Thursday, May 3, 2012

မျောက်ထောင်တဲ့ နည်းတစ်နည်း


by Aung Lat on Thursday, May 3, 2012 at 6:13am


မျောက်ထောင်တဲ့ နည်းတစ်နည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသဗျ။ သည်လို…

အုန်းသီးတစ်လုံးကို အလုံးမပျက်စေဘဲ အတွင်းက အသားတွေကို ခြစ်ထုတ်လိုက်တယ်။ ပြီးတော့ အဲ့ဒီအုန်းသီးကို သစ်ပင်မှာဖြစ်ဖြစ်၊ မြေကြီးပေါ် စိုက်ထားတဲ့ စို့တစ်ခုမှာဖြစ်ဖြစ် ကြိုးတန်းလန်းနဲ့ ချည်ထားတယ်။


အုန်းသီးရဲ့ အောက်ခြေမှာကျတော့မှ အပေါက်ရှည်ရှည်ကလေး တစ်ပေါက် ဖောက်ပြီး အုန်းသီးထဲကို အစာထည့်ထားလိုက်တယ်။ အဲဒီအပေါက် ရှည်ရှည်လေးက မျောက်ရဲ့ လက်ဝါးတစ်ဝါးစာ ၀င်သာရုံ၊ ဟတယ်ဆိုရုံလေး ဖောက်ထားတာ။ လက်သီးဆုပ်ဆိုရင် မ၀င်သာဘူး။ ထွက်လည်း မထွက်သာဘူးပေါ့ဗျာ။

အဲလိုနဲ့ အုန်းသီးကို အသာလေးချထားလိုက်တယ် ဆိုရင်ပဲ အစာနံ့ရတဲ့ မျောက် ရောက်လာတော့တာပဲ။ အုန်းသီးထဲမှာ အစာရှိမှန်း ကိုရွှေမျောက်က သိသပေါ့။ သည်မှာတင် ခက်ခက်ခဲခဲ အပေါက်ထဲ သူ့လက်ကလေး ထိုးထည့်လိုက်တယ်။ ပြီးတော့ အစာကို စမ်းတယ်။ တွေ့တယ်။ ဆုပ်တယ်။ လက်ကို ပြန်နုတ်တယ်။ မရဘူး။

ပြောပါပကော။ အပေါက်ကလေးက ဟတယ် ဆိုရုံကလေး ဖြစ်နေအောင် သေချာလုပ်ထားတဲ့ အပေါက်ကလေးလေ။ လက်တစ်ဝါးစာ ၀င်သာပေမယ့် ဆုပ်ထားတဲ့ လက်ကျတော့ မ၀င်သာ မထွက်သာတဲ့ အပေါက်။ ဒါပေမယ့် ကိုရွှေမျောက်အတွက်ကျပြန်တော့လည်း အစာက မက်စရာ။ အစာလိုချင်လို့ လက်ကို ထည့်လိုက်တာပဲ။ အဲဒီအစာကို ဆုပ်လျက်သားလေးအတိုင်းပဲ လက်ကို ပြန်နုတ်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ကြိုးစားကြိုးစား လက်ကို နုတ်လို့ မရဘူး။

မျောက်ထောင်ဆရာတွေ ရောက်လာတဲ့ အခါမှာတော့ ကိုရွှေမျောက် ပျာသွားတယ်။ ဒါပေမယ့် သူ မပြေးနိုင်တော့ဘူး။ ဘယ်လိုမှ ပြေးလို့ မရတော့ဘူး။

တကယ်တော့ အဲဒီမျောက်ကို ဘယ်သူကမှ ဖမ်းတာ မဟုတ်ပါဘူး။ ဘယ်သူကမှ ပြေးလို့ မရအောင် လုပ်ထားတာ မဟုတ်ပါဘူး။ သူ့ဇော သူ့လောဘဇောကသာ သူ့ကို မလွတ်တမ်း ဖမ်းချုပ်လိုက်တာပါ။

အမှန်က ဆုပ်ထားတဲ့ လက်ကလေးကို ဖြည်လိုက်တာနဲ့ သူ့လက်ကို အသာလေး ပြန်ဆွဲနှုတ်လို့ ရပါတယ်။ သို့သော် ကိုရွှေမျောက်ရဲ့ လောဘဇောက သိပ်ကို ပြင်းနေတော့ ဆုပ်မိထားတဲ့ အစာကို လွှတ်လိုက်ရင် ငါလည်း လွတ်မှာပါလားဆိုတဲ့ စိတ်ကူးက မရနိုင်အောင် ဖြစ်နေတော့တာပေါ့။

အင်း… မျောက်က ဆင်းသက်လာတဲ့ ကျွန်တော်တို့တတွေလည်း အဲဒီ ကိုရွှေမျောက်နဲ့ ပိန်မသာ၊ လိမ်မသာပါပဲ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေထဲမှာ ကိန်းနေတဲ့ ဆန္ဒဇော အထွေထွေနဲ့ ကိုယ့်ဘာသာကိုယ် အကျဉ်းကျနေကြတာများ….။

တကယ်တော့ ကျွန်တော်တို့တွေလည်း လက်ကလေးဖြန့်လိုက်၊ ဆုပ်ထားတာလေးတွေကို လွှတ်လိုက်၊ သံယောဇဉ်တွေ ဖြတ်လိုက်မယ်ဆိုရင်….။

(၀န်ခံသမှု.. ကမ္မဌာန်းဆရာ Joseph Goldstein ရေးတဲ့ The Experience of Insight စာအုပ်ထဲမှာ တွေ့ရတာလေးတစ်ခုကို ဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာ ဖြစ်ပါတယ်။)

အတ္တကျော်
ဖတ်စရာဂျာနယ်၊ အမှတ် ၁၇၊ မေလ ၈ ရက်၊ ၂၀၀၅ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...