Saturday, May 5, 2012

ငါးထောင်တန်ဖုန်း နဲ့ ကျနော့်ရပ်ကွက်


 
ဟိုတလောတုန်းဆီက ငါးထောင်တန်ဖုန်းဂယက်တွေ တော်တော်ထခဲ့ဖူးတယ် ။ လူတိုင်းနုတ်ဖျားမှာ ငါးထောင်တန် ဖုန်း ၊ ငါးထောင်တန်ဖုန်းဆိုပြီး တဖွဖွ ။ ကျနော်တို့ ရပ်ကွက်လေးထဲမှာလည်း ငါးထောင်တန်ဖုန်းများပေါ်ရင်လေ ၊ ငါးထောင်တန်ဖုန်းများ ရရင်လေ ဆိုတဲ့စကားတွေ
နေရာအနှံ့ ။ ဒါပေမယ့် နှစ်သိန်းတန်ဖုန်းပေါ်လာတာနဲ့ အတူ ငါးထောင်တန်အိမ်မက်လေးလည်း လေယူရာ လွင့်သွားတော့တယ် ။

ကျနော်တို့ရပ်ကွက်လေးက အင်မတန်ဆင်းရဲတယ် ။ မိတ်ဆွေများမြင်သာအောင်ပြရရင် ဒဂုံတက္ကသိုလ်နားက ရပ်ကွက်လေးတစ်ခုပေါ့ ။ ပန်းရံလုပ်ရတဲ့ မိသားစုတွေ ၊ လက်သမားမိသားစုတွေ ၊အလုပ်ကြမ်းသမားတွေ နေထိုင်ကြတယ် ။ ရပ်ကွက်ထဲမှာ မီတာမရှိလို့ မီးမရတဲ့မိသားစုတွေ
အများကြီးရှိတယ် ။ အများစုကလည်း ခြံအလွတ်တွေကိုတလ ငါးထောင်နဲ့ဌားပြီး ကိုယ့်ဟာကိုယ် တဲလေးတွေထိုးနေကြတာများတယ် ။ သူတို့မှာ ကျန်းမာရေးအာမခံချက်မရှိဘူး ။ ဆိုလိုတာက နေမကောင်းဖြစ်ရင်တောင် ဆေးခန်း ဆေးရုံတက်မဲ့ပိုက်ဆံမရှိဘူး ။ ဒီတော့ ဖြစ်ပြီဆိုရင် သေ
ဖို့သာပြင်လေရော့ ။ ကျနော်ဒီရပ်ကွက်လေးထဲကို စရောက်ခါစက တော်တော်အံ့သြောတယ် ။ သူတို့တွေနေနိုင်ကြတာကို အံ့သြောတာပါ ။
နောက်တော့လည်း ကျနော်ကိုယ်တိုင် သူတို့နဲ့ တသားထည်း စီးမျော လိုက်ပါသွား ။ မြန်မာပြည်သူတွေရဲ့ဘ၀ ခါးပုံများလေ . . . ။

တကယ်တမ်းအချိုးချရင် ကျနော်တို့ရပ်ကွက်မှာအိမ်၂၀၀ ကိုဖုန်းတလုံးစီလောက် ပျမ်းမျှရှိတယ် ။ ဒါတောင်အဲ့ဖုန်းတွေက ကုန်စုံဆိုင်လေးတွေမှာ
ချထားတဲ့ဖုန်း ၊ ခေါ်ပေးရင် သူတို့တောင်းသလောက်ပေးရတယ် ။ ခေါ်ပေးတာတောင်ကံကောင်းဆိုပြီး စိတ်ဖြေရတယ် ။ ကျနော့်ဖုန်းကလည်း 
မိဘအိမ်မှာထားခဲ့ရတယ်ဆိုတော့ ကျနော့်မှာလည်း အိမ်နဲ့အနီးဆုံးဖုန်းဆိုင်ကို ဖုန်းခေါ်ပေးအောင် ပြုံးပြလိုက် ၊ ရယ်ပြလိုက်နဲ့ ဖားထားရတယ် ။
ဒါကလည်း တစ်ဒုက္ခ ။ သူတို့ကလည်း စိတ်မထင်ရင် မထင်သလို ခေါ်မပေးတော့ အရေးရယ် အကြောင်းရယ် ဆို ဒုက္ခအတော်ရောက်တယ် ။

ကျနော်တို့အိမ်ဘေးက မိသားစုတစ်စုရှိတယ် ။ အဲ့ဒီမိသားစုက ကောင်မလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားတယ် ။ ဒါနဲ့တနေ့ကျတော့အဲ့ဒီကောင်မလေး မွေးဖွားခါနီး ဗိုက်နာလေရော ။ သူ့ကိုယ်ဝန်ကလည်း လမစေ့ပဲမွေးမဲ့ကိုယ်ဝန် ၊ ၇ လပဲလားရှိသေးတယ် ။ ပိုက်ဆံကလည်းလုံ
လုံလောက်လောက်မရှိ ဘူးဆိုတော့ ၊ သူ့မိဘတွေဆီဖုန်းဆက်ရမယ်လို့ပြောတယ် ။ ဒါနဲ့ ကျနော်ရယ်ကောင်မလေးရဲ့အမျိုးသားရယ် ၊ သူ့မိဘတွေဆီဖုန်းသွားဆက်ကြတယ် ။ အနီးဆုံးဖုန်းဆိုင်က ပိတ်ထားပြီ ။ ဒါနဲ့ ကျနော်တို့ အတင်းတံခါးခေါက်တော့ ၊ အရက်မူးနေတဲ့ ပိုင်ရှင်က အော်
ဟစ်ပြီး နှင်လွတ်တယ် ။ ဒါနဲ့ ကျနော်တို့လည်း ရပ်ကွက်ကိုပါတ်ပြီး ဖုန်းကိုရှာရတော့တယ် ။ တကယ်တမ်းဖုန်းရတဲ့အချိန်နဲ့ ၊ ကောင်မလေးမိဘတွေ ရောက်လာတဲ့အချိန်မှာ ၊ ကောင်မလေးမှာ ရေပေါင်နေတယ်ဆိုလား ၊ဘာလားမသိဘူး ၊ သတိမေ့မတတ်ဖြစ်နေပြီ ။ နိုင်ငံတကာမှာ ဇီးထုပ်
ရောင်းသလိုရောင်းနေတဲ့ ဖုန်းကဒ်လေးတစ်ခုကြောင့် ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ ဒီလိုဒုက္ခရောက်ကြရတာ တွေးမိတိုင်း ရင်နာမဆုံးဘူး ။

ရပ်ကွက်ထဲက လူတွေ ဆင်းရဲရခြင်းရဲ့ အဓိက ပြသနာက ကလေးများတာဖြစ်မယ်ထင်တယ် ။ သူတို့တွေမှာ တမိသားစုကို ကလေးအနည်းဆုံးသုံးယောက်ကနေ ငါးယောက်အထိ ရှိကြတာများတယ် ။ သူတို့ ကလေးတွေကိုမြင်တော့ သူဌေးတွေ ဖန်ပြွန်သန္ဓေသားတွေဘာတွေလုပ်ရတာကို ရယ်ချင်လာမိတယ် ။ လိုချင်တဲ့လူတွေကျတော့ မရနိုင် ၊ ပိုနေတဲ့လူတွေကျတော့ ပေါသော ။ ဒီတော့ သူတို့တွေရဲ့တနေ့လုပ်စာက စားဝတ် နေရေး နဲ့ ကလေးကျောင်းစရိတ်တွေမှာ ကုန်သွားတယ် ။ စုမိဆောင်းမိမရှိဘူး ။ ဒါပေမယ့် သူတို့တွေလည်း အားတင်းထားကြပါတယ် ။
ငါးထောင်တန်ဖုန်းပေါ်ရင် ငါ့သားသမီးတွေကို တယောက်တလုံး ၀ယ်ပေးပြစ်လိုက်မယ် ဟွင်းဟွင်း လို့ အသိလူကြီးတစ်ယောက်က ပြောလို့ကျနော့်မှာ ရယ်လိုက်ရသေးတယ် ။ 

ကျနော့်မှာအိမ်မက်တခုရှိတယ် ။ အဲ့ဒီအိမ်မက်က ကျနော်တို့ရပ်ကွက်သူ ရပ်ကွက်သားတွေ နောင်တစ်နှစ်လောက်ဆို တစ်ယောက်ဖုန်းတလုံးစီနဲ့
ဟယ်လို ၊ ဟယ်လို ဆိုပြီး လမ်းလျှောက်စကားပြောနေရတာကို လက်ပိုက်ပြီး ပြုံးပြုံးကြီး ကြည့်နေရတဲ့ အိမ်မက်ပဲ ဖြစ်တယ် ။

 မာဃလုလင်
-- 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...