Wednesday, May 23, 2012

ကြံခိုင်သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင် တင်းနစ်ချန်ပီယံ ရှာရာပိုဗာ၏ လျှို့ဝှက်ချက်


by General Knowledge on Tuesday, May 22, 2012 at 7:09am ·

 အားကစားသမား တစ်ဦးဖြစ်တဲ့ ရှာရာပိုဗာဟာ ပြိုင်ပွဲတွေမှာ မကစားခင် ကိုယ်ပိုင်လေ့ကျင့်နည်းတွေကို ယူလေ့ရှိပါတယ်။ ဝင်ငွေအကောင်းဆုံး တင်းနစ်ချန်ပီယံ တစ်ဦးရဲ့ တာဝန်တွေက  မလွယ်လှပါဘူးလို့ သူမက ဝန်ခံထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နေဟန်ထား စမတ်ကျကျရှိဖို့ဆိုတာ အားကစားပြိုင်ပွဲမှာ အနိုင်ရရှိဖို့လိုပဲ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ရှာရာပိုဗာဟာ သူ့ခန္ဓာကိုယ် ဘာကြောင့် ကြံ့ခိုင်သွယ်လျပြီး စမတ်ကျနေရသလဲဆိုတဲ့အကြောင်း လျှို့ဝှက်ချက် ၁၀ ရပ်ကို Shape မဂ္ဂဇင်း မှာ အောက်ပါအတိုင်း ရှင်းပြထားပါတယ်။


၁။ ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်

တင်းနစ်ကစားတဲ့ လေ့ကျင့်ခန်းတွေကို မလုပ်ချင်တဲ့အချိန်တွေ အများကြီး ရှိခဲ့ပေမယ့်လည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် ပုံမှန်လေ့ကျင့်ဖြစ်အောင် ကြိုးစားယူခဲ့ပါတယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။ တင်းနစ်ချန်ပီယံတစ်ဦးဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးရရှိဖို့ အလွန်အမင်း အားထုတ်ခဲ့ရတာမျိုးမရှိဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခန်းလုပ်တာကသာ သူမရဲ့ ယုံကြည်မှုဖြစ်ထွန်းစေတဲ့ လက်နက်ကောင်းတစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲ မကျင်းပခင်မှာ သူမဟာ တင်းနစ်ကွင်းထဲမှာ တစ်ပတ်ခြောက်ရက်လောက် မိနစ် ၃၀ ပုံမှန်လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့်ပြိုင်ပွဲမှာ သွေးပူပြီးသား ဖြစ်နေတာပါ။

၂။ တခြား ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်ပါတယ်

တင်းနစ်အားကစား တစ်ခုတည်းကိုပဲ လုပ်ဆောင်ရတာ ပျင်းစရာကောင်းပါတယ်။ စိတ်တက်ကြွမှုရှိစေဖို့ တခြား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ ထည့်သွင်းလုပ်ဆောင်လေ့ရှိတယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။ ယောဂ ကျင့်တာနဲ့ စက်ဘီးစီးတာတွေကို တစ်လှည့်စီ လုပ်ဆောင်လေ့ရှိသလို ဝါသနာအရ ကခုန်လေ့ ရှိပါတယ်။ Salsa Dancing ဟာ ခန္ဓာကိုယ်အလယ်ပိုင်းကို ကြံ့ခိုင်စေတာကြောင့် ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေတယ်လို့ သူမက ရှင်းပြပါတယ်။

၃။ ခန္ဓာကိုယ်ကို အနားပေးလေ့ ရှိပါတယ်

လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရရှိတာမျိုးကို ဘယ်တော့မှ ခွင့်မပြုသင့်ပါဘူး။ တကယ်တော့ ဘယ်လို လှုပ်ရှားမှုမျိုးမဆို ခန္ဓာကိုယ်ကို အကာအကွယ်ပေးနိုင်ရပါမယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းနေရင် Spa သွားတာ၊ အနှိပ်ခံတာ၊ ရေကူးတာစတဲ့ နည်းတွေနဲ့ ပြန်လည်ကုသမှု ပေးရပါမယ်။ ဒီနည်းတွေက ခန္ဓာကိုယ် ဖိအားကို လျှော့ချတဲ့နည်းတွေပါ။

၎။ အကောင်းမြင်တတ်တဲ့ သူတွေရဲ့ အားပေးမှုကို ရယူပါတယ်

စိတ်အားထက်သန်အောင် ကူညီမှု၊ အားပေးမှုနဲ့ ထောက်ပံ့မှုတို့ ရရှိတဲ့သူတွေက စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံနိုင်သူတွေ များပါတယ်။ ကိုယ်လုပ်နေတဲ့ အစားအသောက်ပုံစံ ဒါမှမဟုတ် လေ့ကျင့်ခန်းပုံစံတွေကို ရှုံ့ချလေ့ရှိတဲ့သူတွေကို ရှောင်ပါ။ ရှာရာပိုဗာကတော့ သူမကို ထောက်ခံအားပေးတတ်တဲ့ သူတွေဟာ သူ့ဖခင်၊ နည်းပြနဲ့ ချစ်သူငယ်ချင်းတွေဖြစ်တယ်လို့ ဝန်ခံရှင်းပြထားပါတယ်။

၅။ အသားအရေကို ဂရုစိုက်ပါတယ်

ငယ်ရွယ်ပြီး ကျန်းမာနေတဲ့အချိန်မှာ အသားအရေကို ထိန်းသိမ်းပါ။ အသားအရေကို နေကာ ခရင်မ်လိမ်းပြီး အဓိကကာကွယ်တယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။ သူမက တင်းနစ်ချန်ပီယံ(အလှမယ်)တစ်ဦး ဖြစ်တဲ့အတွက် သူ့အသားအရေဟာ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရှိတဲ့အပေါ် အသားအရေကို မကာကွယ်ဘဲ ဘယ်တော့မှ အပြင်ထွက်လေ့ မရှိပါဘူးလို့လည်း သူမက ဆိုပါတယ်။

၆။ ဘယ်တော့မှ အစားလျှော့တဲ့နည်းကို မသုံးပါဘူး

အရသာကောင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်တဲ့ ရှာရာပိုဗာက တစ်နေ့မှာ သုံးကြိမ်စလုံး ကောင်းကောင်းစားတယ်လို့ ဆိုပါတယ်။ သူ့အလုပ်က ခန္ဓာကိုယ် သန်စွမ်းနေဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ရှင်းပြပြီး အစာစားတိုင်း ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းကို ညီညွတ်မျှတအောင် ထည့်စားတယ်လို့ ဆိုပါတယ်။ သရေစာအဖြစ် သစ်သီးတွေ စားလေ့ ရှိပါတယ်။

၇။ ပန်းတိုင်တွေ ချမှတ်ထားပါတယ်

သူမ အမြဲတက်ကြွပြီး လန်းဆန်းနေရတဲ့အချက်က လုပ်သမျှ အရာရာတိုင်းကို သဘောကျလို့ပါတဲ့။ ပြီးတော့ ချမှတ်ထားတဲ့ ပန်းတိုင်တွေ ရောက်ဖို့ဆိုရင် လုံလောက်တဲ့ လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်တတ်တဲ့ အချက်ကလည်း ယုံကြည်မှု ရှိစေတဲ့ အချက်ပါ။ ရှာရာပိုဗာက သူချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းရာမှာ ခိုင်မာတဲ့ ယုံကြည်ချက်တွေ ရှိနေပါတယ်။

၈။ အမြဲတမ်းတော့ အောင်မြင်မှု မရနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံထားပါတယ်

ရှုံးနိမ့်မှုအတွက် ဘယ်တော့မှ စိတ်ဓာတ်ကျလေ့ မရှိပါဘူး။ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူတတ်ရင် နောက်ပြိုင်ပွဲမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို ရရှိလိမ့်မယ်ဆိုတဲ့ ခံယူချက်ကို ထားရှိကြောင်း ရှာရာပိုဗာက ဆိုပါတယ်။

၉။ ပြည့်ဝတဲ့ အောင်နိုင်သူတစ်ဦး အဖြစ် ရပ်တည်ပါတယ်

ပြိုင်ပွဲမှာ အနိုင်ရတဲ့အခါတိုင်း ရှာရာပိုဗာက သူ့ပြိုင်ဖက်ကို ဘယ်တော့မှ ဝေဖန်လေ့ မရှိသလို ကိုယ်အရည်အချင်းနဲ့ ပတ်သက်ပြီး ကြွားဝါနေတာမျိုးလည်း မရှိပါဘူး။ ဒါက တင်းနစ်ချန်ပီယံအဖြစ် ရပ်တည်နေနိုင်တဲ့ ရွှေရောင်စည်းမျဉ်းတစ်ရပ်လို့ ခံယူထားပါတယ်။ တကယ်လို့ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင်လည်း ဒီလိုမျိုးပဲ နေလေ့ ရှိပါတယ်။

၁၀။ အရာရာကို ဟန်ချက်ညီအောင် နေထိုင်ပါတယ်

တင်းနစ်ချန်ပီယံတစ်ဦးအဖြစ် လုပ်ကိုင်နေချိန်မှာ လူမှုရေးအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တာဝန်တွေအကြား ဟန်ချက်ညီအောင် နေနိုင်မှ  Fan ပရိသတ် တိုးနေမှာ ဖြစ်တယ်ဆိုတဲ့အချက်ကို သင်ခန်းစာရခဲ့ကြောင်း ရှာရာပိုဗာက ဆိုပါတယ်။ တင်းနစ် ချန်ပီယံအဖြစ် ရပ်တည်နိုင်ရတဲ့ လျှို့ဝှက်ချက်က သူ့ဘဝနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေကို ထိန်းချုပ်နေနိုင်တာကြောင့် ဖြစ်တယ်လို့ သူ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။


ဇွန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...