နွယ်
ရှင်းသန့်သော စိတ်ဟာ မာန်မာနမရှိဘူး။
ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော် တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို လိုလား စိတ်၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) တို့ရဲ့ ပြဿနာ အတွင်းပိုင်းထိ နက်နက် ရှိုင်းရှိုင်း ဝင်ရောက် ထားတဲ့ အဆို ဖြစ်တယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ပါ။ အဲ့အခါ တွေ့ ရမှာက – ကျနော်တို့ အားလုံး နီးပါး တစ်ကိုယ်တည်း အထီး တည်း ဖြစ် နေ တာ တွေ့ရ မယ်။ ကြောက်လန့် စရာ ကောင်းလောက်အောင် အထီးတည်း တစ်ဦး တည်း ဖြစ်နေ ပါတယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုရဲ့ အတွင်းပိုင်း ဟာ ဗလာ သက်သက် ဖြစ်တယ်။ အနှစ်သား မရှိဘူး။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။
ဆိုပါစို့။ ချစ်ခြင်း မေတ္တာ !!! အဲ့ဒီ ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား ပါတယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံ ဘူး လို့ နားလည်မိ ထားတဲ့ အသိ လူတိုင်းမှာ ရှိတယ်။ ဘဝရဲ့ အရင်းခံမှာ တွယ်ရာ မဲ့နေတယ် ဆိုတဲ့ အသိ ကျနော်တို့ ရင်မှာ တွယ်ညိရက်သား ရှိတယ်။ ဒါ့ကြောင့် လည်း ကျနော်တို့ ရရာ တစ်စုံတစ်ခုကို ဆွဲကိုင် စွဲမြဲ ထားလေ့ ရှိတယ်။ တွယ်ချိတ်တတ် တယ်။ တွယ်တာတယ်။
ဒီအချက် ဟာ မိသားစု တစ်စု ဘဝကို သာယာအောင် ပုံဖော်မယ် ဆိုတဲ့ မျော်လင့်ချက် တိုင်း ရဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံ ကို ကျနော်တို့ မှီခိုတတ် တယ်။ အိမ်လွမ်း သူ တွေ အများအပြား ရှိတယ်။ စင်စစ် မိသားစု တစ်စုရဲ့ - ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ အဲ့ဒီ အထီးတည်း ဖြစ်တည်နေမှု ဆိုတဲ့ ကျနော် တို့ အတွင်း သရုပ်ကို မမြင် ရအောင် - ကျနော် တို့ ဘဝ အရင်းခံ ကို အဝေးပို့ ပစ် တယ်။
အိမ်ထောင် ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ဆိုပါတယ်။ ဘာလို့ ဣဿာ၊ မစ္ဆရိယ ဖြစ်ရ သလဲ။ စင်စစ် သိမ်းပိုက်မှု ဆိုတဲ့ အတွင်း နောက်ကျောကို ထိုးခွဲကြည့်ပါ။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ "အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား" ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ ၊ မနာလို၊ ဝန်တိုစိတ် ရဲ့ သရုပ်သကန် တွန်းအား သာ ဖြစ်ပါတယ်။ ဟုတ်တယ် မဟုတ် လား။ ဒါ့ကြောင့် အေးမြတဲ့ ချစ်ခြင်း မေတ္တာရဲ့ နာမည်ကို အသွင်ခံယူပြီး - ဒီ ဣဿာ မစ္ဆရိယ စိတ်နဲ့ အစားထိုးတာဟာ အရုပ်ဆိုး လွန်းပါတယ်။ စင်စစ် မနာလိုမှု၊ ဝန်တိုမှု ဆိုတဲ့ ဒီအရာ၊ ဒီစိတ်ဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြု ထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းနေရတယ်။ ဣဿာ တန်ခိုးတွေနဲ့ မပူလောင်ဘူး။
မိသားစု တစ်ခု - ပျော်ရွှင်အေးမြမှု ရှိနေရင် အများ လေးစား တတ်ကြတယ်- ဟုတ်ပါတယ်။ မိသားစု အိမ်ထောင် သမှုကိုလည်း မြတ်နိုးတတ်ကြတယ်။ အဲ့ဒီ လေးစား မြတ်နိုးဖွယ်ခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ် ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော် ဖြည့်စွမ်းမှု ရှိတယ်။ သူ့ရဲ့ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု ကလည်း ရှိတယ်။ ကနေ့ အိမ်ထောင်ရေး တိုင်ဟာ နှောင်တွယ်မှု ကို အသားပေးတယ်။ တွယ်တာမှုကို အသားပေး ပါတယ်။ စင်စစ် နှောင်တွယ် တယ် ဆိုကရော ဘာလဲ။
နှောင်တွယ်မှု၊ လက်လွတ် မခံလိုမှု ဆိုတဲ့ အကြောင်းဟာ - တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အထီးကျန်နေတဲ့ မိမိ အဖြစ် ကို မိမိ သန္တာန် မှာ လက်မခံ နိုင်ဘူး လို့ ဆိုလိုတယ်။
ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်တဲ့ ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုတယ်။ ဒီလိုပဲ ပြောရပါမယ် ။ ဟုတ်တယ်ဟုတ် ? ။ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း ကောင်းကောင်း နားလည်သွား နိုင်ပါတယ်။
လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း စင်စစ် လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာ ကို သင်ယူ သမှု ပြုနိုင်တယ်။
ဒီနေရာမှာ – သင်ယူတယ် ဆိုတဲ့ အဖြစ်ကို ခင်ဗျား နားလည်ပါသလား။ သင်ယူခြင်း ဆိုတာ- စင်စစ် အချက်အလက်တွေ လိုက် စုစည်းတာ မဟုတ်ဘူး။ အချက်အလက်တွေ စုစည်းပြီး သိတာ နဲ့ သင်ယူတာ ဟာ မတူညီဘူး။ ကျနော်တို့ အသိပညာ၊ အသိသညာ ဗဟုသုတ လို့ ခေါ်တဲ့ အရာတွေဟာ စုစည်းထားနိုင်ပါတယ်။ ခင်ဗျား ခေါင်းခြောက်အောင် ကျက်မှတ်၊ တွဲစပ်၊ တွေးခေါ် နေနိုင် တယ်။ အချက်အလက် တစ်ခုကနေ အခြားအချက်အလက် တစ်ခုကို ကူးပြောင်းသွားနိုင်တယ်။ ဒါပေတဲ့ သင်ယူတယ် ဆိုတာ ကတော့ အချက်အလက် မဟုတ်ဘူး။ ခင်ဗျား မသိတဲ့ သန္တာန် တစ်ခု ကနေ သိမှု သက်သက်လေး ဆီ ကူးပြောင်းသွား တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိစ္စဓူဝ သင်ယူမှုဟာ အဲ့ဒီ အတိုင်း ဖြစ်မှသာ တကယ် သင်ယူမှု ဖြစ်တယ်။ ဟုတ်တယ်ဟုတ် ?
အစကို ပြန်သွားမယ်။ - ကျနော်တို့ ဘာလို့ မှီတွယ်ပါသလဲ။ စိတ် အတွင်းပိုင်းကို ငုံ့ဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ မှီခိုနေတာတွေ တော်တော်များများ ရှိနေတယ်။ ဥပမာ - မိမိ ယုံကြည်မှု အပေါ် မှီခို တယ်။ မိမိ နေထိုင်ပုံ စနစ် အပေါ် မှီခိုတယ်။ မိမိ စွဲမြဲရာ ဒဿန အပေါ် မှီခို တယ်။ ဒါကိုမှ မကျေနပ်သေးရင် - အခြား အမှီအတွယ် တစ်ခု ဆက်စပ် ထပ် ရှာ မယ်။
ဆိုစို့ - ကျနော် တို့ကို မျှော်လင့်ချက် ကောင်းတွေ ပေးနိုင်မလား ~ အဲ့လို ပေးနိုင်မယ့် ဆရာသခင် ရှိမလား ~ ဒါဆို ယုံကြည် လိုက် - ကိုးကွယ် လိုက်မယ်။ ပျော်ရွှင်မှု ရရှိနိုင်မယ် လို့ ထင်မိသလား ~ ထင်မိတာနဲ့ စူးစမ်းကြည့် ချင်စိတ် ဖြစ်လာတော့တယ်။ ဒါ့ကြောင့် ကျနော်တို့ ဟာ အမှီအတွယ် တစ်ခုကို အမြဲ မပြတ် ရှာဖွေ နေတာပဲ လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ တစ်စုံ တစ်ခုကို မှီတွယ် ရင်း လုံခြုံ စိတ်ချ နေတဲ့ အဖြစ် ကို အမြဲ ရလိုနေတာလဲ အမှန်ပဲ။ ဒါဆို ကျနော်တို့ စိတ်ဟာ အဲ့ဒီ အမှီ အတွယ် တွေ အပေါ် ကပ်ညိနေတယ် ဆိုတဲ့  တကယ့်လက်တွေ့ အတွက် ဒီ ညိတွယ်သမျှ၊ ဒီလိုနွယ်ပတ်နေ သမျှ၊ ဒီလို အညွှန်းဘောင် တွေကနေ လွတ်မြောက်ဖို့ ဆိုတာ ဘယ်လို နည်းနဲ့ ဖြစ်နိုင်မလဲ။
……………………….
Feb. 3rd. 2012 at 9:20 PM
………………………
— with Lin Lin Latt.
0 comments:
Post a Comment