Friday, May 25, 2012

စတိုင်ထုတ်ပြီး ဟဲလို လိုက်ရပါတော့သည်



တိုးတက်ဖွံ့ဖြိုးမှုတိုင်းတွင် ကောင်းကျိုးတွေ ရှိသလို ၊ ဆိုးကျိုးတွေလဲ ရှိတတ်စမြဲပါပဲ။ ယနေ့ တိုးတက်
ပြောင်းလဲလာတဲ့ ခေတ်ကာလကြီးထဲမှာ မြန်မာနိုင်ငံရဲ့ လူတိုင်းဖုန်းကိုင်နိုင် ရေးစီမံချက်နဲ့ ခုဆို ကျပ်နှစ်သိန်းတန် ဖုန်းတွေကို စတင်ရောင်းချပေးပါပြီ။ ဖုန်းဆို ငမ်းငမ်းတက်ကိုင်ချင်နေတဲ့ ကျွန်မနဲ့ ကျွန်မရင့်နှစ်သည်းချာ သားတော်မောင်တို့ ဖုန်းကတ်အရောင်းဆိုင်သို့ အပြေလွှားလေး ချီတက်ခဲ့ကြ တာပေါ့။ ဖုန်းကတ်ဝယ်ရတဲ့ နေရာမှာတော့ အရမ်းကို အဆင်ပြေခဲ့ပါသည်။ မှတ်ပုံတင်မိတ္တူလေး နှစ်စောင် ရယ် ၊ ပတ်စပို့(စ်)ပုံလေး နှစ်ပုံပေးပြီးတာနဲ့ ဇိမ်လေးနဲ့ ထိုင်နေရုံပါဘဲ။ ဖော်ရွေပျူငှာတဲ့ အရောင်စာရေးမလေးတွေက ဖောင်ကအစဖြည့်ပေးပါသည်။ လက်မှတ်ထိုးဖို့နေရာမှာ လက်မှတ်လေးထိုးပြီး ငွေနှစ်သိန်းပေးချေလိုက်တာနဲ့ ကျွန်မတို့ သားအမိလက်ထဲကို ဖုန်းကတ်လေးတွေ ရောက်ရှိလာပါသည်။ လက်ဆောင်ဖန်ခွက်လေးတောင် အဆစ်ရခဲ့ပါသေးသည်။ သားမိနှစ်ယောက်သား အဲဒီဆိုင်မှာဘဲ ဟန်းဆက်လေးတစ်ယောက်တစ်လုံးဝယ်ကာပြီးချိန်မှာတော့ကျွန်မ ပိုက်ဆံအိတ်လေးက သနားစရာ ပိန်ပိန်ကပ်ကပ်မော်ဒယ်လေးလို ပြားချပ်သွားပါတော့သည်။ ပြားချပ်နေပေမယ့် ငွေကဒ်က ထပ်ဖြည့်လိုက်ရတဲ့အချိန်မှာတောက ခါလီဘ၀ကို ရောက်သွားလေပြီ။ ပိုက်ဆံအိတ်ကို ပြောတာပါ။ ဒီလိုနဲ့ မျောက်အုံးသီးရသလို ဖုန်းတစ်ယောက်တစ်လုံးဆီနဲ့ အိမ်တော်မင်္ဂလာသို့ သားမိနှစ်ယောက် လက်ချင်းချိတ်ပြန်လာခဲ့ကြပါသည်။အရာရာတိုင်းမှာ ဆိုးကျိုးကောင်းကျိုး တစ်ဝက်ဆီရှိနေကြတယ်
ဆိုတာကို ခုထွက်ပေါ်လာတဲ့ နှစ်သိန်းတန်ဖုန်းလေးက သက်သေတည်သွားခဲ့ပါသည်။ ကောင်ကျိုးလေးအရင်ပြောကြည့်ရအောင်နော်။ ကျွှန်မအိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး အမေရှေ့မှာ ဖုန်းလေးတစ်ကိုင်ကိုင်ပေါ့။

စိတ်ထဲကလည်း အမေကြိုးဖုန်းကို မထိဘူးဗျို့ လို့တိတ်တဆိတ်ကြွေးကြော်လိုက်ပါသေးသည်။
အိပ်ယာပေါ်ပက်လက်လေးလန်ပြီး သူငယ်ချင်းတွေဆီကို စတိုင်ထုတ် ဖုန်းပြောရတာလဲ တော်တော် အရသာရှိသကို။ နောက်ဆုံး အခန်းထဲကနေ အိမ်ရှေ့ကိုတောင် ဖုန်းလေးနဲ့ ငါဆီဘာလာပို့ပေးပါဟေ့ ဆိုသာလေးကလဲ ဇိမ်ပေါ့။ အပြင်ထွက်လို့ ဖုန်းအိတ်လေး ကိုင်ထားရတာကိုက စတိုင်မိနေသလိုလေး။ အိပ်မပျော်လို့ massage လေးတွေ လိုက်ပို့ရသာကလည်းတမျိုးလေး ဆန်းနေပြန်ပါကော။ ဆိုးကျိုးတွေ စတင်တာကတော့ သားဖုန်းနဲ့ဘေးချင်းကပ်ခေါ်ရင်တောင် မ၀င်တဲ့ အခါမျိုးမှာ လွတ်တောင်ပြစ်ချင် လိုက်မိပါသည်။ တမိနစ် ၆၀နီးပါးမို့ငွေကဒ်တစ်သောင်း ကုန်သွားချိန်မျိုးမှာတော့ ကြိုးဖုန်းလေးကို မျက်စပြစ်ခါ လွမ်းမိပါသည်။ တစ်မနစ် ၂၅ ကျပ်သာပေးဆောင်ရတဲ့အတွက် သိပ်မကုန်သလိုဘဲ ပြောချင်တိုင်းတွေ ပြောခဲ့မိတာတွေကို လွမ်းမိပါတယ် ကြိုးဖုန်းလေးရေလို့ ညဉ်းတွားလိုက်မိသည် ။ အဘွားရဲ့ ကွမ်းဖိုးလေးပျောက်ဆုံးသွားရသာလည်း ဆိုးကျိုးထဲကို ပါဝင်အကျုံးဝင်နေပြန်သည်။ အဘွားက ကြိုးဖုန်းလေးတစ်လုံးကိုအိမ်ရှေ့ မှာ ခုံတစ်လုံးနဲ့ ချထားပါသည်။ ရပ်နီး ရပ်ဝေးဖုန်းပြောနိုင်သည်။ နှစ်သိန်းတန်ဖုန်းတွေ ပေါ်လာချိန်မှာတော့ လူတိုင်းခါးကြားမှာ ဖုန်းလေးတွေနဲ့ မို့ အဘွားဖုန်းလေးကို တာတာ့ပြနေကြသည်။ အဘွားကွမ်းအစ်လေးကွဲရှာလေပြီ။ ကျွန်မတွေးလိုက်မိပါသည်။ အော် လူအလိုကို နတ်တောင်မလိုက်နိုင်ဘူးဆိုတာ တယ်မှန်တဲ့စကားပါလားလို့ တွေးနေချိန်မှာ ဖုန်းသံလေး မြည်လာပါ သည်။ ဖုန်းသံကြောင့် အဘွားမျက်စောင်းက ဒိုင်းခနဲကျွန်မဆီရောက်လာ တယ်ဆိုတာကို သိနေပေမယ့် မသိချင်ယောင်ဆောင်ကာ စတိုင်ထုတ်ကာ ဟဲလို လိုက်ရပါတော့သည်။

ခိုင်လေး(ရွှေတောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...