Friday, July 20, 2012

ကျနော် ဆိပ်ကမ်းဂျပိုး


by Mar Ga Luelin on Friday, July 20, 2012 at 5:15am ·

ပထမဆုံးပြောချင်တာက ဒီပိုစ့်လေးက နေ ဘာမှ ထွေထွေထူးထူးရဖို့ စာဖတ်သူကို မမျှော်လင့်စေချင်ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျနော့် ငယ်ဘ၀အမှတ်တရများကိုပဲ
လွမ်းဆွတ်တမ်းတရေးသားမှာ ဖြစ်လို့ပါပဲ ။ လူတိုင်းမှာ ငယ်ဘ၀ ဆိုတာရှိခဲ့ကြတယ်မဟုတ်လားဗျာ ။ တချို့တလေရဲ့ ငယ်ဘ၀က ကြမ်းတမ်းရင်ကြမ်းတမ်းမယ် ။ တချို့
တွေရဲ့ငယ်ဘ၀ဟာ ချောမွေ့မယ် ၊ တချို့တလေရဲ့ ငယ်ဘ၀ဟာ စိတ်ပျက်ခါးသီးတာတွေရှိမယ် ၊ တချို့တလေရဲ့ ငယ်ဘ၀ဟာ ပျော်ရွင်အမှတ်ရစရာတွေဖြစ်မယ် ။ ကျနော်ကတော့ ငယ်ဘ၀တစ်ကွေ့မှာ ဆိပ်ကမ်းဂျပိုး (ကြမ်းပိုး) လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ။ အဲ့ဒီရက်များက အနာဂါတ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ပါဘူး . . . ။


ကျောက်ဖြူမြို့ဆိုတာ စာဖတ်သူကြားဖူးပါလိမ့်မယ် ။ အခု ရေနက်ဆိပ်ကမ်း နဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေကြောင့်နာမည်ကြီးနေတဲ့ မြို့ပေါ့ ။ မကြာခင်အချိန်ကာလ
အတွင်းမှာ ကျောက်ဖြူမြို့ဟာ တရုတ်ပြည်ရဲ့ ကောင်းမူ့နဲ့ နိုင်ငံတကာအဆင့်မှီမြို့တော်ဖြစ်လာမယ်လို့ ထင်ကြေးပေးတဲ့လူနဲ့လည်းတွေးဖူးရဲ့ ။ ဒါတွေက ထားပါတော့ ။
အတိတ်ကို နှစ်ပေါင်း၁၅ နှစ်လောက် နောက်ပြန်ဆုတ်ခိုင်းလို့ရရင် ၊ အဲ့ဒီကျောက်ဖြူမြို့ရဲ့ အမှတ်၁ ဆိပ်ကမ်းတံတားကြီးမှာ အခုမာဃဖြစ်လာမဲ့ အလောင်းအလျှာလေးကို
ဘောင်းဘီတိုတကားကားနဲ့ မြောက်ကြွ မြောက်ကြွ တွေ့ရပါလိမ့်မယ် ။

ကျနော့်ငယ့်နာမည်က ဘိုဘို လို့ခေါ်သဗျ ။ ငယ်ငယ်တုန်း ဝေယံမင်းဗိုလ်နာမည်ကိုအဖျားဆွတ်ပြီးခေါ်တယ်လို့ဆိုကြတာပဲ ၊ အရင်းဆွတ်ပြီး ဝေေ၀လို့မခေါ်တာပဲ ကျေး
ဇူးတင်ရမယ် ။ စာဖတ်သူ စာရင်းဇယား ပြုစုကြည့်ပါ ၊ အဲ့ဒီ ဘိုဘို လို့ နာမည်တွင်တဲ့ ကလေးတွေဟာ မျောက်ရှုံးအောင်ဆော့တာများတယ် ။ ကာတွန်းစာအုပ်ထဲက ဘိုဘို
ပဲ ဆော့တာမဟုတ်ဘူး ၊ အပြင်က ဘိုဘိုတွေကလည်း လက်မနိုင်အောင်ဆော့တာ ။ ကျနော်လည်း နာမည်စီးလို့နဲ့တူပါရဲ့ ၊ ငယ်ငယ်ကတော်တော်ဆော့တယ် ။ ကျနော်
အဖေနဲ့အမေက ရန်ကုန်မှာ ။ ကျနော်က ဘကြီးဂျိုး ( အခု ကျောက်ဖြူဆိပ်ကမ်းမှူး ဦးတင်မောင်သိန်း ) နဲ့ ကျနော့်အဘွားဒေါ်နုသာ တို့က ခေါ်ထားလို့ကျောက်ဖြူကို
လာနေရတယ် ။ အမှန်က ဘကြီးဂျိုး က ကျနော့် အဒေါ် ရဲ့ ယောင်္ကျား ။ ကျနော့် အဒေါ်ကကျောင်းဆရာမဆိုတော့ နယ်ကိုတာဝန်ကျနေတာ
များတယ် ( အခု ကျောက်ဖြူအထက ၂ မှ အထက်တန်းပြဆရာမ ဒေါ်လှလှဝင်း ) ။ အဖွားက ကျောက်ဖြူစည်ပင်သာယာဈေးထဲမှာ ဆီ ၊ကြက်သွန် ၊ ငရုတ်သီးခြောက်
စတဲ့ ကုန်ခြောက်ဆိုင်ကြီး ဖွင့်ထားတယ် ။

ဘကြီး၈ျိုးကလည်း ဆိပ်ကမ်းရုံးမှာ အမြဲအလုပ်ရှုပ် ၊ အဖွားကလည်း တနေကုန်ဈေးရောင်းဆိုတော့ ။ ကျနော်မောင်မာဃ အဖို့ ကျောက်ဖြူဆိပ်ကမ်းကြီးကို မွေနှောက်ဖို့
ပွဲတော်ကြီးကိုတွေ့လို့ ။ ကျောက်ဖြူဆိပ်ကမ်းကြီးက အဲ့ဒီအချိန်တုန်းကကလေးတစ်ယောက်အတွက် အင်မတန်ပျော်ဖို့ကောင်းတယ် ။  ကျောက်ဖြူဆိပ်ကမ်းမှာလည်း
သင်္ဘောက ပြတ်တယ်လို့ ကိုမရှိဘူး ။ အဲ့တုန်းက သင်္ဘောတွေလည်း အခုထိ ပြေးဆွဲတုန်းပဲ ။ အလောင်းဘုရားလို့ခေါ်တဲ့ တစ်ထပ်သင်္ဘော တစ်စီးပဲ မဆွဲတော့တာထင်
တယ် ။ အမှန်က အဲ့ဒီသင်္ဘောက ဂျပန်ဆီက စစ်လျှော်ကြေးရထားတဲ့သင်္ဘော ။ တော်တော်လည်းဆွေးနေပြီ ။ သင်္ဘောရပ်ထားတုန်း ကျနော်တို့ ဆိပ်ကမ်းက ကလေး
တစ်သိုက် သင်္ဘောပေါ်တက်ဆော့ရင် ၊ တချို့ သင်္ဘော (အပေါ်) နံရံတွေဆို လက်နဲ့အားနည်းနည်းစိုက်ပြီးထောက်မိတာနဲ့ ကျွံကြတယ် ။ ဒါတောင် အလောင်းဘုရားက
ကျနော် ၁၀တန်းလောက်အထိ ဆွဲသေးတယ် ။ နောက်မှ လုံးဝ သုံးမရတော့လို့ လက်လျှော့လိုက်တာဖြစ်ရမယ် ။ ကျနော်တို့ မြန်မာတွေ စက်ကရိယာကို အဲ့လိုတန်အောင်
ခိုင်းတာ ။

အောင်တံခွန် သင်္ဘောတွေကတော့ ပြေးဆွဲတုန်းပဲ ။ ဟိုတလောကတောင် အောင်တံခွန်သင်္ဘောတစ်စင်း သောင်တင်တယ်ဆိုလား ၊တိမ်းမှောက်တယ်ဆိုလား ကြားလို့ စိုး
ရိမ်မကင်းဖြစ်ရသေးတယ် ၊ ကြာတော့ကြပါပြီ ။ ကျနော်တို့ဆီမှာတော့ အောင်တံခွန်ကို အမြန်လို့ခေါ်ကြတယ် ။ တကယ်တော့မမြန်ပါဘူး ။ ကုန်တွေအပြည့်တင်ပြီး
ထွက်ချင်တဲ့အချိန်ထွက်တယ် ။ ကျောက်ဖြူ - တောင်ကုတ် ၊ တောင်ကုတ် - သံတွဲ ၊ တောင်ကုတ် -စစ်တွေ ၊ စစ်တွေ - ကျောက်ဖြူထင်တယ် ။ သိပ်တော့မမှတ်မိတော့ဘူး ။
အဲ့တုန်းက အခုလို ကားလမ်းတွေမပေါက်သေးတော့ သင်္ဘောတစ်ခုပဲ အားကိုးရတယ် ။ ဒီတော့ သင်္ဘော က အချိန်ပြည့် ပြည့်ကျပ်နေတော့တာ ။ ဘယ်ပဲသွားသွား သင်္ဘော
နဲ့သွားရတာကိုး ။ သင်္ဘောဆိပ်ကလည်းတော်တော်စည်တယ် ။ ကာရာအိုကေဆိုင် ၊ဘီယာဆိုင် ၊ အရက်ဆိုင် ၊ထမင်းဆိုင် တွေနဲ့ ည၁၂ နာရီ ၁နာရီထိ လှုပ်လှုပ်ရှားရှားပဲ ။


ကျနော်အမှတ်အရဆုံးလူတွေကတော့ ဆိပ်ကမ်းက ကုန်ထမ်းသမားတွေပဲ ( ကူလီပေါ့ ) ။ ကိုကျားကြီးတို့ ၊ ကိုအောင်လေး တို့ ၊ ကိုလူလှ တို့ ဆို ကျနော်အခုထိသတိရတုန်း။
သူတို့ကို အဲ့ဒီတုန်းက သဘောအရမ်းကျတယ် ။ သူတို့ ကိုကြည့်ရတာအရမ်းအေးချမ်းသလိုပဲ ၊ သင်္ဘောမလာသေးရင် ၊ ကုန်စည်တွေမရောက်သေးရင် ၊ ဆိပ်ကမ်းက ပန်းခြံ
ထဲမှာ ပုခုံးထမ်းပုဆိုးစုတ်လေးကို ခေါင်းအုံးပြီး အိပ်တဲ့လူကအိပ် ၊ ကျားထိုးတဲ့လူတွေက ကျားထိုး ၊ ဂေါ်လီပစ်တဲ့လူတွေကပစ်နဲ့ သူတို့ကို ကြည့်ရတာ အရမ်းအပူအပင်ကင်း
တယ် ။ အဲ့ဒီနှစ်များက ကျနော့်ကို တယောက်ယောက်က ကြီးလာရင် ဘာလုပ်မလဲလို့ မေးရင် ကုန်ထမ်းမယ်လို့ ဖြေခဲ့တာ ။ အဲ့ဒီလို ရည်မှန်းချက်ကြီးတာ ။ ဒါပေမယ့်ကုန်ထမ်း
ချိန်ရောက်ရင်လည်း သူတို့ကို ကြည့်ရတာမသက်သာလှဘူး ။ အချိန်နဲ့ အမှီသင်္ဘောထွက်နိုင်အောင် အပြေးအလွှား ထမ်းရ ပိုးရပြန်တယ် ။ အိတ်ကြီးတွေက လူထက်တောင်
ကြီးဦးမယ် ။ အဲ့ဒီ အိတ်ကြီးတွေကိုထမ်းပြီး သင်္ဘောနဲ့ဆိပ်ကမ်းကြား ထိုးထားတဲ့ လက်တစ်ထွာကျော်ကျော်လောက်သာရှိတဲ့ သစ်သားပြားလေးပေါ်မှာ လမ်းလျှောက်သွားတာများ
သစ်သားပြားလေးက အိညွတ် အိညွတ် နဲ့ အင်မတန်ကြည့်လို့ကောင်းတယ် ။

ကျနော့်ဘကြီးက အဲ့တုန်းက ဒု ဆိပ်ကမ်းမှူးပဲ ရှိသေးတယ် ။ အလုပ်လည်းအရမ်းများတယ် ၊ အဲ့တုန်းက ဆိပ်ကမ်းမှူး က ဦးမြသာကျော် ထင်တယ် ။ အခုတော့ စစ်တွေမြန်မာ့ဆိပ်
ကမ်းအာဏာပိုင် မှာ ကျနေတယ်ထင်တယ် ။ ဦးမြသာကျော်က ပိန်ပိန်ပါးပါးနဲ့ အရမ်းအေးတယ် ။ သူ့ခဗျာ ကျန်းမာရေးလည်းမကောင်းရှာဘူး ။ ဒီတော့ တာဝန်တွေအကုန်လုံးကို
ဘကြီးကိုလွဲထားရတယ် ။ ကျနော့် ဘကြီးဂျိုး က ခန္တာကိုယ်တုတ်တုတ်ခိုင်ခိုင် ၊ သွက်သွက်လက်လက် ၊ လူကလည်း ပါစပ်က ခပ်ကြမ်းကြမ်း ။ သူအရမ်းစိတ်တိုလာရင် လ အက္ခရာ
တွေ ၊ ချီး ဆိုတဲ့ အသံ တွေ ကြားရတော့တာ ။ အဲ့ဒီအချိန်တွေက ဂိုဒေါင်ထဲကို ကူလီတသိုက်နဲ့ ကုန်ထည့်တဲ့အချိန် ၊ ကုန်ထုတ်တဲ့အချိန်အများစုပဲ ။ ကျနော်ကလည်းဆိပ်ကမ်းမှာ
ကုန်တွေ စုပုံထားတဲ့အချိန်ဆို အရမ်းပျော်တာ ။ ကုန်တွေစုပုံပြီဆိုတာနဲ့ ကျနော် ဘလိတ်ဓါး ၀ယ်ပြီးသား ။ ဂုံနီအိတ်ကြီးတွေ ၊ ပီနံအိတ်ကြီးတွေ အထပ်ထပ် ပုံထားတဲ့နေရာတွေကို
မယောင်မလည်သွား ၊ အိတ်အခြေအနေကိုကြည့်တာ ။ ထန်လျှက်အိတ်လား ၊ ကွမ်းသီးအိတ်လား ဘာလားညာလားသိရဖို့ ဘလိတ်ဓါးလေးနဲ့အိတ်ကိုအသာခွဲကြည့်ရတယ် ။
လက်တစ်ဝါးစာလောက် ခွဲကြည့်ပြီးရင် နိုက်ပြီ ။ တခြားဟာထက် စားစရာတွေကို ခွဲတာများတယ် ။ ပဲကြီးလှော် ၊ ပန်းသီး လိမ္မော်သီး ၊ ဇီးသီး နဲ့ အခြားစားစရာ အသီးအနှံတွေက
ကျနော်အတွက် တားဂက်ပဲ ။ ကျနော်တစ်ယောက်ထဲတင်မဟုတ် ဆိပ်ကမ်းမှာကျင်လည်နေတဲ့ ၊ ထမင်ဆိုင်ပိုင်ရှင်သားသမီးတွေ ၊ အရက်ဆိုင်ပိုင်ရှင်သားသမီးတွေ ၊ ကွမ်းယာဆိုင်
ပိုင်ရှင် သားသမီးတွေ ၊ ကျနော့်လို ဆိပ်ကမ်းဝန်ထမ်းသားသမီးတွေနဲ့ နေစရာစားစရာမရှိ အိမ်မဲ့ယာမဲ့ မိဘမဲ့ကလေးတွေ အတွက်တော့ အဲ့ဒီအိတ်တွေဟာ ဘလိတ်ဓါးဖြစ်ရုံနဲ့
စားစရာ ပဒေသာပင်တွေ ဖြစ်ကုန်လေရဲ့ ။

အပိုင်း - ၂ ကိုဆက်ပါဦးမည် ။


မာဃလုလင် ( မြန်မာ့အရုဏ်သစ် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...