစ်ခါတရံ ကျွန်တော့်ကိုအော်၍ နှုတ်ဆက်သွားတတ်ကြသည်။ ယခုလည်း ကျွန်တော့် အသိမိတ်ဆွေတစ်ယောက်ယောက် သွားရင်းဟန်လွှဲ နှုတ်ဆက်သွားခြင်းသာ ဖြစ်မည်ဟု အောက်မေ့ပြီး ဆက်လျှောက်လာခဲ့သည်။


ကျွန်တော် ဆက်လျှောက်လာစဉ် နောက်မှ တတီတီဟွန်းသံပေးလာသည်ကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ခပ်စောစောက မျက်နှာချင်းဆိုင် လမ်းကြောင်းမှ မောင်းသွားသော ကားဖြစ်နေသည်။ ကျွန်တော့်ကို လွန်သွားပြီးနောက် ချိုးကွေ့၍ရသည့်နေရာတွင် ပြန်ကွေ့လာပြီး နောက်မှ လိုက်လာခြင်းဖြစ်သည်။ ကားသည် ကျွန်တော့အနား အရှိန်သတ်လိုက်ပြီး ခပ်ဖြည်းဖြည်း မောင်းလာ၍ ကားတံခါး ပွင့်လာကာ "ဆရာ အိမ်ကို ပြန်မှာ မဟုတ်လား။ ကားပေါ်ကို မြန်မြန်တက်။ ဒီနေရာက ရပ်လို့ မရဘူး" ဆိုသဖြင့် ကားပေါ်သို့ တက်လိုက်ရသည်။

ကားထဲရောက်မှ ကြည့်လိုက်တော့ ကျွန်တော့အသိ ထွန်းဇော်မြင့်နှင့် သူ့ဇနီးဝေတို့ ဖြစ်နေသည်ကို တွေ့ရသည်။

သူနှင့် မတွေ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိတော့မည်။

"ဆရာ့ကို သတိရနေလို့ အိမ်ကို လာတွေ့မယ် စိတ်ကူးနေတာ။ အတော်ပဲ။ လာ ... ဆရာ။ အိမ်မပြန်ခင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သွားပြီး စကားပြောရအောင်" ဟု ထွန်းဇော်မြင့်က ပြောသည်။

သူသည် ထိုနေရာ အနီးတစ်ဝိုက်က နာမည်ကြီး လက်ဖက်ရည်ဆိုင်သို့ ကားကိုမောင်းသွားသည်။ ကားမောင်းရင်းလည်း စကားတွေ ပြောသည်။ သူ ကျွန်တော့်ကို သတိရကြောင်း၊ သူတို့ လင်မယားနှစ်ယောက်စလုံး ကျွန်တော့်စာတွေကိုတော့ ဖတ်ဖြစ်ကြကြောင်း၊ သူတို့ လင်မယားတင်မက သူတို့ ကလေးနှစ်ယောက်ပါ ကျွန်တော့်စာတွေကို ဖတ်ကြကြောင်း၊ သတိရနေသော်လည်း အလုပ်တွေများသဖြင့် လာမတွေ့နိုင်ကြောင်း၊ ယခုတလောတွင်မူ ပို၍သတိရနေသဖြင့် မနေ့ညကပင် ကျွန်တော့်ဆီကို တစ်နေ့နေ့သွားရန် ပြောဖြစ်ကြသေးကြောင်း မျက်စိမကောင်းသဖြင့် သွားရေးလာရေးအတွက် စိုးရိမ်ကြောင်း ကျန်းမာအောင်နေပြီး စာတွေများများရေးနိုင်ရန် ဆုတောင်းကြောင်း စသည် စသည်ဖြင့် အားရဝမ်းသာ ပြောသည်။

ကျွန်တော်သည် ကားမောင်းရင်း ဝမ်းသာအားရ ပြောနေသည့် ထွန်းဇော်မြင့်ကိုကြည့်၍ အကဲခတ်လိုက်လာခဲ့သည်။ ကျွန်တော်နှင့်တွေ့စဉ်က ထွန်းဇော်မြင့်သည် အသားဖြူဖြူ၊ အရပ်ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးသေးသေးသွယ်သွယ်၊  ဆံပင်ရှည်နှင့်။ ယခုတော့ အသားညိုညို၊ ခပ်ဖိုင့်ဖိုင့်၊ ဆံပင်က ကရူးကပ်ခေါ်သည့် ဆံပင်မျိုး။ ကချင်လုံချည်နှင့် စွပ်ကျယ်လက်ပြတ်ကို ဝတ်ထားပြီး ရှပ်အင်္ကျီကို ဒက်ရှ်ဘုတ်ခုံပေါ်တွင် လုံးထွေးတင်ထားသည်။ အရေးတကြီး ထလာခဲ့သည့်ပုံ။

သူ့ဇနီးဝေဝေကတော့ အရင်ကအတိုင်းပင်။ အရင်တုန်းကလည်း ဖြူဖြူသွယ်သွယ်၊ ယခုလည်း ဖြူဖြူသွယ်သွယ်။ အရင်တုန်းကလည်း  အဆင်အပြင်  ရိုးရိုးယဉ်ယဉ်၊ ယခုလည်း ရိုးရိုးယဉ်ယဉ်။

လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော်က မစားချင်ဘူးဆိုသည့်တိုင် စားစရာတွေ မှာကျွေးသည်။ ကားနောက်မှဆင်းလာသည့် သားငယ်တစ်ယောက်၊ သမီးငယ်နှစ်ယောက်တို့နှင့်  မိတ်ဆက်ပေးသည်။ သမီးကြီးက ဆယ်တန်းအောင်ပြီးပြီ။ သားလတ်က  ၉-တန်း တက်နေသည်။  သမီးအငယ်ဆုံးက ၇-တန်းမှာလား မသိ။ ၈-တန်းမှာလား မသိ။ သမီးကြီးနာမည်က နာတာရှာ။ သားလတ်က ဖိုးသံချောင်း ခေါ် ပီတာ။ သမီးအငယ်၏ နာမည်က မြနန္ဒာ။

"နာတာရှာဆိုတာ တော်လ်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေးထဲက နာတာရှာကို သဘောကျလို့  မှည့်ထားတာ ဆရာ။ ဖိုးသံချောင်းဆိုတာကတော့ ဆရာ့ရဲ့ ဓားတောင်ထဲက သံချောင်းကို ယူပြီးမှည့်ထားတာ။ ကျောင်းနာမည်ကတော့ ပီတာထွန်းဇော်တဲ့။ ပီတာဆိုတာကလည်း စစ်နှင့်ငြိမ်းချမ်းရေးထဲက နာတာရှာရဲ့မောင်လေးလေ။ သမီးအငယ်ဆုံး မြနန္ဒာကတော့ ဆရာ့ရဲ့ လိုက်ခဲ့တော့မြနန္ဒာထဲက မြနန္ဒာ"

ဝေဝေက ပြောသည်။

"ဝေဝေနဲ့ကိုကို ရကာစတုန်းက သားလေးတွေ သမီးလေးတွေကို ဘယ်လိုနာမည် မှည့်မလဲလို့ စဉ်းစားကြတော့ ကိုကိုက ဆရာ့ဝတ္ထုထဲက  နာမည်တွေကို  မှည့်မယ်တဲ့။  ခရစ်ယာန်ကျောင်းထားလို့ ခရစ်ယာန်နာမည်တို့ ဘာတို့ မှည့်ရရင်လည်း  စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုထဲက နာမည်တွေကို မှည့်မယ်လို့ သဘောတူ  တိုင်ပင်ထားကြတယ်လေ။ ငယ်ငယ်တုန်းကတော့  စိတ်ကူးယဉ်ကြတာကိုး ဆရာ။ သမီးကြီး ကိုယ်ဝန်ရှိတုန်းမှာ စစ်နှင့်ငြိမ်းချမ်းရေးကို ဖတ်ရတာလေ။ အဲဒါ ၇၄-ခုနှစ်ကနော် ကိုကို"

ထွန်းဇော်မြင့်က စီးကရက်ကိုဖွာရင်း  ခေါင်းညိတ်ပြသည်။
"နာတာရှာက အဲဒီလို အထုံပါရမီပါလာလို့လား မသိဘူး။ ခုလည်း  စာတွေ သိပ်ဖတ်တယ် ဆရာ။ သူက တစ်နှစ်က ဆယ်တန်းအောင်ပြီးလို့ စောင့်နေရတာလေ။ ဒီ ငါးခုထွက်တယ်။ အင်္ဂလိပ်စာက အမှတ်အများဆုံး၊ ခုတော့ အင်္ဂလိပ်စာတွေချည်း  ဖတ်နေတယ်။ တလောကတင် ဆရာဘာသာပြန်တဲ့  အေဗဲရီးအီးဇီးဒက်သ်ကို (ရေပွက်ပမာ) အင်္ဂလိပ်လိုနဲ့ မြန်မာလို တိုက်ဖတ်နေတယ်။ သမီး ပြီးသွားပြီ မဟုတ်လား။"

နာတာရှာက ပြုံးရယ်၍ ခေါင်းညိတ်ပြသည်။
နာတာရှာ၏အသက်သည် ဘာရှိဦးမည်နည်း။ အလွန်ဆုံးရှိမှ ၁၇-နှစ် တစ်ဝိုက်သာ ရှိဦးမည်။

"သားကြီးကကော စာဖတ်ဝါသနာ မပါဘူးလား"
ကျွန်တော်လည်း  မေးသည်။

"အမယ်လေး ... စာအုပ်တစ်အုပ် ဝယ်လာရင် မောင်နှမနှစ်ယောက်  သူအရင်ဖတ်မယ်၊  ငါအရင် ဖတ်မယ်နဲ့ လုနေလိုက်ကြတာ ဆရာ။ ဒါကြောင့်မို့ တစ်ခါတလေတော့ ပြောရတယ်။ သိပ်လည်း ဖတ်မနေကြနဲ့ဦးလို့။ ငယ်ငယ်ရွယ်ရွယ်နဲ့ စာတွေချည်းပဲ နင်းကန်ဖတ်နေရင် လောကကြီးအကြောင်းကို မသိဘဲ ဖြစ်သွားတတ်တယ်လို့  ပြောနေရတယ်။ ဒါကြောင့် သူတို့ကို စာဖတ်တာနဲ့မျှအောင် လူတွေထဲကို ပို့ပေးရတယ် ဆရာ။ တစ်ခါတလေမှာ အဖေ့ရဲ့အလုပ်ကို အလုပ်ခိုင်းတယ်။ ခရီးအသွားခိုင်းတယ်။ တောက ဆွေမျိုးတွေဆီကို အလည်ပို့ပေးတယ်။ ကိုကို့ရွာကို တစ်လကိုးသီတင်း အနေခိုင်းတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းသားလုပ်ခိုင်းတယ်။ သူတို့က ရန်ကုန်မြို့တော်ကြီးမှာပဲ မွေးလာ ကြီးပြင်းလာရတော့ တောအကြောင်းကို မသိဘူးလေ။ ရန်ကုန်မှာချည်း နေရတော့ နိုင်ငံခြားယဉ်ကျေးမှု၊  နိုင်ငံခြားဗွီဒီယို နိုင်ငံခြားရုပ်ရှင်ချည်းပဲ မြင်ရတော့ မြန်မာ့ဘဝ၊မြန်မာ့ယဉ်ကျေးမှုကို နားမလည်မှာ  စိုးတယ်။ ကိုယ့်ယဉ်ကျေးမှုကို အထင်သေးသွားမှာ  စိုးတယ်။ ဒါကြောင့်မို့ သူတို့ကို နိုင်ငံခြားအမြင် ခေတ်အမြင်လည်း ရှိစေ၊ ကိုယ့်မြန်မာအမြင်၊ မြန်မာယဉ်ကျေးမှုနဲ့လည်း မကင်းမကွာရှိစေဆိုတဲ့ သဘောနဲ့ တစ်နှစ်ကို  တစ်လလောက်တော့ တောကို ပို့တယ်။ဆန်စားပြီး စပါးပင်ကိုတောင်မှ မမြင်ဖူးလို့ ဘယ်ဖြစ်မလဲ ဆရာ။ လယ်သမားတစ်ယောက်ဟာ စပါးတစ်လုံး  တစ်လုံးရဖို့ ချွေးတစ်စက်နဲ့ရင်းလာခဲ့ရတယ်ဆိုတာ သူတို့သိဖို့မလိုဘူးလား ဆရာ။ ဆရာ သိပါတယ် ဆရာ။ ဒီခေတ်မှာ ကလေးတွေကို ထိန်းရတာ အင်မတန်  ခက်ပါတယ်။  အထူးသဖြင့် ယောက်ျားလေးကို ပိုပြီး  ထိန်းရတာ ခက်ပါတယ်။ ဒီအရွယ်ရောက်ရင် လက်ဖက်ရည်ဆိုင် ထိုင်ချင်တယ်။  လွတ်လပ်ခွင့်ကို တောင်းလာတယ်။ ဒါကို အတင်းသွားပြီး ပိတ်ပင်ရင်လည်း တစ်ခက် ဆရာ"

နာတာရှာ၊ ဖိုးသံချောင်းနှင့် မြနန္ဒာတို့သည် သူ့အမေပြောသည့် စကားများကို စိတ်ပါဝင်စားစွာ  နားထောင်နေသည်။


အပျော်ရဲခြင်း နှင့် အနေရဲခြင်း - မြသန်းတင့်
(ကလျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၉၁)

အပိုင်း (၂) ဆက်ရန် ...

ခေတ်ပြိုင်ရုပ်ပုံလွှာများ - မြသန်းတင့် မှ  ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...