Monday, May 21, 2012

စပ်ကူးမပ်ကူး



တလောတုန်းက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ မဲဆောက်ကို ခဏရောက်ခဲ့ပါတယ်။ ကိုယ့်ကလေး ပညာရေးကိစ္စ စီမံစရာ ရှိတာလေးရယ်၊ တနယ်တကျေးကရောက်လာတဲ့ ဆွေမျိုးတဦးနဲ့ တွေ့ဖို့ရယ်ပါ။
မဲဆောက်မြို့ကို ခြေချမိလို့ တွေ့ရမယ့်သူနဲ့ တွေ့ပြီးခါစပဲ ရှိသေးတယ်။ မမျှော်လင့်တဲ့ ကိစ္စတခု ဘွားခနဲပေါ်လာ တယ်။ ရွာက ခလေးမတယောက် မဲဆောက်အချုပ်ထဲ ရောက်နေပြီတဲ့။ ဘယ်သူများလဲ..ဘယ်လိုက ဘယ်လို ဖြစ်ရပါလိမ့်.. တိုက်တိုက်ဆိုင်ဆိုင်ကြီး.. ဒါနဲ့ မေးမြန်းစုံစမ်းကြည့်တော့မှ..တူမောင်ဖြစ်သူက..

“ကျနော်တို့ရွာက ကျောင်းဆရာ (...) ရဲ့ သမီး (...) လေ အကို မမှတ်မိတော့ဘူးလား..”
“အေး သူ့အဖေကိုတော့ သိတာပေါ့..ဒါပေမဲ့ အကိုရွာမှာနေတုန်းက သူတို့က အပျိုဖြန်းပဲ ရှိသေးတာ..”
“အင်း...ခုတော့ တကယ့်အိမ်ထောင်ရှင် မိန်းမကြီးတွေဖြစ်နေပြီ အကိုရေ.. သူတို့သားဦးလေးတောင် ဒီနှစ် ကိုးတန်း တက်မှာတဲ့..”
ဟုတ်မှာပေါ့လေ... ကျနော် ရွာနဲ့ခွဲခဲ့တာ အနှစ် ၂၀ ရှိပြီပဲ..
“ဒါနဲ့ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာရတာလဲ”
“ဒီလို အကိုရ.. သူ့ယောက်ျား ကို(...) က ထိုင်းမှာလာပြီး အလုပ်လုပ်နေတာ ၂ နှစ် ၃ နှစ်လောက်ရှိပြီ။ ရတဲ့လုပ်ခလေးနဲ့ ရွာမှာကျန်ခဲ့တဲ့ မိသားစုကို လှမ်းထောက်ပံ့ပေးနေတာ..ခုနောက်ပိုင်း ရွာမှာ စီးပွားရေး အခြေအနေ တော်တော်ကို မကောင်းတော့တာ.. ဒီနှစ်ဆို ပိုဆိုးတယ်.. စပါးတွေရေမြုပ်.. ပဲဈေးကမကောင်းနဲ့.. ကြွေးတွေ လွှတ်တင်ကုန်ကြတာ.. အဲဒါကြောင့် ကို(...) က ရွာမှာနေခဲ့တဲ့ သူ့မိန်းမကိုပါ သူနဲ့အတူ အလုပ်လာ လုပ်ဖို့ လှမ်းခေါ်တယ်တဲ့.. ယောက်ျားရှိတဲ့ နေရာကို လိုက်ဖို့ မဲဆောက်က လူကယ်ရီအမျိုးသမီးအိမ်မှာ ခဏ တည်းခို နေတုန်း.. ထိုင်းရဲက လူကယ်ရီကို ဖမ်းတော့ သူပါ အဆစ်ပါသွားတယ် တဲ့”
“သြော်...ဖြစ်မှဖြစ်ရလေ.”
ကြာရှည် အံ့သြနေချိန် မရလိုက်ပါဘူး.. ကောင်မလေးနဲ့တွေ့ဖို့ ရဲစခန်းအချုပ်ရှိရာကို အပြေးချီတက်ရတယ်။ အချုပ်ခန်း ရှေ့ကိုရောက်တော့ သံဇကာ လေးဘက် ကာရံထားတဲ့ အခန်းထဲမှာ လူ ၆၀ လောက် ထိုင်နေတာ တွေ့ရတယ်။ အမျိုးသား/ အမျိုးသမီးတွေ ရောနှောပြီးထားတာ။ ထိုင်နေသူတွေထဲက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသက် ၃၀ ကျော် အမျိုးသမီး တဦးထလာပြီး ကျနော့်တူနဲ့ စကားပြောတယ်။ သူ့ရုပ်သွင်ကို သေချာ အကဲခတ်ကြည့်လိုက်မှ သူ့အဖေ ကျောင်းဆရာကြီးမျက်နှာနဲ့ ဆင်တူနေတာ သတိထားမိတယ်။ သူလည်း ကျနော့်ကို ဇဝေဇဝါ မျက်နှာထားနဲ့ ကြည့်နေပြီး ဝေခွဲရခက်နေတဲ့ပုံ..။
ရဲစခန်းမှာကလည်း ထိုင်းပုလိပ်ကိုသာမက ပုလိပ်စကားပြန်မျက်နှာကိုလည်း ကြည့်ရသေးတာဆိုတော့ စကားသိပ်များများ ပြောလို့မကောင်း..။ အဲဒီအချိန်မှာ နောက်အမျိုးသမီးတဦး ထလာပြီး မ(..) ကို ခေါ်လာ တာဟာ သူ့ကိုအမှုစစ်ချိန်မှာ သက်သေအဖြစ်အစစ်ခံဖို့ ခေါ်လာတာဖြစ်တဲ့အတွက် အမှုစစ်ဆေးပြီးချိန်မှာ ပြန်လွတ်မှာမို့ စိတ်မပူပန်ဖို့ ပြောပါတယ်။ သူတို့နဲ့စကားပြောအပြီးမှာ ပုလိပ်စကားပြန်ကတဆင့် ကိုယ့်လူကို ရွေးထုတ်ယူဖို့ ကြိုးစားပေမဲ့ မရပါ။ ကယ်ရီအမျိုးသမီးက ဖြစ်နေကျထုံးစံတခုလို ခပ်ပေါ့ပေါ့ပြောနေပေမဲ့ အတွေ့အကြုံ လုံးဝမရှိတဲ့ မ(..) ခမျာမှာ မျက်နှာ ဇီးရွက်လောက်သာ။
ဒါကြောင့်မို့ ပါလာတဲ့ စားစရာနဲ့ရေသန့်ဗူး ပေးပြီး နှုတ်ဆက်ပြန်ခဲ့ရပါတယ်။ အကြောင်းရှိရင် ဆက်သွယ်နိုင် ဖို့ ဖုန်းနံပတ် ပေးခဲ့ပါတယ်။
ပြဿနာက အချုပ်ထဲရောက်နေသူနဲ့ မပြီးသေးပါ။ အဖမ်းမခံရဘဲ ကယ်ရီအမျိုးသမီးအိမ်မှာ ကျန်ခဲ့တဲ့ နောက် တယောက်ကိစ္စ ပေါ်လာပြန်တယ်။ သူကလည်း အဖမ်းမခံရပေမဲ့ အဲဒီအိမ်မှာ ဆက်မနေရဲတော့။ ရဲတွေက အဲဒီအိမ်ကို တစေ့တစောင်း စောင့်ကြည့်နေလို့ လုံခြုံရေး စိတ်မချရဘူး အိမ်ပြောင်းပေးပါ ဆိုလာတယ်။ ဒါနဲ့ပဲ စိတ်ချရတဲ့ ကားတစီး စီစဉ်ပြီး မိတ်ဆွေတဦးရဲ့အိမ်ကို ပြောင်းပေးလိုက်ရတယ်။
မိတ်ဆွေရဲ့ အိမ်ကိုရောက်လို့ စိတ်အေးလက်အေးဖြစ်မှ မောင်နှမတွေ ရှေးဟောင်းနှောင်းဖြစ် စကားပြောဖြစ် တော့တယ်။
“နေပါအုံးဟာ ငါရွာမှာရှိတုန်းက နင်တို့မိသားစုတွေ ကိုယ့်လယ်ကိုယ့်ယာနဲ့ အဆင်ပြေကြပါတယ်။ ခု ဘယ်လို ဖြစ်ကုန်ကြတာလဲ...”
“ရွာကလူတွေ အများစု အဆင်မပြေကြဘူး အကိုကြီး... လယ်လုပ်ရတာကလည်း တနှစ်တနှစ် ကြွေးဆပ်ဖို့ တောင် အနိုင်နိုင်.. ဓာတ်မြေသြဇာ ကို အပြင်ဈေးနဲ့ ဝယ်သုံးနေရတာကြာပြီ။ ကုန်ဈေးနှုန်းတွေတက်၊ စရိတ်စကတွေ အရမ်းကြီးလာနေပေမဲ့ စပါးဈေး၊ ပဲဈေးက ကောင်းမလာတော့ လယ်လုပ်တာ ကြွေးတွေ တဝဲလည်လည် သံသရာ ထဲကကို မထွက်နိုင်ဘူး ဖြစ်နေတာ။ ဒီနှစ်ဆို ကြည့်ပါအုံး.. စပါးစိုက်တာ ရေသုံးခါ မြုပ်တယ်..တောရေကြီးတာလေ... စိုက်ပြီးစ ပထမတခါမြုပ်တော့ လက်ကြားထိုးလိုက်ဖာတယ်.. ဒုတိယတခါ ထပ်မြုပ်တယ်။ ကုန်းမြင့်တဲ့ လယ်တွေထဲက စပါးပင်ပွားကို ခွဲယူပြီး ထပ်ဖာတယ်။ နောက်ဆုံးတခါမြုပ်တော့ အစားထိုးစိုက်ဖို့ ပျိုးပင်လည်း မရှိတော့ဘူး.. စပါးတွေကလည်း အဖုံးအလုံး ဝင်နေပြီလေ..။ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတာ.. စပါးထွက် လာတော့ ဆယ်ဧကစိုက်မှ စပါး တင်း ၅၀ ရတဲ့လူနဲ့ ၆၀ ရတဲ့လူနဲ့ ။ ရောင်းစားဖို့ နေနေသာသာ ကိုယ့်ဝမ်းစာထားဖို့နဲ့ မျိုးစပါးတောင် မလောက်တော့ဘူး။ အစိုးရဆီက ယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေဆပ်ဖို့ မရှိဘူး။ စပါးပြီးလို့ ပဲဈေးကောင်းမလားထင်ရတယ်.. မတ်ပဲတတင်း ငွေတသောင်း တောင် ဝယ်မယ့်သူ မရှိဖြစ်နေတာ ဆိုတော့ ဘယ်လိုလုပ် အဆင်ပြေပါတော့မလဲ အကိုကြီးရယ်...
စပါးကွင်း တွေ ရေမြုပ်တာကို ဘယ်လူကြီးကမှ အရေးတယူ လာမကြည့်ဘူး.. အချိန်တန်ရင် ချေးငွေပြန် တောင်းဖို့ပဲ ချောင်းနေကြတာ..ဒီကြားထဲ ငွေချေးစားသူတွေကလည်း တမှောင့်..အကိုကြီးမြင်စေချင်တယ် ကြွေးမပေးနိုင်သူတွေအဖို့... လယ်တွေထိုးအပ်.. နွားတွေထိုးအပ်နဲ့ ”
သူ့ပြောစကားကြားရတာ ပြောသူတော့ ဘယ်လိုနေမယ်မသိ နားထောင်ရသူတောင် အသက်ရှူကြပ်သလို ဖြစ်လာမိတယ်။
“အခု ဒီကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်လာခဲ့တာလား”
“အဲလိုတော့ မလာရဲဘူး အကိုကြီးရဲ့... လာလည်းမလာတတ်ဘူး... ယောက်ျတွေက လှမ်းခေါ်တာ၊ မြဝတီကို ရောက်အောင်လာခဲ့.. အဲဒီမှာ လိုက်ပို့မယ့်လူ အဆင်သင့်စီစဉ်ထားတယ်တဲ့... ဒီရောက်တော့ သူတို့ပြောတဲ့ အမျိုးသမီး လာကြိုတယ်.. ခရီးမထွက်ခင် သူ့အိမ်မှာ ခဏတည်းနေတုန်း အဖမ်းခံရတာ..”
“ခုမှတော့ စိတ်ညစ်မနေပါနဲ့တော့ဟာ ဖြစ်တဲ့နည်းနဲ့ ဆက်စီစဉ်ရတာပေါ့... ဟိုတယောက် အချုပ်က လွတ်ရင် သွားလာဖို့ စီစဉ်ပေးမယ်..” လို့ အားပေးစကားပြောလိုက်ရပေမဲ့ ကိုယ်လည်းမဲဆောက်အထာ မကျွမ်းတော့  ဘယ်သူနဲ့ တွေ့ပြီး ဘယ်လိုစီစဉ်ရမှန်းကို မသိသေး။
သိပ်မကြာမီမှာပဲ သူ့ယောက်ျားဆီက ဖုန်းဆက်လာတယ်...
“အကိုကြီးတို့ ကျနော့်မိန်းမကို အိမ်ပြောင်းပေးတာ အဆင်ပြေလား” တဲ့။
ဖြစ်ပုံက.. ဟိုမှာ အလုပ်လုပ်နေတာက သမီးယောက်ဖ နှစ်ယောက်။ ဒီမှာ လိုက်ဖို့ပြင်နေတာကလည်း သမီးယောက်မ နှစ်ယောက်။
“အေး..အဆင်ပြေပါတယ်။ ဒါနဲ့ မင်းတို့ စီစဉ်တဲ့ ပွဲစားက ရဲနဲ့မပီပြင်ဘူး.. အသေအချာ မစုံစမ်းကြဘူးလား..”
“အသေအချာတော့ စုံစမ်းပြီး လုပ်တာပဲ အကိုရေ.. ဒါပေမဲ့ တခုတော့ရှိတယ်.. အရင်ဆက်ထားတဲ့ ပွဲစားက လူတယောက် စရိတ် တသောင်းသုံးထောင်တောင်းတယ်။ ခုပွဲစားက တသောင်းတထောင်နဲ့ ပို့မယ်ဆိုတော့ ညီလေးလည်း လေးထောင်သက်သာ မနည်းဘူးဆိုပြီး စီစဉ်လိုက်တာ... ဒီအမျိုးသမီးလည်း အမြဲတမ်းပို့ပေး နေတာ ပြဿမရှိပါဘူး.. ခုကျမှ.”
“အေးလေ ရဲကိုကျော်လုပ်တယ်ဆိုပြီး သူ့ကိုဖမ်းတာတဲ့.. ကြားထဲမှာ ကိုယ့်လူက အဆစ်ပါနေပြီ.. မတတ်နိုင် တော့ဘူး မီးစင်ကြည့်ကရမှာပဲ..”
နှစ်ရက်လောက်အကြာမှာ ပွဲစားအမျိုးသမီးက သူ့နည်းသူ့ဟန်နဲ့ အပြင်ကိုရောက်သွားပြီ။ ကျနော်တို့ကိုလည်း မျက်နှာချင်းမဆိုင်တော့.. အထဲမှာကျန်ခဲ့တဲ့ ကိုယ့်လူကို ထုတ်ဖို့ ကြိုးစားပြန်တော့လည်း အဲဒီပွဲစားမနဲ့ ပတ်သက်ပြီး ဖမ်းထားတဲ့လူ ၉ ဦးရှိနေတယ်လို့ သိရတယ်။ ရွေးထုတ်မယ်ဆိုရင် ၉ ဦးစာလုံး အကြေအလည် ငွေပေးနိုင်မှ လွတ်မယ်လို့ဆိုတယ်။ လက်လျှော့လိုက်ရပြန်ပြီ။
နောက်ဆုံး တောမောဂိတ်(ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး)ကနေ တဆင့် မြဝတီဘက်ကို ပြန်သွန်တော့မှပဲ သွားခေါ်လိုက်ရတယ်။
ပြန်လွတ်ပြီဆိုတော့ သူတို့ ခရီးဆက်ဖို့ စီစဉ်ရပြန်ရော။ သူငယ်ချင်းတဦး အဆက်နဲ့ ပွဲစားနောက်တယောက် ရှာရပြန်တယ်။ ဒီရက်မှာ အစစ်အဆေးများလို့ လူတယောက် တသောင်းခွဲရမှ ပို့ပေးနိုင်မယ်တဲ့။ သူတို့ ယောက်ျားတွေဆီ ဖုန်းဆက်မေးကြည့်တော့ သူတို့လည်း သဘောတူတယ်.. ဒါနဲ့ သွားဖို့ကိစ္စ ညှိနှိုင်းပြီး ထွက်ခွာမယ့် စုရပ်ကို ပို့ပေးရတယ်။ ဟိုရောက်ပြီးမှ ပွဲစားက စကားထပ်ဆိုလာတယ်။ တယေက်ကို နှစ်ထောင်စီ ထပ်တိုးပေးပါတဲ့။ အခြေအနေကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေတာကိုး။ တဖက်မှာလည်း လုံခြုံရေးတင်းကြပ်မှုက သူတို့ပြောတဲ့အတိုင်း မလွယ်တဲ့အနေအထား။ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ ထိုင်းအစိုးရအကြား မပြေမလည်မှု ဂယက်တွေပေါ့။
တချို့မိတ်ဆွေတွေက အကြံပေးကြပါတယ်။ ပတ်စ်ပို့ တရားဝင်လုပ်ပြီးမှ သွားရင် ပိုကောင်းတယ် တဲ့။ သူတို့ ပြောတာမှန်ပေမဲ့ အချိန်ပေးဖို့ ခက်နေတယ်။ ထိုင်းဘက်မှာ အလုပ်သမားလက်မှတ်မရှိ ဘာမရှိဆိုတော့ ပတ်စ်ပို့လုပ်ရင် ၂ ပတ်လောက်တော့ အနည်းလေး ကြာနိုင်တယ် လို့သိရတယ်။ ကျနော့်ရော ကျနော့်တူပါ ၂ ရက် ၃ ရက်ကြာရင် မဲဆောက်က ပြန်ကြရတော့မှာ... သူတို့ ၂ ယောက်ကို ဒီအတိုင်း စိတ်ချထားခဲ့နိုင်ဖို့မလွယ်။ ဒါကြောင့် ပွဲစားတောင်းတဲ့အတိုင်း ဈေးတိုးပေးလိုက်ရတယ်.. သူတို့ ဟိုကို ချောချောမောမော ရောက်တယ် ကြားမှ ရင်ထဲကအလုံးကြီး ကျမှာမို့လား...။
မဲဆောက်ကအပြန် ကားပေါ်မှာ တလျှောက်လုံး ကျနော်စဉ်းစားလာမိတယ်... မြန်မာပြည်မှာ အပြောင်းအလဲ တွေ ဒရစပ်ဖြစ်ပေါ်နေတယ်။ သမ္မတကြီး ကိုယ်တိုင်ကလည်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ ပြည်တွင်း ပြန်ဝင်လုပ်ဖို့ တဖွဖွ ပြောဆိုနေတယ်။ အဲဒီအချိန် နယ်စပ်ဂိတ်တွေမှာ နေ့စဉ်မြင်တွေ့နေရတဲ့ လူအဝင်အထွက် အခြေအနေကို တချက်လောက် ငဲ့ကြည့်စေချင်တယ်။
ယနေ့ထက်တိုင် နွားနဲ့ဖက်ရုန်းနေရတဲ့ မြန်မာပြည်လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်နေ တောင်သူလယ်သမားတွေရဲ့ ဘဝဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာမှန်းမသိ.. အပြောင်း အလဲရဲ့ အရသာ ကောင်းကျိုးကိုလည်း နှမ်းတစေ့စာမျှ မခံစားရသေး.. နှစ်ပေါင်း ၅၀ ကျော် ငတ်တလှည့် ပြတ်တလှည့် နဲ့ ရွှံ့ဗွက်ထဲကမတက်ရအောင် ရုန်းကန်လှုပ်ရှားနေရပြီး ယနေ့ထက်တိုင်အောင် မျောက်လောင်းဘဝက မလွတ် မြောက်နိုင်ကြသေးဘဲ စပ်ကူးမပ်ကူးကာလမှာ အလူးအလဲခံနေရတာ အမှန်ပါပဲ ဗျာ...

(ဒီဖြစ်စဉ်လေးကို အရင်းအတိုင်း ဖော်ပြပေးရတာဟာ  ဒုက္ခဆင်းရဲတွင်းက  မလွတ်မြောက်နိုင်သေးတဲ့ လယ်သမားဘဝ ပုံရိပ်တချို့ကို သိစေချင်တာရယ်... စီးပွားရေးအခြေမလှလို့ တပြေတရွာထွက်ပြီး စီးပွားရှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားသူတွေ တဖက်နိုင်ငံမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်တွေးဆနိုင် စေချင်တာရယ်ကြောင့်ပါ..)
အားလုံးကို လေးစားလျက်...

ဝေမော်
၂၂ မေ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...