< Mad Man's Biography >
ကျနော့ ဘယ်ဘက် လက်ညှိုး ထိပ်သည် ညိုမဲ စွဲလျက် ရှိသည်။ မှတ်မှတ်ရရ - ဤလက်ဖြင့် အသူရာ တွင်းသို့ နှိုက်ခဲ့ဖူးသည်။ သူက ကျနော့ကို နက်မှောင်ရာ ကမ္ဘာ လောက အတွင်းဆုံး သို့ မြေ့မြေ့ ကလေး ခေါ်ဆောင် ပေး သွားခဲ့ သည်။ ခင်ဗျား မှတ်မိပါသလား - ယင်းအချိန်က ကျနော် စိတ်လို လက်ရ ရှိ ခဲ့ပါသည်။ မိမိကိုယ် မိမိ ဘာသိဘာသာ မငြင်းပယ် နိုင်ခင်မှာပင် - အမှောင် က ကျနော့ ကို ကန်ထုတ် ပစ်သည်။ ရိုင်းမိုက်လေစွ - ထိုစဉ် က ဒင်း - ကျနော့ကို လက်ခံ ထားခဲ့ဖို့ ကောင်း သည်။ ယခုတော့ ထိုသို့ မဟုတ်။ ဤကမ္ဘာ အလင်းဆီသို့ မျက်ကလူး ဆန်ပြာ ပြန်လည် ရောက် ရှိ လာသည် မှန်သော်လည်း စင်စစ် ကျနော် သည် အရောင်ကို မချစ် တတ်သူ၊ အမှောင်ကို မြတ်နိုးသူ၊ အလွယ်တကူ အလင်းမဲ့ တတ်သူ တစ်ယောက် သာ ဖြစ် သည်။
တစ်နည်း ဆိုလျှင် - ကျနော်သည် လမ်းပျောက်ခဲ့ဖူးသူ။ ခေါင်းနောက်ခဲ့ဖူးသူလည်း ဖြစ်၏။ ကျနော့ ရင်ခွင် သည် နှစ်ထွာ တစ်စုံထက် မကျော်လွန်ပေ။ အနတဂ္ဂမ များမြောင်လှသော ရင်ခွင် များ အနက် မှ ထူးမခြားနား ရင်ခွင် တစ်ခု သာ ဖြစ်ခဲ့သည်။ သို့စင်လျက် မိုးကောင်းကင် လည်း ဖြစ်ခဲ့ ရ သလို၊ ပင်လယ်ပြင်ကျယ် ဟုလည်း ခေါ်တွင် ခဲ့ကြသေး သည်။ အလင်း ခိုသော ရင်ခွင်ကျယ် ဟူသည် အတိဿယ ဝုတ္တိ လင်္ကာမျိုး တွင်သာ ထင်ရှားသင့် သည်။ - ဟားတိုက် ရယ်ပါမည် - ကျနော့ ကိုယ် ကျနော် သိသည် - ကျနော်သည် ကြွေလု လုဆဲ ရော်ရွက် တစ်ရွက်သာ ဖြစ်သည်။
ပင့်သက် တစ်ချက် ရှိုက်လိုက်မိ သလား ~ မမှတ်မိ၊ မသိ။ မသောက်ဖြစ်သော စီးကရက် ငွေ့က တစ်ချက် ဝေ့ဝါး၊ အထက်သို့ တက်သွား သည်။ ~ သူလည်း ကျနော့လို အနုံညာတ ဆန်ဆန် ပေါ့ပါး လှ သည်။ ပုဂ္ဂိုလ်ရေး ခံစားချက် များ ပစ်ပယ်ခြင်း ခံထား ရသည်။ လွင့်ဝဲ ထွက် ရင်း ပါးလျ သွား သည့် သူ့ခန္ဓာသည် လက်ရှိ ကျနော့ ခန္ဓာနှင့် တစ်သွေမတိမ်း ထပ်တူညီသည်။
ဤသို့ ရှင်သန်မှ ဖြစ်သည့် - သူ့ကို မည်သူကရော ထူးထူးခြားခြား မော့ကြည့်နေမည် နည်း။ မည်သူ မျှ အရေး တယူ လုပ်နေစရာ မရှိ။ ခပ်ကြမ်းကြမ်း ဖယ်ရှား ပစ်ကြသည်ချည်း။ ကစဥ့် ကလျား အဖြစ် ခံ ထားရသူ သက်သက် ဖြစ်ကြောင်း - ကရုဏာ စိတ်ဖြင့် မော့ကြည့် မိ၍သာ သိ လိုက်ရ သည်။ - သူ - ကျနော့ကို ငုံ့ကြည့် ပါသည်။ သို့သော် စကားတစ်ခွန်း မဆိုခဲ့။ အပြုံး တစ်ချက် ဖြင့် လက်ခနဲ။ လက်လည်း မပြ။ နောက်ပြန်လည်း လှည့် မကြည့်။ ကျနော် မနှစ်မြို့သော အလင်း ဆိုင် ထဲ - ကျနော့ကို အထီးတည်း ထားရစ်ခဲ့သည် - ကျနော် မြတ်နိုးသော အမှောင် ဆီသို့ တရွေ့ရွေ့ တိုးဝင် သွားသည်။
ဤသည်ပင်လျှင် ကျနော်၏ အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။
......................
May 13th 2012 @ 3:30 AM

0 comments:
Post a Comment