Thursday, July 26, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၇)


သစ်ထူးလွင်


Posted: 26 Jul 2012 07:49 AM PDT
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့်အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အနီးရှိ
ကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါင်း ၈၈ ဦးဖြစ်ကြောင်း သံတွဲအကျဉ်းထောင်မှ အရာရှိ တစ်ဦးကပြောသည်။

၎င်းတို့အား ဖမ်းဆီးခဲ့စဉ်က သံတွဲမြို့နယ်၊ လ.၀.က ဦးစီးမှူးက ယင်းဘင်္ဂါလီများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် သံရုံး တို့ညှိနှိုင်းနေကြောင်း၊ လက်ခံပါက ပြန်ပို့မည်ဖြစ်ကြောင်းနှင့် ၎င်း
တို့ ဦးအား လ.၀.က ဥပဒေအရ အရေးယူ သွားရမည် ဖြစ်ကြောင်းပြောခဲ့သည်။

ထို့နောက် ဇူလိုင် ၄ ရက်တွင် သံတွဲမြို့နယ် တရားရုံး၌ ဂွမြို့နယ် လ.၀.ကဦးစီးမှူးက တရားလိုလုပ်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်
စွဲဆိုစစ်ဆေးခဲ့ပြီး  ဇူလိုင် ၁၆ ရက်တွင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သံတွဲဒေသခံရှေ့နေတစ်ဦးက ပြောသည်။

၎င်းတို့နှင့်အတူ အသက် ၁၂ နှစ်ခန့် အရွယ်ယောက်ျားလေးတစ်ဦးပါခဲ့ရာ ထောင်ဒဏ်ချမှတ်ပြီးနောက်တွင် အဆိုပါကလေးငယ်အား သံတွဲ မြို့နယ် လ.၀.က ရုံးတွင်ခေါ်ယူထားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဗလီတွင်ခေါ်ယူစောင့်ရှောက်ထားရန် ပြောသောကြောင့် သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ခဲ့သည်။

“ဒါမျိုးက ခဏခဏ ကြုံရတယ်၊ လ.၀.က ကဖမ်းပြီး ထောင်ကလွတ်လာတဲ့ ဒေသအသီးသီးက
မွတ်စလင်တွေကို နေရပ်ပြန်မပို့ခင် ဗလီတွေမှာခေါ်ထားပြီး ကျွေးမွေးထားရတယ်၊
သူတို့က တာဝန်မယူဘူး၊ လူသားချင်းစာနာမှုနဲ့ ခေါ်ထားခဲ့ရတာ ပေါ့”  ဟု အကူအညီ
ပေးခဲ့သူ တစ်ဦးကပြောသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ တရားမ၀င်သွားရောက်သူများမှာ သဘာဝ ဘေးအန္တရာယ်နှင့် တာဝန်ယူပို့ဆောင်ပေးသူများ၏ မသမာမှုကြောင့် သံတွဲခရိုင်အတွင်း မကြာခဏ
သောင်တင် ဖမ်းမိလေ့ရှိကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။        ။

by Yangon Press International

Posted: 26 Jul 2012 07:15 AM PDT
 စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး အတွက် တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ထောက်ခံပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကွတ်ခိုင် မြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ အဆိုကို ပါဝင်ဆွေးနွေးခြင်း ဖြစ်သည်။

ပင်လုံစိတ်ဓာတ်ကို ညွှန်းဆို၍ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားခြင်း ဖြစ်သည်။
dspal1s
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပါဝင်ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

“ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့၊ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျမတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်” ဟု ဆွေးနွေးသွားသည်။

ထို့အပြင် ကိန်းဂဏန်း အချက်အလက်များ ကိုးကား၍ “ပြည်နယ်တွေမှာ ပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း
မြင့်နေတယ် ဆိုတာကို မြင်ရပါတယ်။ ဒီ ကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်” ဟုလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းကို ထောက်ပြပြောဆိုခဲ့သေးသည်။

ဦးတီခွန်မြတ်၏ အဆိုကို ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်ကလည်း “နိုင်ငံတော်အနေနှင့်လည်း တိုင်းရင်းသားပြည်သူနှင့် လူမျိုးစုများ၏ အခွင့်အရေးနှင့် အမျိုးသားရေး မပျက်ပြယ်အောင် ကာကွယ်စောင့်ရှောက် လက်တွဲဖော်ဆောင်ရန် တာဝန်ရှိတဲ့အတွက်” ဟု ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်ကလည်း “ကျနော်တို့ရဲ့ ဘိုးဘေး ဘီဘင်များ ဖြစ်ကြတဲ့ တိုင်းရင်းသား
ခေါင်းဆောင်များရဲ့မျှော်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား အားလုံး အခွင့်အရေး တန်းတူညီမျှစွာနဲ့ ရရှိခံစားကြ ပြီးတော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဥမကွဲ သိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင်သွားကြဖို့ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

ထို့အပြင် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟနှင့် ဥတ္တရသီရိမြို့နယ်မှ ဦးမင်းသူတို့က ထောက်ခံဆွေးနွေးသွားခဲ့
ကြသေးသည်။

ဥပဒေ မပြဋ္ဌာန်းမီ သက်ဆိုင်ရာ တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် တပ်မတော်သားများပါဝင်သည့် ညီလာခံတရပ် ကျင်းပ၍ သဘောထားရယူသင့်သည်ဟု ဦးမင်းသူ က ဆွေးနွေးသွား သည်။

တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဋ္ဌာန်းပေးရန် အဆိုကို ဆွေးနွေးရန် လွှတ်တော်အမတ် ၂၇ ဦး စာရင်းပေးသွားထား ပြီး တနှစ်ကျော်ကြာ ပြည်သူ့လွှတ်တော်သမိုင်းတလျှောက် အမတ်ဦးရေ အများဆုံး ဆွေးနွေးသည့် အဆိုလည်း ဖြစ် သည်။

 မျိုးသန့် | နေပြည်တော် (မဇ္ဈိမ) ။       ။

Posted: 26 Jul 2012 07:08 AM PDT
 တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက
ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ်ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။


ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီအချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြုံငုံသုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျမှန်ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်ထည်ဖေါ်ရာတွင် တရားဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟုလည်း ဆွေးနွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးမှာ
ဒေါသ၊ အာဃာတ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဘက်ပေါင်းစုံမှ
ဆောင်ရွက်ပေးကြပါရန်လည်း သူရဦးရွှေမန်း က တိုက်တွန်းပြောဆိုသွားသည်။

မျိုးသန့် | ရန်ကုန် (မဇ္ဈိမ) ။       ။

Posted: 25 Jul 2012 10:46 PM PDT
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။

အခု ရွေးချယ်လိုက်သူတွေကို မကြာခင်မှာ သရုပ်ဆောင် လေ့ကျင့်ပေးဖို့ စတင်တော့မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဆင့်ဆင့် ရွေးချယ်ခဲ့ရမှာ ဆန်ခါတင် (၇) ဦးရရှိခဲ့ပြီး ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားသူ (၄၆) ဦးထဲက ဆန်ခါတင် (၄) ဦးရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီထဲကမှ အခုလို (၂) ဦးစီ နောက်ဆုံးအဆင့် ထပ်မံ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

RFA Burmese

Bogyoke Aung San Movie - Facebook


Posted: 25 Jul 2012 10:32 PM PDT
ပြည်မြို့ ဝေပုလ္လ ဆရာတော် နှလုံးသွေး ကြောကျဉ်း ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်
ရန်ကုန်၊ ဇူလိုင် ၂၆ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်က နှလုံးသွေး ကြောကျဉ်း ရောဂါဖြင့် ပြည် မြို့ ဝေပုလ္လာ ရာမကျောင်း ဆရာတော် ရုတ်တရက် ဘဝနတ်ထံ ပျံလွန်တော်မူ သွားကြောင်း အနီးကပ် ပြုစုခဲ့သည့် တပည့် ဒါယကာ များထံမှ သိ ရသည်။

''ဆရာတော်က အမြဲတမ်း ကျန်းကျန်းမာမာပါပဲ။ ၂၅ ရက်နေ့ နံနက် ၇ နာရီလောက်က ရင်ဘတ်အောင့်လို့ ဆိုပြီး မိန့်ကြားခဲ့ပါ တယ်။ ဒါနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြည်မြို့က ပါရမီရှင် အထူးကုဆေးခန်းကို တင်လိုက်ပြီး ည ၁၁ နာရီလောက်ကျတော့ ပျံလွန် တော်မူခဲ့ပါတယ်'' ဟု ပြည်မြို့ရှိ ဒါယိကာမတစ်ဦးက ပြောသည်။

ပြည်မြို့ရှိ ပါရမီရှင် အထူးကု ဆေးခန်းသို့ တက်ရောက် ကုသမှု ခံယူနေရာ ဝေဒနာမှာ သက်သာမှု မရှိသည့်အတွက် ရန်ကုန်သို့ ပင့်ဆောင်ကြရန် အနီးနေ တပည့်များက ကြိုးစားကြသော်လည်း ထိုနေ့ည ၁ဝ နာရီ၊ ၃၅ မိနစ် အချိန်တွင် ဆေးတိုက်မှုကို ဆရာ တော်က ပါးစပ်မဟပေးတော့ဘဲ ငြိမ်သက်သွားခဲ့သည်ဟု ၄င်းက ဆက်လက်ကာ ပြောသည်။ ''သတိမေ့သွားတယ်လို့ပဲ ထင်ခဲ့တာ။ ဆရာဝန်တွေလည်း ကြိုးစားပြီး ရင်ဘတ်တွေ ဘာတွေ ဖိပြီး အမျိုးမျိုးလုပ်ကြတာတောင်မှ သတိက ပြန်မလည်လာတော့ဘူး။ ဒါနဲ့ ည ၁၁ နာရီမှာပဲ ပျံလွန်တော်မူသွားပါပြီလို့ ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်''ဟု ရန်ကုန်မြို့မှ ရောက်ရှိနေသော ဒါယိကာမတစ်ဦးက ဆိုသည်။

ရုပ်ကလာပ်ကို ပျံလွန်တော်မူပြီးပြီးချင်း ဆေးခန်းမှ ည ၁၁ နာရီကျော်တွင် ဝေပုလ္လရာမကျောင်းတိုက်သို့ ပင့်ဆောင်လာခဲ့ပြီဟု သိရပြီး ဈာပနအခမ်းအနား ကျင်းပမည့်နေ့ကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီတွင် အစည်းအဝေးပြုလုပ်၍ ကြေညာမည်ဟု သိရသည်။

ပြည်မြို့ ဝေပုလ္လ ဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာ ရာမ ကျောင်းတိုက်တွင် သတင်းသုံးကာ သာသနာပြုနေခဲ့ရာ မဟာသဒ္ဒမ ဇောတိကဓဇ္ဇ၊ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ္ဇ ဘွဲ့တော်တို့ကို နိုင်ငံ တော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။

၁၃ဝ၆ ခုနှစ် ဝါခေါင်လဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့၌ ခမည်းတော် ဦးဒဟင်၊ မယ်တော် ဒေါ်ကြည်အေးတို့မှ မွန်ပြည်နယ်၊ ကျိုက် မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဆရာတော် လျောင်းလျာကို မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းခင် ဖြစ်သည်။ ၁၃၂၃ တပေါင်းလဆန်း ၈ ရက်နေ့ အသက် ၁၇ နှစ်သား အရွယ်၌ ပြည်မြို့တွင် စစ်အင်ဂျင်နီယာ တပ်ဗိုလ်မှူးကြီး မျိုးမြင့်နှင့် မိသားစု၏ ထောက်ပံ့မှုကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၆ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ၉ ထပ်ကြီး၊ ဗားကရာတိုက် ပဋိယတ္တိတိုက်ခွဲ ဆရာတော် ဘဒ္ဒန္တကေသရအား သပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ် ခံယူခဲ့သည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အစရှိသည့် ပြည်ပနိုင်ငံများနှင့် ပြည်တွင်းဒေသအနှံ့ သာ သနာပြုတော်မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ အဖြစ် ပျံလွန်တော်မမူမီအထိ တာဝန်ယူတော်မူ ခဲ့သည်။

ဆရာတော်မှာ လောကုတ္တရာ စာပေများအပြင် လောကီစာအုပ်များကိုပါ ရေးသား ပြုစုတော်မူခဲ့သည်။

Popular Myanmar News Journal

Posted: 25 Jul 2012 10:14 PM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
2.bp.blogspot.com more info...
ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ
 တောင်သူဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့
ထွန်နေတာဖြစ်ပြီး ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးတုပ်ကြီး၊
ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံ----


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ၂၅.၇.၂၀၁၂ နေ့ ထွန်စက်အောက်သို့ ၀င်ရောက်၍ လယ်ယာမြေ အတွက် အသက်ပေး ထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦးမှာ ဦးတုပ်ကြီး၊ကိုကျော်ဝင်း၊ ကိုသိန်းအောင် တို့ဖြစ်သည်။




Posted: 25 Jul 2012 10:04 PM PDT
မကွေးတိုင်း ဒေသကြီး ၊ပွင့် ဖြူမြို့နယ် ၊ သမန်းအင်းကျေးရွာတွင် ဇူလိုင်လ ၂၅
ရက်နေ့  နံနက်- ၉း၃၀ နာရီ ခွဲ အချိန်ခန့်တွင် လူသတ်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။

သမန်းအင်း ကျေးရွာ မြောက်ဘက် တွင်ရှိ ဦးလက္ခဏ ဘုန်းတော်ကြီးကျောင်း
ဆောက်လုပ် သည့်နေရာမှ ရွာသို့ ပြန်လာခဲ့ ကြသော အမျိုးသားဒီမို ကရေစီ
အဖွဲ့ဝင်များ ဖြစ်ကြသော ဦးရဲဝင်းနှင့်  ဦးကြည်မောင်တို့အား ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းမောင် ခေါင်းဆောင်သော အဖွဲ့ဝင် ( ၈)ဦးခန့်မှ ၄င်းတို့နှစ်ဦးအား
အပြန်စောင့်ဆိုင်းပြီး ဓားရှည်မျိုးစုံ ဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပါသည်။

ဦးရဲဝင်းမှာ  ဦးခေါင်းပိုင်းပတ်လည် (၁၀ )ချက်နှင့် ညာဘက်လက်မောင်းမှာ
ဒါဏ်ရာကြောင့် ပြတ်လုနီးပါး ဖြစ်နေပါသည်။

ဦးကြည်မောင်၏ လက်တစ်ဖက်ရှိ လက်ချောင်းများမှာလည်း ပြတ်တောက်ခဲ့ပါသည်။
ဦးရဲဝင်းမှာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ ကြောင်း Myanmar News Now မှ
သိရှိရပါသည်။

ယင်းဖြစ်ပွားမှုနှင့်ပတ်သက်သိ အကြောင်းအရာများအား ပွင့်ဖြူရဲစခန်းသို့အမှုဖွင့်
တိုင်ကြားခြင်းကိုဦးရဲဝင်း ၏ ဇနီးဖြစ်သူမှ ပြုလုပ်ခဲ့ပါသည်။

 ရဲစခန်းမှ ပ/ ၅၄-ပုဒ်မ ( ၃၀၂) ( ၁ ) ( ခ) အရ၄င်း ပုဒ်မ၃၂၆-၁၄၄
အရ၄င်း အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရ ရှိပါသည်။

ပြီးခဲ့တဲ့ အာဇာနည်နေ့ က ပွင့်ဖြူ NLD အဖွဲ့ ဝင်များ ချီတက်အလေးပြုခဲ့စဉ်



Posted: 25 Jul 2012 09:40 PM PDT
ရခိုင်ပြည်နယ်ဒေသတဝန်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဘာသာရေး အဆောက်အဦးနှင့် အိမ်ခြေ လေးထောင်ကျော် ပျက်စီးခဲ့ရာ လူပေါင်းတစ်ရာ ကျော်ဒဏ်ရာ ရရှိခဲ့ပြီး(၇၀)ကျော် အသက် ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းစု ဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းထံက သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် စစ်တွေမြို့နယ်၌ အိမ်ခြေ (၃၆၃၆)လုံး၊ ပျက်စီးခဲ့ပြီး ကျောက်တော်မြို့နယ်တွင် အိမ်ခြေ (၁၇၁)လုံး၊ ပေါက်တောမြို့တွင် အိမ်ခြေ(၁၂၄)လုံး၊ ရသေ့တောင်တွင် အိမ်ခြေ (၃၆၇)လုံး၊ မောင်တောတွင် (၄၇၄)လုံးနှင့် ရမ်းဗြဲတွင် (၃၅)လုံး ပျက်စီး ခဲ့ရာ အိမ်ခြေပေါင်း (၄၈၂၂)လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ၌ စစ်တွေမြို့နယ်တွင် ဒဏ်ရာရသူ (၅၀) ဦးနှင့် (၃၄)ဦးသေဆုံး၍ ကျောက်တော်တွင်(၃)ဦးဒဏ်ရာရ (၄)ဦးသေဆုံး၊ ပေါက်တောတွင် (၁၆)ဦး ဒဏ်ရာရ (၃)ဦး သေဆုံး၊ရသေ့တောင်တွင် (၂၉)ဦး ဒဏ်ရာရ (၁၄)ဦးသေဆုံး၊   မောင်တောတွင် (၆)ဦးဒဏ်ရာရ(၂၀) ဦးသေဆုံး၊ ရမ်းဗြဲတွင်(၁)ဦးသေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေးဆပ်ကော်မတီက သိရသည်။

ဒုက္ခသည်များနေထိုင်ရန်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တန်းလျားများ ဆောက်ပေးနေပြီး လက်ရှိ အနေအထားတွင် စစ်တွေမြို့နယ်မှ ဘင်္ဂါလီဒုက္ခသည်များကို ယာယီရွက်ဖျင်တဲ(၁၂၀၀)လုံး ပေးထားပြီး တန်းလျားအလုံး (၉၀) ဆောက်လုပ်ပေးထားကြောင်း ဦးလှသိန်းကပြောသည်။

ရခိုင်ဒုက္ခသည်များအတွက် ဓညဝတီရပ်ကွက်၊ မင်းဂံရပ်ကွက်နှင့် နေပူခံရပ်ကွက် ဒုံတိုက်ကွင်းတို့တွင် ဆောက်လုပ်နေကြောင်း သိရသည်။

 “စစ်တွေမှာ ရခိုင်ပြည်နယ်အစိုးရက ဆောက်လုပ်ပေးနေတယ်၊အိမ်တစ်လုံးလျှင်(၂၈)သိန်း(၄)သောင်း တန်ဖိုးရှိပါတယ်၊   မောင်တောမှာနိုင်ငံတော်က ဆောက်လုပ်တာပါ၊ လောလောဆယ်ကဘင်္ဂါလီ ဒုက္ခသည်တွေအတွက် ယာယီရွက်ဖျင်တဲ (၁၂၀၀)ထိုးပေးထားတယ်။ တန်းလျားအလုံး (၉၀) ခန့် ဆောက်လုပ်ပေးပါမယ် ၊ ရခိုင်ဒုက္ခသည်များအတွက် နေပူခံရပ်ကွက် ဒုံးတိုက်ကွင်းတွင်တန်းလျား (၂၅)လုံး မင်းဂံတွင်၈လုံ ၊ ဓညဝတီတွင်(၈)လုံးဆောက်လုပ်နေဆဲ’ပါ” ဟု သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီဥက္ကဌ ပြည်နယ်ဥပဒေအရာရှိချုပ် ဦးလှသိန်းကဆိုသည်။

”ပြန်လည်တည်ဆောက်ရေးအပိုင်းမှာ မီးဘေးဒုက္ခသည်တွေအတွက် တန်းလျားတွေ ဆောက်တုန်း ပါ၊ အခု သူတို့ကို ဘုန်းကြီးကျောင်းမှာဘဲထားပါတယ်”ဟု စစ်တွေမြို့ထန်းတပင် ရပ်ကွက် ဂြစ်ချေ ကျောင်း မီးဘေးဒုက္ခသည် စခန်းမှ လူမှုရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup

Posted: 25 Jul 2012 10:20 PM PDT
တရုတ်နိုင်ငံ အစိုးရ၏ အသားထွက် ကုန်တင်သွင်းမူ ပိတ်ပင်တား မြစ်ခံရပြီးနောက် အေးခဲအသားနှင့် သားရေတင် ပို့သူများကို   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးနေသော ကျန်းမာကြောင်း ထောက်ခံချက် ထုတ်ပေးမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထောက်ခံချက် ပေးမှုအား ရပ်ဆိုင်းခဲ့ရာတွင် မြန်မာနိုင်ငံရှိဝန်ကြီးဌာနများက သက်ဆိုင်ရာ အောက်ခြေဌာနအသီးသီးသို့ ညွှန့်ကြားချက်ပေးပို့ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အသားထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာ၌တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားတက်ခြင်းကြောင့် တရုတ်နိုင်ငံက  တင်သွင်းမှု ပိတ်ပင်ထားမြစ်ခဲ့ခြင်း ဖြစ်သည်။

တင်ပို့ခွင့် ပိတ်ပင်ခြင်းကို တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့မှ တရုတ်နိုင်ငံ၏ ဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကြက်ငှက်တုပ် ကွေးနှင့် ခွါနာလျှာနာရောဂါဖြစ်ပွား တတ်သော မြန်မာနိုင်ငံမှအသားထွက်ကုန်ပစ္စည်း တင်သွင်းခြင်းအား ပိတ်ပင်ထားမြစ်ခဲ့ ကြောင်း ပေကျင်းမြို့ မြန်မာသံရုံးသို့ ဇူလိုင်လ(၁၈)ရက်နေ့ရက်စွဲဖြင့် တရုတ်အစိုးရက အကြောင်း ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဇူလိုင်လထဲမှာ မွေးကုဦးစီးဌာနကတင်ပို့ခွင့် ရပ်ဆိုင်းခဲ့တယ်။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ပြည်ပကသူတို့ နိုင်ငံကိုဝင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာ ရောဂါရှိမရှိစစ်ဆေးပြီးမှ လက်ခံတာကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လည်း အဲဒီလိုစစ်ဆေးမှုတွေ လုပ်ဖို့ သင့်ပါတယ်။”ဟုမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးသန်းလွင် က ပြောသည်။

ပြည်တွင်းအသားထွက်ကုန်ပစ္စည်းများအား  ပြည်ပသို့ တင်ပို့ရောင်းချရာတွင်ကူးစက်ရောဂါကင်းရှင်းကြောင်း စစ်ဆေး၍ တင်ပို့ခွင့်ရရှိစေရန် လိုအပ်သည့် တင်သွင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် လိုအပ် နေပြီဖြစ်ကြောင်း   မွေးမြူးရေးနှင့်ကုသရေးဦးစီးဋ္ဌာနက ဆိုသည်။

“အေးခဲအသားတွေက ရောဂါရှိနိုင်ပေမယ့်လည်း ကိုယ့်နိုင်ငံရဲ့ထွက်ကုန်တွေ ရေရှည်လုပ်ငန်းခိုင်မာဖို့အတွက် လုပ်ငန်းရှင်တွေက မွေးမြူတဲ့စနစ်ကအစ ခွါနာလျှာနာရောဂါတွေ ကင်းရှင်းအောင် ဂရုစိုက်မွေးမြူသင့်ပါတယ်။ အဲလိုမွေးမြူနိုင်အောင်လည်း ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးဝင်းစိန်က ပြောသည်။

အသားထွက်ကုန်များဖြစ်သော အေးခဲအသားများသည် ကူးစက်ရောဂါအန္တရာယ်ရှိနိုင်သော်လည်း သားရေများ သည် ဓါတုဆေးဝါးပစ္စည်းများဖြင့် ရောဂါပိုးဘေးအန္တရာယ်မရှိနိုင်ကြောင်း (2011) Article 8-5-30 အရ semiprocessed hides and skins (limed hides, pickled pelts, semi processed leather e.g wet blue and crust leather) ပြဆိုထားကြသဖြင့် တင်ပို့ခွင့်ပြုသင့်ကြောင်း အသားထွက်ကုန်တင်ပို့လုပ်ကိုင်သူများ သုံးသပ်ပြောဆိုနေကြသည်။

ယမင်း (မြစ်မခ)
by Myit Makha Mediagroup

Posted: 25 Jul 2012 09:25 PM PDT
တရားခံဟု ယူဆရသူအား မြန်မာအာဏာပိုင်များ က လက်ခံခဲ့စဉ်
မဲဆောက်။ ဇူလိုင် ၂၅

မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ ၀င်တိုက်ခဲ့သူများထဲမှ တစ်ဦးဟု ယူဆရသူ အားထိုင်း ရဲက ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ ပြီးနောက် ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာအာဏာပိုင် များထံသို့လွဲပြောင်းပေးလိုက်သည်။ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရွှေဆိုင် ကိုဓားပြတိုက်သူ သုံးဦးထဲမှ တစ်ဦးဟု ယူဆရသူ ကိုလင်း ၂၈ နှစ်ကို ယခုရက်ပိုင်း အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အကြီးဆုံး သစ်သီးဝလံဈေး ဖြစ်သည့် (တလာထိုင်းဈေး) တွင် ထိုင်းရဲက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က မဲဆောက်သို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ထိုင်းဘက် မှမြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တရားခံဟု ယူဆရသူ ကိုလင်း အားလက်ခံ ခဲ့သည့် မြ၀တီမြို့နယ်မှ ရဲမှူးကြီးက"တစ်ယောက်မိထားပြီး ဆိုတော့ မကြာခင်မှာ ကျန်တဲ့ လူတွေ ကိုလည်း ဖမ်းဆီးဖော်ထုတ်နိုင်မှာပါ"ဟုထိုင်းဘက်ရှိ သတင်းထောက် များကိုပြောကြားခဲ့သည်။ တရားခံဟုယူဆရသူအား လွှဲပြောင်းမှုကို ထိုင်းဘက်မှ လ၀ကဗိုလ်မှူးကြီး ယို့မနီးစောင် ဦးဆောင် သည့်အဖွဲ့နှင့် မြန်မာဘက်မှရဲမှူးကြီးမျိုးဇော် ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ပြီး တရားခံဟု ယူဆရသူအား ဖမ်းဆီး ရမိမှုနှင့်ပတ်သက်၍ အသေးစိပ်ပြောကြား ရန် နှစ်ဘက် တာဝန်ရှိသူများ ကငြင်းဆိုခဲ့သည်။ ယနေ့လွှဲပြောင်းမှုသည် ယခင်လ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းက မြ၀တီမြို့လယ်ရှိ အင်ပါယာရွှေဆိုင်ကို စစ်သုံးမောင်းပြန် လက်နက်များ ကိုင်ဆောင်ထားသူ ၃ ဦးက သေနတ်များ ပစ်ဖောက်ကာ ရွှေထည်ပစ္စည်း ၂ ပိဿာခွဲခန့်ကို ယူဆောင်သွားခဲ့သည့် အမှု၏ နောက်ဆက်တွဲဖြစ်သည်။

ရဲရင့်မောင် - Popular Myanmar News Journal

Posted: 25 Jul 2012 09:15 PM PDT
ဇူလိုင်လ ၂၆ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၀)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jul 2012 09:16 PM PDT
(credit to Win Myo Thu)
မြစ်ဆုံဆည် တည်ဆောက်ရေးနှင့် ပတ်သက်၍ တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့မှ ဝေဖန်ပြောဆိုထားသော သဘောထား ကြေညာချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ရေးရာ ထိန်းသိမ်းရေး ပညာရှင်များက တစ်စုတစ် စည်းတည်း ပြန်လည်တုံ့ ပြန်လိုက်သည်။

မြစ်ဆုံဆည်နှင့် ပတ်သက်၍ အချက်(၁၁) ချက်ပါရှိသော သဘောထားအချက်ကို ယင်းအဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ၂၀၁၂ ခုနှစ် မတ်လအတွင်း ဖော်ပြထားချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားခုနစ်ဦးက ပြန်လည်ချေပပြောဆိုထားခြင်း ဖြစ်သည်။

ယင်းဝေဖန်ချက်တွင် “မြစ်ဆုံမှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ပို့မည်ဟု ပြောဆိုနေချိန်တွင် မြန်မာတို့ကရသော လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းမှာ အခမဲ့ဖြစ်ကြောင်း မြန်မာအများစုက သိပုံမရပါ”ဟု ရေးသားထားသည်။ ထိုသို့ရေးသားချက်ကို “ဧရာဝတီမြစ်ကြီးတစ်ခုလုံး ရင်းနှီးထားရတာကို ဘာအရင်းအနှီးမှ မစိုက်ဘဲရတာတဲ့။ ပြောရက်တယ်ဗျာ”ဟု ဒေါက်တာထွန်းလွင်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်

တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်နိုင်ရန်အတွက် ၇၅၀ ကီလိုမီတာခန့်ရှည်လျားသော အဝေးပြေးလမ်းမကြီးများ၊ တံတားကြီးများနှင့် ရေကြောင်းဆိုင်ရာ၊ မိုးလေ၀သဆိုင်ရာ၊ မြေငလျင်တိုင်းတာမှုဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နေမှုအပေါ် တရုတ်တို့က မြန်မာနိုင်ငံရှိ သယံဇာတများကို ကဲ့ယူနေသည်ဟု ရှုမြင်ကြကြောင်း တရုတ်အင်ဂျင်နီယာအဖွဲ့က ရေးသားဖော်ပြထားသည်။ “ပတ်ဝန်းကျင်ပျက်စီးတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်တယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး ဆိုတာတွေက တရုတ်ကုမ္ပဏီတွေရဲ့ အင်္ဂါလက္ခဏာတွေ ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ကိုင်လာသူ စာရေးဆရာကိုတာက ပြောသည်။

တရုတ်အင်ဂျင်နီယာအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြစ်ဆုံရေကာတာစီမံကိန်းသည် ကျောက်မီးသွေးတန်ချိန်သန်း ၅၀ နှင့် ညီမျှသော လျှပ်စစ်ဓာတ်အား ၁၀၀ ဘီလီယံကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ငွေကြေးအမြတ်အစွန်းအနေဖြင့် တရုတ်ယန်းငွေ ၂၀ ဘီလီယံနှင့် မြန်မာကျပ်ငွေ ၂,၀၀၀ ဘီလီယံအထိ ရရှိမည်ဖြစ်သည်။

ယင်းအချက်ကို ဆည်ဆောက်သူများအနေဖြင့် ဆည်ကရေအားလျှပ်စစ်ထုတ်ယူရေး ကိစ္စထက် ဆည်ဆောက်လုပ်ဖို့အရေးကို ပိုစိတ်ဝင်စားကြောင်း၊ ထို့ကြောင့် မူဝါဒရေးရာအရ ချမှတ်သူများ သဘောတူလာစေရန် ဘယ်ရွေ့ဘယ်မျှ ဘီလီယံအစရှိသည်များကို ညွှန်းကိန်းလုပ်ပြောဆိုကြမည်ဖြစ်ကြောင်း ဧရာဝတီနှင့်ပတ်သက်သည့် မေးခွန်းပေါင်း ၂၀ ထုတ်ခဲ့သူ ဂေဟစနစ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဝင်းမျိုးသူ တုံ့ပြန်ပြောဆိုခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ တရုတ်ရေအားလျှပ်စစ်အင်ဂျင်နီယာအဖွဲ့မှ လူမှုအဖွဲ့အစည်းများ မြစ်ဆုံဆည်အပေါ်သဘောထားနှင့် ပတ်သက်ပြီး ဆည်တည်ဆောက်ရေးကို ဆန့်ကျင်သောသူများက ဆည်ကြီးများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ၀ါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ဆည်ကြီးများက ရေအားလျှပ်စစ် အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပါက ဆည်တည်ဆောက်ရာတွင်သာမက သဘာဝပတ်ဝန်းကျင်ရေးရာကို အထောက်အကူပြုကြောင်း ပြောဆိုခဲ့သည်။

“သူတို့က အကျိုးအမြတ်အတွက်လုပ်တော့ ဒီလိုဘဲပြောမှာပဲ။ ဆည်အကြောင်းပြောတာထက် မြစ်ဝှမ်းဒေသတစ်ခုလုံး ထိန်းသိမ်းဖို့ ဟိုအရင်ကတည်းက ပြောနေကြတာ။ ဧရာဝတီဆိုတာ တို့တွေရဲ့ ယဉ်ကျေးမှုဖြစ်တယ်”ဟု သယံဇာတစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပါရဂူဘွဲ့အတွက် သြစတြေးလျအမျိုးသားတက္ကသိုလ်တွင် သင်ကြားနေသူ ဦးမြင့်ဇော်က ပြောသည်။

ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်ရေးရာ လုပ်ဆောင်နေသူများက မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ စိတ်ခံစားမှုသက်သက်ဆိုသည်မှာ မှန်ကန်ကြောင်းနှင့် ရေအားလျှပ်စစ် တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်းမှာ တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာသော ဧရာဝတီမြစ်ကို သိပ္ပံနည်းကျ အချက်အလက်များထက် တစ်ဦးချင်းစီ တွေ့ကြုံခံစားရသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်ယွင်းမှုများနှင့် အချက်အလက်များကိုသာ ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုကြသည်။

ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင်သောသူများသည် နိုင်ငံတကာအကူအညီများ ရယူခဲ့ကြောင်း၊ အနောက်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေ၍ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေး တင်းမာလာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ သမ္မတ၏ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းထားခြင်းအပေါ် အမေရိကန်သမ္မတ၏ ကြိုဆိုခြင်းက ထောက်ပြပြောဆိုနေခြင်းဖြစ်ကြောင်း တရုတ်ရေအားလျှပ်စစ်အင်ဂျင်နီယာအဖွဲ့က ပြောဆိုသည်။ ဆည်ဆောက်လုပ်မှု ဆန့်ကျင်ခြင်းကို အနောက်နိုင်ငံများက အကြံဉာဏ်၊ ငွေကြေးအထောက်အပံ့ပေးခဲ့ခြင်းမဟုတ်၊ လှုပ်ရှားမှုများကို ကချင်ပြည်နယ်ပြည်သူများ၊ မိမိတို့သဘာဝပတ်ဝန်းကျင်၏ ကြီးမြတ်သောတန်ဖိုး၊ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာကို စောင့်ရှောက်လိုသူများနှင့် မြစ်ဆုံဆည်ကြောင့် အိမ်ခြေယာခြေပျောက်ရသူတို့ ဆန္ဒအလျောက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ ဖရီဒါအသင်းမှ ဦးအုန်းက ပြောကြားသည်။

ဧရာဝတီမြစ်ဝှမ်းတွင် ရေကြီးခြင်း၊ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ၁၉၇၀ ကပင် မြစ်ကြီးနားမြို့၌ ရေကြီးခြင်းကို မကြာခဏကြုံတွေ့ရပြီး နွေရာသီကာလတွင် မြစ်ကြောင်း တိမ်လာသောကြောင့် သင်္ဘောများသွားလာ၍မရခြင်း၊ ရေတွင်းရေကန်ရှားပါးခြင်းနှင့် ဆားငန်ဒီရေများ တက်ခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ ထိခိုက်မှုများ တွေ့ရကြောင်း၊ ယင်းထိခိုက်မှုများကိုဖြေရှင်းရန် မြစ်အထက်ပိုင်းတွင် ရေကာတာဆည်ဆောက်ခြင်းဖြင့် ရေများလိုအပ်သလို ထုတ်သွင်း၍ ဆားငန်ရေတိုးဝင်မှုကို ထိန်းသိမ်းကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် ဆည်တည်ဆောက်ခြင်းမှ ပြဿနာများကို ဖြေရှင်းသည့်နည်းလမ်းဖြစ်ကြောင်း တရုတ်ရေအား လျှပ်စစ်အင်ဂျင်နီယာအဖွဲ့က ပြောသည်။

မြစ်ဆုံစီမံကိန်းသည် ရေရှည်ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခု မဟုတ်ကြောင်း၊ မဟုတ်ရခြင်းအကြောင်းမှာ ဆည်တမံအမြင့်နှင့်

ရေလှောင်နိုင်သည့်ပမာဏ၊ မြစ်အထက်အောက် အကျိုးသက်ရောက်မှုတို့မှာ စဉ်းစားစရာအချက်တွေ များစွာရှိကြောင်း၊ မြစ်ဆုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူနှင့် မြှုပ်နှံမှုကို လက်ခံသူတို့သည် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအတွက် လိုက်နာရမည့် စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံအတွင်းရှိ မြစ်များအကြောင်း ရေးသားသူ ရေအားလျှပ်စစ်ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးဝင်းကျော်က ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်အပါအ၀င် ပြန်ပြည့်မြဲ စွမ်းအင်များ ထုတ်လုပ်နိုင်သော အလားအလာကောင်းများစွာရှိ ကြောင်း၊ ယင်းအလားအလာများကို ငွေကြေးအားဖြင့် အကျိုးရှိမှု၊ပြည်သူအားလုံး လက်ခံသဘောတူမှု၊ သဘာဝပတ်ဝန်းကျင် မပျက်စီးမှုစသည့် အခြေခံအချက်သုံးချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ပါရီမြို့ ယူနက်စကိုဌာနချုပ်ရှိ ရေရှည်တည်တံ့သော ရေ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...