အနာဂတ်မဲ့နေသူများရဲ့ ဆန္ဒထုတ်ဖော်ပွဲ
by အား မာန် on Thursday, May 3, 2012 at 11:15am
စိမ်းမြနေတဲ့ သစ်ပင်ကြီးတွေ၊ ကညင်ပင်တွေကြားက နီရဲလှပနေတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လွမ်းစရာ ရှုခင်းပန်းချီကားတချပ်လို ဆွေးစရာကောင်းနေပါတယ်။
ဒုက္ခသည် စခန်းလေးကလည်း ကြေကွဲလို့နေပါတယ်။ သင်္ကြန်မတိုင်ခင်မှာ ဒုက္ခသည် စခန်းထဲကို UN အရာရှိရောက်လာပါတယ်။ ဒုက္ခသည်နဲ့ UN တွေ့ဖို့ မလွယ်ကူပါဘူး။ UN နဲ့ တွေ့ခွင့်ရဖို့ PRE အဆင့်ရှိတဲ့ ဒုက္ခသည်က စာရွက်ထပ်ရပါတယ်။ တာဝန်ရှိသူက တွေ့ခွင့်ပေးမှ တွေ့ရတာပါ။ နို့ဖိုးဒုက္ခသည်စခန်းမှာ ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက် ရှိပါတယ်။ ထိုင်းအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ NPO လက်မှတ်ရ ဒုက္ခသည်၊ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းခံထားတဲ့ PRE (ပရီသမား)၊ ဘာစာရင်းမှ သွင်းမထားသေးတဲ့ NO PRE (နိုးပရီသမား)တွေကို ကိုယ်စားပြုတဲ့လူ တရပ်ကွက်ကို ၃ ယောက် စခန်းရုံးကို လာဖို့ စခန်းတာဝန်ရှိသူတွေက ဆင့်ခေါ်ခဲ့ပါတယ်။
စခန်းရုံးကို ရောက်သွားတော့ UN တာဝန်ရှိသူက လက်ရှိ ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရ သဘောထားနဲ့ UN ရဲ့ သဘောထားကို ပြောပြပါတယ်။ စကားပြန်က ကရင်အမျိုးသမီး နော်ရှီးလာပါ။ UN အရာရှိ အမျိုးသမီးက ဂျပန် အမျိုးသမီးပါ။ သူက ခုလို စပြောပါတယ်။
“ထိုင်းအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ NPO ရှိတဲ့သူတိုင်းလည်း ဒုက္ခသည် အဖြစ် တတိယနိုင်ငံကို သွားရမယ်လို့ ကျိန်းသေတွက်ထားလို့ မရဘူး။ တတိယနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီမှ သွားရမယ်။
၂၀၀၉ ခုနှစ်မှာ ထိုင်းအစိုးရက နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ကိုးခုမှာ နို့ဖိုးအပါအဝင် ဒုက္ခသည်စခန်း
လေးခုကို UN ကို ချပေးတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံတာကို အသိအမှတ် ပြုပေးတဲ့ ပရီစာရင်း သွင်းပေးတာ၊ ပရီအဆင့်ရထားသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးဖို့် UN က ထိုင်းအစိုးရကို အဆက်မပြတ် တွန်းအားပေး ပြောဆိုပေမယ့် ထိုင်းအစိုးရက ငြင်းဆန်နေဆဲ ဖြစ်တယ်။
UN အနေနဲ့ တွေ့တိုင်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ တွန်းအားပေးနေပါတယ်။ ဒုက္ခသည်တွေ ကျေနပ်လောက် တဲ့ သတင်းကို ငါတို့မပြောနိုင်လို့ စိတ်မကောင်းဘူး။
မြန်မာနိုင်ငံ ပြောင်းလဲနေပြီဆိုတာ ငြင်းလို့မရဘူး။ မိမိ ဘယ်ဒေသက လာလဲ၊ မိမိ ဘယ်ကာလမှာ ဘာတွေ လုပ်ခဲ့သလဲ၊ မိမိတိုင်းပြည်ကို ဘယ်တော့ပြန်မလဲဆိုတာ စဉ်းစားထားပါ။ သတင်းအချက်အလက်တွေကို ဒုက္ခသည်က ရှာဖွေနားထောင်ပါ။ မိမိနိုင်ငံက အေးချမ်းပြီး တိုင်းပြည်က ပြန်ခေါ်ရင် ငြင်းဆန်ခွင့် မရှိဘူး။
UN ဒုက္ခသည်ကို တတိယနိုင်ငံဆိုတဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတာဟာ အခွင့်အလမ်းပေါ် တင်ပေးတာ၊ အခွင့်အရေး မဟုတ်ဘူး။
ထိုင်းအစိုးရကို အဆင့် ၄ ဆင့် UN က တင်ပြတယ်။ ပထမအဆင့် မိသားစု ပေါင်းစည်းရေး အစီအစဉ်ကိုတောင် ထိုင်းအစိုးရက ငြင်းဆန်နေဆဲပဲ ဖြစ်ပါတယ်” တဲ့။
ဒီစကားကို ကြားပြီး ဒုက္ခသည်စခန်းလေး ပိုမိုညှိုးငယ်သွားပါတယ်။ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူနဲ့ အသိအမှတ်ပြုထားခြင်း မခံရသေးသူနှစ်ဦး ချစ်ခင် ပေါင်းသင်းပြီး သားသမီးတွေ ပွားစည်းထားကြပါတယ်။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ခင်ပွန်းသည် အမေရိကန်နိုင်ငံကို ထွက်ခွာသွားတော့ သားသမီးနဲ့ဇနီးသည်တွေ စခန်းထဲ ကျန်ခဲ့တယ်။ ဒီမိသားစုနဲ့ ခြောက်လအတွင်း
ပြန်လည်ပေါင်းစည်းနိုင်တယ်လို့ ခန့်မှန်းပြီး ရင်သွေးကို ထည့်ပေးလိုက်တဲ့ မိခင်ကရင်အမျိုးသမီးလေး ခုချိန်ထိ ပြန်လည်ပေါင်း စည်းခွင့်မရသေးဘူး။ ခြောက်နှစ် ရှိပြီတဲ့။ သူ့လိုအလားတူ အဖြစ်အပျက်မျိုး ဒုက္ခသည်စခန်းထဲမှာ အများကြီးရှိနေပါတယ်။
အမေရိကန်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်စစ်ဆေးတဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ OPE, DHS ဆိုတဲ့ အင်တာဗျူးတွေဖြေပြီးတဲ့အပြင် လက်ခံစာရထားသူတွေ နှစ်နှစ်ကျော် သုံးနှစ် ရှိပါပြီ။ သူတို့တွေလည်း သားသမီးလေးတွေ ရင်ဝယ်ပိုက်ပြီး မိသားစုအတူတကွ နေထိုင်ဖို့ မျှော်လင့်နေကြပါတယ်။
အင်တာနက်ဆိုင်မှာ စနေ၊ တနင်္ဂနွေဆို မိသားစုတွေ အင်တာနက်ကတဆင့် စကားပြောကြတယ်။ အဖေရေ... အမေရေ...သားရေ...သမီးရေ...ဆိုတဲ့ အသံ တီတီတာတာ ချစ်စဖွယ်ပြောနေတဲ့ စကားသံတွေ နားထောင်ပြီး ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။ သားအတွက်၊ သမီးအတွက် အလုပ်လုပ်နေတာ။ ဖေကြီး ပြန်လာရင် အရုပ်ဝယ်ခဲ့နော်၊ မုန့်ဝယ်ခဲ့နော်လို့ မှာနေသံတွေကလည်း အပတ်စဉ်ပါ။
သားသမီး ထည့်လိုက်ရင် မိသားစု ပေါင်းစည်းရေး မြန်တယ်ဆိုပြီး ထည့်ပေးလိုက်တာ။ ခုချိန်ထိ မမြင်ရလို့ စိတ်ဝေဒနာ
ဖြစ်နေတဲ့ မိန်းကလေးရဲ့ ရင်ဖွင့်သံကို ဧပြီ ၂၅ ရက်နေ့ နို့ဖိုး ဒုက္ခသည် စခန်းရဲ့ “အနာဂတ်မဲ့ နေသူများရဲ့ ဆန္ဒ ထုတ်ဖော်ပွဲ” မှာ ကျမတို့ ကြားခဲ့ရတယ်။
အသက် ၂၀ ကျော် ကရင်အမျိုးသမီးလေးရဲ့ ရင်ဖွင့်သံကတော့ “ကျမတို့ကို ပြန်ပို့မယ် ပြောနေတယ်။ ကျမ အဖေနဲ့ အမေက ထိုးစစ်တိုက်စစ်ကြောင့် သေသွားပြီ။ ကျမက မိဘမဲ့ အဖြစ်နဲ့ ဒုက္ခသည် စခန်းထဲမှာ ကြီးပြင်းလာရတာ။ ကျမရဲ့ပညာရေး ဘယ်မှာလဲ။ ကျမရဲ့တိုးတက်မှု ဘယ်မှာလဲ။ ကျမတို့ဘဝမှာ မရေရာခြင်း၊ မသေချာခြင်းနဲ့ ဒုက္ခသည်ဘဝကို နေ့စဉ် နိုးထရတယ်”
“ကျမတို့စခန်းထဲမှာ လူ တသောင်းကျော် ရှိတယ်။ ဆန္ဒထုတ်ဖော်ပွဲကို လူ ၂၀၀ ကျော် တက်တယ်။ ကျမတို့ အားလုံး ဆီမှာ အကြောက်တရား ကြီးစိုးနေတယ်။ ဒီလိုလုပ်ရင် ငါတို့ကို ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမယ့် ကျန်တဲ့လူတွေက သူတို့တဲအိမ်လေးတွေထဲကနေ ကျမတို့လုပ်ရပ်ကို ထောက်ခံနေတယ်။ ကျမတို့ လူ ၂၀၀ ကျော်ရဲ့ ဆန္ဒနဲ့ တဲအိမ်လေး ထဲကနေ စောင့်မျှော်နားစွင့်နေတဲ့ လူတသောင်းကျော်ရဲ့ဆန္ဒ ထပ်တူကျပါတယ်။
ကျမတို့ကို လူ့အခွင့်အရေးလို့ ပြောနေသူတွေက လူ့အခွင့်အရေးတွေ မပေးဘူး။ ဒုက္ခသည် စခန်းထဲမှာ ကျမတို့ကို မသေမရှင် ထားထားတယ်။ ရိက္ခာဆီ လစ်ဝက်က (၁၅ကျပ်သား)၊ ဆန်တပုံး (ရှစ်ပြည်) နဲ့ကျမတို့ ဘယ်လို အသက်ရှင်မလဲ။
အလုပ်ထွက်လုပ်ခွင့် ဒုက္ခသည်မှာ မရှိဘူး။ ကျန်းမာရေး၊ ပညာရေး၊ ကျမတို့အတွက် အာမခံချက် မရှိဘူး။ ဒီလိုအခြေအနေအတိုင်း ကျမတို့ ဘယ်အထိ နေရမလဲ။
ဒီနေ့လို ဆန္ဒထုတ်ဖော်ရတာမှာ ကျမတို့တွေ တောကြီးမျက်မည်းထဲက ဒုက္ခသည် စခန်းထဲမှာ ရှိနေကြပါလား။ ဒီလူတွေအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ပေးသင့်တယ်လို့ ကြားရ မြင်ရသူတွေ စဉ်းစား အကြံပေးနိုင်အောင် ဖော်ထုတ်တာပါ။ ကျမတို့ကို ကူညီပါ။
ကျမလို လူငယ် မိန်းကလေး၊ ယောက်ျားလေးတွေ ပညာရေးအတွက် အနာဂတ် မဲ့နေကြတယ်။ စခန်းထဲက ဆယ်တန်းအောင်လက်မှတ်က ဘယ်နေရာမှ အကြုံးမ၀င်ဘူး။ ကျမတို့လို လူငယ်တွေရဲ့ ပညာရေး တိုးတက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ လူသားတယောက်ဟာ လူသား တယောက်ရဲ့ အခွင့်အရေးကိုပဲ ရချင်ပါတယ်ရှင့်”.....။
UN တာဝန်ရှိသူတွေရဲ့ ကင်မရာ မီးရောင်အောက်မှာ နို့စို့ကလေးကို နို့တိုက်ကျွေးနေတဲ့ မိခင်တွေ၊ ဖိနပ်တောင် စီးမထားနိုင်တဲ့ ကလေးငယ်တွေရဲ့ မျက်ဝန်းတွေက စကားလုံး ရာထောင်ချီပြီး ပြောနေပါတယ်။
အနှစ်နှစ်ဆယ်ကျော်နီးပါး ဒုက္ခသည်စခန်းထဲမှာ စခန်း လေးခု ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော် ကိုဝင်းကိုရဲ့ “မိခင်တိုင်းပြည်မှာ ကျနော့်မိဘဆွေမျိုးတွေ ရှိကောရှိသေးရဲ့လား။ ကျနော့်ကို ဆီးကြိုမယ့် အိမ်၊ မိသားစု ကျနော့်မှာရှိမရှိ မရေရာမသေချာဘူး။ ကျနော့်ဘ၀ သုံးပုံ နှစ်ပုံဟာ ဒုက္ခသည်အဖြစ် ပေးဆပ်နေရတာ။ ကျနော်
သေနတ်ပစ်၊ မြေဖြူကိုင်ပြီး တော်လှန်ရေး နယ်မြေမှာ ကျောင်းဆရာလုပ်ခဲ့တာ။ ခု ကျနော့်သား နှစ်ယောက် အတွက် ကျနော် ဘာမှ လုပ်မပေးနိုင်တာကို ယူကြုံးမရဘူးဗျာ။”
တပ်ပြေးအဖြစ် ဒုက္ခသည်စခန်းထဲမှာ ခုနှစ်နှစ်ကြာ နေထိုင်နေရသူ ကိုရဲမင်း စကားက ဒုက္ခသည်တွေရဲ့ အမှတ်အသား ပုံရိပ်တွေပါပဲ။
“ငှက်ကလေးတကောင် အတောင်အလက်မစုံဘဲ အသိုက်ထဲကနေ ပြုတ်ကျလာလို့ ကောက်မွေး လိုက်တယ်။
လှောင်အိမ်ထဲထည့်ပြီး အစာကျွေး ရေတိုက်လုပ်ပေးတယ်။ အတောင်လည်း စုံပြီး တောတောင်ထဲ သဘာဝအတိုင်း
ပြန်သန်းကြည့်ဖို့ နုပျိုတဲ့အရွယ်နဲ့ ကျယ်ပြန့်တဲ့ ကောင်းကင်ရှိဖို့ လိုတယ်။ ဒါ သဘာဝပဲ။ ဒါပေမယ့် ငှက်ကလေး ပျံသန်းခွင့် မရဘူး။ သူ့မှာရှိတဲ့ အတောင်ကို ဖြန့်မကြည့်ဘဲနဲ့ ဘယ်လောက်အမြင့်ထိ ပျံနိုင်တယ်ဆိုတာ ငှက်ကလေး မသိဘူး။ မိမိ အတောင်ကို ဖြန့်ခွင့်မရလိုက်ဘဲ ငှက်ကလေး သေသွားတယ်။ အဲဒီငှက်ကလေးလိုမျိုး ငါတို့ ခံစားနေရ တယ်” တဲ့။ ။
နှင်းပန်းအိမ် | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၀၂ နာရီ ၂၇ မိနစ်
0 comments:
Post a Comment