Wednesday, May 23, 2012

လက်ရှိ မြန်မာ့ဒီမိုကရေစီ အခြေအနေ


by Lwin Aung Soe on Wednesday, May 23, 2012 at 7:40pm 

 လက်ရှိ မြန်မာ့ဒီမိုကရေစီ အခြေအနေ

ဒီမိုကရေစီဟာ အာဏာရှင်စနစ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာအစိုးရက ဒီမိုကရေစီကို ကျင့်သုံးနေပြီဆိုရင် အာဏာရှင်စနစ်မှာ ကျင့်သုံးခဲ့ဖူးတာ မှန်သမျှ ပြောင်းပြန် လုပ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ လူထုအကျိုးကို သယ်ပိုးပေးနိုင်မှာဖြစ်ပြီး လူထုထောက်ခံမှုကို ရရှိပါမယ်။ နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


အရင်နဲ့အခု ဘာကွာသလဲ

အရင်က ရွေးကောက်ပွဲ မလုပ်ပေးပါဘူး.. ဒါပေမယ့် အခု လုပ်ပေးခဲ့ပါပြီ။ တရားမျှတမှုနဲ့ သမာသမတ်ကျဖို့တော့ အများကြီး လိုအပ်နေခဲ့တာ အမှန်ပါပဲ။

အရင်က ပါးစပ်ကထွက်ရာ အမိန့်ဖြစ်ပါတယ် .. ဒါပေမယ့် အခု ဥပဒေပြုလွှတ်တော် ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှုကို ပြောဆိုလာကြပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ဆိုတာကို သိပ်သဘောကျတဲ့ ခေတ်ဖြစ်လာပါပြီ။

အရင်က ပြည်သူတွေကို နှိပ်ကွပ်ပါတယ် .. ဒါပေမယ့် အခု လူထုအကျိုးကို လက်တွေ့ကျကျ လုပ်စပြုလာပါပြီ။

အရင်က လူထုမသိအောင် ကိုယ်ကျိုးစီးပွားတွေကို ရှာခဲ့ကြပါတယ် .. ဒါပေမယ့် အခု ပွင့်လင်းမြင်သာမှုကို ရှောင်လွဲ မရတာကြောင့် လူမိခံရတဲ့အဖြစ်တွေ ထင်ထင်ရှားရှား ရှိလာနေပါပြီ။

အရင်က ပြည်သူတွေ ဆန္ဒပြရင် ပစ်ခတ်နှိမ်နှင်း သတ်ဖြတ်ပြီး ထောင်ချပါတယ် .. ဒါပေမယ့် အခု ဆန္ဒပြခွင့် ဥပဒေ ရှိထားပြီး ဖြစ်နေပါပြီ။ နည်းဥပဒေ မထုတ်သေးလို့ဆိုပြီး တရားဝင် ဆန္ဒပြခွင့် မရှိသယောင်ယောင် ထိန်းချုပ်ထားတာတော့ ရှိနေပါသေးတယ်။

အရင်က သတင်းလွတ်လပ်ခွင့် မရှိပါဘူး... အခု တော်တော်များများ ရှိလာနေပါပြီ။

အရင်က ၂ဝဝ၈ အခြေခံဥပဒေကို အာဏာရှင် ဓါးမိုးခေတ်မှာ ရေးဆွဲခဲ့ပါတယ် .. အခု အခြေခံဥပဒေကို ပြင်နိုင်အောင် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ သမ္မတကအစ ထုတ်ဖော်ဝန်ခံထားတဲ့ အချက်ပါ။

ဒီမိုကရေစီ နည်းလမ်းတကျ လုပ်တယ် ဆိုတာ ဘာလဲ

အာဏာရှင်လမ်းစဉ်အတိုင်း ကျင့်သုံးနေတာတွေကို ပြောင်းပြန်လုပ်လိုက်တာနဲ့ ဘယ်ဟာကိုမဆို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါက အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ လိုက်နာကျင့်သုံးရတဲ့ အခြေခံမူ (Principles) တွေ ရှိပါတယ်။ အကြမ်းအားဖြင့်ဆိုရင် တန်းတူညီမျှမှု ရှိရမယ်။ လွတ်လပ်ခွင့် ရှိရမယ်။ ပွင့်လင်းမြင်သာရမယ်။ တာဝန်ခံယူရမယ်။ သဘောကွဲလွဲမှုကို လက်ခံရမယ်။ သဟဇာတဖြစ်အောင် နေရမယ်။ အများသဘောကို လိုက်လျောပြီး အနည်းစုသဘောကို အလေးထားရမယ်။ အပြန်အလှန် ထိန်းကျောင်းတည့်မတ်မှု ရှိရမယ်။ တရားဥပဒေ စိုးမိုးမှု ရှိရမယ်။ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာနိုင်ရပါမယ်။

ဒါတွေကို ပြည်သူတဦးချင်းက ကျင့်သုံးရပါတယ်။ အစိုးရကလည်း ကျင့်သုံးရပါတယ်။ ပြည်သူရော အစိုးရကပါ တတိုင်းပြည်လုံး ကျင့်သုံးရင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာတာပါပဲ။

ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းလဲလိုက်တဲ့အခါမှာ ဒီမိုကရေစီ နည်းလမ်းတွေကို အစိုးရက ပြည်သူတွေထက် ပိုပြီး တိတိကျကျ ကျင့်သုံးရပါတယ်။ လျှော့ပေါ့သုံးစွဲလို့ မရပါဘူး။ လျှော့လိုက်တာနဲ့ တပြိုင်နက် ဒီမိုကရေစီ မဟုတ်တဲ့ အခြားနိုင်ငံရေးစနစ်တွေရဲ့ နည်းလမ်းတွေကို ဖြည့်စွက် အသုံးပြုသလို ဖြစ်လာပါတယ်။

ဥပမာ-ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ မဲကလိမ်ကျတာမျိုး၊ မဲမပေးနိုင်အောင်၊ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင်၊ နိုင်ငံရေးပါတီ မတည်ထောင်နိုင်အောင် ကန့်သတ်ချုပ်ချယ်တာမျိုး အစရှိတဲ့ အာဏာရှင်စနစ်ရဲ့ နည်းလမ်းတွေ ရှိနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဟာ မဖြစ်မနေ လုပ်ပေးရတဲ့ကိစ္စတွေမှာ ဒီမိုကရေစီကို အပြည့်အဝ မကျင့်သုံးချင်လို့ပါပဲ။ အဲဒီတော့ လစ်လပ်နေတဲ့ ဟာကွက်တွေမှာ အာဏာရှင်နည်းလမ်းတွေကို ဖြည့်စွက် ကျင့်သုံးဖို့ ဖန်တီးယူလိုက်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံးပြီဆိုရင် ဘာကိုမှ လျှော့လို့မရဘဲ အပြည့်အဝ ကျင့်သုံးမှသာ ဒီမိုကရေစီ စစ်မှန်တယ်လို့ ပြောနိုင်ပါမယ်။ 

ရာနှုန်းမပြည့် ဒီမိုကရေစီ ဆိုတာ ရှိတယ်.. ပြီးတော့ ဒီမိုကရေစီ အတုလည်း ရှိတယ်

ဒီမိုကရေစီ နည်းလမ်းတွေကို အပြည့်အဝ ကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံတွေ ရှိကြသလို ဒီမိုကရေစီကို အပြည့်အဝ မကျင့်သုံးတဲ့ နိုင်ငံတွေလည်း ရှိနေကြပါတယ်။ တကယ်လို့ ဒီမိုကရေစီကို သုံးတော့သုံးပေမယ့် ရာခိုင်နှုန်း အပြည့်အဝ မကျင့်သုံးရင် တပိုင်းတစ ဒီမိုကရေစီ (Quasi-democracy) (အသံထွက် - ခွဇိုင်) ဖြစ်လာပါတယ်။ သူ့ထက်ပိုဆိုးတာက ဒီမိုကရေစီ မရှိဘဲ ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီ အတု (Sham democracy) ဖြစ်ပါတယ်။

ကိုးကား -

ဘယ်လောက်ထိ တိုးတက်ပြောင်းလဲလာနေပြီလဲ

လက်ရှိမြန်မာနိုင်ငံရဲ့ အစိုးရလည်ပတ်ပုံ ယန္တရားဟာ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုလွှတ်တော်နဲ့ တရားရေး ဆိုပြီး အဓိက မဏ္ဍိုင်ကြီး ၃ ခုကို အခြေပြု လည်ပတ်နေတာ ဖြစ်ပါတယ်။ မှန်ကန်စွာ လည်ပတ်ခြင်း ရှိ-မရှိ စောင့်ကြည့် သတိပေးနိုင်တဲ့ မီဒီယာကိုလည်း စတုတ္ထမဏ္ဍိုင်အဖြစ် အားဖြည့်ထားပါတယ်။ ဒီမိုကရေစီကို အခြေခံကျကျ ဖြစ်ထွန်းနိုင်ဖို့အတွက် ပြည်သူနဲ့ တပ်မတော် အဖွဲ့အစည်းကိုလည်း ပဉ္စမ မဏ္ဍိုင်အဖြစ် သမ္မတ ဥိးသိန်းစိန်က ရည်ညွှန်းထားပါတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်ရင် ဒီမိုကရေစီ နည်းလမ်းတွေအတိုင်း အစိုးရယန္တရားကို လည်ပတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့နေရာ အနည်းငယ်လောက်မှာသာ ဒီမိုကရေစီ နည်းလမ်းတကျ လည်ပတ်နေတာ ရှိနေပြီး များသောအားဖြင့်မှာတော့ အရင်မြန်မာစစ်အစိုးရရဲ့ အာဏာရှင်လမ်းစဉ်အတိုင်း မပြုမပြင် ကျင့်သုံးနေတာကို တွေ့ရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ ဝါဒမှိုင်း ရိုက်ခတ်ထားခဲ့တဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းလာနေကြတာတွေကိုလည်း  အထိုက်အလျောက် မြင်တွေ့နေရပါတယ်။ 

ပြည်သူတွေထဲမှာတော့ ဒီမိုကရေစီ ဖြစ်ထွန်းမှုက ပိုမို အားကောင်းလာနေပါတယ်။ အထူးသဖြင့် လွတ်လပ်စွာ ဆုံးဖြတ် ပြောဆို ရေးသား ပြုမူတာတွေ၊ ပွင့်လင်း မြင်သာမှုတွေ ရှိလာပါတယ်။ တချို့ဆိုရင် မိမိလုပ်သမျှ တာဝန်ခံယူနိုင်တဲ့အထိ တိုးတက်လာနေကြပါတယ်။

ပြည်သူတွေဘက်က မြန်မာ့ဒီမိုကရေစီအရေးမှာ အသိသာဆုံး တိုးတက်မှုကတော့ တန်းတူညီမျှမှု ဖြစ်ပါတယ်။ လူသားအချင်းချင်း ခွဲခြားနှိမ့်ချမှု မရှိဘဲ တန်းတူညီမျှစွာ ဆက်ဆံလာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် တနိုင်ငံလုံး နေရာအနှံ့အပြားမှာ ဒုက္ခရောက်နေသူတွေကို ပရဟိတ စိတ်ဓါတ်နဲ့ ကူညီ ပံ့ပိုးပေးနေကြပါတယ်။ ဝမ်းသာစရာ ကောင်းတာကတော့ အစိုးရဟာ ဒီလိုပရဟိတလုပ်ငန်းတွေကို ပြည်သူတွေ လုပ်ဆောင်နိုင်အောင် ခွင့်ပြုပေးထားတာပဲ ဖြစ်ပါတယ်။

မီဒီယာဆိုရင်လည်း လွတ်လပ်ပွင့်လင်းမှုမှာ သိသိသာသာ တိုးတက်လာနေတယ်လို့ ပြောနိုင်ပေမယ့် အစိုးရ ထိန်းချုပ်မှုအောက်မှာတော့ ရှိနေတုန်းပါပဲ။

အရင်အတိုင်း မပြောင်းမလဲတာတွေလည်း ရှိနေသေး

တချိန်တည်းမှာ ပြည်ထောင်စုအစိုးရနဲ့ ဒေသခံအစိုးရ တာဝန်ရှိသူတချို့ဟာ အရင်အတိုင်း အာဏာရှင်ဆန်ဆန် မောက်မာစွာ ဆက်ဆံနေတာတွေ၊ အကျင့်ပျက် ခြစားနေတာတွေ၊ အာဏာအလွဲသုံးစားနေတာတွေ၊ အထူးသဖြင့် လယ်ယာမြေသိမ်းကိစ္စနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် အဓမ္မထိန်းချုပ်တာတွေ ရှိနေတုန်း ဖြစ်ပါတယ်။

တရားရေး မဏ္ဍိုင်ဘက်မှာဆိုရင် ပြန်လည်တည့်မတ်လာအောင် အတော်ကြီး လုပ်ယူရဦးမှာ ဖြစ်ပါတယ်။ အသိသာဆုံးကတော့ တရားစီရင်ရေးဘက်ကို စီမံအုပ်ချုပ်တဲ့ဘက်က ဝင်ရောက်စွက်ဖက်နေတာ ဖြစ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ရမ်းကားမှုနဲ့ မုဒိန်းမှု၊ လူသတ်မှုတွေကိုလည်း မထိန်းချုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဥပဒေပြု လွှတ်တော်ဘက်ကဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ လျော်ညီအောင် ပြုပြင်ဖို့ အရေးတကြီး လိုအပ်နေပြီး ခေတ်စနစ်နဲ့ မလျော်ညီတဲ့ တည်ဆဲဥပဒေ အတော်များများကို ပြုပြင်ဖို့လည်း မလုပ်ဆောင်နိုင်သေးဘဲ  ဖြစ်နေပါတယ်။ အထူးသဖြင့် စီမံအုပ်ချုပ်တဲ့ အစိုးရရဲ့ နည်းဥပဒေ၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ပြောင်းလဲစေနိုင်အောင် အပြန်အလှန် ထိန်းကျောင်းမှု အားနည်းနေဆဲပါပဲ။  

ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)

စားဝတ်နေရေး ကျပ်တည်းမှုဟာ အရင်အတိုင်း မတိုးတက်ဘဲ ဖြစ်နေတာကြောင့် ပုဂ္ဂလိက စက်ရုံတွေမှာ အလုပ်သမားတွေက လစာငွေ ပိုမိုတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ အဖြစ်များလာနေပါတယ်။ လျှပ်စစ်မီး ဖြတ်တောက်ခံရတာ များလာလို့ နေရေးထိုင်ရေး အဆင်မပြေကြတာကြောင့် လူထုဆန္ဒပြပွဲတွေလည်း မြို့ကြီးတွေမှာ ဖြစ်စပြုလာပါတယ်။ ဒါတွေကို ဖြေရှင်းတဲ့ နည်းလမ်းတွေဟာ ဒီမိုကရေစီ နည်းလမ်းတကျဖြစ်ဖို့ အားနည်းနေဆဲ ဖြစ်ပါတယ်။ အပေါ်ယံကြည့်လိုက်ရင်ဆန္ဒပြပွဲတွေကို ခွင့်ပြုသယောင်ယောင် ဖြစ်နေပေမယ့် အချို့အဖြစ်အပျက်တွေမှာ ဆန္ဒပြပွဲ မဖြစ်အောင် နည်းအမျိုးမျိုနဲ့ တားဆီးဟန့်တာ ပိတ်ပင်တာတွေလည်း ရှိနေတုန်း ဖြစ်ပါတယ်။

ပြည်သူတွေထဲမှာဆိုရင် လွတ်လပ်စွာ ပြောဆို ပြုမူ ရေးသားနိုင်တဲ့ လွတ်လပ်ခွင့်ကို တလွဲဆံပင်ကောင်း သုံးသူတွေ၊ ကိုယ်ကျိုးရှာသူတွေ ရှိလာတာကိုလည်း ဝန်ခံရပါဦးမယ်။

လွင်အောင်စိုး
၂၄-၅-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...