ဘာမှမဟုတ်ပါဘူး
by မင်းလူ၏ ၀တ္တုတိုများ on Tuesday, July 3, 2012 at 6:18pm
နေ့စဉ် ကြုံတွေ့ရလေ့ရှိသော သာမန်အသေးအဖွဲအကြောင်းအရာကလေးများသာဖြစ်ပါသည်။
သို့ရာတွင် တွေးစရာကလေးများ ပါရှိနေသဖြင့် ရေးသားတင်ပြလိုက်ပါသည်။
*
ရုပ်မြင်သံကြားမှ ဘောလုံးပွဲအစီအစဉ်များကြားတွင် လာတတ်သော စီးကရက်ကြော်ငြာ
တစ်ခုထဲတွင် လမ်းပေါ်က ရေအိုင်ကို မော်တော်ကားဖြတ်မောင်းသောအခါ ဘေးမှလျှောက်သွားသော
မိန်းကလေးတစ်ယောက်ကို ရေတွေစင်သွားသည်။ ရုပ်မြင်သံကြားထဲမှာတော့ အတော်လှပသည့်
မြင်ကွင်းကလေးဖြစ်၏။
တကယ့်အပြင်မှာတော့ ရေတွေ ဖွားခနဲ လွင့်စင်သွားပုံက လှပသော်လည်း မြင်ကွင်းက မလှပါ။
ကားမှတ်တိုင်မှာစောင့်နေသူတွေ ရေကိုရှောင်ရင်း ရုတ်ရုတ်သဲသဲ ဖရိုဖရဲဖြစ်သွားတာ၊ လမ်းဘေးမှ လျှောက်လာသော ကျောင်းဆရာမတစ်ယောက်၏အင်္ကျီအဖြူမှာ ရွှံရေစက်တွေ စင်ကုန်တာ၊ ကျောင်းသူလေးတစ်ယောက် ရေစင်မှာစိုးလို့ ရှောင်တိမ်းရင်း ချော်လဲတာ စသည့်မြင်ကွင်းများသည် တွေ့ဖန်များလို့ ရိုးတောင်နေပြီ။
တစ်ခါက ကျွန်တော်မြင်လိုက်ရသောမြင်ကွင်းကတော့ ပုံမှန်ထဲကတစ်ခုဖြစ်သည့်တိုင် ၀မ်းနည်း
စရာကောင်းသည်ဟု ထင်မိ၏။
ဆလွန်းကားအသစ်ကလေးတစ်စင်းသည် တလှစ်လှစ်မောင်းလာသည်။ ရှေ့က ကားတစ်စင်း
သည် တလှစ်လှစ်မောင်းလာသည်။
ရှေ့က ကားတစ်စင်းကို ဟွန်းသံတတီတီပေးပြီး လမ်းတောင်းသည်။ ရှေ့ကားကို ဖယ်မပေး။
ထိုအခါ ဆလွန်းကားလေးက လမ်း၏ ညာစွန်ယာဉ်ကြောမှ မရရအောင် ကျော်တက်သည်။
မိုးရွာပြီးစဖြစ်သဖြင့် ပလက်ဖောင်းနှင့်ကပ်လျက် လမ်းပေါ်တွင် ရေတွေ အိုင်ထွန်းနေသည်။ အရှိန်ပြင်းစွာ
ဖြတ်မောင်းသဖြင့် ရေများသည် မော်တော်ဦးပိုင်းမှ ဖြာထွက်သလို လှပစွာ လွင့်စင်သည်။
ကားမောင်းသူမှာ ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူသည် ယောက်ျားနဲ့ စိတ်ဆိုး
လာသလား။ ချစ်သူနှင့်ချိန်းထားတာ နောက်ကျနေလို့ အလျင်လိုနေတာလား မသိ။ ကားကို နည်းနည်းမှ
အရှိန်မလျှော့ဘဲ ဆက်မောင်းသွားသည်။ နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာလည်း အမှတ်ထားဟန်မတူ။
ဖြစ်ပုံကတော့ ရေအိုင်ကို အတင်းဖြတ်မောင်းသဖြင့် ဖွားခနဲထွက်လာသော ရွှံ့ရေများသည်
ပလက်ဖောင်းပေါ်မှ လျှောက်လာသော သီလရှင်တစ်ပါးကို ရွှဲရွှဲစိုသွားစေခြင်းပင်ဖြစ်သည်။
စောစောက ဆလွန်းကားအသစ်ကလေးသည် သိန်းရာနှင့်ချီပြီး တန်လိမ့်မည်ဟု ခန့်မှန်းမိ၏။
*
ညက စာရေးနေတုန်း ရုတ်တရက်မီးပျက်သွားသဖြင့် အရေးပေါ်မီးအိမ်ရှာရန် အိမ်ရှေ့သို့
ထွက်လာခဲ့သည်။ မှောင်ကြီးမည်းကြီးမို့ ကုလားထိုင်တစ်လုံးကိုမမြင်ဘဲ ၀င်တိုက်မိ၏။ ဒူးခေါင်းနည်းနည်း
နာသွားသော်လည်း သိပ်မဖြစ်လောက်ဘူးဆိုပြီး အမှတ်တမဲ့နေလိုက်သည်။
မနက်ကျတော့ ဒူးက နည်းနည်းယောင်လာ၏။ အရွတ်နေရာကို ခုံစောင်းနှင့်ထိမိပြီး ဒဏ်
ဖြစ်သွားဟန်တူသည်။ ခြေထောက်ကို ကွေးလိုက်လျှင် တင်းပြီးနာနေသည်။ ညနေဘက် ပုံမှန်လမ်းလျှောက်ချိန် ရောက်လာတော့ ဒီနေ့နားလိုက်လျှင်ကောင်းမလား။ ခြေထောက်က လမ်းမလျှောက်နိုင်လောက်အောင် နာနေတာတော့မဟုတ်။ ဖြည်းဖြည်း ထိန်းလျှောက်လို့ရသည်။ ပြီးတော့ လိမ်းဆေးတစ်ခုခုလည်း ၀ယ်ချင်သည်။ ထို့ကြောင့် လမ်းလျှောက်ထွက်လာခဲ့သည်။
လမ်းမှာပင် ကားတစ်စင်းပျက်နေတာတွေ့သည်။ စက်နှိုးလို့မရခြင်းဖြစ်၏။ စတတ်တာ မော်တာမွှေ့သံကို ခပ်လှမ်းလှမ်းကပင် ကြားရသည်။ အသံဝပ်နေသဖြင့် မော်တာပဲ ကပ်နေသလား။ ဘက်ထရီပဲ အားနည်းနေသလား။
ဒါမျိုးဖြစ်လျှင် စက်နှိုးဖို့တစ်နည်းပဲရှိ၏။
'ဒီမှာ ဒီမှာ'
ကားနားကအဖြတ်တွင် ကားမောင်းသူက လှမ်းခေါ်သည်။ ကျွန်တော် ရပ်လိုက်၏။
'ကား နည်းနည်းလောက်တွန်းပေးပါလားဗျာ၊ ဘီးလိမ့်ရုံဆိုရင် နိုးနိုင်ပါတယ်'
ဒါတော့ မဖြစ်နိုင်။ ကျွန်တော့်ဒူးခေါင်းက ဖြည်းဖြည်းလျှောက်ရုံလောက်သာရမည်။ ကားတွန်းတယ်ဆိုတာက အားစိုက်ပြီး ခြေကန်တွင်းရမှာဆိုတော့
'ဆောရီးပဲဗျာ၊ ကျွန်တော် ခြေထောက်နာနေလို့ပါ'
ကားမောင်းသူ၏မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ စောစောကလို အောက်ကျို့အကူအညီတောင်းတာမျိုးမဟုတ်တော့။ ကျွန်တော့်ခြေထောက်များကို မသင်္ကာသလိုကြည့်သည်။ ခြေထောက်နာနေတယ်ဆိုပြီး လမ်းလျှောက်နိုင်သလားဆိုသော အမူအရာမျိုး။ ကျွန်တော့်အနေဖြင့် အမှန်တကယ် ခြေထောက်နာနေခြင်းဖြစ်ကြောင်း ယောင်နေသော ဒူးခေါင်းကို သက်သေခံအဖြစ် လှန်ပြစရာမလိုသဖြင့် သူ့ကို အားနာပြုံး ပြုံးပြပြီး ဆက်လျှောက်လာခဲ့၏။
နောက်ဘက်မှ တောက်ခေါက်သံလိုလို ကြားရသည်။ သူသည် ကျွန်တော့်ကို လူမှုရေးမသိတတ်သူ၊ တစ်ဖက်သားကို ကူညီရိုင်းပင်းလိုစိတ် ခေါင်းပါးသူဟု ထင်သွားမှာ သေချာသည်။
ထိုစဉ်မှာ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ထိုသူသည် နေ့စဉ်နှင့်အမျှ မော်တော်ကားနှင့် သွားလာနေခဲ့လိမ့်မည်။ လမ်းတစ်လျှောက်တွင် တုန်ချိ တုန်ချိလျှောက်သွားနေသော သက်ကြီးရွယ်အိုများ၊ ဘတ်စ်ကားမှတ်တိုင်တွင်နွမ်းလျစွာရပ်ရင်း ကားစောင့်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကျောင်းချိန်မမီမှာစိုး၍ ဘတ်စ်ကားလာရာဘက်ကို လည်တဆန့်ဆန့်မျှော်နေသောကလေးငယ်များကို မြင်မိမှာ သေချာသည်။ ထိုသူများကို လူမှုရေးအသိစိတ်ဓာတ်ဖြင့် သူ့ကားပေါ် ခေါ်တင်သွားတာမျိုး တစ်ခါမှ ရှိခဲ့ဖူးမည်မထင်ပါ။ ထိုသူများကလည်း သူ့ကို အပြစ်တင်ရှုံ့ချသောမျက်လုံးများဖြင့်
တစ်ခါမျှ ကြည့်ခဲ့ဖူးလိမ့်မည်မဟုတ်ပေ။
*
တစ်ယောက်ယောက်က လမ်းမသိလို့၊ အိမ်မသိလို့ မေးသဖြင့် ညွှန်လိုက်ရတာမျိုး တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မည်။ မြန်မာလူမျိုးဆိုတာကလည်း ဒီလိုကူညီရတာမျိုးကို သိပ်ဝါသနာပါတတ်သည်။
တချို့ဆို လမ်းညွှန်ရုံသာမဟုတ် 'လာ ကျွန်တော်လိုက်ပြမယ်'ဆိုပြီး အိမ်တိုင်ရာရောက် လိုက်ပို့သည်။ ဒါတင်မက'ဘယ်သူရေ ဧည့်သည်လာတယ်ဟေ့'ဟု လူကိုပါ ခေါ်ပေးတတ်သည်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေက မြန်မာပြည်ရောက်လျှင် 'မြေပုံမပါရင်တောင် လမ်းမှားမှာမပူရဘူး'ဟု ချီးကျူးလေ့ရှိကြခြင်းဖြစ်၏။
ကျွန်တော်သည်လည်း မြန်မာပီပီ ဒါမျိုးကို ၀မ်းမြောက်ဝမ်းသာ ကူညီတတ်သူဖြစ်ပါသည်။ လမ်းညွှန်ရာတွင်လည်း ကွမ်းယာဆိုင်ဘေးက အိမ်ပဲ၊ အိမ်ရှေ့မှာ ဘာပင်ရှိတယ်ဆိုတာမျိုး အသေးစိတ် တိတိကျကျပြောတတ်ပါသည်။
သို့ရာတွင် တစ်ခါတစ်ခါတော့ ကသိကအောက်ဖြစ်ရတာမျိုး ကြုံရတတ်သည်။ အထူးသဖြင့် ကားနှင့်လာသူများဖြစ်၏။
သူတို့က လမ်းမသိလို့မေးတဲ့အခါ ကားပေါ်ကမဆင်းဘဲ မေးတတ်ကြတာများသည်။ ကိုယ့်ဘေးမှာ ကားလာရပ်ပြီး မေးတာမျိုး၊ လှမ်းအော်ပြောလို့ ကြားနိုင်တဲ့အကွာအဝေးမျိုးဆိုလျှင် ကိစ္စမရှိ။
တစ်ခါတလေကျတော့ ကိုယ်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လမ်းပေါ်ကနေ ကားရပ်ပြီး လှမ်းမေးသည်။
တချို့ပုဂိုလ်တွေကတော့ ကားပေါ်ကဆင်းရလျှင် သိက္ခာကျတယ်ထင်သလားမသိ။ လှမ်းပြီး လက်ယပ်ခေါ်တတ်သည်။ ကူညီလမ်းညွှန်ပေးရမယ့်လူကပဲ သူ့ဆီ မျက်နှာလို မျက်နှာရ ပြေးသွားရမယ့်အပေါက်မျိုး။
ထိုအခါမျိုးတွင် ကျွန်တော်ကလည်း ခင်ဗျား ဆင်းလာခဲ့ပါလားဆိုသောသဘောဖြင့် ပြန်ပြီး လက်ယပ်ခေါ်လိုက်သည်။
အများစုကတော့ သူတို့အမှတ်တမဲ့ဖြစ်သွားတာကို သတိရပြီး အားတုံ့အားနာမျက်နှာဖြင့် ဆင်းလာတတ်သည်။ တစ်ယောက်တလေကတော့ ခပ်စိမ်းစိမ်းကြည့်ပြီး မောင်းထွက်သွားတတ်ကြ၏။
တစ်ညနေမှာတော့ ကျွန်တော်လမ်းလျှောက်ထွက်စဉ် ဘေးမှာ ကားတစ်စီး ထိုးရပ်လာသည်။ ဒရိုင်ဘာက လမ်းနာမည်တစ်ခုကို မေးသည်။ ကျွန်တော်တို့ဘက်မှာ ဒီလမ်းနာမည်မျိုးမရှိ။ တစ်ခါတစ်ရံ ရပ်ကွက်နာမည်ချင်း ခပ်ဆင်ဆင်ဖြစ်နေသဖြင့် မှားပြီးလာမေးတတ်တာမျိုးရှိ၏။ ရပ်ကွက်နာမည်သေချာအောင် မေးမည်အပြုမှာပင် နောက်ခံမှထိုင်လာသော မိန်းမကြီးတစ်ယောက်၏
ဖွေးဖွေးဖြူသောမျက်နှာသည် ကားပြတင်းမှာ ကိုယ်ထင်လာပြပြီး
'လူကြီးအိမ်လေ၊ လူကြီးအိမ်'
သူ့မျက်နှာအမူအရာမှာ ခုလိုပြောလိုက်ရတာကို တော်တော်အရသာတွေ့နေပုံရ၏။
ထို့ကြောင့် ကျွန်တော်လည်း
'သြော် လူကြီးအိမ်လား၊ ဒီကနေ တည့်တည့်သွားပြီး ညာဘက်ချိုးလိုက်၊ ဓမ္မာရုံတွေ့လိမ့်မယ်၊ အဲဒီနားကျတော့နိဗာန်ဆော်ကြီး အဘနန်းအိမ် ဘယ်အိမ်လဲလို့ မေးကြည့်၊ လူတိုင်းသိပါတယ်'ဟု ပြန်ပြောလိုက်သည်။
မိန်းမကြီး၏မျက်နှာသည် တစ်မျိုးပြောင်းသွားပြီး
'အဲဒီလူကြီးမျိုးကို ပြောတာမဟုတ်ဘူး'
ဟု ခပ်ဆတ်ဆတ်ပြောသည်။ ထို့နောက်
'မောင်းတော့၊ မောင်းတော့'
ဟု အမိန့်ပေးလိုက်၏။ ကားဒရိုင်ဘာကလည်း ကားကို ဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားသည်။ ကားနောက်ခန်းထဲမှာတော့ရွှေရောင်ငွေရောင်ပန်းပွားတွေ ရစ်ပတ်ထားသော လက်ဆောင်ခြင်းကြီး တစ်လုံး၊ နာမည်ကြီးကုန်တိုက်တံဆိပ်ပါသော ဆွဲအိတ်တွေ
သုံးလေးလုံးနှင့် လှိုင်းတွန့်စက္ကူပုံးကြီးတစ်လုံးကို လှမ်းမြင်လိုက်ရ၏။
ကျွန်တော်ပြောလိုက်တာ ဘာများမှားလို့လဲ။ အဘနန်းဆိုတာ အသက်ကိုးဆယ့်ခြောက်နှစ်တောင်ရှိပြီ။ ဒီရပ်ကွက်ထဲမှာတော့ သူ့ထက်ကြီးတဲ့ လူကြီးရယ်လို့ ရှိမှမရှိတာပဲလေ။
[ရွှေမြင်သာဂျာနယ်၊ ဇန်န၀ါရီ၊ ၂၀၀၁]
0 comments:
Post a Comment