အငိုကောင်းလို့ ထောင်းထောင်းကျေ ။
အင်းဝ နေပြည်တော်ကို ဘုရင် မင်းခေါင် အုပ်ချုပ်နေစဉ်က သူ့ရဲ့ မိဖုရားက ရှင်ဘို့မယ် ။
(ဘုရင် မင်းခေါင် ရဲ့ မိဖုရား ရှင်ဘို့မယ်က စစ်တိုက်ရာမှာ ကျွမ်းကျင် လိမ္မာတဲ့ ဘုရင်တစ်ပါးရဲ့ သမီးတော်လို့ ဆရာ ချစ်ဦးညိုရဲ့ စာထဲမှာ ဖတ်ဖူးတယ် ဒါပေမယ့် သူငယ်ချင်းတွေကို မေးကြည့်တဲ့ အခါမှာတော့ အမျိုးမျိုး ကွဲလွဲနေတာကြောင့် ရှင်ဘို့မယ်ရဲ့ ခမည်းတော်နာမည် ထည့် မရေးတော့ဘူး ဒါပေမယ့် စာဖတ်ရတာ ရသပျက်သွားမှာစိုးလို့ ရှင်ဘို့မယ်ရဲ့ ခမည်းတော်ဟာ စစ်တိုက်ကျွမ်းကျင်တဲ့ ဘုရင်တစ်ပါးလို့သာ တဆိတ်လောက် မှတ်ယူပေးပါ * စကားချပ် ) ။ သူတို့ရဲ့ သမီးတော်ကို နှစ်ပြည်ထောင် ချစ်ကြည်ရေး အနေနဲ့ ဟံသာဝတီ ပြည့်ရှင်ရဲ့ သားတော် အိမ်ရှေ့မင်းသားနဲ့ ထိမ်းမြား လက်ထပ်စေပြီး အင်းဝ နဲ့ ဟံသာဝတီ ပြည်ထောင်နှစ်ခုဟာ ငြိမ်းချမ်းစွာ ဆက်ဆံ နေထိုင်ကြသတဲ့ ။
တစ်ခုသော နေ့ခင်း အင်းဝနေပြည်တော်မှာ မူးကြီးမတ်ရာ သေနာပတိ စစ်သူကြီး စသဖြင့် မင်းခန်းမင်းနား စုံလင်စွာနဲ့ ညီလာခံ ဝင်နေတုန်း ရုတ်တရက်
“ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ် ”
ဆိုတဲ့ hand phone က ring tone သံကြောင့် ရှေ့က ပြောတာကို နားထောင်ချင်ယောင်ဆောင်ပြီး အိပ်ငိုက်နေကြတဲ့ လွှတ်တော် အမတ် ( အဲလေ ) မူးမတ်တွေတောင် လန့်နိုးကုန်သတဲ့ ။
ဒီတော့ ဘုရင်မင်းခေါင်က ဘယ်သူ့ဖုန်းသံလဲကွ ဆိုပြီး မကျေမနပ်ပုံစံနဲ့ ဖုန်းသံရှင်ကို လိုက်ရှာတော့ အသံရှင်က သူ့ဘေးက မိဖုရားကြီး ရှင်ဘို့မယ် ဒီတော့ ဒေါသကို အသာလျှော့ပြီး ညီလာခံ ဝင်နေတုန်း ဖုန်းပိတ်ထားရမယ်လို့ စည်းကမ်းထုတ်ထားတာ နားမလည်ဘူးလား ဆိုတဲ့ သဘောနဲ့ မာထန်ထန် ကြည့်တော့ ရှင်ဘို့မယ်က
“ ဒီဖုန်းက မိသားစုတွေ အရေးအကြောင်းရှိရင် ဆက်ဖို့ထားတဲ့ Emergency ဖုန်းပါ မောင်တော်ရဲ့ ခုဆက်တာ ဟံသာဝတီရောက်နေတဲ့ သမီးလေးဆက်တာပါ ” လို့ အမျက်တော်ပြေအောင် မျက်နှာချိုသွေးပြရင်း ဖုန်းပြောလိုက်တယ် ။ ညီလာခံကတော့ သူဖုန်းပြောတာကို စောင့်နေရတာပေါ့ ။
“ ဝေ … နီဟောင် အဲလေ ယောင်လို့ ကျန်းခန့်သာလို့ မာပါစ သမီးတော် ” လို့ နှုတ်ခွန်းဆက်ရုံ ရှိသေးတယ် သူ့သမီးတော်က သူ့ယောက်ျားက ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် နှိပ်စက် ပါတယ် ခုပဲ သမီးတော်ကို ပြန်လာခေါ်ပါဆိုပြီး ရှိုက်ကြီးတငင် ငိုပြီး တိုင်သတဲ့ ။ ဒီတော့ ရှင်ဘို့မယ့်လည်း သူ့သမီးကို စော်ကားရပါ့မလားဆိုပြီး ဒေါသတွေထွက်လွန်းလို့ အခုချက်ချင်းပဲ ဟံသာဝတီပြည်ကို စစ်ချီဖို့ အဆိုတင်သွင်းသတဲ့ ။ ဒီတော့ အင်းဝ ဘုရင်က လူအေး သွေးအေးတယ် ပြောရမှာပေါ့ တော်ရုံနဲ့ ဒေါသ မထွက်တော့
“ ကလေးတွေခြင်း မလိမ္မာတဲ့ အခိုက် ဖြစ်ကြတာပါကွယ် လူကြီးတွေ ဝင်ပါစရာ မလိုပါဘူး သည်းခံပါ ”
ဆိုပြီး တင်သွင်းတဲ့ အဆိုကို ပယ်ချတယ် ။
ဘုရင်က ဒီလိုပြောတော့ အရက်လေး တစ်ခွက် နှစ်ခွက်လောက် ဝင်တာနဲ့ တွေ့သမျှလူ ဖြဲမယ် ဆိုတဲ့ အမတ်ကြီး မြိုင်သက်ပိုးက စစ်မချီတဲ့ ဘုရင်ကို အားမလို အားမရဟန်ဖြစ်ပြီး အာလေးလျှာလေးသံနဲ့ လျှောက်တင်သတဲ့ …
“ မှန်လှပါ ယုတ်သောဥပမာ နိမ့်သော ဥပမာနဲ့ ပြောရရင် ခွေးကို ခဲနဲ့ပစ်ခြင်းဟာ ခွေးကိုစော်ကားတာထက် ခွေးပိုင်ရှင်ကို မထီမဲ့မြင် ပြုတဲ့သဘော သက်ရောက်ပါတယ် ဘုရာ့ ဒီတော့ ဟံသာဝတီပြည်ကို စစ်ချီသင့်ကြောင်းပါဘုရာ့ ” လို့ လျှောက်ပြန်သတဲ့ ဘုရင်ကလည်း မလျှော့သေးဘူး
“ တော် တန် တိတ် စစ်ဖြစ်တယ်ဆိုတာ ဓါတ်ရှင်ထဲမှာပဲ ကြည့်လို့ကောင်းတာကွ တကယ်ထချရရင် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းလည်း မဖြစ်ဘဲ လူကြားထဲမှာ အခြောက်နှစ်ယောက် ရန်ဖြစ်ရသလို နှစ်ဘက်စလုံး အထိနာပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်တယ်ဆိုတာ မင်းတို့ မသိဘူးလား ”
ဆိုပြီး ဗီတို အာဏာနဲ့ ပယ်ချတယ် ။ ဤအထိတော့ အင်းဝ ဘုရင် ဟုတ်သေး၏ သို့ပေမယ့် သူ့မိဖုရား ရှင်ဘို့မယ်က ခုလို
“ ရှင်နဲ့ကျမ အပျိုလူပျို ဘဝတုန်းက ရှင်ကျမကို ရည်းစားစာ ပေးတော့ အချစ်အတွက်ဆိုရင် ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိ မောင့်မှာ အပြည့်ရှိတယ်ဆို ခုတော့ ကိုယ့်သွေး သူတပါးတိုင်းပြည်မှာ အနှိပ်စက် ခံနေရတာတောင် စစ်မချီဝံ့ဘူးတဲ့လား … အမလေး ကံဆိုးလိုက်တဲ့ ဘို့မယ် အဖကောင်းသမီး ဖြစ်ရပါလျှက်နဲ့ လင်ကောင်းမယား မဖြစ်ရလေခြင်းတော့ … ”
ဆိုပြီး ထငိုခြင်းချလိုက်တဲ့ အခါမတော့ ဘုရင်မင်းခေါင် မျက်နှာဟာ မိုးကြိုးပစ်ခံလိုက်ရတဲ့ သစ်ငုတ်တိုလို မည်းနက်သွားတယ် ။ သူ့ကို စစ်မတိုက်ရဲတဲ့ ယောက်ျား ၊ သတ္တိမရှိတဲ့ ယောက်ျား ဆိုပြီး မင်းပရိတ်သတ် အလယ်မှာ အရှက်ခွဲလိုက်တာကိုး ။ ယောက်ျားတွေ ဆိုတာ သတ္တိမရှိတာကို ကိုယ်တိုင်က သိပေမယ့် အခြားလူက သတ္တိမရှိဘူးလို့ အပြောခံချင်တာမဟုတ်ဘူး ။ လူတွေကြားထဲမှာ မိမိယောက်ျားကို အဖြစ်မရှိဘူးလို့ ပြောတာလောက် ခံရခက်တာ မရှိဘူး ။ ယောက်ျားမာန ထိပါးခံလိုက်ရတော့ ဘုရင်မင်းခေါင် မနေနိုင်တော့ဘူး တောက် ခေါက်ပြီး မာန်တင်းလိုက်တယ် ငါသတ္တိရှိကြောင်း ပြရမယ် ။ လင်ကောင်းတစ်ယောက် ဖြစ်ကြောင်းပြရမယ် ။ လောကမှာ ငါ့မိန်းမကလွဲရင် ငါကြောက်တဲ့ အရာ မရှိဘူးဆိုတာ သိစေရမယ် ။ ဒီတော့ မာန်တင်းပြီး ဝမ်းခေါင်းသံကြီးနဲ့ ကျုံးအော်လိုက်တယ် ။
“ တိုက် …. ”
ဤသို့ဖြင့် မြောက်မြားစွာသော အင်းဝ ပြည်သူတို့သည် မိမိတို့၏ ဘုရင်ကြီး လင်ကောင်းတစ်ယောက် ဖြစ်ဖို့ အတွက် မိမိတို့၏ အလုပ်အကိုင်များကိုပစ်ကာ တိုက်ပွဲဝင်ရလေတော့သည် ။
ဆင်ကဲ နှင့် ဘို့မယ်
နှစ်ပြည်ထောင် စစ်ဖြစ်ကြတော့ ခုခေတ် အိုစမာ ဘင်လာဒင်လို တိတ်တဆိတ် လုပ်ကြံတာ မဟုတ်ဘူး ပေါ်တင်ပဲ စစ်ပွဲကြေငြာပြီး တိုက်တာ စစ်တိုက်ချိန်ကိုတော့ လယ်သမားတွေ လယ်သိမ်းချိန် ဖြစ်တဲ့ ပွင့်လင်းရာသီမှာ တိုက်ကြဖို့ သတ်မှတ်ကြသတဲ့ ။ မိုးကျလို့ လယ်တွေ ထွန်ရေးငင်ရတော့မယ် အချိန်ဆိုရင် စစ်ပွဲသိမ်းကြသတဲ့ ။
ရှေးတုန်းက ဘုရင်တွေ စစ်ဖြစ်ရင် ခုခေတ် ခေါင်းဆောင်တွေလို အရိပ်ထဲကနေ ရဲရဲတောက် မိန့်ခွန်းတွေ မိန့်ကြားပြီး ရဲဘော်တွေကို မဖြစ်စလောက် လစာလေးပေးပြီး အသေခံ တိုက်ခိုင်းနေတာ မဟုတ်ဘူး ကိုယ်တိုင် ထွက်တိုက်တာ ။ စစ်တိုက်ရဲမှ မင်းယောက်ျားပီသသတဲ့ ( ခုခေတ် တိုင်းပြည်ခေါင်းဆောင်တွေလည်း အဲ့လို အတုယူပြီး စစ်ဖြစ်ရင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လူတွေ အသေခံ တိုက်မနေဘဲ စစ်ဖြစ်ချင်တဲ့သူ လူကြီးခြင်း နဘမ်းထသတ် ကြရင်ကောင်းမှာ ဒါဆို တော်တော် ကုန်ကျစားရိတ် သက်သာမှာ ) ။ ဒီတော့ ဘုရင်မင်းခေါင်ကလည်း သူ့ရဲ့ စီးတော် မာစီးစီးဒီး ဆင် ကိုစီးပြီး တပ်ကို ကွပ်ကဲပြီး တိုက်တယ် သူ့မှာ ရှိတဲ့ မိဖုရား သုံးပါးလုံးကို ဆင်ပေါ် တင်ခေါ်လာသတဲ့ ( ကြည့်ရတာ နောက်တန်းက သူ့အမတ်ကြီး မြိုက်သက်ပိုးနဲ့ ရဲဘော်တွေကို စိတ်မချလို့နဲ့ တူပါရဲ့ အမတ်ကြီး မြိုင်သက်ပိုးက ရှင်ဘို့မယ် ကိုကြည့်တဲ့ မျက်လုံးတွေက မရိုးဘူး ခုလည်း ဒီစစ်ပွဲကို သူတို့နှစ်ယောက်ပေါင်းပြီး ကြံတာ တကယ်လို့ ငါသေသွားရင် သူတို့က “ ဟိုရင် တချိန်က ရွှေလက်နဲ့ မတွဲခဲ့နိုင်လည်း ” ဆိုပြီး ပြန်ပေါင်းထုပ် လုပ်ကြမှာ ဒီတော့ သေလည်း မိဖုရားပါ အတူသေရအောင် ခေါ်လာခဲ့တာနေမှာ ) ။
တိုက်ပွဲစတော့ ဟံသာဝတီဘုရင်က သူ့တပ် ရှုံးလို့ ထွက်ပြေးဟန်ဆောင်တယ် ဒါကို အင်းဝ ဘုရင်က တကယ်မှတ်ပြီး သတ်ဟေ့ သတ်ဟ ဆိုပြီး ညာသံပေးလိုက်တယ် ။ သူ့စီးတော် မားစီးဒီးဆင်က အပြေးကောင်းတာကြောင့် သူ့တပ်တွေက ပြတ်ကျန်ခဲ့ပြီး သူနဲ့ မြင်းတပ်သားအချို့ပဲ ပါပြီး ရန်သူ့ ပရိရာယ်ထဲကို ဝင်မိသတဲ့ ဒီတော့မှ ဘုရင်မင်းခေါင် ရိတ်မိပြီး အတင်းထွက်ပြေးတယ် GPS တွေတောင် မကြည့်နိုင်ဘူး ရန်သူ့လက်က လွတ်ရင်ပြီးရော သဘောနဲ့ off road မောင်းလိုမောင်း Slow down တွေလည်း အရှိန်မလျှော့ ဘဲ မောင်းပြေးသတဲ့ သူသေမှာတော့ ကြောက်သား ။ နောက်လိုက်ပါလာတဲ့ မိဖုရားသုံးပါးကတော့ ဆန်ကောထဲ ဇီးဖြူသီး ထည့်လှိမ့်သလို ဖြစ်နေတာပေါ့ ။ အဲ့ဒီအထဲမှာ ရှင်ဘို့မယ်က ငါက အရာရှိကတော်ပဲ မော်တော်ပီကယ်ကို ဂရုစိုက်စရာ မလိုပါဘူး ဆိုပြီး Safety belt ပတ်မထားတာကြောင့် လမ်းမှာ လွင့်ကျ ကျန်ရစ်သတဲ့ ။ ဘုရင်မင်းခေါင်လည်း သေငယ်ဇောနဲ့ ပြေးတာဆိုတော့ ရှင်ဘို့မယ် ကျကျန်ရစ်မှန်းလည်း မသိဘူးတဲ့ ။
ဒီတော့ ရှင်ဘို့မယ် ခမျာ တောကြီးမျက်မဲထဲမှာ တစ်ယောက်တည်း မှန်းဆပြီး ရှောက်သွားနေရတာပေါ့ ပါလာတဲ့ အိုင်ဖုန်းကလည်း တောထဲမှာဆိုတော့ လိုင်းမမိလို့ ဂိမ်းဆော့ရုံကလွဲပြီး ဘာမှ သုံးမရတော့ဘူးလေ ။ တစ်ယောက်တည်း တောထဲ တောင်ထဲမှာ တဝဲလည်လည် ဖြစ်နေတုန်း ဆင်စခန်းတစ်ခုက ဆင်ကောတ်ရာက ပြန်လာတဲ့ ဆင်ကဲက တွေ့သတဲ့
“ အလို … ဟိုရှေ့မှာ နန်းဝတ်နန်းစားနဲ့ ဆော်လေးတစ်ပွေပါလား ဧကန္တ ရာဇဝင်ကား လာရိုက်တဲ့ ရုပ်ရှင် မင်းသမီးလေးလားမသိဘူး ညဘက် လိုင်းပေါ်တက်တုန်း ကြောင်ရအောင် ဂျီမေးလ် လိပ်စာလေး တောင်းထားလိုက်မှ ” ဆိုပြီး စုံစမ်းဖို့ ရောက်လာသတဲ့ ။ မေးမြန်းကြည့်တော့မှ ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ ဘုရင့်မိဖုရား ဖြစ်နေမှန်းသိရတော့မှ ဆင်ကဲ ခမျာ စကားမပြောတတ်တဲ့သူ လေဖြတ်သွားသလို ဘာသံမှ မထွက်နိုင်ဘဲ တွေတွေငေးငေးကြီး ဖြစ်သွားရသတဲ့ ။ နောက်တော့မှ မိဖုရားကို ဆင်ပေါ်တင် ပြီး သူကတော့ လမ်းလျှောက်ပြီး ဘုရင်ရှိရာ စခန်းကို ပြန်သတဲ့ သူတို့စီးတဲ့ယာဉ်က VIP ခရီးစဉ် လို မော်တော်ပီကယ်တွေ မပါတာကြောင့် လမ်းမှာ အမြန်မသွားနိုင်ဘဲ သုံးရက်လောက်ကြာမှ ဘုရင့်စခန်းကို ရောက်သတဲ့ ။ လမ်းခရီးမှာ အိပ်တဲ့ အခါမှာတော့ မိဖုရားကို တဲထိုးပေးပြီး ဆင်ကဲကတော့ အပြင်မှာပဲ အိပ်ဖန်စောင့် လုပ်သတဲ့ ။
ဘုရင့်စခန်းမှာတော့ ဘုရင်လည်း သူ့မိဖုရား ဘို့မယ် ပျောက်နေတာကြောင့် စိတ်ညစ်နေတာပေါ့ သူတို့လည်း ရောက်ရော ဘုရင်က ဝမ်းသာအားရ ဆီးကြိုပြီး ဆင်ကဲကို ဆုတော်ငွေတွေ ချသတဲ့ ။ ဒီလိုနဲ့ စစ်ပွဲတစ်ရာသီသာ ပြီးသွားတယ် နှစ်ဘက်စလုံးက အနိုင်အရှုံး အဖြေမပေါ်ဘူးတဲ့ ဒါကြောင့် နောက်နှစ်မှာပဲ ဆက်ဆိုက်ဖို့ ဆုံးဖြတ်ပြီး နေပြည်တော်ကို ပြန်ကြသတဲ့ ။ နေပြည်တော်ကို ပြန်ရောက်တဲ့ အခါမှာ မိဘုရား ရှင်ဘို့မယ်က သူ့အပေါ် ရိုးသားတဲ့ စေတနာနဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ဆင်ကဲကို သတိရနေတာပေါ့ ။
တစ်နေ့ ညီလာခံ ဝင်နေတုန်း ရှင်ဘို့မယ်ရဲ့ အိုင်ဖုန်းက ရုတ်တရက် လွတ်ကျသွားတာကို ရှင်ဘို့မယ်က
“ အလိုလေး ဆင်ကဲရဲ့ ကွဲပါပြီတော့ ”
လို့ယောင်မိသတဲ့ ( အိုင်ဖုန်းနော် ) ဒါကို မူးကြီးမတ်ရာတွေက ကြားတော့ ပြုံးစိစိ ဖြစ်ကုန်တာပေါ့ ။ ဒီတော့ ဘုရင်လည်း ထောင်းခနဲ ဒေါသထွက်သွားတယ် ဒီဆင်ကဲတော့ ငါ့ကို ဘတ်လိုက်ပြီနေမှာ လူသူမရှိတဲ့ တောထဲတောင်ထဲမှာ သုံးရက်တောင် ကြာတာဆိုတော့ ဒီကောင် မဟုတ်မဟတ်ဇာတ်တွေ ခင်းမှာဘဲ ဆိုတဲ့ မဟုတ်တဲ့ အတွေးတွေ ဝင်လာပြီး ဆင်ကဲကို သတ်ဖို့ ဖမ်းခိုင်းသတဲ့ ။
ဆင်ကဲက ဘုရင့်ရှေ့ရောက်လာတော့ မျက်ရည်တွေကျပြီး ခုလို လျှောက်တင်သတဲ့
“ မှန်လှပါ ဘုရာ့ ကျွန်တော်မျိုး အရှင့်မိဖုရားကို တောထဲမှ စတွေ့မိကတည်းက ကယ်သွားခဲ့ရင်လည်း တစ်နေ့မှာ ဘုရင်က ခုလို အထင်လွဲပြီး အသတ်ခံရမယ် ဆိုတာ တွေးမိပြီးသားပါဘုရာ့ ။ မကယ်ဘဲ ထားခဲ့ရင်လည်း အခြားလူတစ်ယောက်က တွေ့လို့ ကယ်သွားတဲ့အခါမှာ ကျွန်တော်မျိုးက တွေ့ပါလျက်နဲ့ မကယ်ဘူး ဆိုပြီး အသတ်ခံရမယ် ဒီလို အဖြစ်တွေဖြစ်မှာကြောင့် ထိုင်းကို ပြေးပြီး ရီဖူဂျီ ခံယူရအောင်ကလည်း လက်ရှိအစိုးရနဲ့ အမေရိကန်တို့က ဆက်ဆံရေး အဆင်ပြေနေတော့ ရီဖူဂျီ လက်မခံတော့ဘူး ဆိုတာကြောင့် ပြေးစရာလဲ မြေမရှိ ဒါ့ကြောင့် ထားခဲ့ရင်လည်း ကျားရဲ တိရိစ္ဆာန် အန္တာရာယ်နဲ့တွေ့ပြီး သေမှာစိုးတာကြောင့် ကျွန်တော်မျိုးကို သတ်လိုလည်း သတ်ပါစေတော့လို့ သဘောထားပြီး တောထဲတောင်ထဲမှာ အရှင့်မိဖုရား ဒုက္ခမရောက်အောင် ကျွန်တော်မျိုး အသက်ကို မငဲ့ကွတ်ဘဲ ကယ်ခဲ့ပါတယ် ဘုရား ”
လို့ရှောက်တင်သတဲ့ မစိတ်မွှန်နေတဲ့ ဘုရင်မင်းခေါင်တော့ ဒါတွေလာပြောလည်း နားမဝင်နိုင်တော့ဘူး ဒီကောင်ကို သေမင်းလျှပ်စစ်ထိုင်ခုံမှာ ထိုင်ခိုင်းပြီး သတ်စေ လို့ အမိန့်ချသတဲ့ ။
သေခါနီးမှာ ဆင်ကဲက ခုလို ဆုတောင်းသွားသတဲ့ ငါ့ကို လျှပ်စစ်နဲ့ သေဒဏ်ပေးတဲ့ မြန်မာပြည် တစ်ခုလုံး နောင်အစဉ်အဆက် လျှပ်စစ်မီး ပေါပေါများများ မသုံးနိုင်ပါစေနဲ့ ငါသည်လည်း ဖြစ်လေရာ ဘဝတိုင်းမှာ လျှပ်စစ်ကို နိုင်စားရသောသူ ဖြစ်ရပါလို၏ လို့ ဆုတောင်းသွားသတဲ့ … ။
နောက်တော့မှ အင်းဝင် ဘုရင်လည်း CCTV တွေကြည့်မိတော့မှ ဖြစ်ပုံအလုံးစုံကို သိပြီး
“ အော် … ကျွန်ကောင်းတစ်ယောက် ဆုံးရှုံးရလေခြင်း ” လို့ ရေရွတ်သတဲ့ … ။
ဇာတ်ထုတ်ကတော့ ဒီမှာပြီးသွားပါပြီ ဒါပေမယ့် ဇာတ်ကောင်တွေကို ဇာတ်ပေါင်းပေးရရင်တော့
ဘုရင် တစ်ဘဝ ငရဲတစ်ကမ္ဘာလို့ ဆိုရိုးစကားရှိတယ် ဘုရင်မင်းခေါင်လည်း သူဘုရင်ဖြစ်တဲ့ ဘဝမှာ သူ့ကြောင့် လူတွေ သေရတာ မနည်းဘူးဆိုတော့ ငရဲကျတာပေါ့ ဒါပေမယ့် ငရဲမင်းမွေးနေ့မှာ ငရဲသားတွေကို ကံစမ်းမဲ ဖေါက်ပြီး လွှတ်ပေးတဲ့ အသုတ်မှာ သူပြန်လွတ်လာတယ် ။ ဒါပေမယ့် အရင် ဘုရင်ဘဝက လူသတ်ခဲ့တဲ့ ဝဋ်ကြွေးတွေက မကျေနိုင်သေးတာကြောင့် ဒီဘဝမှာ ဖျားနာ နေမကောင်းဖြစ်နေတဲ့ သူတွေကို မသေအောင် ဆေးကုပြီးဝဋ်ကြွေးဆပ်နေရတဲ့ ဆရာဝန် မောင်ဟန် ဖြစ်လာသတဲ့ … ။
ဆင်ကဲကတော့ သေခါနီးမှာ သူဆုတောင်းခဲ့တဲ့ အတိုင်း လျှပ်စစ်တွေကို အလွဲသုံးစားလုပ် နိုင်စား ပြီး ချမ်းသာနေတဲ့ လျှပ်စစ်အင်ဂျင်နီယာလေး နိုင်ထူးအောင် ဖြစ်လာသတဲ့ ။
မိန်းမ ဖြစ်ပြီး အတို့အရှို့ လုပ်ပြီး တိုက်ရ ခိုက်ရတာ ဝါသနာပါတဲ့ ရှင်ဘို့မယ်ကတော့ face book ဆိုတဲ့ တိုင်းပြည်မှာ ပြည်သူ့အချစ်တော် ဝတုတ်မလေး ဆိုပြီး နာမည်ကြီးနေသတဲ့ ( နာမည်တော့ ပြောပြဘူး အသေသတ် )
သူ့ရဲ့ ရန်ဘက်တော့ ဟံသာဝတီပြည့်ရှင်ကလည်း face book တိုင်းပြည်မှာ နာမည်ကြီးနေတဲ့ လူတစ်ယောက်ပါပဲကွယ် ။
တခါတလေကျရင် သူ့တို့နှစ်ယောက်ဟာ အတိတ်ကို သတိရပြီး အခဲမကျေ ဖြစ်လို့ ရန်ထသတ်တိုင်း သူ့ဘက် ကိုယ့်ဘက် ရွပ်ရွပ်ချွံချွံ သိုက်သိုက်ဝန်းဝန်း တိုက်ခိုက်ပေးကြတဲ့သူတွေကတော့ အရင်ဘဝက အင်းဝပြည်သားတွေနဲ့ ဟံသာဝတီ ပြည်သားတွေဖြစ်မှာပေါ့ကွယ် ။
ခုတလော ကီးဘုတ်တိုက်ပွဲတွေ ကြည့်ရတာ စိတ်ညစ်လာလို့ ရယ်စရာ မဂ္ဂဇင်းမှာ ဖတ်ဖူးခဲ့တဲ့ ဆရာချစ်ဦးညိုရဲ့ ဆောင်းပါးတွေအား ကိုးကား၍ ဟာသ အမြင်ဖြင့် ရေးသားအပ်ပါသည် ။ အကြောင်းအရာ အချက်အလက်တွေ လွဲချော်နေပါက ဟာသ သဘောဖြင့်သာ မြင်ပေးကြရန် ပန်ကြားအပ်ပါသည် ။
အပျော်သဘော သက်သက် ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည် ။
စာတမ်းပြုစုသူ
လက်တော့ပ်အိုလုလင်
K Aung Soe
အရမ်းကောင်းပြီပျော်စရာလေးကောင်းပါတယ်ကျေးဇူပါဗျာ
ReplyDelete