ဘယ်သူဖန်တီးတာလဲ
တစ်နေ့သ၌ အမေရိကန်နိုင်ငံ လော့အိန်ဂျလစ်မြို့ရှိ ဇင်ဘုန်းတော်ကြီးကျောင်းသို့ ကျနစွာဝတ်စားထားသည့် ကိုးရီးယား လူကြီးလူကောင်းတစ်ယောက် ရောက်ရှိလာလေသည်။ သူ၏ ခပ်ရှည်ရှည် အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးဖြူဖြူတို့သည် သူအားပိုမိုခန့်ညား တောက်ပစေသည်ဟု ထင်ရလေသည်။ သူသည် အသင့်ယူဆောင်လာသော သစ်သီးပန်းခြင်းကြီးကို ဘုန်းတော်ကြီးအား ပေးအပ်လိုက်လေ၏။ ဘုန်းတော်ကြီးလည်း သူ့လက်ဆောင်ကို လက်ခံပြီးနောက် ဘုရားရှင်အား ဦးဦးဖျားဖျားကပ်လှူရန် ပြင်ဆင်လေသည်။ ဘုန်းတော်ကြီး၏ အပြုအမူကို မြင်သောအခါ လူကြီးက “နိုး..နိုး..၊ ဒါတွေဟာ ဗုဒ္ဓအတွက် လှူတာ မဟုတ်ပါဘူး၊ ဘုန်းတော်ကြီးအတွက် သီးသန့်ပေးလှူတာ ဖြစ်ပါတယ်” ဟု တူးတူးခါးခါး တားမြစ်လေသည်။ ဘုန်းတော်ကြီးလည်း “ ဒီလူကြီးတော့ ဗုဒ္ဓဘာသာဝင် ဟုတ်ဟန်မတူပေဘူး၊ အိုကေ၊ ကိစ္စမရှိဘူး၊ နည်းနည်းတော့ တီးခေါက်ကြည့်ဦးမှ ဖြစ်မယ်” ဟုအတွေးပေါက်ပြီး “ အာ၊ ကျေးဇူးပါပဲ၊ ဒါဆို အခန်းထဲပဲ ထည့်ထားလိုက်တော့မယ်” ဟုဆိုကာ သူ့အခန်းထဲသို့ သွားထားလိုက်လေသည်။
လူကြီးသည် ဗဟုသုတ အတော်အတန်နှံ့စပ်သူတစ်ဦး ဖြစ်လေသည်။ လက္ဘက်ရည်စားပွဲ၌ ထိုင်မိကြသည်မှစ၍ ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဝါဒ၊ ဗုဒ္ဓဝါဒများအကြောင်းကို မနားတန်းပြောလေတော့သည်။ ဘုန်းတော်ကြီး၏ အလှည့်ကား ပျောက်ဆုံးနေသကဲ့သို့ပင် ထင်ရလေ၏။ လူကြီးသည် ဆော့ခရတ္တိ၊ ပလေတို၊ အရစ္စတိုတယ်တို့ အကြောင်းကို ပေါ့ပါးလွယ်ကူစွာ ပြောဆိုနိုင်သကဲ့သို့ မော်ဒန်ဖီးစစ်၊ သိပ္ပံ၊ စိတ်ပညာ၊ စာပေရေးရာ များကိုလည်း ရေတံခွန်စီးသည့်နှယ် မနားတန်း ဆက်လက်ပြောဆိုနိုင်လေသည်။ ဘုန်းတော်ကြီးကား “ဟုတ်တာပေါ့၊ သိပ်ဟုတ်တာပေါ့၊ အမှန်ပါပဲ၊ မှန်လိုက်တာ၊ ဟုတ်ပါ့” ဟူသော စကားထောက်များမှလွဲ၍ ပြောဆိုစရာ တပေါက်မှ မသာခဲ့ချေ။ နောက်ဆုံးနှိုက် လူကြီးသည် လက္ဖက်ရည်ခွက်ကို လက်ညှိုးထိုးပြလိုက်ပြီး “ဇင်ဆရာတော်၊ ဒီခွက်ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ” ဟု မေးမြန်းလေသည်။ လူကြီး ကောက်ကာငင်ကာမေးလိုက်သော မေးခွန်းသည် ဇင်စတိုင်မေးခွန်း ဖြစ်နေ ရကား “ဒီလူကြီးဟာ ဇင်ဘုန်းကြီးများ ဖြစ်နေရော့သလား” ဟူသောအတွေးဖြင့် ဇင်ဘုန်းတော်ကြီးသည်ပင် အံ့သြသင့်သွားခဲ့လေသည်။
ဇင်ဘုန်းတော်ကြီး။ ။ အင်း၊ ဒီခွက် ဘယ်လိုကဘယ်လို ရောက်လာတယ်ဆိုတာ ခင်ဗျားသိပြီးသားဖြစ်မှာပေါ့။
လူကြီး။ ။ သိပ်သိတာပေါ့၊ တစ်ယောက်ယောက်က စတိုထဲကနေ ဒီနေရာကို ယူလာတာပေါ့။
လူကြီး၏ အဖြေသည် ဇင်စတိုင်အဖြေမျိုးမဟုတ်ခဲ့ချေ။ ဇင်ဘုန်းတော်ကြီးကား “ဒီလူကြီးဟာ အကြောင်းအရာ တော်တော် များများကိုတော့သိပါရဲ့၊ သို့ပေမဲ့ သူသိတာတွေက မပြည့်စုံပေဘူး၊ ဒီခွက်နဲ့ ပတ်သက်ပြီး သူ့မှာ ရှင်းလင်းတဲ့ သဘာဝအသိဉာဏ် မရှိဘူး။ သူဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲက စကားလုံးတွေ၊ သဘောထားတွေကိုလောက်ပဲ သူသိတာကိုး၊ တကယ်တော့ ဒါတွေဟာ အယူအဆတွေ အပေါ် အခြေခံတဲ့ သာမန်နားလည်မှုလောက်ပါပဲ”ဟု တွေးပြီး… “ဟုတ်တာပေါ့၊ တစ်ယောက်ယောက်က စတိုထဲကနေ ဒီနေရာကို ယူလာတာပေါ့၊ ဒါနဲ့... ဒီခွက်ဟာ စတိုထဲကို ဘယ်ကနေဘယ်လို ရောက်လာတာလဲ” ဟု ထပ်ဆင့် မေးခွန်း ထုတ်လိုက်လေသည်။
လူကြီး။ ။ ပန်းကန်စက်ရုံကနေမှာပေါ့။
ဇင်ဘုန်းတော်ကြီး။ ။ ဒါဖြင့်.. ပန်းကန်စက်ရုံမတိုင်ခင်ကရောဗျာ။
လူကြီး။ ။ ကောင်းပြီလေ၊ စက်ရုံမှာ စက်ရုံမှူးဆိုတာရှိတယ်။ အရာရာကို ကွပ်ကဲသူပေါ့။ ဒီခွက်ကို သူလုပ်လိုက်တာ။
ဇင်ဘုန်းတော်ကြီး။ ။ အာ၊ ဟုတ်ပါ့၊ ဟုတ်ပါ့။
လူကြီး။ ။ ဒါကြောင့်၊ ဒီစက်ရုံမှူးဟာ အင်မတန်အရေးပါသူ ဖြစ်တာပေါ့။ အရာရာကို သူလုပ်တာပဲလေ၊ ပြီးတော့ စတိုးဆိုင်တွေကို ဖြန့်ဖြူးရောင်းချတာပေါ့။ လူတွေကတော့ စတိုးဆိုင်တွေကနေ ဝယ်လိုက်ရုံပါပဲ။
ဇင်ဘုန်းတော်ကြီး။ ။ မှန်တာပေါ့၊ မှန်တာပေါ့။
လူကြီး။ ။ အဲသလိုပါပဲ။ တစ်စုံတစ်ယောက်ကပဲ နေလနက္ခတ် ကြယ်တာရာ၊ တော တောင် မြစ်ချောင်းတွေနဲ့ လူသားတွေကို ဖန်တီးပြုလုပ်ထားတာပဲလေ။
ဇင်ဘုန်းတော်ကြီး။ ။ အစစ်ပါပဲ၊ တစ်ယောက်ယောက်က ဒါတွေအကုန်လုံးကို ဖန်တီးပြုလုပ်ထားတာပါပဲ။
လူကြီးသည် ဘုန်းတော်ကြီးကို နည်းမှန်လမ်းကျမဟုတ်သော အရာများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုနေသည်မှာ ထင်ရှားလာဘိ သကဲ့သို့၊ ဘုန်းတော်ကြီးသည်လည်း သည်လူကြီးမှာ ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ကြောင်း ကောင်းစွာ ရိပ်မိလာလေသည်။ လူကြီးသည် ဘုန်းတော်ကြီးအား ဆက်လက် မေးခွန်းထုတ်လေသည်။
လူကြီး။ ။ ဒါတွေအကုန်လုံးကို ဘယ်သူက ဖန်တီးပြုလုပ်တာလဲ။
ဇင်ဘုန်းတော်ကြီး။ ။ ခင်ဗျားပါပဲ။
လူကြီး။ ။ ကျုပ်လုပ်တာ၊ ဟုတ်လား၊ ဘယ်လိုပြောလိုက်တာလဲ။
လူကြီးသည် လွန်စွာတုန်လှုပ်သွားပြီး သက်တောင့်သက်သာ ထိုင်နေသော သူ့ကျောကုန်းမှာ ရှေ့သို့ ဆန့်တက်လာသကဲ့သို့ သူ့မျက်နှာသည်လည်း သွေးဆုတ်သွားသည့်အလား ရုတ်ချည်းပင် ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။
ဇင်ဘုန်းတော်ကြီး။ ။ ကျုပ်သိတယ်။ ဘုရားသခင်က ဒါတွေအားလုံးကို ဖန်တီးပြုလုပ်တာပါလို့ ကျုပ်ဖြေလိမ့်မယ်လို့ ခင်ဗျား ထင်ထားခဲ့တာမလား။ ကျုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးပါ။ ဒါတွေအကုန်လုံးကို ဘုရားသခင် ဖန်တီးပြုလုပ်တာပါလို့ ကျုပ်ဘယ်လိုလုပ် ဖြေနိုင်မလဲ။
လူကြီး။ ။ နေတွေ လတွေ ကြယ်တာရာတွေကို ကျုပ်ဖန်တီးပြုလုပ်တာလို့ ခင်ဗျားဘယ်လိုပြောနိုင်တာလဲ။ ခင်ဗျား ရူးနေတာလား။
ဇင်ဘုန်းတော်ကြီး။ ။ ကျုပ်ပြောတာ သေချာနားထောင်ပါ။ ဟောဒီမယ် သက်တန့်တစ်ခုရှိတယ် ဆိုကြပါစို့။ အဲဒီသက်တန့်ကို ဘယ်သူဖန်တီးတာလဲ၊ ဂေါ့ဒ်လား၊ ဗုဒ္ဓလား။
လူကြီး။ ။ ကောင်းပြီးလေ၊ အင်း..၊ နေရောင်ခြည်နဲ့ ရေမှုန်ကလေးတွေ ထိရာကနေ သက်တန့်ဆိုတာ ကျုပ်မျက်စိရှေ့မှာ ပေါ်လာ ရတာပဲ။
ဇင်ဘုန်းတော်ကြီး။ ။ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျုပ် မေးတာက ဒီသက်တန့်ကို ဘယ်သူဖန်တီးတာလဲလို့ မေးနေတာပါ။
လူကြီးသည် တစ်ချိန်လုံး မာန်တက်နေခဲ့သူဖြစ်၏။ ယခုမူ သူ အဖြေမပေးနိုင်တော့။ လူကြီးသည် ဦးခေါင်းကို အသာငုံ့လိုက်ရင်းက “ကျုပ်ကို သင်ပြပေးပါ” ဟု ပြန်ပြောလိုက်ရလေသည်။
ဇင်ဘုန်းတော်ကြီး။ ။ နေရောင်ခြည်ရယ်၊ ရေမှုန်ကလေးတွေရယ်၊ ပြီးတော့ ခင်ဗျားရဲ့ မျက်စိရယ်၊ အဲဒါတွေ အကုန်ပေါင်းပြီး ဒီသက်တန့်ကို ဖန်တီးလိုက်ကြတာဖြစ်တယ်။ အဲဒါအမှန်တရားပဲ။ ဒါ့အပြင်၊ ကျုပ်ကဒီမှာ ရှိနေရင် ဟော..ဟိုနားကဟာက ကျုပ်ရဲ့သက်တန့်ပဲ။ အဲ.. ကျုပ် ဒီမှာ မရှိဘူးဆိုရင် ကျုပ်ရဲ့သက်တန့်လည်း အဲနားမှာ ရှိမှာ မဟုတ်ပေဘူး။ ခင်ဗျား သဘောပေါက်ရဲ့လား။ ကောင်းပြီ။ ဒီနားမှာ လူငါးယောက်ရှိနေမယ်ဆိုရင် ဟော..ဟိုနားမှာ သက်တန့် ငါးခုရှိနေမှာပဲ။ တစ်ယောက်ချင်းစီဟာ သက်တန့်ကို မြင်တွေ့ရမှာပဲ။ ရိုးရိုးလေးပါ။ ကျုပ်က ဒီမှာ ရှိနေမယ်ဗျာ၊ နောက်တစ်ယောက်ယောက်က ဆယ်ပေအကွာမှာ ရှိမယ်ဆိုပါစို့၊ ကျုပ်ရဲ့သက်တန့်က ဟောဒီနားမယ် ရှိလိမ့်မယ်၊ ဒါပေမဲ့ သူရဲ့ သက်တန့်ကတော့ ဟောဟိုနားမယ် ရှိလိမ့်မယ်။ ကျုပ်တို့ရဲ့ သက်တန့်တွေဟာ မတူညီနိုင်ပေဘူး။ ကျုပ်အတွက်တော့ ဒီနားမှာ၊ သူ့အတွက်တော့ ဟိုနားမှာ ဖြစ်နေလိမ့်မယ်။
ကျုပ်ရှေ့ကကြမ်းပြင်မှာ ခွက်တစ်လုံးကို ချထားလိုက်မယ်၊ ကျုပ်ခြေထောက်နဲ့ ခြောက်လက္မလောက်အကွာမှာပေါ့။ ကျုပ်အတွက်တော့ အဲခွက်ဟာ ‘ဒီမှာ’ ပဲ၊ ဒါပေမဲ့ ခင်ဗျားထိုင်နေတဲ့နေရာက ပြောမယ်ဆိုရင် အဲခွက်ဟာ ‘ဟိုမှာ’ လို့ ပြောရမှာပဲ။ အဲသလိုပဲ၊ လူဆယ်ယောက် ဆိုရင် သက်တန့်လည်း ဆယ်ခု၊ လူအယောက် နှစ်ဆယ်ရှိရင် သက်တန့်လည်း အခု နှစ်ဆယ်ပေါ်လာမှာပဲ။ ကျုပ်ရဲ့သက်တန့်ဆိုတာ ကျုပ်ဖန်တီးလိုက်တဲ့ သက်တန့်ပဲ။ တကယ်လို့ ကောင်းကင်ကို ကျုပ်မကြည့်ခဲ့ဘူးဆိုရင်၊ ကျုပ်ရဲ့သက်တန့်ဆိုတာလည်း အဲဒီမှာ ရှိမှာ မဟုတ်ပေဘူး။ ဒါမှမဟုတ် အခြားတစ်ဘက်ဘက်ကို ကျုပ်ကြည့်လိုက်မယ်ဆိုရင်လည်း ကျုပ်ရဲ့သက်တန့်ဆိုတာဟာ ကွယ်ပျောက် သွားမှာ အမှန်ပဲ။ ဗုဒ္ဓရဲ့ ‘အကြောင်းကြောင့်ဖြစ်လာတဲ့ တရား’ဆိုတဲ့ သင်ကြားချက်တွေဟာ ဒီအချက်မျိုးတွေကို ရှင်းပြထားတာတွေပဲ။
ဆိုပါစို့၊ ကျုပ်ဖုန်းပြောနေတုန်း ပြတင်းပေါက်ကနေ သက်တန့်ကို လှမ်းကြည့်ပြီးတော့ ‘သူငယ်ချင်းရေ၊ သက်တန့်ကြီးတစ်ခုဟေ့၊ အံ့သြစရာပဲဟ’ လို့ ကျုပ်ကလှမ်းပြောလိုက်မယ်၊ ဒါပေမဲ့ သူကတော့ အဲဒီသက်တန့်ကို မမြင်ရပေဘူး ဆိုပါစို့။ ခင်ဗျားကလည်း အဲဒီအချိန်မှာ ကျုပ်နဲ့ ဖုန်းပြောနေတဲ့ သူငယ်ချင်း အိမ်ကိုရောက်နေမယ် ဆိုပါစို့။ ခင်ဗျားက ကျုပ်သူငယ်ချင်းကို ‘သက်တန့်ကြီးက ဟိုဘက်မှာလားကွ၊ သက်တန့်ကြီး ရှိနေသလားဟ’ လို့ လှမ်းမေးမယ်၊ ကျုပ်သူငယ်ချင်းက ခင်ဗျားကို ကျုပ်ဖြေသလိုမျိုး ဖြေနိုင်မှာ မဟုတ်ပေဘူး။ ခင်ဗျားသည်လည်း ကျုပ်ပြောသလို သက်တန့်ကြီးရှိနေတယ်လို့ ပြောနိုင်မှာ မဟုတ်ပေဘူး။ အဲဒါရဲ့ အကြောင်းပြချက်က ကျုပ်သက်တန့်ကို ကျုပ်ဖန်တီးထားလို့ပဲ ဖြစ်တယ်။
သက်တန့်ဟာ သေချာတဲ့နေရာနဲ့ သေချာတဲ့အချိန်မှာ 'ရေခိုးရေငွေ့၊ အလင်းရောင်၊ ကျုပ်ရဲ့မျက်စိ၊ ကျုပ်ရဲ့အသိစိတ်ရယ်' ဆိုတဲ့ သေချာတဲ့ အခြေအနေတွေ ပေါင်းစုပြီး ပေါ်ထွက်လာတဲ့သဘောမျှပဲ ဖြစ်တယ်။ ဒါပေမယ့် သက်တန့်ဟာ သူဟာသူ ဖြစ်ပေါ်နေ တာတော့ မဟုတ်သေးဘူး။ သူ့မှာ အဲဒီပေါင်းဆုံမှု အခြေအနေတွေကလွတ်ပြီး ဖြစ်တည်နေတာမျိုးလည်း မရှိပေဘူး။ လူတိုင်းဟာ တစ်ခုခုကို မြင်တယ်ဆိုရင် ‘အော..၊ ဒါလေးက ဘာလေးပဲ၊ ဒီဟာကလေး ရှိနေတယ်၊ ဒါကြောင့် ငါလည်းရှိနေတယ်’ လို့ တွေးမိ တတ်ကြတယ်။ အဲလို အမြင်မျိုးဟာ အမှားကြီးစစ်စစ်ပါပဲ။ ပြီးတော့ အဲဒီအမြင်မျိုးကို ဒို့အပေါ်မှာ ပြောခဲ့ကြသလို အတွေ့အကြုံနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ တကယ်တော့ ဗုဒ္ဓဘာသာက ‘အကယ်၍ ‘ငါ’ ရှိနေရင် ‘အဲဒီအရာလည်း ရှိတယ်’ လို့ သင်ပြပေးပါတယ်။
ဒီလိုပါ၊ အရာတိုင်းဟာ တောက်လျှောက်ကြီး မနားမရပ်တန်း ပြောင်းလဲ၊ ပြောင်းလဲ၊ ပြောင်းလဲ နေပါတယ်။ ဒါကြောင့် တကယ်လို့ ဟောဒီမှာ ကျုပ်ရှိနေရင် တစ်ခုခုဟာ အဲနားမှာ ရှိမှာပဲ၊ တကယ်လို့ ဒီနားမှာ ကျုပ်မရှိတော့ဘူးဆိုရင်၊ အဲဒီတစ်ခုခုဟာလည်း အဲဒီနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။ အကယ်၍ ကျုပ် (ငါ) ကွယ်ပျောက်သွားရင်၊ ကျုပ်ကမ္ဘာ (ငါ့ကမ္ဘာ) လည်း ကွယ်ပျောက်သွားမှာပါပဲ။ ဟုတ်တယ်လေ၊ ခင်ဗျားမှာတော့ ခင်ဗျာ့ကမ္ဘာရှိလိမ့်မယ်၊ ဒါပေမဲ့ ကျုပ်ကမ္ဘာကတော့ ပျောက်သွားမှာပဲ။ ကျုပ်တို့တွေပဲ ကျုပ်တို့ကမ္ဘာကို ဖန်တီးပြုလုပ်ကြတာပါ။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံ သင်ကြားမှုပါ။ အဲဒါ ဘာကြောင့်လဲဆိုတော့ ကျုပ်အချိန်ကို ကျုပ်ဖန်တီးလို့၊ ကျုပ်နေရာကို ကျုပ်ဖန်တီးလို့၊ ပြီးတော့ ကျုပ်ရဲ့ အကြောင်းနဲ့ အကျိုးကို ကျုပ်ဖန်တီးလို့ပဲ ဖြစ်တယ်။ နောက်ပြီး အဲဒီ (ကိုယ်ဖန်တီးခဲ့တဲ့) အရာတွေကပဲ ကျုပ်တို့ကို ချုပ်ကိုင်ထားတာဖြစ်တယ်။
တစ်ချိန်လုံး မာနထောင်ခဲ့သောလူကြီးသည် ဘာဆိုဘာမှ မပြောနိုင်ရှာတော့။ နောက်ဆုံးတွင် ဦးခေါင်းကိုသာ တွင်တွင်ခါရမ်းရင်း လွန်စွာညှိုးငယ်ဝမ်းနည်းသော မျက်နှာဖြင့် ဇင်ကျောင်းတော်မှ ပြန်လည်ထွက်ခွါသွားလေသည်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
ရည်ညွှန်း။ ။ The Compass of Zen
0 comments:
Post a Comment