ရုပ်ရှင်
by Manor Hary on Thursday, May 24, 2012 at 7:44am
(အဆုံး )
“ Cut ..this is the last scene ”
ဆိုသော အသံအဆုံးမှာမှ ဒါဟာ နောက်ဆုံးဇာတ်ဝင်ခန်း ဆိုတာ ကျွန်မ သိလိုက်ရသည်။ တစ်ခါတစ်ခါတော့လည်း လောက၏ ထိုးဇာတ်များသည် ထိုသို့ချည်း ဖြစ်၏။ ဘာကိုမှ သိပ်ပြီး ကြိုမသိတာက ကောင်းတာလား ဆိုးတာလား ကျွန်မ စဉ်းစားနေမိသည်။
ကိုယ်ပိုင် စိတ္တဇနာမ်များ၊ အငွေ့အသက်များ၊ ခြေရာ လက်ရာများ အားလုံးကို ကျွန်မ လိုက်လံသိမ်းဆည်းနေဆဲ မီးသမား မှန်သမား ကင်မရာသမား များကလည်း ပစ္စည်းတွေ သိမ်းနေကြသည်။တချို့သော ဇာတ်လိုက်ကျော်များက ကိုယ်ပါဝင် သရုပ်ဆောင်ခဲ့သော ကဒ်များကို မော်နီတာတွင် ပြန်ကြည့်နေကြ၏။
“ ဟေ့ .. မင်း ပြန်မကြည့်တော့ဘူးလား ..”
“ ဟင့်အင်း .. အဆင်ပြေတယ် မဟုတ်လား ..”
“ အားးးး အဆင်ပြေရုံဘယ်ကမလဲ … သိပ်ကောင်းတယ် ..”
ဇာတ်ညွှန်းသမားက အားရကျေနပ်သံကြီးနှင့် ဝင်ပြောသည်။ ကျွန်မကတော့ ထိုသူ့ကို အမုန်းဆုံး ဖြစ်သည့် အလျောက် ဘာမှပြန်မပြောဖြစ်။ ဘာမှ သိပ်လေးလံခြင်း မရှိသော ကိုယ်ပိုင်ပစ္စည်းတချို့ကို ကားပေါ် ပစ်တင်လိုက်သည်။ ဘုရားသခင်။ ကျွန်မ ဘယ်ကို သွားရမှာတဲ့လဲ။ နောက်ထပ် ထပ်ကရမယ့် ပြဇာတ်က ဘာတဲ့လဲ။ ခက်တော့ ခက်နေပြီ။
ကျွန်မ ကားကို မှီပြီး ဘာမှ ပျော်ရွှင်ဖွယ်ရာ မပါသော ကဒ်များကို တကဒ်ပြီးတစ်ကဒ်ကြည့်ကာ ကျေနပ် အားရနေသူများကို ကြည့်နေမိသည်။ လောကတွင် လူတချို့သည် ဗီလိန်အဖြစ် သရုပ်ဆောင်ရသည်ကို ကျေနပ်နေတတ်တာကို ကျွန်မ ခုမှသိလိုက်တာမှ မဟုတ်ပဲ။ ထိုစဉ် အရိပ်တစ်ခု ဖြတ်ကနဲ ထိုးကျလာသဖြင့် ယောင်ရမ်းပြီး နောက်ဆုတ်မိမလို ဖြစ်ပြီးကာမှ မှီထားသော ကားကြောင့် ဘယ်မှ မရောက်လိုက်။ မော့ကြည့်လိုက်တော့ ဝတ်ရုံနက်နှင့် တံစဉ်လိုတုတ်ကြီး ကိုင်ထားသော သေမင်းတမန် ။
“ ဒီကားမှာ နင်ပါလို့လား ..”
ကျွန်မ သူ့ကို ဇဝေဇဝါ ကြည့်လိုက်မိတော့ သူက မျက်နှာဖုံးကို ဆွဲချွတ်ရင်း ကျွန်မကို မသက်မသာ ကြည့်သည်။
“ နင့် မှတ်ဥာဏ်တွေ မကောင်းတော့ဘူး ”
“ ဟုတ်လား . အင်း .. ငါ့မှတ်ဥာဏ်တွေ မကောင်းတော့ဘူး။ ဒီနေ့ရိုက်တဲ့ အခန်းတောင် ဘာမှန်းမသိ လိုက်ဘူး .. ဒီနေ့ နောက်ဆုံးနေ့ ဆိုတာလည်း ငါ မသိလိုက်ဘူး ”
“ နင်ကတော့ တကယ့်စံပါပဲ .. သရုပ်ဆောင်တာတော့ ကောင်းပါရဲ့ နင် မသိတာချည်းပဲ။ ဒါထက် နင် ဘာဖြစ်နေလဲ .. တစ်ခုခု ..”
“ အင်း .. အမ်နီးရှားလို ဟာမျိုး ..”
သူ ဟက်ဟက်ပက်ပက်ရယ်သည်။ ခုမှ သူ့ရယ်သံက သူဝတ်ထားသော သေမင်းတမန် ဝတ်စုံနှင့် လိုက်ဖက်နေသော်လည်း ကြောက်စရာ မကောင်း။ကားရိုက်တုန်းက သူ ဒီလိုရယ်မောခွင့်မရခဲ့ဟု ထင်သည်။
“ အမှန်က နင်က ဒီကားထဲမှာ သေပြီးသားလူလေ .. တကယ်သေမသေ ကိုယ့်ဘာသာကိုယ် အတည်ပြုရင်း ထပ်ခါ ထပ်ခါ သေနေတာလေ .. နင်မမှတ်မိဘူးလား ..”
“ မှတ်မိ သလိုလိုပဲ …”
“ အဓိကကတော့ သေဆုံးပြီးသား လူတစ်ယောက်က သူ့နားက နောက်ထပ် လူတစ်ယောက် သေဆုံးသွားတာကို လက်မခံပဲ အတည်ပြုဖို့ ကြိုးစားနေတာ တစ်နှစ်လောက် ကြာသွားတဲ့အတွင်း ဖြစ်ပျက်နေခဲ့တာတွေကို ရိုက်ထားတာ ..”
“ ဟုတ်မယ် ..”
ကျွန်မ အူကြောင်ကြောင် ပြန်ပြောတော့ သူက ခေါင်းခါသည်။
“ နင် ဆရာဝန်ဆီ သွားလိုက်တာ ကောင်းမယ် ထင်တယ် ”
“ အေး .. ငါလည်း အဲလိုပဲ ထင်နေတာပဲ ”
လိုက်လျောညီထွေတွေ ပြောတတ်တာ တော်တော် အကျင့်ရနေပြီ မဟုတ်လား။ သေမင်းတမန် ကျေနပ်သွား၏။ ပြင်ပလောကမှာသာဆို သေမင်းက ဆရာဝန်ဆီ သွားဖို့ ပြောနေတာကြီးက အတော် ရယ်စရာကောင်းနေပေလိမ့်မည်။ သို့သော်လည်း ဒီသေမင်းတမန်ကတော့ အတော်လေး စိတ်ထားပြည့်ဝပုံ ရသည်။ ကြည့်လေ။ ဇာတ်လမ်းစဉ်တလျှောက် ကျွန်မနှင့် အတူ သရုပ်ဆောင်နေရပါလျက်နှင့် ဒီကားမှာ နင်ပါလို့လားဆိုတော့လည်း စိတ်ပင်မဆိုးပဲ စိတ်လိုလက်ရ ပြန်ရှင်းပြနေသေးသည်။
ရှုတင်မီးများ လိုက်ပိတ်နေပြီ။ ဒါရိုက်တာကလည်း သူ့ကားပေါ် ရောက်နေပြီ။ လူသုံးလေးယောက်က မော်နီတာနားက မခွာချင်သေး။ ကျွန်မ သေမင်းတမန်ကို နှုတ်ဆက်ကာ ကားပေါ် တက်လိုက်သည်။ စက်နှိုးရန်ပြင်နေဆဲ လူတစ်ယောက် ကားပြတင်းမှန်ကို လာခေါက်သည်။ မှန်ကို ဖွင့်ပေးလိုက်ရင်း ..
“ ဘာလဲ ..”
“ ခင်ဗျား ကျန်ခဲ့တာ .. အီစတာမှာ ပွင့်တဲ့ပန်းလေ .. ”
အယောင်ယောင် အနနနှင့် ကျွန်မ လှမ်းယူလိုက်သည်။ ပန်းက အတု ဖြစ်နေ၏။ ကျွန်မ ယူခဲ့တုန်းက ပန်းက အစစ်။ ခုလောက်ရှိ နွမ်းလျ ပျက်စီးနေလောက်ပြီ။ ခု ပန်းအတုကတော့ အစစ်နှင့် ခွဲမရအောင် တူလျက်က လန်းဆန်း လှပနေဆဲ။ ဘေးခုံပေါ်ရှိ ပစ္စည်းပုံပေါ် ပစ်တင်လိုက်တော့ စိတ္တဇနာမ် တစ်ခုက စိတ်ဆိုးမာန်ဆိုး ထခုန်ပြီး ကားပေါ်က ဆင်းမည် တကဲကဲ လုပ်တော့သည်။
“ နင်ဟာလေ အမှတ်ကို မရှိဘူး။ ငါ အဲဒီပန်း အနံ့တောင် မခံချင်တော့ပါဘူးဆို ”
“ ဒါ အနံ့မပါပါဘူး။ အတုကြီးပါ ..”
“ အတုလည်း မမြင်ချင်ဘူး။ နင်လည်း ကြည့်မနေနဲ့ ပြီးရင် နင့်ဒုက္ခက ငါ့ဒုက္ခ လာဖြစ်တာပဲ ..”
ကျွန်မ သူ့အလိုကျ (ကျွန်မအလိုကျလည်း ဖြစ်နိုင်ပါသည်။) အီစတာပန်း အတုကို ကားပေါ်က လွှင့်ပစ်ခဲ့လိုက်သည်။
(အလယ်)
ရိုက်ကွင်းတည်ရှိရာ စတူဒီယိုဝန်းကြီး ထဲမှာ ကားကို မောင်းထွက်ခဲ့လိုက်တော့ ဂိတ်နားအရောက်တွင် လူတစ်ယောက် ကားကို တားနေတာ တွေ့ရသည်။ ဘယ်အချိန်က ကားမှီအုံးပေါ် တက်ထိုင်နေမှန်း မသိသော စိတ္တဇနာမ် တစ်ကောင်က သတိပေးသည်။
“ မင်း.. ကားရပ်ဖို့ စိတ်မကူးနဲ့နော် လက်ပဲ လှမ်းပြလိုက် ..”
တကယ်လည်း ကျွန်မ ကားရပ်ဖို့ စိတ်ကူးမရှိပါ။ ကျွန်မကိုယ် ကျွန်မပင် ဘယ်သွားမည်မှန်းမသိပဲ လမ်းကြုံ လိုက်မည့်သူကို ခေါ်တင်သွားလို့ ဖြစ်မှ မဖြစ်ပဲ။ သိနေသည့်တိုင် ကျွန်မနှင့် လမ်းကြုံလိုက်မည့်သူက လမ်းချင်း တူပါဦးမှလေ …။
“ မင်းသိထားဖို့က ငါတို့ တော်တော်ပင်ပမ်းနေပြီ ..”
ကိုယ်နှိပ်စက်ထားလို့ သူတို့ပဲ ပင်ပမ်းနေရသလို ခပ်တည်တည်နှင့် ကျွန်မကို သတိပေးကြသည်။ တကယ်ဆို ကျွန်မ၏ သရုပ်ဆောင်မှုများ အားလုံးသည် သူတို့၏ အထောက်အကူ လိုတာတော့ မှန်ပါသည်။ သို့သော် သူတို့ မလာလည်း ဖြစ်သည်ပဲ။ ကျွန်မ အတောင့်လိုက်ကြီး အသက်မပါပဲ သရုပ်ဆောင်တော့ရော ဘာဖြစ်မှာလိုက်လို့ … ဟု စိတ်ထဲက တွေးပစ်လိုက်သည်။ ပါးစပ်ကတော့ မပြောဖြစ်။ သူတို့သာ မက ကိုယ်ပါ အတော်လေး ပင်ပမ်းနွမ်းနယ်နေပြီဆိုတာ ထိုအချိန်ကျမှ တိတိပပ သိလိုက်ရလို့လည်း ဖြစ်မည် ထင်သည်။
“ ဒါဆို ငါတို့ ဘယ်သွားကြမှာလဲ ..”
“ မင်း .. မပြန်ဘူးလား ..”
“ ဘယ်ကိုလဲ ..”
ကျွန်မ အမေးကို သူတို့ စိတ်ပျက် လက်ပျက် ခေါင်းခါကြရင်း တစ်ကောင်မျက်နှာ တစ်ကောင် တကယ်ပဲ မြင်ရသလိုလို ကြည့်ကြသည်။
“ မင်း အခြေအနေ အတော် မကောင်းတာပဲ ..”
“ ဟင့်အင်း .. ဘယ်ကလာ .. ဒါ အခြေအနေ ကောင်းပါတယ် .. ငါ ကားမောင်း နေသေးတယ်လေ .”
“ ဒါဆို မင်း ဘယ်ပြန်ရမလဲ ဘာလို့ မသိတာလဲ ..”
“ မသိတာ မဟုတ်ပါဘူး.. ငါ မပြန်ချင်တာပါ ..”
မပြန်ချင်ဘူးသာ ခပ်တည်တည် ပြောလိုက်သည်။ သူတို့ ရည်ညွှန်းနေတာ အိမ်လား၊ အဆောင်လား၊ ဘယ်နေရာလဲ ကျွန်မ မသိ။ အိမ်ပြန်လမ်းကိုလည်း ကျွန်မ မသိ။ အိမ်ဆိုရင် အိမ်မှာ ဘယ်သူတွေက ကျွန်မကို စောင့်နေကြမှာလဲ ကျွန်မ မသိ။ ခု ဖြတ်မောင်းနေမိသည့် သစ်တောလမ်းကိုတောင် ဘာလမ်းမှန်း ကျွန်မ မသိ။ ဒါကို သူတို့ကို အသိပေးလိုက်လျင် အားလုံး လှုပ်လှုပ်ရွရွတွေဖြစ်ကာ ကျွန်မ ကားဆက်မောင်းလို့ ရမှာမဟုတ်။
စိတ္တနာမ် တစ်ခု ကျွန်မ ပုခုံးပေါ် ခုန်တက်လာသည်။
“ မင်း ဘာလို့ မပြန်ချင်တာလဲ ။ မနားချင်ဘူးလား ။ မင်း နားသင့်တယ်လေ ..”
“ မနားချင်ပါဘူး .. ခုမှ ဇာတ်သိမ်းခန်းကို ရိုက်ခဲ့တာ။ လွတ်လပ်ပြီလေ .. ငါ လွတ်လွတ်လပ်လပ် လျှောက်သွားချင်တယ် ..”
ပြောနေချိန်မှာ ကိုယ့်အသံတောင် ကိုယ်သိပ်မမှတ်မိချင်လောက်အောင် စကားလုံးတွေက မယုံကြည်ချင် စရာ ဖြစ်နေသည်။
“ ဒါ ဆိုလည်း သွားလေ … ငါတို့ သီချင်း နားထောင်ကြတာပေါ့ ”
စိတ္တဇနာမ် တစ်ကောင်က သီချင်း လှမ်းဖွင့်သည်။ ထွက်လာတဲ့ ဂီတက Kitaro … Dances of Swaravati .. ဒါပြီးရင် Silk Road လာမည် ..။ ပြီးရင် Lady of Dream လာမည် ..။ ဒါတွေအားလုံး ပြီးခဲ့တဲ့ ဇာတ်က ဇာတ်ဝင်သီချင်းတွေ၊ နောက်ခံ ဂီတတွေ ..။ ဒါကိုကျ ကျွန်မ မှတ်မိနေသည်။ ဖျတ်ကနဲ လှမ်းပိတ်လိုက်တော့ စိတ္တဇနာမ် တစ်ကောင်က မေးသည်။
“ ဘာဖြစ်တာလဲ ”
“ ဒါ ပြီးခဲ့တဲ့ ကားထဲက ဇာတ်ဝင်သီချင်းတွေ ဂီတတွေလေ။ အလုပ်ပြီးကာစမှာ ဒါတွေ နားမထောင်ချင်ဘူး။ တခြား တစ်ခုခု ဖွင့်စမ်းပါ … ”
“ မင်း .. မင်း .. ပြန်မှတ်မိသွားပြီလား …”
တစ်ကောင်က ကြောင်အမ်းအမ်းနှင့် ကျွန်မကို ပြန်မေးပြန်သည်။ shit .. ဟုတ်သားပဲ။ ဒါကျ ဘာလို့ သိနေတာလဲ။ သူတို့မေးသလို ကိုယ့်ကိုယ်ကိုလည်း ပြန်မေးရသည်။ ခုနက အီစတာပန်းကို ယူလာခဲ့တာ မှတ်မိ နေသလိုမျိုး။ ဒါက သိပ်မဖြစ်သင့်ပေမယ့် ဖြစ်ကို ဖြစ်နေခဲ့ပြီ။ တကယ်ဖြစ်နေတာ ဟုတ်မဟုတ် သိပ်မသေချာတာ တစ်ခုပဲရှိသည်။
“ ငါ ဒါကျ ဘာလို့ မှတ်မိနေတာလဲ ..”
“ ဒါကြောင့်ပြောတာ .. မင်း နားဖို့ လိုနေပြီလို့ ..”
“ ငါ တို့ ကော်ဖီသောက်ကြရအောင် .. ရှေ့ ကော်ဖီဆိုင်လေးက ချစ်စရာလေး ..”
သစ်တောလမ်းလေး အလွန်တွင် ချစ်စရာကောင်းသော ကော်ဖီဆိုင်လေးကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ကျွန်မ ကော်ဖီသောက်ချင်သွားတာလား၊ စကားလမ်းကြောင်းကို လွှဲပစ်လိုက်ချင်တာလား မသိ။ ကားကို ဆိုင်ရှေ့ ထိုးရပ်ပစ်လိုက်သည်။ သူတို့ကတော့ ကျွန်မကို ကြည့်ကာ မေးခွန်းထုတ်၏။
“ ငါတို့ပါ လိုက်ဆင်းရမှာလား ..”
“ ဒါပေါ့ ..လာလာ .”
ပြောပြောဆိုဆို ကျွန်မ သူတို့အားလုံးကို အိတ်ထဲ ကောက်ထည့်လိုက်သည်။ အားကနဲ တစ်ကောင်က ထအော်သဖြင့် ကျွန်မအလန့်တကြားကြည့်မိတော့ အိတ်ထဲမှာက မီးခိုးတလူလူနှင့် ..။
“ ဒါက ဘယ်သူလဲ ဘာဖြစ်ရပြန်တာလဲ ..”
မီးခိုးငွေ့တွေကို ခတ်ထုတ်ဖယ်ရှားလိုက်ပြီး ကြည့်လိုက်တော့ စိတ္တဇနာမ် တစ်ကောင်။ ခုထိ မျက်ရည် စက်လက်နှင့် ..။ Amazing Grace ကို ခပ်တိုးတိုး ဆိုနေသည်။
“ ဟေ့ကောင် .. အဲဒီဇာတ်က ပြီးသွားပြီလေ .. ”
ကျွန်မက သူ့ပုခုံးကို ပုတ်ပြီး အသာပြောသော်လည်း သူက မော့ပင်မကြည့်။ Amazing Grace ကိုသာ စိတ်လို လက်ရ ဆိုနေသည်။
“ ငါတို့ သူ့ကို ကားပေါ် ထားခဲ့ရမလား ..”
ကျွန်မက ထိုသို့ မေးတော့ ကျန်သည့် စိတ္တဇနာမ်တွေက သဘောမတူ။
“ ကဲကဲ .. ငါပဲ ကော်ဖီကို take away လုပ်ယူလာခဲ့တော့မယ် .. ကားပေါ်ပဲ ထိုင်ကြတာပေါ့ ..”
ကော်ဖီဆိုင်ထဲ ဝင်လိုက်သည်နှင့် Colbie Caillat ၏ Realize သီချင်းသံက ကျွန်မကို ဆီးကြိုနေသည်။ take time to realize .. ကျွန်မ အချိန်တစ်ခုလိုနေတာလား .. ဟင့်အင်း ကော်ဖီတစ်ခွက် လိုနေတာ .. ကျွန်မ ရိုက်ကွင်းပြီးကတည်းက ဘာမှမစားရသေး ..။ အနည်းဆုံး ကော်ဖီတစ်ခွက်တော့ လိုအပ်နေသည်။ စတားဘတ် ကော်ဖီဖြစ်လျင်တော့ အကောင်းဆုံးပေါ့ ..။ ဒီဆိုင်ကတော့ စတားဘတ်ဆိုင်မဟုတ်တာ သေချာသည်။ အလိုလိုနေရင်း စတားဘတ်ကပချီနို အနံ့က နှာခေါင်းထဲ ဝင်လာသလိုလို … . ပြီးခဲ့သည့် ဇာတ်လမ်းစဉ် တစ်လျှောက်မှာတော့ ကျွန်မ စတားဘတ် လေးငါးခွက်နှင့် သရုပ်ဆောင်ခဲ့ရဖူးသည်ကို အမှတ်ရနေသည်။ (ဒါကျ ဘာလို့ အမှတ်ရနေတာလဲ .. ကျွန်မက ဇာတ်ထက် ဇာတ်ဝင်ပစ္စည်း အချို့ကိုသာ မှတ်မိနေတာ နည်းနည်းတော့ ဆန်းနေသည် ..) ။ ထိုထဲမှာက ကျွန်မသည် စတားဘတ် ကော်ဖီကို နှစ်သက်သူလား … (သိပ်မသေချာ) .. သေမင်းတမန်၏ အပြောအရဆို ကျွန်မက သေဆုံးမှု တစ်ခုကို အတည်ပြုချက် လိုက်ယူနေသော သေဆုံးပြီးသား ဝိညာဉ်တစ်ကောင် ..။
ကျွန်မ ဝိညာဉ်တစ်ကောင်လို ပေါ့ပါးဟန်ဆောင်ပြီး ကားပေါ် ပြန်တက်ကြည့်လိုက်သည်။ မအောင်မြင်ပါ။ ကော်ဖီနံ့ကြောင့် ကားထဲမှ စိတ္တဇနာမ်များ ခေါင်းထောင်လာသည်။
“ ငါတို့ ဒီနားမှာပဲ ကားရပ်ပြီး ကော်ဖီသောက်ကြရအောင် ”
သူတို့ကို ကော်ဖီခွက်တွေ ကမ်းပေးလိုက်ရင်း သူတို့အဖြေမရခင်မှာပင် လေအေးပေးစက်ကို နည်းနည်း လျှော့ချပြီး ထိုင်ခုံကို နောက်လှန်ချလိုက်သည်။ ခပ်ပြေပြေလျှောလျှောလေး နှင့် သက်သောင့်သက်သာ ထိုင်လို့ရသွားအောင် ဖြစ်၏။ တခြားသီချင်းတစ်ခုခုဖွင့်စမ်းပါ .. ဟု ကျွန်မကပြောတော့ သူတို့ သီချင်း ရွေးကြသည်။ အတော်ကြာအောင် ရွေးနေပြိးမှ ထွက်လာတာက Paul Simon ရဲ့ အသံ။
..~ No I would not give you false hope, on this strange and mournful day , but the mother and child reunion , it’s only a motion away .. oh ..oh oh .. little darling of mine, I can’t for the life of me, remember sadder day, I know they say let it be, but it just don’t work out that day and a course of a lifetime run, over and over again ..~ ..~ ..
“ ရပြီ .. ပိတ်လိုက်တော့ .. သီချင်းနားမထောင်တော့ဘူး .. ကော်ဖီပဲသောက်မယ် စကားပြောကြတာပေါ့ နင်တို့က ပြီးခဲ့တဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး တစ်ခုခု မှတ်မိလာအောင် ပြောကြလေ .. ငါနားထောင်မယ် ”
သီချင်းကို ခုပဲဖွင့်ခိုင်းပြီး ခုပဲ ဖျတ်ကနဲ ကိုယ့်ဘာသာ လှမ်းပိတ်လိုက်တဲ့ ကျွန်မကို သူတို့ စိတ်ပျက်သလို ကြည့်နေမှာ ကျွန်မ မကြည့်ဘဲ သိနေသည်။ စိတ္တဇနာမ် တစ်ကောင်ကတော့ စိတ်မရှည်သလို မေးသည်။
“ မင်း Simon and Garfunkel ကိုရော သတိရရဲ့လား ..”
“ ဘာလို့မရရမှာလဲ ငါ လွန်ခဲ့တဲ့ ၂နှစ်က Acer Arena မှာ သူတို့နဲ့ ဆုံခဲ့တယ်။ ခုလို ဂျွန်လမှာပဲ။ ဆောင်းက တော်တော်အေးနေပြီ .. ”
သူတို့ ကျွန်မကို မယုံသလို ကြည့်သည်။ Paul Simon တို့နှင့် တွေ့ခဲ့တာကို မယုံတာတော့ မဖြစ်နိုင်။ ဒါက ဘယ်လိုလူမဆို ဒေါ်လာ တစ်ရာလောက် ပေးလျင် ဝင်လို့ရတာပဲ။ တွေ့ခွင့် ရနိုင်တာပဲ။ ဖြစ်နိုင်တာက ဒါကျ မှတ်မိနေတာလားဟု မယုံကြည်နိုင်တာပဲ ဖြစ်မည်။
“ ဒါဆို ခုနက သီချင်းက သူတို့ သီချင်းဆိုတာ မင်းသိလား ..”
“ အိုး .. သိပ်သိတာပေါ့ .. သိလို့ကို နားမထောင်တော့တာ။ အေးအေးဆေးဆေးမှ နားထောင်မယ်လေ ..ခု ငါ တစ်ခုခုကို မှတ်မိဖို့ လိုနေတယ် ..”
သိပ်တော့ ထူးဆန်းတာပါပဲ။ ဒါ ကျွန်မ တွေးလိုက်မိတဲ့ အတွေးဖြစ်သလို သူတို့ ကျွန်မကို တွေးနေတဲ့ အတွေးလည်း ဖြစ်နိုင်တာပဲ။ လွန်ခဲ့တဲ့ ၂နှစ်က သူတို့နဲ့ ဆုံခဲ့တာကို သတိရနေပြီးခုလေးတင် ရိုက်လာတဲ့ ဇာတ်က ဘာဇာတ်လဲ မမှတ်မိတော့တာ စဉ်းစားစရာမဟုတ်လား။
“ အရင်နေ့တွေက ကားရိုက်တာ အဆင်ပြေလား ..”
“ ပြေတယ် .. သရုပ်ဆောင်မှုအားလုံးလည်း သိပ်ကောင်းတာပဲ ဒီနေ့ကျကာမှ အလုပ်တွေပြီးပြီဆိုမှ မင်းဖောက်တာ .. ”
“ ဒီနေ့ နောက်ဆုံးနေ့ ဆိုတာ ငါမသိဘူး ..”
“ ဘယ်သူက သိစရာလိုလဲ .. ဘယ်သူက ပြောနေစရာလိုလဲ .. အားလုံးပြီးနေပြီ ဒီတစ်ကဒ်ပဲ ကျန်တာ .. ဒါပြီးရင် ပြီးပြီ ဆိုတာ လူတိုင်းသိနေတာ မင်းက ဘာဖြစ်နေတာလဲ ..”
“ ဟုတ်လား .. အဲလိုလား ..”
ကျွန်မရဲ့ အူလည်လည် စကားကြောင့် သူတို့ အသံတွေ တိတ်သွားသည်။ ရှိလား မရှိလား သိပ်မသေချာသည့် သူတို့ခေါင်းတွေကို သူတို့ ခါယမ်းနေကြပုံရသည်။ ကျွန်မကတော့ လက်ထဲက ကော်ဖီခွက်လောက် သူတို့ကို စိတ်မဝင်စားနိုင်ပါ။ ခုလောလောဆယ် ကျွန်မ လွတ်လပ်ပေါ့ပါးစွာ နေလိုသည်။ ထို ခံစားမှုကို အထောက်အကူပြုမည့် အရာတစ်ခုခုကို လုပ်ချင်သည်။ တစ်နေရာရာကို သွားချင်သည်။ တစ်ယောက်ယောက်ကို တွေ့ချင်သည်။ ခက်တာက ထို တစ်နေရာရာ၊ တစ်ယောက်ယောက် တစ်စုံတစ်ရာသည် ဘာမှန်း ကျွန်မ မသိခြင်းပင်။
ထုံပေပေအကြည့်များနှင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။ ချစ်စရာကောင်းသော ကော်ဖီဆိုင်သည် လည်းကောင်း၊ လူတွေကို လန်းဆန်းစေသည်ဟု ထင်ခဲ့ဖူးသော ကော်ဖီရနံ့သည် လည်းကောင်း၊ နှစ်သက်ခဲ့ဖူးသော သီချင်းများသည်လည်းကောင်း ဘယ်လို တစ်စုံတစ်ရာကမှ ကျွန်မကို မဆွဲဆောင်နိုင်တာ လည်း သေချာနေသည်။ သောက်လက်စ ကော်ဖီခွက်ကို ကားပြတင်းပေါက်မှ တအားလွှဲပစ်လိုက်သည်။ တစ်ခါသုံး ကော်ဖီခွက်ကလေးက မှန်းပစ်လိုက်သလို မြက်ခင်း စိမ်းစိမ်းတွေပေါ် မကျပဲ သစ်ပင် တစ်ပင် ၊ တိုင်တစ်တိုင်၊ ရုပ်တု တစ်ခုကို ဖြတ်တိုက်ပြီးကာမှ ရေထဲ ကျသွားတာကို မြင်တော့ ကျွန်မ နောင်တရသွားမိသည်။ တစ်ခါတစ်ရံ ကံကြမ္မာသည်လည်း ကျွန်မလိုပင် လက်မှန်းတည့်လိမ့်မည် မဟုတ်ဟု ခွင့်လွှတ်လိုက်ရတော့မလား ..။ ဘာမှန်းမသိသည့် နာကျင်မှုတွေက ရင်ထဲ ပြန်စိမ့်ဝင်လာသည်။ တကယ်တော့ ဘာဆို ဘာမှကို မကျန်တော့အောင် အရာအားလုံးကို သွန်မှောက် ခင်းကျင်းပေးခဲ့သလို ကျွန်မ သရုပ်ဆောင်ခဲ့သည် ထင်သည်။ လတ်တလော ခံစားမှုသည် ဟာလာ ဟင်းလင်း …။ ဘယ်သူ့ အကြံဥာဏ်မှ မယူတော့ပဲ ကားကို မောင်းထွက်ခဲ့လိုက်သည်။ ကားရှေ့မှ လေဟာနယ်သည်လည်း ဟာလာ ဟင်းလင်း ..။ ရောင်နီတချို့ပင် မလင်းချင်တော့ ..။
( အစ )
အီစတာပန်းအတုက ကားထဲ ပြန်ခုန်ဝင်လာသည်။ သူ အလိုကျလိမ့်မည် မဟုတ်။ (ကျွန်မလည်း အလိုကျချင်မှ ကျလိမ့်မည်။)
“ အတုလည်း မမြင်ချင်ဘူး။ နင်လည်း ကြည့်မနေနဲ့ ပြီးရင် နင့်ဒုက္ခက ငါ့ဒုက္ခ လာဖြစ်တာပဲ ..”
“ ဒါ အနံ့မပါပါဘူး။ အတုကြီးပါ ..”
“ နင်ဟာလေ အမှတ်ကို မရှိဘူး။ ငါ အဲဒီပန်း အနံ့တောင် မခံချင်တော့ပါဘူးဆို ”
စိတ္တဇနာမ် တစ်ကောင် စိတ်ဆိုးမာန်ဆိုးနှင့် ထခုန်ပြီး ကားပေါ်မှဆင်းမည် တကဲကဲ ဖြစ်လာသည်။ အီစတာပန်းက အတုဖြစ်သည်။ ကျွန်မယူခဲ့တုန်းက ပန်းက အစစ် ..။ ခုလောက်ရှိ နွမ်းလို့ ပျက်စီးနေလောက်ပြီ။ ကျွန်မ အယောင်ယောင် အနနနှင့် လူတစ်ယောက်ကို အီစတာပန်း ပြန်ကမ်းပေးလိုက်သည်။
“ ခင်ဗျား ကျန်ခဲ့တာ .. အီစတာမှာ ပွင့်တဲ့ပန်းလေ .. ”
“ ဘာလဲ ..”
ကားစက်မသပ်ခင် လူတစ်ယောက် ကားနားက ပြန်ထွက်သွားသည်။ ကျွန်မ ကားပေါ်က ဆင်းသည်။ သေမင်းတမန်ကို နှုတ်ဆက်သည်။ မော်နီတာနား အုံနေသေးသော လူသုံးလေးယောက်ကို ကြည့်မိသည်။ ဒါရိုက်တာက ကားပေါ်က ပြန်ဆင်းလာသည်။ ရှုတင်မီးများကို ပြန်ဖွင့်သည်။ သေမင်းတမန်က ကျွန်မကို စိတ်လိုလက်ရ ရှင်းပြနေပြန်သည်။ ကျွန်မက သူ တော်တော် စိတ်ထားပြည့်ဝပုံကို တွေးရင်းကပင် သေမင်းက ကျွန်မကို ဆရာဝန်ထံသွားဖို့ ပြောတာကို အတော်လေး ရယ်ချင်နေမိသည်။ လိုက်လျော ညီထွေတွေ ကျွန်မ ပြန်ပြောနေတတ်ခဲ့တာ ကြာပြီ။
“ အေး .. ငါလည်း အဲလိုပဲ ထင်နေတာပဲ ”
“ နင် ဆရာဝန်ဆီ သွားလိုက်တာ ကောင်းမယ် ထင်တယ် ”
သူခေါင်းခါတော့ ကျွန်မ အူကြောင်ကြောင် ပြန်ပြောမိသည်။
“ ဟုတ်မယ် ..”
“ အဓိကကတော့ သေဆုံးပြီးသား လူတစ်ယောက်က သူ့နားက နောက်ထပ် လူတစ်ယောက် သေဆုံးသွားတာကို လက်မခံပဲ အတည်ပြုဖို့ ကြိုးစားနေတာ တစ်နှစ်လောက် ကြာသွားတဲ့အတွင်း ဖြစ်ပျက်နေခဲ့တာတွေကို ရိုက်ထားတာ ..”
“ မှတ်မိ သလိုလိုပဲ …”
“ အမှန်က နင်က ဒီကားထဲမှာ သေပြီးသားလူလေ .. တကယ်သေမသေ ကိုယ့်ဘာသာကိုယ် အတည်ပြုရင်း ထပ်ခါ ထပ်ခါ သေနေတာလေ .. နင်မမှတ်မိဘူးလား ..”
သူကားရိုက်တုန်းက ဟက်ဟက်ပက်ပက် ရယ်မောခွင့်မရခဲ့ဟု တွေးထင်နေဆဲမှာပင် သေမင်းတမန်က ဟက်ဟက်ပက်ပက်ရယ်သည်။ သူ့ရယ်သံက သူဝတ်ထားသော သေမင်းတမန် ဝတ်စုံနှင့်လိုက်ဖက် နေသော်လည်း ကြောက်စရာမကောင်း။
“ အင်း .. အမ်နီးရှားလို ဟာမျိုး ..”
“ နင်ကတော့ တကယ့်စံပါပဲ .. သရုပ်ဆောင်တာတော့ ကောင်းပါရဲ့ နင် မသိတာချည်းပဲ။ ဒါထက် နင် ဘာဖြစ်နေလဲ .. တစ်ခုခု ..”
“ ဟုတ်လား . အင်း .. ငါ့မှတ်ဥာဏ်တွေ မကောင်းတော့ဘူး။ ဒီနေ့ရိုက်တဲ့ အခန်းတောင် ဘာမှန်းမသိ လိုက်ဘူး .. ဒီနေ့ နောက်ဆုံးနေ့ ဆိုတာလည်း ငါ မသိလိုက်ဘူး ”
“ နင့် မှတ်ဥာဏ်တွေ မကောင်းတော့ဘူး ”
သူမျက်နှာဖုံးကို ဆွဲချွတ်ရင်း ကျွန်မကို မသက်မသာကြည့်တော့ ကျွန်မ သူ့ကို ဇဝေဇဝါ ပြန်ကြည့်မိသည်။
“ ဒီကားမှာ နင်ပါလို့လား ..”
ဝတ်ရုံနက်နှင့် တံစဉ်လို တုတ်ကြီးတစ်ခု ကိုင်ထားသော သေမင်းတမန်၊ ကျွန်မ နောက်ကို ဆုတ်လိုက်မိသလို။ ကျွန်မရှေ့သို့ အရိပ်တစ်ခု ကျလာသည်။ လောကတွင် လူတချို့သည် ဗီလိန်အဖြစ် သရုပ်ဆောင်ရသည်ကို ကျေနပ်နေတတ်တာကို ကျွန်မ ခုမှသိလိုက်တာမှ မဟုတ်ပဲ။ ကျွန်မ ကားကို မှီပြီး ဘာမှ ပျော်ရွှင်ဖွယ်ရာ မပါသော ကဒ်များကို တကဒ်ပြီးတစ်ကဒ်ကြည့်ကာ ကျေနပ် အားရနေသူများကို ကြည့်နေမိသည်။
ခက်တော့ ခက်နေပြီ။ နောက်ထပ် ထပ်ကရမယ့် ပြဇာတ်က ဘာတဲ့လဲ။ ကျွန်မ ဘယ်ကို သွားရမှာတဲ့လဲ။ ဘာမှ သိပ်လေးလံခြင်း မရှိသော ကိုယ်ပိုင်ပစ္စည်းတချို့ကို ကားပေါ် ပစ်တင်လိုက်သည်။ ကျွန်မကတော့ ထိုသူ့ကို အမုန်းဆုံး ဖြစ်သည့် အလျောက် ဘာမှပြန်မပြောဖြစ်။ ဇာတ်ညွှန်းသမားက အားရကျေနပ်သံကြီးနှင့် ဝင်ပြောသည်။
“ အားးးး အဆင်ပြေရုံဘယ်ကမလဲ … သိပ်ကောင်းတယ် ..”
“ ဟင့်အင်း .. အဆင်ပြေတယ် မဟုတ်လား ..”
“ ဟေ့ .. မင်း ပြန်မကြည့်တော့ဘူးလား ..”
တချို့သော ဇာတ်လိုက်ကျော်များက ကိုယ်ပါဝင်သရုပ်ဆောင်ခဲ့သော ကဒ်များကို မော်နီတာတွင် ပြန်ကြည့်နေကြ၏။ မီးသမား မှန်သမား ကင်မရာသမား များကလည်း ပစ္စည်းတွေ သိမ်းဆည်းနေဆဲ ကျွန်မကလည်း ကိုယ်ပိုင် စိတ္တဇနာမ်များ၊ အငွေ့အသက်များ၊ ခြေရာလက်ရာများ အားလုံးကို လိုက်လံ သိမ်းဆည်းနေခဲ့သည်။ ဘာကိုမှ သိပ်ပြီး ကြိုမသိတာက ကောင်းတာလား ဆိုးတာလား ကျွန်မ စဉ်းစားနေမိသည်။ လောက၏ ထိုးဇာတ်များသည် တစ်ခါတစ်ခါတော့လည်း ထိုသို့ချည်း ဖြစ်၏။ ဒါဟာ နောက်ဆုံး ဇာတ်ဝင်ခန်း ဆိုတာ သိလိုက်ရချိန်တွင် ..
“ Cut ..this is the last scene ”
( ဇာတ်ဝင်ခန်း )
အတည်ပြုချက် အတိအကျရထားပြီးဖြစ်သော Dead Certificates များကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျွန်မ အော်ဟစ် ရယ်မောနေ၏ ။ ကျွန်မ၏ ပုံရိပ်သည် ဝိညာဉ်တစ်ကောင်ကဲ့သို့ ထွင်းဖောက် မြင်နေရသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။ ရယ်မောသံနှင့်အတူ တလိမ့်လိမ့်ကျလာသော မျက်ရည်များသည် ထွင်းဖောက် မြင်နေရသော မျက်နှာပေါ် ဖြတ်သန်းစီးဆင်း …. …. ၊သရုပ်ဆောင်နေခြင်း မဟုတ်မှန်း ကျွန်မ သိနေသလိုလို .. ကင်မရာသည် ကျွန်မ မျက်ရည်များဆီမှတဆင့် အီစတာတွင်ပွင့်သော ပန်းဖြူဖြူများပေါ်တွင် တွဲခိုနေသည့် နှင်းစက်များပေါ် ရောက်သွားသည် ..။ ထိုပန်းခင်းသည် တစ်ချိန်က အစစ်ဖြစ်ခဲ့သည်။ ခုတော့ သိပ်မသေချာတော့ပါ။ နောက်ဆုံးပိတ် ကြားလိုက်ရသော တေးသွားသည်။
… ~ I once was lost but now am found , was blind but now I see .. ~
“ Cut ..this is the last scene ”
( …………………………. )
အကောင်းဆုံး သရုပ်ဆောင်ဆုကြေညာသံ အဆုံးတွင် ကော်ဇောနီလျှောက်လမ်းပေါ်မှ ဝိညာဉ် တစ်စ လွင့်မျောလာသည်ကို ဘယ်သူမျှ မမြင်လိုက်ကြ။ အားလုံး ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်နှင့် တစ်မိနစ် တိတိ တိတ်ဆိတ် ငြိမ်သက် နေခဲ့သောကြောင့် ဖြစ်သည်။
မနော်ဟရီ
နွယ်နီ မဂ္ဂဇင်း
၂၀၁၂၊ မေ
0 comments:
Post a Comment