Tuesday, May 1, 2012

ပညာနှင့် အရွယ်: ပါရဂူ (၁)


by Zay Ya on Tuesday, May 1, 2012 at 1:48am 

                                                               ဃူမက္ကရ သျှတ္တရ - အခန်း (၃)


အိန္ဒိယ တစ်နိုင်ငံလုံး အိမ်ရာ စွန့်ခွာလျက် ခြေသလုံး အိမ်တိုင် ခရီးသည်များ ဖြစ်သွားလျှင်လည်း စိုးရိမ်စရာ မရှိပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်းသည် ဂုဏ်ပြု လေးစားအပ်သော အမည်နာမ တစ်ခုလည်း ဖြစ်သည်။ အဆင့်အတန်း တစ်ခု လည်း ဖြစ်သည်။ အထူးအားဖြင့် ပထမ အဆင့် သြေလုံး အိမ်တိုင် ခရီးသည်များထဲတွင် သာမန် အရည်အချင်း ရှိသူများ မပါဝင် နိုင်ပေ။
ကျွန်ုပ်တို့ ၏ စာဖတ်သူ ပေါင်း များစွား တို့သည် ယခင်က ကျွန်ုပ်ရေးသား ခဲ့သော အခန်းကဏ္ဍ များကို ဖတ်လျက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပြီး လျှင် "ကောင်းတယ်၊ ပညာလည်း မသင်ရတော့ဘူး။ ဘာဆို ဘာမှ မလုပ်ရတော့ဘူး။ သွားမယ်။ ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာရင် လမ်းတစ်လမ်းတော့ ပွင့်မလာဘဲ နေမှာ မဟုတ်ဘူး" ဟု အတွေးပေါ် လာကောင်း ပေါ်လာ ကြပေလိမ့်မည်။

ယင်းသို့ ခပ်ပေါ့ပေါ့ တွေးသူများ ခြေသလုံး အိမ်တိုင်ခရီးသွားခြင်း လမ်းပေါ် လျောက်သွားလျှင် အဆင့်မြင့် စံနမူနာ များကို လိုက်နာ ကျင့်သုံးနိုင်လိမ့်မည် မဟုတ်ပေ။ အဆင့်မြင့် ဂုဏ်သိက္ခာ ရှိဖို့ရန် အတွက် လိုက်နာ ကျင့်သုံးရန် တာဝန် ဝတ္တရား များ လိုအပ်သည်။

သူငယ်များလည်း ခြေသလုံး အိမ်တိုင် ခရီးလမ်းမ ပေါ် လျောက်သွားနိုင်ခွင့် ရှိသည်ဟု ကျွန်ုပ် ပြောပြပြီးခဲ့ပြီ။ လုလင်ပျို၊ လုံမပျို များ အတွက်မှာမူ ပြောစရာ အထူး မလိုပေ။ သို့ရာတွင် လူငယ်တိုင်း၏ ယင်းကဲ့သို့ ကြိုးပမ်းမှုသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ဂရန်တီ မပေးနိုင်ပေ။


ခြေသလုံး အိမ်တိုင် ခရီးသည်သည် လူ့လောက အပေါ်တွင် ဝန်ပိမနေရပေ။ လူ့လောက နှင့် ကမ္ဘာလောက ရှိ ဒေသတိုင်းက လူများက သူ့ကို အကူအညီ ပေးကြ လိမ့်မည်ဟု ခြေသလုံး အိမ်တိုင် ခရီးသည် သည် မျှော်လင့်ချက် ထားပေလိမ့်မည်။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကမ္ဘာလောကမှ ရရှိတာထက် အဆပေါင်း များစွာ ပိုပြီး ကမ္ဘာလောက အား ပေးရလိမ့်မည်။ ယင်းအမြင်ဖြင့် အိမ်ရာကို စွန့်ခွာ ထွက်သွားသူ သည်သာလျှင် အောင်မြင်သော၊ ထင်ပေါ်ကျော် ကြားသော ခြေသလုံး အိမ်တိုင် ခရီးသည် ဖြစ်လာနိုင်ပေ သည်။

ခြေသလုံး အိမ်တိုင် ခရီးသည် မျိုးစေ့ကိုမူ မဆွကပင် စိုက်ပျိုး နိုင်သည်။ ဤစာအုပ်ကို ဖတ်သော၊ နားလည် သဘော ပေါက်သော သူငယ် သူငယ်မ တို့သည် အဖျင်းဆုံး ဆယ့်နှစ်နှစ် အရွယ်လောက်တော့ ရှိကြပေ လိမ့်မည်။ ကျွန်ုပ်တို့၏ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် အရွယ်ရှိ စာဖတ်သူ များသည် ဤစာအုပ်ကို ဂရုစိုက်၍ ဖတ်ကြ စေချင်သည်။ စိတ်ဓာတ် ခိုင်မာအောင် ထားကြစေချင်သည်။ သို့သော် လည်း ထိုအရွယ်၌ အိမ်က စွန့်ခွာ ထွက်သွား လိုသည့် ဆန္ဒကို ဖုံးဖုံး ဖိဖိ လုပ်ထားနိုင်လျှင် အလွန် ကောင်းပေ လိမ့်မည်။။ ယင်းသို့ ပြုလုပ်သည့် အတွက် အအကျိုးယုတ် စရာ အကြောင်း မရှိပေ။

ကျွန်ုပ် စာဖတ်သူ လူငယ် များသည် အထက်ပါ ကျွန်ုပ် ရေးသားသော စာကြောင်းများ ကို ဖတ်ပြီး ကျွန်ုပ် အပေါ် မယုံသင်္ကာ ဖြစ်ကြပြီး လျှင် ကျွန်ုပ် အား သူတို့ မိဘ များ၏ သူလျှို ဟု ထင်လျက်သူတို့၏ လုံ့လ ဥဿဟ ကို ဖိနှိပ်ပြီး သူတို့ကို နောက်ပြန် ဆွဲ လိုသည်ဟု အပြစ်တင် ကြပေလိမ့်မည်။ ယင်းသို့ အပြစ်တင်ခြင်းသည် ကျွန်ုပ် နှင့် ပတ်သက်၍ မတရား ပြုမူ ရုံမျှသာ မက သူတို့အတွက်လည်း အကျိုး မရှိဟု ပြောရလိမ့်မည်။

ကျွန်ုပ် ပထမ ဆုံး အကြိမ် အိမ်က ထွက်ပြေး၍ ဗာရာဏသီ ရောက်သွားချိန် က ကျွန်ုပ်၏ အသက်သည် ကိုးနှစ် မကျော်သေးပေ။ ကျွန်ုပ် ၏ ဦးလေးက ကျွန်ုပ်ကို လက်ဆွဲပြီး ဂင်္ဂါဖြစ် ဆိပ် ခေါ်သွားသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မိမိ ကို စော်ကားခြင်း ဖြစ်သည်ဟု ကျွန်ုပ် ထင်မှတ်သည်။ ကျွန်ုပ် ကိုယ့်ဘာသာကိုယ် လွတ်လွတ် လပ်လပ် တစ်ယောက်တည်း ဗာရာဏသီ အနှံ့သွားပြီး ကိုယ် လိုချင်သည့် စာအုပ် များကို ဝယ်ယူလိုသည်။

တစ်နေ့ ကျွန်ုပ် တိတ်တိတ် ကလေး ဦးလေး အိမ်က ထွက်ပြီး ဗာရာဏသီ မြို့တွင်း နှစ်မိုင် သုံးမိုင်လောက် လည်ပစ်လိုက်သည်။ ကိုးနှစ် အရွယ် သူငယ်တစ်ယောက် ရွာသိမ်ရွာငယ် ရွာတစ်ရွာက လာပြီး ဗာရာဏသီ မြို့ လမ်းကြို လမ်းကြားထဲ လမ်းလျောက်ခြင်း သည် အန္တရာယ် ရှိသည် ဆိုသည့် အချက်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်၏ အတွင်း ငုပ် နေသော ဗီဇသည် ယင်းသို့ အားဖြင့် ပထမဦးစွာ ပြူထွက် လာသည် ဆိုသည်ကို ထို အချိန်က ကျွန်ုပ် မသိ နားမလည်ပေ။

နောက်တစ်ကြိမ် စွန့်စားခြင်းမှာ ကြီးကြီးကျယ်ကျယ် စွန့်စားခြင်း များထဲက ဆယ့်လေးနှစ် အရွယ်က ပြုလုပ်သော ပထမဆုံး စွန့်စားခြင်း ဖြစ် သည်။

သို့သော်လည်း အမှန်တကယ် ခြေသလုံး အိမ်တိုင် ခရီးသွားခြင်း ကျင့်စဉ်ကို ကျင့်သုံးခွင့် ရခြင်းမှာမူ ၁၆ နှစ် အရွယ်က ဖြစ်သည်။ မိမိ ၏ စာဖတ်သူများသည် ကျွန်ုပ်၏ အတုကို ယူကြမည် ဆိုလျှင် ထိုစာဖတ်သူ များအား ကျွန်ုပ် မကန့်ကွက်။ မဟန့်တား လိုပေ။ သို့သော်လည်း စာဖတ်သူများ အား ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြ လိုသည်။

တချို့ အကြောင်းအရာများကို ကြိုတင် သိထားလျှင် လူ့ဘဝ၏ ဆယ့်နှစ်နှစ် လုပ်ရမည့် အလုပ်ကို နှစ်နှစ်တည်းနှင့် လုပ်၍ ရ သည်။ နှစ်နှစ် လုပ်ရမည့် အလုပ် အတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်းသည် အချည်းနှီး အလဟဿ သာ ဖြစ်သည် ဟု ပြောဆိုခြင်း မဟုတ်ပေ။ တစ်ချို့သော ပုဂ္ဂိုလ် များအတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်းသည်လည်း အလွန် တန်ဖိုး ရှိသော အလုပ် ဖြစ်သည်။

သို့ရာတွင် အားလုံးကို ခြုံ၍ စဉ်းစားကြည့်လျှင် ခြေသလုံး အိမ်တိုင် ခရီးသည် အနေနှင့် မည်သည့် အသက် အရွယ်တွင် ခိုင်မာသော ဆုံးဖြတ်ချက် ချသင့်သည် ဟူ၍ လည်းကောင်း၊ မည်သည့် အရွယ်တွင် အချိန် အားလျော်စွာ ပေါ်ပေါက် လာသော အနှောင် အဖွဲ့များကို ဖြတ်တောက် ပစ်သင့်သည် ဟူ၍ လည်းကောင်း သိရှိ နားလည်လာလိမ့်မည်။

သို့ရာတွင် ခြေသလုံး အိမ်တိုင် ခရီးသည်သည် ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ပြီးသည့် နောက်ကျမှ သာလျှင် ခရီးထွက်သင့်သည်။ စိတ်နှလုံး ကို ပထမ ဦးစွာ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ရမည်။ ကိုယ်ကာယ ကို အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ရာ၌ အချိန် အတန်ကြာ သွားသော်လည်း စိတ်စနောင့်စနင်း ဖြစ်မသွားသင့်ပေ။

မုရာဒါဗာဒ ရှိ သူဌေး တစ်ဦး၏ စီမံကိန်း ကဲ့သို့ မလုပ်ရန် အတွက် အကြံဥာဏ် ပေးလိုသည်။ ထိုသူဌေးသည် တစ်သက်လုံး ဇိမ်နှင့် နေသည်။ နွေဥတု သမယ၌ မွှေးရနံ့ကြိုင်လှိုင် နေသော မြက်တစ်မျိုး မိုးထားသော အမိုးအောက်တွင် ပန်ကာ ဖွင့်ပြီး နေသော ထိုသူဌေး သည် ကမ္ဘာလောက၏ အပူကို ဘယ်မှာ သိမည်နည်း။ သို့သော်လည်း နေရင်း ထိုင်ရင်း ထိုသူဌေးသည် ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာ လိုစိတ် ပေါက်လာသည်။ အုန်းခွံနှင့် လုပ်ထားသော ရေကရား ၁၀ ကိုလည်း ဖန်တီး ထားသည်။ လူ ၁၀ ယောက် ပြည့်လျှင် ကျွန်ုပ်တို့ ခရီးထွက်မည်ဟု သူက ပြောသည်။

နှစ်ပေါင်း မည်မျှ ကြာသွားသည် မသိ။ ကျွန်ုပ်နှင့် သူတစ်ဖန် ဆုံသည်။ ကျန်လူ ရှစ်ယောက်ကို ကျွန်ုပ် သည်းခံပြီး စောင့် မနေနိုင်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ တက်တက် ကြွကြွ ဖြစ်နေမှုကို ကျွန်ုပ် နှစ်သက် သဘောကျသည်။ တက်တက် ကြွကြွ ဖြစ်နေ မှု သည် ခိုင်မာ အားကောင်းသော အနှောင်အဖွဲ့များ ကိုပင် ဖြတ်တောက်ပစ်ရာ၌ အကူအညီ အထောက်အပံ့ ဖြစ်သော စွမ်းအားဖြစ်သည်။

ယင်းသို့ ဖြစ်လျှင် ကျွန်ုပ်တို့ အား တားမြစ် ပိတ်ပင်စရာ ဘာလိုသနည်း ဟူ၍ စာဖတ်သူများက ပြောကြလိမ့်မည်။ ယင်း အမေးစကား ၏ အဖြေကို ပြောပြပါမည်။ အကယ်၍ သင်တို့သည် တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ အဆင့် ခရီးလှည့်လည်သွားလာသူများ ဖြစ်လိုသည် ဆိုလျှင် ဝမ်းမြောက် ဝမ်းသာ ပြုလုပ်နိုင်ကြသည်။ သို့ရာတွင် ကျွန်ုပ်သည် သင်တို့အား ပထမ နှင့် ဒုတိယ အဆင့် ခရီးလှည့်လည် သွားလာသူများ ဖြစ်စေလိုသည်။ ထို့ကြောင့် စိတ်လိုက် မာန်ပါ ထွက်မသွားခင် အထိုက်အလျောက် ပြင်ဆင်မှု ပြုလုပ် ကြရမည်။

ခရီးလှည့်လည် သွားလာသူ၏ ဘဝအတွက် ပထမ ခြေလှမ်းမှာ မိမိ ၏ အနာဂတ် ဘဝနှင့် ပတ်သက်၍ တိကျ ခိုင်မာသော ဆုံးဖြတ်ချက် ကို ချမှတ် ရခြင်း ဖြစ်သည်။ ယင်း အလုပ်ကို မြန်မြန် လုပ်လေ ကောင်းလေ ဖြစ်သည်။ တစ်ဆယ့် နှစ်နှစ် အရွယ်မှ တစ်ဆယ့် လေးနှစ် အရွယ် အထိ ယင်းကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ် သင့်သည်။ တစ်ဆယ့် နှစ်နှစ် အရွယ် မတိုင်ခင် မိမိ ၏ ပရိုဂရမ်ကို တိကျ ခိုင်မာစွာ ပိုင်းခြား သတ်မှတ်နိုင်သော ဥာဏ်စွမ်းဥာဏ်စ နှင့် အတွေ့အကြုံ ရှိသူမှာ အလွန်တရာ နည်းသည်။ သို့ရာတွင် ဆယ့်နှစ်နှစ် နှင့် ဆယ့်လေးနှစ် အရွယ်သည်လည်း အသိဥာဏ် ရှိသော သူငယ် အနေနှင့် ဆုံးဖြတ်ချက် တစ်ခု ချမှတ်နိုင်သည့် အရွယ်ပင် ဖြစ်သည်။

ပထမ အဆင့် ခရီးလှည့်လည် သွားလာသူ ဖြစ်ရန် အတွက် အသိဥာဏ် နှင့် ပြည့်စုံဖို့ လိုအပ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးသောသူများသည် ပထမ အဆင့် ဦးနှောက် ရှိသော လုလင်နှင့် လုံမပျိုများ ဖြစ်စေလိုသည်။ ယင်းကဲ့သို့သော အဆင့်မြင့် ခရီး လှည့်လည် သွားလာသူများ ဖြင့်သာလျှင် လူ့အဖွဲ့အစည်း သည် အကျိုး ဖြစ်ထွန်း လာနိုင်သည်။ ဆယ့်နှစ်နှစ်၊ ဆယ့်လေးနှစ် အရွယ်တွင် မိမိ စိတ်ကို ပြုပြင် ပြောင်းလဲလျက် သာမန် အလည်အပတ် လှည့်လည် သွားလာသည့် သဘောမျိုးဖြင့် ဟိုဟို သည်သည် လှည့်လည် သွားလာ နေသင့်သည်။

လုလင်တစ်ယောက်သည် မည်သည့် အချိန်၌ မဟာခရီး ထွက်သင့်သနည်း။ အနည်းဆုံး ဆယ့်ခြောက်နှစ်နှင့် ဆယ့်ရှစ်နှစ် ရှိရ မည် ဖြစ်ပြီး အနည်းဆုံး ဆယ်တန်း ကိုးတန်းလောက် ပညာ သင်ကြားပြီး ဖြစ်သင့်သည်။ ဆယ်တန်း လောက် ပညာသင်ကြား သင့်သည် ဟူ၍ ပြောဆိုခြင်းမှာ ဆယ်တန်း အောင်ရမည် ဟူ၍ ဆိုလိုခြင်း မဟုတ်ပေ။ ဆယ်တန်း အဆင့်လောက် စာပေ၊ သမိုင်း၊ ပထဝီ၊ ဂဏန်း သင်္ချာ တတ်မြောက် ထားသင့်သည် ဟူ၍ ဆိုလိုခြင်း ဖြစ်သည်။ ခရီးလှည့်လည် သွားလာသူ တစ်ဦး တစ်ယောက် အတွက် အဖျင်းဆုံး ယင်း အသိပညာ လောက် ကိုမူ တတ်ထားဖို့ လိုအပ်သည်။ တစ်ကြိမ် ခရီးလှည့်လည် ထွက်ခွာပြီး နောက်တစ်ဖန် ကြားထဲတွင် အခြေခံ အသိပညာ ရရှိလိုသည့် ကြောင့်ကြစိတ်ဖြင့် ရပ်တန့် မနေသင့်ပေ။

အိမ်က ထွက်ခွာ သွားဖို့ အတွက် အနည်းဆုံး တစ်ဆယ့် ခြောက်နှစ်၊ ဆယ့်ရှစ်နှစ် အရွယ် ရှိသင့်ပြီး၊ အများဆုံး နှစ်ဆယ့် သုံးနှစ်၊ နှစ်ဆယ့်လေးနှစ် အရွယ် ရှိသင့် သည် ဟူ၍ ကျွန်ုပ် ထင်သည်။ နှစ်ဆယ့်လေးနှစ် အရွယ်တွင် နောက်ဆုံး အချိန် ထား၍ အိမ်မှ ထွက်ခွာ သင့်သည်။ သို့မဟုတ်ပါက ဃရာဝါဒ ကိစ္စ များမြောင် လာပြီးလျှင် လူတို့၏ အသိဥာဏ်သည် ညစ်နွမ်းထုံထိုင်း သွားတတ်သည်။ စိတ်နှလုံး သည် ကျဉ်းမြောင်း သွားတတ်သည်။ ကိုယ်ခန္ဓာ အပင်ပန်း ခံနိုင်သည့် အခွင့် လက်လွှတ် ဆုံးရှုံး သွားတတ်သည်။ ဘာသာ စကား များကို သင်ကြား ဆည်းပူးရန် အတွက် အသုံးအကျဆုံး၊ အသင့်လျော်ဆုံး အရွယ်၏ အဖိုးတန်သော နှစ်များ လက်ထဲက ထွက်သွားတတ်သည်။

ထို့ကြောင့် ဆယ့်ခြောက် နှစ်မှ နှစ်ဆယ့်လေးနှစ် အထိ အရွယ်သည် မဟာခရီး ထွက်ခွာသင့်သော အရွယ် ဖြစ်သည်။ ယင်းအရွယ် များထဲ က နှစ်မျိုး၏ အလယ်က ရှစ်နှစ် တစ်ဝက်သည် သို့မဟုတ် အသက် နှစ်ဆယ် အရွယ်သည် အကောင်းဆုံး အရွယ် ဖြစ်သည် ဟူ၍ ယူဆနိုင် သည်။ မဟာခရီး ထွက်သင့်သော အနည်းဆုံး အရွယ် နောက်ပိုင်း၌လည်း နောက်ထပ် လေးနှစ် ကြိုးစားပြီး ပညာသင်ကြား ဆည်းပူး နိုင်သေးသည် ဟူ၍ ဆိုလိုသည်။

ပထမ အဆင့် ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကဗျာဆရာ၊ စာရေးဆရာ သို့မဟုတ် အနုပညာရှင် ၏ အဖြစ်ဖြင့် လူ့လောက ရှေ့မှောက် ရောက်လာလိမ့်မည် ဆိုသည်ကို သတိမေ့မထားသင့်ပေ။ ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တို့သည် အကယ်၍ အသိဥာဏ်ပညာ ခေါင်းပါး နေသည် ဆိုလျှင် ယင်းတို့၏ လက်ရာ များသည် လေးလေးနက်နက် ရှိမလာနိုင်ပေ။ အသိဥာဏ် ပညာ နည်းပါးသော ပုဂ္ဂိုလ်တို့သည် မိမိတို့ မြင်တွေ့ရသော အရာဝတ္ထု များ၏ နက်ရှိုင်းရာသို့ ဆင်းမသွား နိုင်ကြပေ။

ပထမ ဦးစွာ တိကျ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီးသောအခါ ဆက်၍ ပညာသင်ကြား ဆည်းပူးသူသည် မိမိ ၏ အထုံဝါသနာ သည် မည်သည့်အရာကို အားသန်သည် ဆိုသည်ကို သတိပြုရမည်။ အထုံဝါသနာ အတိုင်း ဘာသာရပ်ကို ရွေးချယ်ရမည်။

အနည်းဆုံး ဆယ်တန်းပညာလောက် တတ်ထားဖို့ ပြောပြခဲ့သည်။ ဆယ်တန်း ပညာတွင် နောက်ထပ် လေးနှစ် ဖြည့်ပေးလိုက်သည်။ ယင်းသို့ ပြုလုပ်သဖြင့် ခရီးလှည့်လည် သွားသူ များအား တက္ကသိုလ် ဘွဲ့ရအောင် သင်ကြားဆည်းပူး ဖို့ အကြံဥာဏ်ပေးနေသည် ဟူ၍ စာဖတ်သူ များ တွေးတော ကြပေလိမ့်မည်။ ယင်း ထင်မြင်ချက်သည် မမှားပေ။

ကျွန်ုပ်၏ စာဖတ်ပရိသတ်သည် ကျွန်ုပ်ကို စိတ်မဆိုးဘဲ နေကြလိမ့်မည် မဟုတ်ပေ။ သည်းညည်းခံပြီး စောင့်ဆိုင်း နေနိုင်ကြမည် မဟုတ်ပေ။ သို့သော်လည်း ထိုသူများ၏ ရှောင်တခင် ပေါ်လာသော ယင်းမကျေနပ်မှု ကြောင့် ကျွန်ုပ်သည် သူတို့ အကျိုးအတွက် ဖြစ်သော အမှန်တရားကို မပြောဘဲ နေမည် ဆိုလျှင် တာဝန်မဲ့ရာ ရောက်သွား ပေလိမ့်မည်။

မဟာခရီး အညွန့် အညှောင့် ပေါက်နေသည် ဖြစ်၍ အလောသုံးဆယ် ဖြစ်နေသည့် လုလင်တို့၏ လမ်းမတွင် ကျွန်ုပ် အဟန့်အတား ချထားလိုသည့် ဆန္ဒ မရှိပေ။ သို့ရာတွင် ကျွန်ုပ်၏ အနှစ် လေးဆယ်ခရီးသည် ဘဝ အတွေ့အကြုံ အရ အကယ်၍ ပြင်ဆင်မှု အချိန် ကာလ ကို စောစော ကပင် တိုးထားမည် ဆိုလျှင် နောက်ပိုင်း၌ အကျိုးများစွာ ဖြစ်ထွန်းလာနိုင်သည် ဆိုသည့် အကြောင်းကို သိရှိရ သည်။ ဆယ့်နှစ်နှစ်၊ ဆယ့်လေးနှစ် အရွယ်တွင် ဆယ်တန်း အထိ ပညာ သင်ကြားပြီးလျှင် လိုအပ်သော သာမန် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာ ရရှိထား ရမည်။ ထိုအခါ ကမ္ဘာ့ မြေပုံကို သိရှိ လာမည်။ ပထဝီ အကြောင်းကို နားလည် လာမည်။ ကမ္ဘာပေါ် ရှိ နိုင်ငံများ နှင့် အစိမ်းသက်သက် ဖြစ်မနေတော့ပေ။

ခိုင်မာတိကျသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး နောက် လေးငါးနှစ် အတောအတွင်း မိမိတို့၏ ပတ်ဝန်းကျင် ရှိ စာကြည့်တိုက် များတွင် လည်းကောင်း၊ မိမိ ပညာသင်သော ကျောင်းစာကြည့်တိုက် တွင် လည်းကောင်း တွေ့သမျှ ခရီးသွား အတွေ့အကြုံ စာအုပ် များနှင့် အတ္ထုပ္ပတ္တိ စာအုပ် များကို ဖတ်ရလိမ့်မည်။ ဝတ္ထု စာအုပ် ကောင်းများသည် ခရီးလှည့်လည် သွားလာလိုသူ တစ်ဦးတစ်ယောက် အတွက် နှစ်သက် မြတ်နိုးသော အရာဝတ္ထု တစ်ခု ဖြစ်သည်။ သို့ရာတွင် ခရီးသွားလာလိုသူ တစ်ဦး တစ်ယောက် အတွက် အကြိုက်ဆုံး၊ အနှစ်သက်ဆုံးမှာ ခရီးသွားလာခြင်း အကြောင်းကို ရေးထားသော စာများ ဖြစ်သည်။

ယခုခေတ်ပေါ် ခရီးသည် စာရေးဆရာများများ ရေးထားသော စာအုပ်များကိုလည်း ဖတ်ရမည်။ ထိုမျှ သာမက ခေတ်ဟောင်း ခေတ် သစ် နိုင်ငံ အသီးသီး က ခရီးသည်များ၏ ခရီးသွား အကြောင်းအရာများသည်လည်း ခရီးသွားလိုသူ တစ်ဦးတစ်ယောက် အတွက် စိတ်ပါ ဝင်စားဖွယ် ဖြစ်လာလိမ့်မည်။

ရှေးဟောင်းနှင့် ခေတ်သစ် နိုင်ငံတကာမှ ခရီးလှည့်လည် သူ အားလုံးသည် တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများ ဖြစ်ကြသည်။ ယင်းတို့နှင့် ပတ်သက်သော ဗဟုသုတကို ဦးစွာ ပထမ လေ့လာ ဆည်းပူးထားခြင်း သည် ခရီးလှည့်လည် သွားလာလိုသော လုလင် အတွက် အလွန်တရာ ကျေးဇူး ပြုလိမ့်မည်။ ကျောင်းတက်နေရင်း နှင့် ခရီးသွားလာခြင်း နှင့် ပတ်သက်သော စာအုပ်အုပ်ရေ တစ်ရာ နှစ် ရာ လောက် ကို ဖတ်ရှု ထားသင့်သည်။

ခရီးလှည့်လည် သွားလာသူများသည် မိမိတို့၏ ခရီးအတွက် ဘာသာစကား အမျိုးမျိုးကို တတ်အောင် ပြုလုပ်ရသည်။ အင်္ဂလိပ် ဘာသာစ၀ကားသည် ကျွန်ုပ်တို့ ၏ စာသင်ကျောင်း များ၌ ယခုထက်ထိ မသင်မနေရ ဘာသာစကား အဖြစ်ဖြင့် သင်နေရတုန်းပင် ရှိသေးသည်။ ထို့ကြောင့် အင်္ဂလိပ် ဘာသာ စာအုပ်များကို ဖတ်၍ ရသည့် အဆင်ပြေမှုမျိုး ရှိနေသည်။ သို့ရာတွင် ဆယ်နှစ် ဆယ့်ငါးနှစ် နောက်ပိုင်း၌မူ ယင်းအဆင်ပြေမှုမျိုး ရှိတော့မည် မဟုတ်ပေ။ အကြောင်းမူကား အင်္ဂလိပ်စာကို ဖက်တွယ် ထားသော ခေါင်းဖြူစွယ် ကျိုး ခေါင်းဆောင်များ သည် ထိုအချိန်၌ ဘဝတစ်ပါး ပြောင်းသွားကြပြီ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။

ယခုအချိန် ၌မူ ခရီးလှည့်လည် သွားလာသူသည် မိမိ ကိုယ်ကို အင်္ဂလိပ်ဘာသာစကား သို့မဟုတ် အခြား ဘာသာစကား သင်ကြားခြင်းမှ လွတ်မြောက်မှု မရရှိနိုင်သေးပေ။ ကမ္ဘာမြေပြင်ပေါ် ရှိ နေရာအနှံ့အပြား၌ ဘာသာစကား အခက်အခဲ မရှိဘဲနှင့် လှည့်လည် သွားလာရန် အတွက် အင်္ဂလိပ် ဘာသာစကား ရုရှ ဘာသာစကား၊ တရုတ်ဘာသာစကား၊ ပြင်သစ် ဘာသာစကား များကို အသုံးချ၍ ရလောက်အောင် တတ်မြောက် ထားဖို့ လိုအပ်သည်။ မိမိ လှည့်လည်သွားလာသော အရပ်ဒေသ၏ ဘာသာ စကားကို တတ်မြောက် မထားလျှင် ထိုဒေသ၌ ခရီးလှည့်လည် သွားလာခြင်းသည် ထူးထူးခြားခြား ကျေနပ် အားရဖွယ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထိုဒေသနှင့် ပတ်သက်သော ဗဟုသုတလည်း အပြည့်အဝ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

~ ဆက်ရန်
..................
May 1st 2012 at 3:00 PM
.................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
..................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...