Saturday, May 26, 2012

Carbon Capture Storage Power Plant


by Naing Htoo Aung on Saturday, May 26, 2012 at 7:00pm 


မနေ့က Mitsubishi က Smart Community for Yangon က Plan လေးတွေ ကြည့်မိတော့ တစ်ချို့နည်းပညာတွေက အတော်လေးစိမ်းနေတာ သတိထားမိလို့ စာလိုက်ဖတ်မိပါတယ်။ အဲဒိအထဲက နည်းပညာတွေကို တစ်ခုချင်း လေ့လာဖတ်ရှုမိသလောက် နားလည်သလို ပြန်ပြီးဖောက်သယ်ချပါမယ်။ ပထမဆုံး CCS ဆိုတဲ့ နည်းပညာအကြောင်းကို ပြောပါ့မယ်။


CSS ဆိုတာ Carbon Capture Storage Power Plant ဆိုတာကို အတိုကောက်ခေါ်တာပါ။ carbon capture and sequestration လို့လဲ ခေါ်ပါသေးတယ်။ သဘောတရားကတော့ ကျောက်မီးသွေးတို့လို တွင်းထွက် ရုပ်ကြွင်းလောင်စာတွေကို မီးရှိုအသုံးပြုတဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ နေရာတွေမှာပဲဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံတွေမှာပဲ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လေထုထဲတက်နိုင်သမျှ အနည်းဆုံးထုတ်လွှတ်နိုင်အောင် စုစည်းသိမ်းဆည်းပေးတဲ့ နည်းပညာပါတစ်ခုပါပဲ။ ဓါတ်အားပေးစက်ရုံတွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လေထုထဲ မရောက်သွားခင် စုစည်းမယ်၊ ပိုက်တွေနဲ့ သယ်ယူမယ်၊ ပြီးတော့ ကမ္ဘာမြေအောက် ပြန်ပြီးတော့ လေထုထဲကို တစ်ဖန်ပြန်မရောက်လာနိုင်တဲ့ နေရာကို ပန့်တွေနဲ့ ပို့လွှတ်ပေးရတဲ့ စနစ်တစ်ခုဆိုရင်လဲ မမှားပါဘူး။

အဓိကကတော့ ရုပ်ကြွင်းလောင်စာတွေကြောင့် လေထုထဲ တိုးတက်များပြားလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို လျှော့ချပစ်ဖို့ ရည်ရွယ်ပါတယ်။ ပထမဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် များများထုတ်နေတဲ့ စက်ရုံတွေကနေ ထွက်လာတာတွေကို စုဆောင်းမယ် ပြီးတော့ ကမ္ဘာ့လေထုထဲ ပြန်မရောက်မယ့် နေရာကို ပို့လွှတ်သိမ်းဆည်းထားမယ့် ပုံစံပါပဲ။

ပထမဆုံးသော အသေးစား CCS နည်းပညာသုံး ပါဝါပလန့်ကို ၂၀၀၈ခုနှစ် စက်တင်ဘာလမှာ အရှေ့ဂျာမဏီက Schwarze Pumpe မြို့မှာ Vattenfall လို့ခေါ်တဲ့ ကုမ္မဏီက စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ကုန်ကျစားရိတ်နဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက် အားနည်းချက် အားသာချက်တွေ လေ့လာဖို့အတွက် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီစက်ရုံကနေ ရလာတဲ့ လေ့လာဆန်းစစ်ချက်တွေအရ CCS နည်းပညာကို အသုံးပြခြင်းအားဖြင့် အခြားအသုံးမပြုတဲ့ စက်ရုံတွေထက် ကာဗွန်ထုတ်လွှတ်မှု ၈၀ ကနေ ၉၀ ရာနှုန်းအထိ လျော့ချပေးနိုင်ပါတယ်။ The Intergovernmental Panel on Climate Change (IPCC) ကလဲ ကာဗွန်လျော့ချမှု အစီအစဉ်အရ စီးပွားရေးတွက်ခြေကိုက်မှု အလားအလာ ၁၀ ကနေ ၅၅ ရာနှုန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

CCS နည်းပညာသုံးတဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေမှာ ကာဗွန်တွေ စုယူခြင်း၊ မြေအောက်ကို ပို့လွှတ်သိမ်းဆည်းခြင်းတွေကြောင့် မသုံးထားတဲ့ စက်ရုံတွေထက် လောင်စာ ၂၅ ကနေ ၄၀ ရာခိုင်နှုန်းပိုမို အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု ကုန်ကျစားရိတ်မှာလဲ မသုံးထားတဲ့ စက်ရုံတွေထက် ပိုများလာနိုင်သလို စက်ရုံတည်ဆောက်ရာမှာ သုံးပြုရမယ့် အစဦးအကုန်ကျစားရိတ်လဲ တိုးလာနိုင်ပါတယ်။ ဒီနည်းပညာတွေ အသုံးပြုမှု တွင်ကျယ်လာတာနဲ့အမျှ တည်ဆောက်မှုကုန်ကျစားရိတ်ကတော့ တဖြည်းဖြည်း လျော့ကျသွားမယ်လို့ ခန့်မှန်းရပါတယ်။

စစချင်းတည်ဆောက်မယ့် စက်ရုံတွေထက် ရှိပြီးသားစက်ရုံမှာ CCS နည်းပညာကို ထပ်မံထည့်သွင်း တည်ဆောက်မှုဟာ ပိုပြီးတော့ ကုန်ကျစားရိတ်များတာကိုလဲ တွေ့ရှိရပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်လောက်မှာဆိုရင်တော့ နဂိုရှိရင်းစွဲစက်ရုံတွေကို CCS နည်းပညာထပ်ပြီး အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်တွေဟာ နည်းပညာတိုးတက်လာမှုတွေကြောင့် အများကြီး ဈေးသက်သာလာမယ်လို့ ဆိုကြပါတယ်။



စုဆောင်းထားတဲ့ ကာဗွန်တွေကို သိမ်းဆည်တာမှာလဲ ကမ္ဘာမြေအောက်အလွှာမှာသိမ်းတာ၊ ပင်လယ်သမုဒ္ဒရာ ရေနက်အလွှာထဲမှာ သိမ်းတာ၊ ကာဗွန်နိတ် ဓါတ်ပေါင်းအဖြစ်သိမ်းတာ စသည်ဖြင့် နည်းပေါင်းစုံရှိပါတယ်။ သမုဒ္ဒရာ ရေနက်အလွှာမှာ သိမ်းဆည်တာက ရေနဲ့ ကာဗွန်ဒိုင်အေက်ဆိုဒ်တွေ ပေါင်းပြီးတော့ ကာဗွန်နစ် အက်စစ်ဖြစ်ထွန်းလာမှုအတွက် စိုးရိမ်ရတဲ့ နည်းဖြစ်လို့ မသုံးသင့်ပါဘူး။ ကာဗွန်နိတ်ဓါတ်ပေါင်းအဖြစ် သိမ်းတာကလဲ ကုန်ကျစားရိတ်များလွန်းလို့ ကမ္ဘာမြေအောက် အလွှာမှာသိမ်းဆည်းတာကိုပဲ အဓိကထားကြပါတယ်။ Long Term ဆိုးကျိုးအနေနဲ့တော့ ပင်လယ်ရေအောက်ထဲ ဖြစ်ဖြစ် ကမ္ဘာ့မြေအောက်အလွှာပဲဖြစ်ဖြစ် သိမ်းဆည်းခြင်းကနေ လေထုထဲကို ပြနလည်ယိုစိမ့် ထွက်လာနိုင်မှုဆိုတဲ့ ဆိုးကျိုးကိုလဲ ထည့်တွက်ထားသင့်ပါတယ်။

ဒီနည်းပညာကို အဓိကထား သုံးသင့်တဲ့ စက်ရု့တွေကတော့ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ Biomass နည်းပညာသုံးစက်ရုံတွေ၊ လူလုပ်လောင်စာသုံး စက်ရုံတွေ၊ တွင်းထွက် ရုပ်ကြွင်းလောင်စာသုံး စက်ရုံတွေနဲ့ ကာဗွန်ထုတ်လွှတ်မှုများတဲ့ စက်ရုံတွေပါပဲ။ လေထုထဲက ကာဗွန်ကို ပြန်လည်စုပ်ယူဖို့ဆိုတာ ဖြစ်တော့ ဖြစ်နိုင်ပေမယ့် လက်တွေ့တော့ မလွယ်လှပါဘူး။ ထုတ်လွှတ်လိုက်တဲ့ ဓါတ်ငွေ့တွေထဲက ကာဗွန်တွေကို စုစည်းပြီးတော့ တခြားဓါတ်ငွေ့တွေပါဝင်နိုင်မှု နည်းနိုင်သမျှနည်းအောင် ပြုလုပ်ရပါတယ်။ ပြီးတော့ သိုလှောင်သိမ်းဆည်းမယ့်ဆီ ပို့လွှတ်မယ့်နေရာကို ပို့ဆောင်ရပါတယ်။ ပိုက်လိုင်းတွေနဲ့ ပို့ဆောင်တာဟာ ကုန်ကျစားရိတ်အနည်းဆုံး နည်းလမ်းဖြစ်ပါတယ်။

CCS နည်းပညာဟာ အဓိကအားဖြင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေအတွက် အသုံးသင့်ဆုံးနည်းပညာဖြစ်ပါတယ်။ ဒါမှသာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု၊ ကမ္ဘာကြီးပူနွေးလာမှု စတဲ့ပြဿနာရပ်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိမှာပါ။ ဒီနည်းပညာအပြင် Clean Coal Technology ဆိုတဲ့ ကျောက်မီးသွေးထဲမှာပါတဲ့ မလိုအပ်တဲ့ ဆာလဖာတွေနဲ့ တခြားမသန့်စင်တဲ့ ဓါတ်ပေါင်းတွေ ရောနှောပါဝင်နေမှုကိုပါ သန့်စင်နိုင်ပြီဆိုရင် အန္တရယ်ကင်းစွာနဲ့ ကျောက်မီးသွေးစက်ရုံလဲ တည်ဆောက်ပြီး ဓါတ်အားပေးတဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် တိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဟာ အမြဲထိပ်တိုက်တွေ့နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲမှု ဖြစ်နေတာပါ။ ဒီအချိန်မှာ ကိုယ်တွေက နောက်ချန်ခဲ့ရင် နောင်များလိုက်မမီအောင် ကျန်ခဲ့မှာပါ။ ကျွန်တော်တို့ ဘာကိုလိုချင်တာလဲ သေသေချာချာ ပြန်ဆန်စစ်ကြည့်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်ကိုယ်ပိုင် သဘောထားပြောရရင် ဖွံဖြိုးတိုးတက်မှာကို လိုချင်ပါတယ်၊ အဲဒိအတွက် အခြေခံလိုအပ်တဲ့ လျှပ်စစ်စွမ်းအားကိုလဲ လိုအပ်ပါတယ်။ ဘာမလိုအပ်ဘူးလဲဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို မလိုအပ်ပါဘူး။ ဒီတော့ကာ အများစုတွေးသလို တစ်ခုလိုချင်ရင် နောက်တစ်ခုက နောက်ဆုတ်ပေးရမယ့် နည်းလမ်းတွေပဲ ရှိသလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အဖြေကရှိပါတယ် ဒီစက်ရုံဆောက်တာတွေ ကန့်ကွတ်သင့်သလား သေချာစံမီတဲ့ စနစ်တွေနဲ့ ကမ္ဘာ့အဆင့်မီမီ အန္တရယ်ကင်းတာတွေနဲ့ တည်ဆောက်ဖို့ တောင်းဆိုသင့်သလားဆိုတာပါပဲ။

ကိုယ့်ရှေ့က တိုးတက်သွားတဲ့ နိုင်ငံတွေ လျှောက်ခဲ့တဲ့ လမ်းအတိုင်း နောက်ကလိုက်လျှောက်ပြီး တစ်ခုချင်း သင်ခန်းစာယူစရာမလိုပါဘူး။ သူတို့မှားတာတွေ ပြုပြင်စရာတွေကို နမူနာယူလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ကိုယ်တိုင် တိကျကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို အားပေးပြီး၊ ကောင်းမွန်တိကျတဲ့ စံတွေစနစ်တွေ ပေါ်ပေါက်လာဖို့ စိတ်ဝင်စားသူ အာရုံစိုက်ကြသူတွေ ရှိလာကြပါစေ ဆုတောင်းမိပါတယ်။

Luminox
27.5.2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...