တောကျီးကန်း အဘိဓမ္မာဆရာနှင့် တွေ့ဆုံခြင်း
by Mya Than Tint on Friday, February 17, 2012 at 9:21pm ·
ပြောင်းခင်းတွေထဲတွင် တောကျီးကန်းတွေ အုပ်လိုက် ကျစ ပြုလေပြီ။ ကျွန်တော်သည် သူတို့ အထဲမှ အရေးအကြီးဆုံးဟု ထင်ရသည့် တောကျီးကန်းတစ်ကောင်ကို ရွေးကာ သူနှင့် စကား ပြောကြည့်၏။ ကံဆိုးချင်တော့ ကျွန်တော်သည် ကျီးကန်း နီတိ ဆရာ၊ ကျီးကန်း ဒဿန ဆရာ တစ်ဦးနှင့် သွားတိုးနေသည်။ ထို့ကြောင့် ကျွန်တော်တို့ စကားများသည် ငြီးငွေ့ဖွယ် ကောင်းနေပါသည်။
အောက်ပါတို့မှာ ကျွန်တော်နှင့်ကျီးကန်း ဒဿနဆရာတို့ ပြောကြသည့် စကားများ ဖြစ်ပါသည်။
ကျွန်တော်။ ။ ခင်ဗျားတို့ ကျီးကန်းတွေဟာ တော်တော် အသက် ရှည်တယ်လို့ ပြောကြတယ်။ သဘာဝ သိပ္ပံပညာရှင်တွေ အဆိုအရ ခင်ဗျားတို့ ကျီးကန်းတွေနဲ့ ငါးလှံရှည် ငါးမျိုးဟာ အသက်ရှည်တဲ့နေရာမှာ စံနမူနာတွေပဲတဲ့။ ခင်ဗျားကကော အသက်ဘယ်လောက်ရှိပြီလဲ။
ကျီးကန်း။ ။ ကျုပ်က အသက် သုံးရာ ခုနစ်ဆယ့်ခြောက်နှစ် ရှိပြီဗျ။
ကျွန်တော်။ ။ အလို ဟုတ်လား။ တယ်လို့လည်း အသက်ရှည်ပါကလားဗျာ။ ကျွန်တော်သာ ခင်ဗျားလောက် အသက်ရှည်ရင် ‘ရှေးဟောင်း ဂန္ထဝင် မဂ္ဂဇင်း’ နှင့် ‘သမိုင်း ဂျာနယ်’ အတွက် ဆောင်းပါးတွေ အများကြီးကို ရေးဖြစ်မှာပဲ။ ဝတ္ထုရှည်ကြီးတွေ၊ ဝတ္ထုတိုတွေ၊ ပြဇာတ်တွေ၊ တခြား တိုလီမိုလီတွေလည်း ဘယ်လောက်များ ရေးမိမလဲ မသိဘူး။ ပိုက်ဆံတွေလည်း အများကြီး ရမှာပဲ။ နေစမ်းပါဦး၊ နှစ်ပေါင်း သုံးရာကျော် အတွင်းမှာ ခင်ဗျားကော ဘာတွေများ လုပ်ခဲ့သလဲ။
ကျီးကန်း။ ။ ဘာမှ မလုပ်ခဲ့ပေါင်ဗျာ။ ဘာတွေများ လုပ်ရဦးမှာလဲဗျ။ အစာစားတယ်၊ ရေသောက်တယ်၊ အိပ်တယ်။ ပြီးတော့ မျိုးဆက်ပြန့်ပွားအောင် လုပ်တယ်။ ဒါပဲပေါ့။
ကျွန်တော်။ ။ ဖြစ်မှ ဖြစ်ရလေဗျာ။ ဒီအသက်အရွယ်ကြီး အထိ ဒါတွေနှင့်ပဲ အချိန် ကုန်ခဲ့တယ် ဆိုတော့ ကျွန်တော်ဖြင့် ခင်ဗျားအစား ရှက်လိုက်တာ။ ခင်ဗျားဟာ လောကကြီးမှာ နှစ်ပေါင်း သုံးရာ ခုနစ်ဆယ့်ခြောက်နှစ်လည်း နေနေခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာ ခုနစ်ဆယ့်ခြောက်နှစ်တုန်းကလို ခင်ဗျားဟာ ခုထိလည်း မိုက်တုန်းပါကလား။ ခင်ဗျားမှာ တိုးတက်မှုဆိုလို့ တစ်ပြားသားမှလည်း မရှိပါကလား။
ကျီးကန်း။ ။ ဒီမှာ ကိုယ့်လူ။ အသိဉာဏ်တရား ဆိုတာ အသက်ကြီးတိုင်း ရတာမျိုး မဟုတ်ဘူး။ ပညာ သင်ကြားမှုနှင့် လေ့လာမှုက ရတဲ့ ပစ္စည်း။ စိနတိုင်းကို ကြည့်ပါလား။ စိနတိုင်းရယ်လို့ ကမ္ဘာပေါ်မှာ ပေါ်လာတာ နှစ်ပရိစ္ဆေဒ ကြာလှပြီပဲ။ ကျုပ်ထက် အသက်ကြီးတာပေါ့။ ခု ဘာဖြစ်နေသလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းကလို ခုလည်း စိနတိုင်းဟာ ညံ့ဖျင်းနေတာပဲ မဟုတ်ဘူးလား။
ကျွန်တော်။ ။ (အံ့အားသင့်လျက်) ခင်ဗျားနှယ်ဗျာ၊ လောကကြီးမှာ နှစ်ပေါင်း သုံးရာ ခုနစ်ဆယ့်ခြောက်နှစ် လုံးလုံး နေလာခဲ့တယ် ဆိုတာ နည်းသလားဗျ။ ထာဝရ ကာလကြီးလို့တောင် မခေါ်နိုင်ဘူးလား။ ကျွန်တော်လိုသာ ဆိုရင် အဲဒီ အတောအတွင်းမှာ တက္ကသိုလ် ကျောင်းတွေက ပညာ ဌာနတိုင်းမှာ ပညာတွေ သင်ခဲ့ပြီးလောက်ပြီ။ အခါ နှစ်ဆယ်လောက်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ သက်မွေးဝမ်းကျောင်း အလုပ် မှန်သမျှကိုလည်း လုပ်ပြီးလောက်ပြီ။ ရာထူးတွေ ဆိုလည်း အမြင့်ဆုံးကို ရောက်လောက်ပြီ။ သေတောင်မှ သူဌေးကြီး အဖြစ် သေလောက်ပြီ။ ခင်ဗျား ဒီလောက်မှ မစဉ်းစားတတ်ဘူးလား။ ငွေတစ်ကျပ်ကို နှစ်ထပ်တိုး ငါးရာခိုင်နှုန်းနှင့် ဘဏ်မှာ အပ်ထားရင်တောင် နှစ်ရာ ရှစ်ဆယ့်သုံးနှစ် ဆိုရင် ငွေတစ်သန်းဖြစ်ပြီ။ ခင်ဗျား တွက်ချက် ကြည့်စမ်းပါဦး။ ဒီတော့ ငွေတစ်ကျပ်ကို လွန်ခဲ့တဲ့ နှစ်ရာ ရှစ်ဆယ့် သုံးနှစ်ကပဲ စပြီး စုတယ် ထား။ ခုလောက်ဆိုရင် လက်ထဲမှာ တစ်သန်း ဖြစ်နေပြီ။ ခင်ဗျားလောက် မိုက်တာ လောကမှာ ရှိမှာ မဟုတ်တော့ဘူး။ မရှက်ဘူးလားဟင်။ ဒီလောက်တောင် ညံ့ရသလား ဆိုပြီး ခင်ဗျား မရှက်ဘူးလား။
ကျီးကန်း။ ။ မရှက်ပေါင်ဗျာ။ ဘာရှက်စရာ ရှိသလဲ။ ကျုပ်တို့ဟာ ချစ်မယ်၊မိုက်မဲမယ်။ ဒါပေမဲ့ ကျုပ်တို့ သက်တမ်း နှစ်လေးရာ အတွင်းမှာ ကျုပ်တို့ဟာ လူ့သက်တမ်း အနှစ် လေးဆယ် အတွင်းမှာ လူတွေ လုပ်ခဲ့တဲ့ မိုက်မဲတာမျိုးကို တစ်ခုမှ မလုပ်ခဲ့သေးဘူး။ ဒါကို တွေးလိုက်ရင် ကျုပ်တို့ စိတ်ချမ်းသာတယ်။ ဒီမှာ ကိုယ့်လူ၊ ကျုပ်ဟာ လောကကြီးမှာ နှစ်ပေါင်း သုံးရာ ခုနစ်ဆယ့်ခြောက်နှစ် နေခဲ့ပြီးပြီ။
ဒါပေမဲ့ ကျုပ်တို့ ကျီးကန်းတွေ တစ်ကောင်နှင့် တစ်ကောင် စစ်တိုက်တာကို တစ်ခါမှ မမြင်ဖူးသေးဘူး။ ခင်ဗျားတို့မှာ စစ်မဖြစ်တဲ့ နှစ်ရယ်လို့ ရှိခဲ့ဖူးလို့လား။ ကျုပ်တို့ ကျီးကန်းတွေဟာ တစ်ကောင်ကို တစ်ကောင် ဘယ်တော့မှ မလုယက်ခဲ့ကြဘူး။ ဘဏ်တိုက်မှာလည်း ငွေမစုကြဘူး။ နိုင်ငံခြား ဘာသာသင် သိပ္ပံကျောင်းတွေလည်း မဖွင့်ခဲ့ဖူးဘူး။ တစ်ကောင်ကို တစ်ကောင် ခြိမ်းခြောက် ငွေညှစ်တာမျိုးလည်း မလုပ်ခဲ့ဘူး။ အညံ့စား ဝတ္ထုတွေကိုလည်း မရေးခဲ့ကြဘူး။ အညံ့စား ကဗျာတွေကိုလည်း မရေးခဲ့ကြဘူး။
ဒီမှာ ကိုယ့်လူ၊ ကျုပ်တို့ဟာ နှစ်ပေါင်း သုံးရာ ခုနစ်ဆယ့် ခြောက်နှစ် နေခဲ့ပြီးပြီ။ ကျုပ်တို့ ကျီးကန်းမတွေဟာ ယောက်ျားတွေ အပေါ်မှာ သစ္စာမဲ့တာမျိုး၊ ကိုယ့်ယောက်ျားကို ထိခိုက် နစ်နာအောင် လုပ်တာမျိုးကိုလည်း တစ်ခါမှ မတွေ့ခဲ့သေးဘူး။ ခင်ဗျားတို့ လူတွေကကော ဘယ့်နှယ်လဲ။ ကျုပ်တို့လို ဟုတ်ရဲ့လား။ ကျုပ်တို့ ကျီးကန်းတွေထဲမှာ ကပ်ပါး ရပ်ပါးတွေ မရှိဘူး။ ချောက်တွန်းတဲ့ သူတွေ မရှိဘူး။ လူလိမ်တွေ မရှိဘူး။ သာပေါင်း ညာစားတွေ မရှိဘူး။ ကြောင်သူတော်တွေ မရှိဘူး။
ထိုအချိန်၌ ကျွန်တော်နှင့် စကားပြောနေသူကို သူ့အဖော်များက လှမ်းခေါ်နေကြပါပြီ။ တောကျီးကန်းသည် စကားကိုမျှ ဆုံးအောင် မပြောနိုင်တော့ဘဲ လယ်ကွင်းများကို ဖြတ်သန်းကား အဝေးသို့ ပျံသွားလေပြီ။
(ရုရှ စာရေးဆရာ Anton Chekhov ၏ The Rook ကို ပြန်ဆိုသည်။)
မြသန်းတင့် — နိုင်ငံတကာ ခေတ်သစ် ဂန္ထဝင် ဝတ္ထုတိုများ (၄) — စာ(၄၅)
မူရင်းစာအုပ် The Rook အား http://goo.gl/UcgrI တွင် ဖတ်ရှုနိုင်ပါတယ်။

0 comments:
Post a Comment