၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ထားသူတဦး (သို့) ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်
by Myat Thi Ha on Friday, May 25, 2012 at 9:53am
အင်ဂျီအို (NGO) ကြီးတွေ လုပ်နေသလိုပုံစံနဲ့တော့ ပေးတာ ကမ်းတာ၊ ကျွေးတာ မွေးတာ၊ လှူတာ တမ်းတာ၊ ဝေတာ ငှတာနဲ့တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့  ဘဝ မလွတ်မြောက်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်ကို ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အဝေးသင် ဒဂုံဌာနခွဲတွင် တက်ရောက် ပညာသင်ယူခဲ့ပြီး ဂုဏ်ထူးနဲ့ အောင်မြင်ကာ ၂၀၀၄ ခုနှစ်တွင် မဟာဥပဒေ အရည်အချင်းစစ် သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် မဟာဥပဒေပညာ (နိုင်ငံတကာ အထူးပြု - ပထမနှစ်) သင်တန်း အောင်မြင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် A Skeleton of Criminal Procedure Law (Comparative Study) အမည်ရှိ ဥပဒေကျမ်း ပြုစုခဲ့ပါတယ်။ ၂၀၀၇ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ အတွက် ရန်ကုန်အင်းစိန်ထောင်တွင် တလ ထိမ်းသိမ်းခံခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်တွင် နတ်မောက်မြို့နယ်က လယ်သမားလေးဦးအတွက် အမှုလိုက်နေစဉ် အာဏာပိုင်များက ဖမ်းဆီးကာ ထောင် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၀ မတ်လ ၅ ရက်နေ့တွင် ထောင်မှ ပြန်လွတ်လာပြီး ရှေ့နေလိုင်စင် ရုတ်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၁ အောက်တိုဘာလ ၂၇ ရက်နေ့တွင် လယ်ယာမြေ ဥပဒေမူကြမ်းအတွက် လယ်သမားတစုနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ရာ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရပါတယ်။
လူမှုအသိုင်းအ၀ိုင်းအတွက် ဆောင်ရွက်သူ ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်ဟာ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ပဏာမ ဆန်ကာတင် ငါးဦးစာရင်းတွင် ပါဝင်သူတဦး ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် စာရင်းဝင် ၅ ဦးအနက် မိမိဆန္ဒရှိရာ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို http://citizenofburma.org/ ကတဆင့် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ဆန္ဒမဲ ပေးနိုင်ပါတယ်။ ဆု ချီးမြှင့်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ မေလ ၂၇ ရက်နေ့တွင် ကျင်းပမှာ ဖြစ်ပါတယ်။
၂၀၁၂ ပြည်သူ့ဂုဏ်ရည် ပဏာမ ဆန်ကာတင် ရွေးချယ်ခံပုဂ္ဂိုလ်များအား ဆက်သွယ် မေးမြန်းပြီး ယနေ့မြန်မာတွင် ဖော်ပြဖို့ စီစဉ်ထားရာ ကိုဖိုးဖြူနဲ့ ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါတယ်။
ယနေ့မြန်မာ။ ။ပထမဦးဆုံးအနေနဲ့ ဘာ့ကြောင့် လူ့အခွင့်အရေးကိစ္စတွေအတွက် ရှေ့နေလိုက်ဖြစ်သလဲဆိုတာ ရှင်းပြပေးပါလား ခင်ဗျာ။
ကိုဖိုးဖြူ ။ ။ သူတို့ဘက်က လိုအပ်တဲ့ ဥပဒေရေးရာ ခုခံကာကွယ် ပေးဖို့အတွက် နိုင်သ၍ ကူညီတဲ့သဘောပါ။ နိုင်သ၍ အမှုလိုက် ပေးတဲ့သဘောပါ။ နောက် လိုက်ပါ ဆောင်ရွက်ရင်းနဲ့ ကြုံတွေ့ရတာကတော့ လေ။ အာဏာပိုင်တွေကိုယ်တိုင်က ဒီ ပြည်သူတွေနဲ့ဆိုင်တဲ့ လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေကို ချိုးဖေါက်ထားတာဆိုတော့ အာဏာပိုင်တွေက ဒီ အခွင့်အရေးတွေကို ကာကွယ်တဲ့ ခုခံတဲ့ ရှေ့ နေရှေရပ်တွေနဲ့ ဥပဒေရပ်ဝန်း အသိုင်းအဝိုင်းတွေကိုတော့ ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေ၊ နောက် ဘဝတွေ နှုတ်သိမ်းပစ်တာတွေ၊ ဒါတွေလဲ ကြုံရတာပေါ့ ဗျာ။ ဒါ့အပြင် ဖမ်းဆီး ထောင်ချတဲ့အဆင့်တွေ အထိတောင် ဆိုးဆိုးဝါးဝါး ကြုံရတာပေါ့ ဗျာ။ ဒါပေမဲ့ ကျွန်တော့အနေနဲ့ ဘာပဲပြောပြော အများကြီးသက်သာတယ်လို့ ထင်ပါတယ်။ကျွန်တော် ကြိုးစားရသလောက် အဆင်ပြေတယ်လို့ ထင်ပါတယ်။
ကျွန်တော် ထောင်ကျသွားပေမဲ့ ဧကတသောင်းကျော် ကျွန်တော် ပြန်ရတယ်။ ထောင်ကနေ ပြန်လွတ်လာတော့လဲ တချို့တချို့သောနေရာ ဒေသတွေမှာ ဧက တရာကျော်၊ နှစ်ရာကျော်လေးတွေ ပြန်ရတာတွေ ရှိတယ်။ အများကြီး ဆုံးရှုးတာ ရှိသော်လည်း ကျွန်တော် နိုင်သလောက်ကလေးတော့ ကျွန်တော် စွမ်းသလောက်လေးတော့ ကူညီနိုင်တယ် ပေါ့။ ကျွန်တော် တယောက်ထဲလဲ မဟုတ်ပါဘူး။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကလဲ ကျွန်တော့်လိုပဲ ဒီလို ကူညီနေကြတာပါဘဲ။
ယနေ့မြန်မာ။ ။ အခုလို အများအကျိုးအတွက် ဆောင်ရွက်ရင်း၊ စွန့်စား လုပ်ကိုင်ကြရင်းနဲ့ တခါတလေကျရင် အကျဉ်းကျတာမျိုး၊ နောက် အာဏာပိုင်တွေနဲ့ အဆင်မပြေမှာ စိုးရိမ်တာမျိုးအပြင် အခြားအကြောင်းကြောင်းတွေကြောင့် တချို့တွေကျတော့ ဆက် မလုပ်နိုင်တာတွေ တွေ့ရတယ် လေ။ သို့သော် ကိုဖိုးဖြူ အနေနဲ့က တစိုက်မတ်မတ် ဆက်ပြီးတော့ လုပ်နေတာမျိုး မြင်ရတဲ့အခါ ဘယ်လိုမျိုး ခွန်အားတွေကနေ ဒီလိုမျိုး လုပ်ဖြစ်သွားလဲ ပေါ့နော်။ အဲဒါလေး ရှင်းပြပေးပါ။
ကိုဖိုးဖြူ ။ ။ အမှန်အတိုင်း ပြောရရင်တော့ အချက်နှစ်ချက် တော့ ရှိပါတယ်။ ထောင်မကျခင်ကလဲ ဟိုနစ်နာသူဘက်က ထိခိုက်သူဘက်က တရားမျှတမှု ရအောင် နိုင်သ၍ ကြိုးစားမယ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရှိတယ်။ ပြန်ထွက်လာတဲ့ အခါကျတော့လဲ ဘာဘဲပြောပြော သူတို့ကို နိုင်သ၍ လောက်ကို ကူညီအုန်းမယ်လေ ဆိုတဲ့ သဘောထားနဲ့ စိတ်စေတနာထားတယ် ပေါ့။ သို့သော်ငြားလည်း တပိုင်းက ရပ်တည်ဘို့ဆိုတဲ့ ကိစ္စတော့ ရှိတာပေါ့ လေ။ အသက်မွေးဝမ်းကြောင်း ကိစ္စမျိုး ရှိတာပေါ့။ မိသားစုတွေ မိဘတွေဘက်ကတော့ ဘာဘဲပြောပြော ပညာ ဆက်သင်စေချင်တာ ပေါ့။ မဟာတန်းကလဲ ကျောင်းထုတ်ခံရတယ်ဆိုတော့ ဆက် ပညာသင်ရတဲ့ ကိစ္စမျိုးတွေ လုပ်စေချင်တယ်ပေါ့။ ကျွန်တော့်ဘက်ကလည်း လုပ်ချင်ပါတယ်။ တကယ်တော့ ကျွန်တော် ပညာ ဆက်သင်ချင်နေပါပြီ။
သို့သော် ကျွန်တော်တို့ ဆီမှာရှိတဲ့ ဒီအလုပ်သမားတွေဘက်က အလုပ်သမား အခွင့်အရေး အပြည့်အဝ မထူထောင်နိုင်သေးတာ၊ လယ်သမားတွေဘက်ကလဲ လယ်ယာမြေတွေ လက်လွတ် ဆုံးရှုံးမှု၊ အသက်မွေးဝမ်းကြောင်းဘဝ ဆုံးရှုံးနေတာ ဒါလေးတွေကို ရပ်တည်နိုင်ဘို့ အတွက် ကျွန်တော့ဘက်က အသက်မွေးဝမ်းကြောင်း လုပ်ငန်းလေးတပိုင်းနဲ့ တခြားသူငယ်ချင်းတွေနဲ့ တွဲပြီးတော့ ကျွန်တော်နိုင်သ၍လေးကို ဆောင်ရွက်ပေးနေတဲ့ သဘောပါ ဗျာ။
ကျွန်တော်ရဲ့  ပင်မ စိတ်စေတနာကတော့ တရားမျှတမှုကို နိုင်သ၍ ရအောင် ရှာဖွေမယ်ဆိုတဲ့ သဘောလောက်ပါ ပဲ။ အဲဒီလိုမျိုး ရေရှည် လုပ်နိုင်ဘို့တွက်လည်း ကူညီကြတဲ့ နိုင်ငံတကာ ရပ်ဝန်းအသိုင်းအဝိုင်းက မိဘပြည်သူတွေကိုလဲ ကျွန်တော်အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ် ဗျာ။
ယနေ့မြန်မာ။ ။ အခုလိုမျိုး လုပ်ကိုင်ရင်းနဲ့ စိတ်ဓါတ်ကျသွားတာ၊ အခက်အခဲတွေ တွေ့တဲ့အခါ ဆက်ပြီး မလုပ်ချင်တော့တာ စသည်ဖြင့် ကြုံဘူးပါသလား ခင်ဗျ။
ကိုဖိုးဖြူ ။ ။ ကျွန်တော် ကြုံခဲ့ဘူးပါတယ်။ ကျွန်တော် ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျွန်တော်တို့ တောင်သူလယ်သမားတွေနဲ့ အတူတူ ဆန္ဒပြပါတယ်။ စီမံခန့်ခွဲရေး လမ်းကြောင်းမှာလဲ ဥပဒေကြောင်းအရ ဘယ်လိုမှ တောင်းဆို အရေးဆိုလို့ မရတော့ဘူး။ နောက်တခါ တရားစီရင်ရေးမှာလဲ ဘယ်လိုမှ အရေးဆိုလို့ မရနိုင်တော့ဘူး။ နောက်တခါ ဥပဒေပြုရေးကို အရေးဆိုပြန်တော့လည်း ဥပဒေပြုလွှတ်တော်မှာ လာရောက်ပြီးတော့ ဝန်ကြီးက လာ လိမ်နေတယ်။ ပြီးတော့ တောင်သူလယ်သမားတွေ တကယ် ထိခိုက်နစ်နာတွေတဲ့ဘဝက တခြား၊ ဝန်ကြီးတွေက လွှတ်တော်မှာ လာလိမ်တာက တလွဲ ဆိုတော့ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ ဥပဒေကြောင်းအရ ဆောင်ရွက်စရာ ရွေးချယ်စရာ ဘာမှ မရှိတော့ဘူး ဖြစ်သွားပါတယ်။
ဒါကြောင့် ဥပဒေပညာကို ကိုးစားခဲ့ပြီးပြီ၊ သို့သော်ငြားလည်း ဘယ်လိုမှ အဖြေကလဲမထွက်တဲ့အတွက် ကျွန်တော်တို့ လက်ရုံးရည် ကျွန်တော်တို့ ရဲ့  ကြွက်သားတွေ ကိုးစားရတဲ့ အလုပ်ကို ရောက်လာပါတယ်။ အဲဒီအခါမှာ ထွက် ဆန္ဒပြရပါတယ်။ ကျွန်တော့်ကို ဖမ်းသွားပါတယ်။
ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုကို ပြုလုပ်ပါတယ်။ ကျွန်တော့်ကို တိုက်တဲ့ရေထဲမှာ အမျိုးအမည် မသိနိုင်ဘဲနဲ့ ကျွန်တော့် စိတ်ပိုင်းဆိုင်ရာ စိတ်တွေ လှုပ်ရှားစေတဲ့ နှလုံးတွေ ခုန်စေတဲ့ စိတ်ပိုင်းဆိုင်ရာကို ကျသွားစေတဲ့ ရေမျိုး ကျွန်တော် သောက်ခဲ့ရပါတယ်။ ပြန်ထွက်လာတဲ့အခါမှာ ဘာမှ မလုပ်ချင် မကိုင်ချင်အောင် ကျွန်တော် စိတ်ကျတာမျိုး ဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့လို့ ကျွန်တော့်ရဲ့  တောင်သူလယ်သမားတွေ၊ မိဘရပ်ဝန်း အသိုင်းအဝိုင်းတွေက ဝိုင်းပြီး ဆေးကုကြတဲ့အတွက် ကျွန်တော် ပြန် ကောင်းလာပါတယ်။ ဒိအတွက်ကြောင့်မို့ နိုင်ငံတကာ ရပ်ဝန်း အသိုင်းအဝိုင်းကိုရော၊ တစိုက်မတ်မတ် ကူညီ စောင့်ရှောက် ပေးနေကြတဲ့ မီဒီယာအသိုင်းအဝိုင်းကိုရော၊ နောက် တောင်သူလယ်သမားတွေက ဝိုင်း ဖေးမပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ အမြဲတမ်း မြင့်တင်ပေးနေတဲ့ တောင်သူလယ်သမား အသိုင်းအဝိုင်းတွေကိုရော ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ဗျာ။
ယနေ့မြန်မာ ။ ။ ဒီနှစ် ၂ဝ၁၂ ခုနှစ်မှာ ပြည်သူ့ ဂုဏ်ရည် ပဏာမ ရွေးချယ်တဲ့ ငါးဦးထဲက တဦးအဖြစ် ကိုဖိုးဖြူကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ဒီလို ရွေးချယ်ခံရခြင်းနဲ့ ပတ်သက်ပြီး ကိုဖိုးဖြူအနေနဲ့ ဘယ်လို ခံစားရပါလဲ ခင်ဗျ။
ကိုဖိုးဖြူ ။ ။ ကျွန်တော့်လုပ်ငန်းက သူတို့က လူထုအကျိုးဆောင် ရှေ့ နေ၊ ဘာညာ ရေးသားပေမဲ့ တကယ်တမ်း အစစ်အမှန်က ကျွန်တော့် လုပ်ငန်းက နိုင်ငံသား လွတ်လပ်ခွင့် ဆိုင်ရာ၊ ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကို ကျွန်တော် လုပ်ရတာမျိုး ပါ။ ကျွန်တော် ခံယူမိတာလေးကို ကျွန်တော် ရိုးရိုးသားသားလေး ပြောပါရစေဗျာ၊ အဲဒါတချက်ထဲ ပါ။ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်ခွင့်တွေ၊ ကျွန်တော်တို့ လိုချင်တဲ့ လူ့အခွင့်အရေးတွေ၊ ကျွန်တော်တို့လိုချင်တဲ့ လူမှုစီးပွါးအခွင့်အရေးတွေဆိုတာသည် မွေးရာပါ အခွင့်အရေး မဟုတ်ပါဘူး။ သဘောတရားအရ အတွေးအခေါ်အရ လူ့ အခွင့်အရေး အတွေးအခေါ်သဘောတရားအရသာ မွေးရာပါ အခွင့်အရေး ဖြစ်နေတာပါ။
တကယ်တမ်း အစစ်အမှန်မှာ စလုံးကနေ စရတဲ့ သုံညကနေ စရတဲ့ အနှုတ် ၃၊ ၄၊ ၅၊ ကနေ စရတဲ့ ဘဝတွေ ပါ။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် လူ့အခွင့်အရေး လူမှုလွတ်လပ်ခွင့် လူမှုစီးပွါးလွတ်လပ်ခွင့်ဆိုတာဟာ အာဏာပိုင်အစိုးရ ခွင့်ပြုမှ၊ ကျင့်သုံးခွင့်ရမဲ့ အရာ ဖြစ်ပါတယ်။
ဒီ အခွင့်အရေး ရရှိဖို့၊ လွတ်လပ်ဖို့၊ ဒီ တရားမျှတမှုကို ရဖို့အတွက်ဆိုရင် အဲဒီ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ အဲဒီ တရားမျှတမှုတွေကို အစိုးရက အသိအမှတ်မပြုလို့ အံတုရတဲ့ ရင်ဆိုင်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီလို အံတုရတဲ့ ရင်ဆိုင်ရတဲ့ လုပ်ငန်းသည် အစိုးရအသိအမှတ် မပြုမခြင်း ကျွန်တော်တို့ အံတုရတာပါ။ ရင်ဆိုင်ရတာပါ။ အားပြိုင်ရတာပါ။ ကြိုးစား အားထုတ်ရတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာရပ်ဝန်းက ပဏာမ ရွေးချယ်ထားတယ်ဘဲ ဆိုစေဦးတော့ ပြည်တွင်းထဲမှာ ရှိနေကြတဲ့ ပြည်သူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကို ပြည်သူ့ရပ်ဝန်း အသိုင်းအဝိုင်း၊ နိုင်ငံတကာရပ်ဝန်း အသိုင်းအဝိုင်း၊ မြန်မာပြည်သူ ရပ်ဝန်းအသိုင်းအဝန်း က စိတ်ဝင်တစား အာရုံစိုက် ခံထားရတယ် ဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်စေတယ်။
ဒီနည်းအားဖြင့် မြန်မာပြည်သူတွေရဲ့ လူထုစီပွား လွတ်လပ်ခွင့် တွေ၊ တရားမျှတမှု တွေ၊ လွတ်လပ်ခွင့် ရရှိရေး တွေ။ အဲဒါတွေကို အစိုးရက အသိအမှတ်ပြုရေးအတွက် အများကြီး တွန်းအား ဖြစ်စေနိုင်တယ်။ အထောက်အပံ့ ဖြစ်စေနိုင်တယ်။ အသိအမှတ်ပြုသော ဥပဒေတွေ ကျင့်သုံးသော အုပ်ချုပ်ရေးတွေ အာဏာ သက်ဝင်စေသော တရားစီရင်ရေးတွေ ပေါ်ပေါက်လာမယ်လို့ မျော်လင့်မိကြောင်းပါ ဗျာ။
ယနေ့မြန်မာ ။ ။ နိဂုံးချုပ်အနေနဲ့ လူမှုအခက်အခဲတွေကို တွန်းလှန်နေရတဲ့ ပြည်သူလူထုတွေ၊ နိုင်ငံတကာက မြန်မာ့အရေး ကြိုးစားနေသူတွေအားလုံးကို အမှတ်တရတခုခု ပြောကြားပေးပါလား ခင်ဗျာ။
ကိုဖိုးဖြူ။ ။ ကျွန်တော်ပါးချင်တဲ့ စကားလေးက သုံးခွန်း ပါးချင်ပါတယ်။ ၃ ခွန်း ပါးချင်ပါတယ်။ အဲဒီပါးချင်တဲ့စကားက လွတ်လပ်ခွင့်ကို၊ တရားမျှတမှုကို၊ လူ့အခွင့်အရေးကို အလှူအတမ်း လုပ်လို့မရပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ လှူတာတမ်းတာ ပေးတာ ကမ်းတာ ကျွေးတာမွေးတာ ဝေတာ ငှတာ နဲ့ ပြည်သူတွေမလွတ်လပ်ဘူး။ ပြည်သူတွေ တရားမျှတမှုတွေ ရလာမှာ မဟုတ်ဘူး။ လူ့အခွင့်အရေးတွေ ကျင့်သုံးခွင့်တွေ ရလာမှာ မဟုတ်ဘူး။ တရားမျှတတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ပေါ်ပေါက်လာမှာ မဟုတ်ဘူး၊ အဲဒီလို ပေါ်ပေါက်လာဖို့ ဖြစ်ထွန်းလာဖို့အတွက်ဆိုရင် တရားမျှတတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ပေါ်ထွန်းလာအောင် ကျွန်တော်တို့ အစိုးရနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အစိုးရနဲ့ ကျွန်တော်တို့တွေ အားပြိုင် ကြရပါလိမ့်ဦးမယ်။
ဒါ့အပြင် အဲဒီလို ပေါ်ထွန်းလာခဲ့ပြီ ဆိုရင်လဲ ပေါ်ထွန်းလာတဲ့ တရားမျှတတဲ့ ဥပဒေတွေကို အုပ်ချုပ်ရေးက အသိအမှတ်ပြု ကျင့်သုံးလာအောင် ကျွန်တော်တို့ ဝိုင်းဝန်း ကြိုးစားရပါလိမ့်ဦးမယ်။ တနည်းအားဖြင့် တရားဥပဒေစိုးမိုးအောင် လုပ်ရပါဦးမယ်။ အဲဒီလိုမှ အုပ်ချုပ်ရေးက မကျင့်သုံးပြန်ဘူးဆိုရင်လဲ လွတ်လပ်တဲ့ တရားစီရင်ရေးကနေတဆင့် အာဏာသက်ဝင် ကျင့်သုံးလာအောင် ကြိုးစားရပါအုန်းမယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ပေါ်လာရေးတွက် တွန်းအားပေးတဲ့ ဆောင်ရွက်ချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို ပြင်ဆင်ရပါလိမ့်ဦးမယ်။
ဒါကြောင့်မို့လို့ အခုလုပ်နေကြတဲ့ အေဂျင်စီကြီးတွေ အင်ဂျီအို (NGO) ကြီးတွေ လုပ်နေသလိုပုံစံနဲ့တော့ ပေးတာ ကမ်းတာ၊ ကျွေးတာ မွေးတာ၊ လှူတာ တမ်းတာ၊ ဝေတာ ငှတာနဲ့တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့  ဘဝ မလွတ်မြောက်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီကနေ့ အခြေအနေမှာ တချို့က သဒ္ဓါခံ၊ အပေးခံဘ၀ ရောက်အောင် လုပ်ပစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေက စိတ်ဓါတ်တွေ ပျက်စီးသွားတယ်။ ကိုယ့်အခွင့်အရေးအတွက် ကြိုးစားမယ့် ပြည်သူတွေ ဖြစ်မလာဘူး။ ဗိုက် ဓါးအထိုးခံမယ့် ရှေ့နေတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက် ရှာနေတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတယ်။ ဒီနည်းနဲ့တော့ ပြည်သူတွေရဲ့ဘ၀တွေဟာ ဒီမိုကရေစီကျင့်စဉ်၊ လူ့အခွင့်အရေးကျင့်စဉ်ထဲ ရောက်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ် ဗျာ။
ဆက်သွယ် မေးမြန်းခြင်း - ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ထားသူ တဦး ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင် - May 25 2012 08:43 AM EST
0 comments:
Post a Comment