အရွယ်တင်ဖို့အရင်တွယ်စို့
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Wednesday, May 9, 2012 at 2:20am ·
`Looking young apparently means a longer life အရွယ်တင် နုပျိုခြင်းသည် အသက် ရှည်
ရှည်နေနိုင် ခြင်းကို ဆိုလိုကြောင်း ဖြင့်လေ့လာမှု တစ်ခု အရ သိရပါသည်။
ဒိန်းမတ် နိုင်ငံမှပညာရှင် တို့၏ လေ့လာ မှုအရ မူရင်း အသက် အရွယ်ထက် လက်တွေ့ မြင်နေ ရသော ပုံပန်းသဏ္ဌာန်က သိသာစွာ နုနယ် ငယ်ရွယ် နေသူ တို့သည့် သက်တမ်း ရှည်ရှည် နေထိုင်ခွင့်
ရနိုင်ကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် `အရွယ်တင် နုပျိုခြင်းသည် အသက်
ရှည်ခြင်း´ပင် ဖြစ်သည်ဟု ဆိုလိုပါသည်။
၂၀ဝ၁ ခုနှစ်က ဒိန်းမတ် သုတေသီ တို့သည် အသက်
၇၀ ကျော်ရှိ အမြွှာ ၁၈၂၆ စုံတို့၏ ရုပ်ပိုင်းနှင့် ဥဏ်ပိုင်း ဆိုင်ရာ စစ်ဆေးမှု များ၊ မျက်နှာ
ဓာတ်ပုံရိုက်ခြင်း တို့ကို ပြုလုပ်ခဲ့ ကြပါသည်။ ထိုအမြွှာစုံတွဲ တို့ကို အုပ်စု ၃ စုခွဲ၍ သေချာစွာ
ဆက်လက် လေ့လာခဲ့သည်။ နောက်ခုနစ်နှစ် ကြာသည် အထိ ထိုအမြွှာတို့ထဲမှ သက်ရှိ
ကျန်ရစ်သူ တို့ကို လည်း လေ့လာ ခဲ့သည်။ ယင်းတွင် မူရင်း အသက် အရွယ်ထက် ပိုမိုနုပျို
အရွယ်တင် နေသူတို့သည် အသက်ရှည်၊ ဘအသက်ရှင် ကျန်ရစ်လျက် ရှိကြောင်း တွေ့ရသည်။
လိင်ပိုင်း ဆိုင်ရာ (Gender) နှင့် ပတ်ဝန်းကျင် ဆိုင်ရာ (Environmental factors) အချက်
အလက်များ၏ လွှမ်းမိုး ခြယ်လှယ် ခံရမှု မကွာခြား စေကာမူ နုပျိုခြင်းနှင့် အသက်ရှည်ခြင်း
တို့သည် ဆက်စပ် နေကြောင်း တွေ့ရခြင်း ဖြစ်သည်။ The older-looking twin အိုမင်း
ရင့်ရော်နေသော အမြွှာတို့က ဦးစွာ သေဆုံး နေရလေ့ ရှိကြပါသည်။
ယင်းတွင် biological
explanation ဇီဝဖြေရှင်းမှု ဆိုင်ရာ အချက်ကို လေ့လာရာ ဗီဇ DNA (ဗီဇနှစ်ပင်လိမ် ကြိုးခွေ)၏
အဖျားစွန်း အပိုင်း ဖြစ်သော telomere တို့သည် `တယ်လို မီးရား´ တွင် ကွာခြားကြောင်း တွေ့ရ
ပါသည်။ Telomere တို့သည် အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို အထူးညွှန်းပြသည့် DNA ၏ အစိတ်
အပိုင်း ဖြစ်သည်။ ဆဲလ်များ ကွဲပြားမှုနှင့် အတူ telomere တို့ကလည်း တိုလာတတ်ပါသည်။
Telomere တို့ သိသာစွာ တိုလာလေ၊ အိုမင်းခြင်း ဖြစ်စဉ် aging process တို့ပီပြင်စွာ ဖြစ်လာပြီး
လူအိုပုံစံ ဆောင် ကြဉ်းပေးတတ် ပါသည်။ နုပျိုသူ၊ အရွယ်တင် သူတို့မှာ သူတို့၏ DNA telomere
တို့မှာ ရှည်သော telomere ပိုင်ဆိုင် နေကြကြောင်းနှင့် ယင်းသည် အသက်ရှည်မှုကို ဆက်လက်
ထိန်း သိမ်းထား နိုင်ကြောင်း ယူဆ ကြပါသည်။
လူတစ်ယောက်ကို မြင်ရသည်နှင့် သူ၏
အသက်ကို ခန့်မှန်း ကြပါက သူ၏ ပြင်ပ ပုံပန်းသဏ္ဌာန်၊ အသားအရေ၊ သွားလာ လှုပ်ရှားမှု၊
ပြောဆိုပုံ၊ အတွေးအခေါ် စသည်တို့ကို လေလာခြင်းဖြင့် ထိုသူ၏ မြင်တွေ့ နေရသော
ပကတိအသက် (Perceived age)ကို ခန့်မှန်း နိုင်ကြပါမည်။ အသက်ခြောက်ဆယ်ဟု ဆိုပါစို့။
သို့သော် သူ၏ မူရင်း အသက်သည် ခုနစ်ဆယ်ဖြစ်သည် ဆိုပါက ထိုသူသည် အသက်ဆယ်နှစ်ခန့်
နုပျိုနေသူ၊ အရွယ်တင် နေသူဖြစ်သည်။ ယင်းသည် ထိုသူ၏ ကျန်းမာရေး အခြေအနေ ကိုလည်း
ပြသ နေခြင်းဖြစ်ပြီး အိုမင်းခြင်း ဖြစ်စဉ် ဆိုင်ရာ ဇီဝအညွှန်းကိန်း (Biomarker of ageing)
လည်းဖြစ်သည်။ နုပျို အရွယ်တင်ခြင်း၊ ကျန်းမာရေး ကောင်းခြင်းနှင့် အသက်ရှည်ခြင်းတို့ ဆက်စပ်
နေပါသည်။ အထူး သဖြင့် အသက် ၇ နှစ်ကျော် အရွယ်တွင် ပိုမို အရွယ်တင်လေ၊ အသက်ရှည်ခွင့်
ရလေဖြစ်ကြောင်း မှတ်ချက်ချ ကြပါသည်။
အသက် ရှည်ရှည် နေခွင့်ရဖို့ အရွယ်တင်
နုပျိုစေအောင် ဂရုပြု စောင့်ရှောက် ထိန်းသိမ်း ကြရပါမည်။ ကျန်းမာရေးနှင့် ညီညွတ်သော
စားသောက် နေထိုင်မှုပုံစံ၊ ပုံမှန် ဆေးစစ်ခြင်း၊ ပုံမှန် ကိုယ်လက် လှုပ်ရှားခြင်း၊ အရက်၊ ဆေးလိပ်
မသောက်ခြင်း၊ ပြည့်ဝစွာ အနားယူခြင်း၊ အိပ်စက်ခြင်း တို့အပြင် စိတ်၏ အေးချမ်း၊ အေးငြိမ်း
မှုများကို တည်ဆောက်ခြင်း တို့သည် အရွယ်တင် နုပျိုစေခြင်း ဖြစ်စဉ်ကို အဓိက ဖြစ်စေနိုင်
သောအချက် များဖြစ်ပါသည်။
ပုံမှန် ကိုယ်အလေးချိန် ကိုလည်း ထိန်းထား ပေးသင့်ပါသည်။
ပုံမှန်ရှိသင့်သည့် ကိုယ်အလေးချိန် ထက် ဥပမာ-ပေါင် ၂၀ ပိုနေသူသည် နေ့စဉ်နှင့် အမျှ ပေါင် ၂၀
အလေးတစ်ခုကို သယ်နေရသူ ဖြစ်ပါသည်။ ခန္ဓာကိုယ်က သယ်နိုင်သည့် သတ်မှတ် ပမာဏထက်
ပိုနေသဖြင့် သက်ရှည် ကျန်းမာရေး အတွက် များစွာ အနှောင့် အယှက် ဖြစ်စေပါ သည်။ `စိတ်ပျို
ကိုယ်နု´ ဆိုသကဲ့သို့ စိတ်ဖိစီးမှု (Stress) များပြား လှသည့် ယနေ့ခေတ် ကာလတွင် အရွယ်
မတိုင်မီ သေဆုံးမှု၊ အိုမင်း ရင့်ရော်နေမှု၊ လုပ်အား ဆုံးရှုံးနေရမှု များစွာနှင့် အထူး ဆက်စပ်
နေပါသည်။
စိတ်ဖိ စီးမှုသည် ခန္ဓာကိုယ်၏ ဇီဝမီး လောင်ကျွမ်းမှုကို များစေပြီး ရုပ်ပိုင်းကြံ့ခိုင်မှု
တို့ကိုလည်း ထိခိုက် စေပါသည်။ ဖိစီးမှု (Stress) ကို အချို့ကဖိအား (Pressure) ဟုလည်း
ခေါ်ကြပါသည်။ `Pressure များတော့ မခံနိုင်ဘူး´။ Pressure တွေကြောင့် ဒီလိုဖြစ်ရတာ
စသည်ဖြင့် ပြောလေ့ရှိကြပါသည်။ ဖိအားများ လာလျှင် လျှော့မထုတ်၊ ထွက်ပေါက် မပေးပါက
ခန္ဓာကိုယ်၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ တို့ကို ဒဏ်ဖြစ်၊ အနာ တရ ဖြစ်သွား စေနိုင်ပါသည်။
`အတွင်းကြေ၊ အတွင်းကြေ´ ဆိုသော သီချင်း စာသားလို ဖြစ်နေနိုင် ပါသည်။ ရှူးရှဲမြည် အပူမီး
တောက်နေသော ပေါင်းအိုးမှ လေပေါက် ကလေးလို ဖြစ်သည်။ Safety valve - mechanism
ဖြင့်လေ ဖိအားထွက်ပေါက် (Vent) ကလေးများ လုပ်ထား သဖြင့် ပေါင်းအိုး ထဲမှ ကြီးမားသော
ဖိအားများ အပြင်သို့ ထွက်သွားပြီး ကျွန်တော်တို့ လိုအပ်သော အသား နုနု၊ နူးနူး ကလေး
ကရပါသည်။ ထို Vent ကလေး များသာ မရှိလျှင် ပေါင်းအိုးကြီး ထကွဲ ထွက်သွား နိုင်ပါသည်။
ထို့ကြောင့် အသက်ကြီး လာလျှင် ဖိအားများ ရင်ဆိုင်လာရလေ၊ စိတ်ဖိ အားများ လျှော့ပေး
ဖို့လိုပါသည်။
`ယောနိသော မနသိကာရ´ သင့်တင့်စွာ နှလုံးသွင်း ဆင်ခြင်မှု၊ ရင့်ကျက်မှု
(Maturity) ဖြင့် ပြဿနာ များအား ရင်ဆိုင် ဖြေရှင်းမှု၊ ကိုယ်စိတ် အေးချမ်းမှု များကို
တည်ဆောက် နိုင်ခြင်း တို့အပြင် အပန်းဖြေ၊ ကိုယ်လက်ဖြေ လျှော့မှု တို့က လည်း စိတ်ထွက်
ပေါက်များကို ရရှိ စေနိုင်ပါသည်။ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများ စုပေါင်း လုပ်ဆောင်ခြင်း
တို့ဖြင့် အရွယ်တူခြင်း ချစ်ခင် ရင်းနှီးမှု၊ စိတ် လွတ်လပ် ပေါ့ပါး မှုများ ကို ရရှိ စေပါသည်။ အရွယ်
ရလာလျှင် အထီး ကျန်မနေဘဲ မိသားစု၊ အပေါင်း အသင်း တို့ဖြင့် ဝေဝေ ဆာဆာ နေထိုင်
တတ်ခြင်း တို့သည် စိတ်၏ အားဆေးများ ဖြစ်ပေါ် စေနိုင်ပါသည်။
ယမ မင်း၏ ရှေ့ပြေးမိတ်ဆွေကြီး ဖြစ်သော`ဇရာမင်း´၏ ခံတွင်းထဲ မရောက် စေရအောင် စိတ်နှင့် ကိုယ်တို့၏
နုပျိုစေနိုင်ခြင်း ဆိုင်ရာ အလေ့အကျင့်၊ နေထိုင်ကျင့်ကြံမှုများကို အရင်ဦး အောင် လုပ်ထားမှ
ဖြစ်မည်။
အရင်တွယ်ထားမှ အရွယ် တင်မည်။ အရွယ်တင်မှ အသက်ရှည်မည် ဖြစ်ပါသည်
ကဲ ..ကျွန်တော်တို့ အားလုံးလည်း...အရင်တွယ်ကြပါစို့ 
ချစ်ခင်လေးစားသော
ဆေးလောက http://www.facebook.com/medicalworld
0 comments:
Post a Comment