Tuesday, May 8, 2012

ကိုယ့်ထူး ကိုယ်ချွန် :ပါရဂူ (၁)


by Zay Ya on Monday, May 7, 2012 at 11:58pm 

                                        ဃူမက္ကရ သျှတ္တရ
                                            အခန်း (၄)

ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း၏ အညွန့် အညှောင့်သည် တစ်စုံတစ်ခုသော တိုင်းပြည် နိုင်ငံ၌ လည်းကောင်း၊ တစ်စုံတစ်ခုသော လူမျိုး၌ လည်းကောင်း၊ တစ်စုံတစ်ခုသော လူတန်းစား၌ လည်းကောင်း သတ်မှတ် ပိုင်းခြား ထားခြင်း မရှိပေ။ သူဌေး သူကြွယ်မျိုး ၌ လည်း ခရီးလှည့်လည် သွားလာသူ ပေါက်ဖွား ဖြစ်ပေါ် လာနိုင်သည်။ သို့ရာတွင် ထိုတိုင်းပြည် နိုင်ငံ က လူမျိုးတို့၏ ဘဝ နေထိုင်မှု သည် အရှည်မျှော်ပြီး ကြည့်တတ်မှ သာလျှင် ထိုတိုင်းပြည် နိုင်ငံ ရှိ သူဌေး သူကြွယ်မျိုး ၌ ခရီးလှည့်လည် သွားလာသူ များ ပေါ်ပေါက် လာနိုင်သည်။ တိုးတက်မှု မရှိသော အရှည်မျှော် မကြည့်တတ်သော လူမျိုး၌ ပစ္စည်း ဥစ္စာ ချမ်းသာကြွယ်ဝ ခြင်း၏ အဓိပ္ပာယ်မှာ ထိုလူမျိုးများ အဘက်ဘက် က ကျဆုံးမှု သို့ ရှေးရှု နေခြင်းသာ ဖြစ်သည်။



သို့သော်လည်း ကျွန်ုပ်ရေးသားခဲ့သည့် အတိုင်းပင် ခရီးလှည့်လည် သွားလာခြင်း၏ အညွန့်အညှောင့်သည် မည်သည့် နေရာ၌ မဆို ဖြစ်ပေါ်ပေါက် ဖွားလာနိုင်သည်။ သို့ရာတွင် ချမ်းသာကြွယ်ဝသော အမျိုး၌ မွေးဖွားလာသူ ဖြစ်ဖြစ်၊ ဆင်းရဲ နွမ်းပါးသော အမျိုး ၌ မွေးဖွား လာသူ ဖြစ်ဖြစ် သို့မဟုတ် ကျွန်ုပ် ကဲ့သို့ ချမ်းသာလည်း မချမ်းသာသော၊ ဆင်းရဲလည်း မဆင်းရဲသော အမျိုး ၌ မွေးဖွား လာသူ ဖြစ်ဖြစ် သို့မဟုတ် ကျွန်ုပ်ကဲ့သို့ ချမ်းသာလည်း မချမ်းသာသော၊ ဆင်းရဲလည်း မဆင်းရဲ သော အမျိုး၌ မွေးဖွား လာသူ ဖြစ်ဖြစ် ခရီး လှည့်လည် သွားလာသူ ၌ တခြား အရည်အချင်းများ အပြင် မိမိကိုယ် မိမိ အားကိုးခြင်း အတိုင်းအတာ သည် ပိုပြီး ရှိသင့်သည်။

ရွှေခွက် ငွေခွက်နှင့် အတူ မွေးဖွားလာသော သူသည် ရွှေငွေကို အားကိုး လျက် ခရီးလှည့်လည် သွားလာခြင်း၊ ကျင့်စဉ်ကို ကျင့်ကြံ အားထုတ် လို သည် ဆိုပါလျှင် ခရီးလှည့်လည် သွားလာခြင်း နှင့် ပတ်သက်သော စာမေးပွဲ၌ စာမေးပွဲ ကျလိမ့်မည်။ အမှန်က စီးပွား ဥစ္စာနှင့် ကြေးငွေ ဓနသည် ခရီးလှည့်လည် သွားလာသူ၏ လမ်းမ၌ အနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်သည်။ စီးပွား ဥစ္စာနှင့် ကြေးငွေ ဓန သည် လူ၏ လှုပ်ရှားမှု မှန်သမျှကို အောင်မြင် ထမြောက် စေနိုင်သည် ဟူ၍ ထင်မှတ် ယူဆ ကြသည်။ ယင်း အယူအဆ သည် လုံးဝ မှားယွင်းသော အယူအဆ ဖြစ်သည်။ ဥစ္စာ ပစ္စည်း ၊ ကြေးငွေ ဓနဖြင့် မီးရထားနှင့် လည်း ခရီးသွားနိုင်သည်။ သဘောင်္နှင့် လည်း ခရီးသွားနိုင်သည်။ လေယာဉ်နှင့် လည်း သွားနိုင်သည်။ ကြီးကျယ် ခမ်းနား သော ဟိုတယ်များ နှင့် အိမ်ကြီး ရခိုင်များသို့ အထိ ရောက်အောင် သွားနိုင်သည်။ အကယ်၍ ခရီးလှည့်လည် သွားလာသူများသည် စိတ်ဓာတ် ခိုင်မာမှု မရှိပါက ယင်း ယာဉ် များနှင့် နေရာ ဌာန များသည် သူ၏ စိတ္တဗလ ကို ဆုတ်ယုတ် နိမ့်ကျ သွားအောင် ပြုလုပ် နိုင်ကြသည်။ ထို့ကြောင့် အကယ်၍ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝ သော လုလင် တစ်ယောက်ယောက်သည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်ကြံ အားထုတ်လိုသည် ဆိုပါက ဥစ္စာပစ္စည်း ကြွေးငွေ ဓန နှင့် အဆက် အသွယ် ဖြတ်တောက် ပစ် သင့်သည်။ တောင်းရမ်းပြီး စားသောက် ရသည့် အခြေအနေ မျိုးသို့ ရောက် မလာစေ ရန် အတွက် သာလျှင်၊ ကြီးမား ထည်ဝါသော ဟိုတယ်ကြီး များနှင့် တည်းခိုခန်းများ၌ တည်းခို နေထိုင်ခြင်း ပြု၍ မရအောင် သာလျှင် အိတ် ထဲ ပိုက်ဆဲ ထည့်ပြီး လှည့်လည် သွားလာသင့်သည်။ လူတန်းစား အသီးသီးက ခရီးလှည့်လည် သွားလာသူ များသည် ရိုးရိုး အဆင့်တစ်ဆင့် ၌သာလျှင် ရှိနေသင့်သည်။

ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်သည် မည်သည့် အမျိုးဇာတ်ကိုမှ လည်း အလေးမထားပေ။ ဘာသာတရား သို့မဟုတ် အသွေး အရောင် ပေါ်တွင် အခြေခံသော မည်သည့် လူတန်းစား ကိုမှလည်း အလေးအနက် မထားပေ။ ခရီးလှည့်လည် သွားလာသူ အတွက် အလိုအပ် ဆုံး အရာမှာ ခရီးလှည့်လည် သွားလာသူ တစ်ယောက်သည် အခြား ခရီးလှည့်လည် သွားလာသူ တစ်ယောက် ကို တွေ့ရ လျှင် သွေးချင်း သားချင်း စိတ်သဘောထားခြင်း ပင် ဖြစ်သည်။

ယင်းသဘောထား သည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် ထွန်းကား ပြန့်ပွားရေး အတွက် အမြင့်မားဆုံးသော မှတ်ကျောက် ဖြစ် သည်။ အဆင့်မြင့် ခရီးလှည့်လည် သွားလာသူ အချင်းချင်း ညီအကို သားချင်းစိတ် ပေါ်လာပေလိမ့်မည်။ ခရီး လှည့်လည် သွားလာသူ တို့၏ အတွင်း သန္တာန် ၌ 'ငါ့ဟာ၊ သူ့ဟာ' ဟူသော အစွဲ အနည်းနှင့် အများ ပျောက်ကွယ် သွားလိမ့်မည်။ တရုတ်ခရီးသည် ဖာဟီယန် နှင့် ရွှင်ကျန် တို့၏ ခရီးများကို လေ့လာကြည့်လျှင် ဖာဟီယန်နှင့် ရွှင်ကျန် တို့သည် လမ်းခရီး ၌ တွေ့ဆုံသော ခရီးသည် များ အပေါ် ၌ မည်မျှ ချစ်ခင် ကြင်နာမှု ရှိသည် ဆိုသည်ကို တွေ့မြင် သိရှိ ရလိမ့်မည်။ တရုတ်ခရီးသည် နှစ်ဦးတို့သည် သမိုင်း စာမျက်နှာ များထဲ တွင် မေ့ဖျောက် ထားသည့် သက်စွန့် ကြိုးပမ်း ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်ကြံ အားထုတ်သော ခရီးသည် များအား မည်မျှ လေးစားသမှု ပြုခဲ့ကြသနည်း။ မည်မျှ စိတ်ကောင်း စေတနာ ကောင်း ထားခဲ့ကြသနည်း။

ခရီးလှည့်လည် သွားလာခြင်းသည် ရသတစ်မျိုး ဖြစ်သည်။ ကဗျာတွင် တွေ့ရသော ရသထက် မည်သည့် နည်းနှင့်မျှ အဆင့်မနိမ့်သော ရသဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော လမ်းခရီးများကို ကျော်ဖြတ်သွားပြီးနောက် အသစ်အသစ် ဖြစ်သော နေရာ ဌာန များသို့ ရောက် လာသည့် အခါ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာသော ပီတိသည် ထူးခြားသော ပီတိ တစ်မျိုးပင် ဖြစ်သည်။ ထူးခြားသော ရသ တစ်မျိုးပင် ဖြစ်သည်။ ယင်းရသကို ကဗျာထဲက ရသနှင့် နှိုင်းယှဉ်၍ ရသည်။

ရွှေနှင့်ငွေကို ဖက်ပြီး ခရီးသွားလိုသော သူသည် ယင်းရသကို ခံစားနိုင်မည် မဟုတ်ပေ။ ရွှေငွေ အားကိုးနှင့် ခမ်းနား ထည်ဝါသော ဟိုတယ်ကြီး များ၌ တည်းခို နေထိုင်သော လူများကို မဟာခရီးသည် ဟု ခေါ်လျှင် 'မဟာ' ဟူသော စကားလုံး နှင့် ပတ်သက် ၍ တရားမှု ပြုရာ ရောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွှေဇွန်း ကိုက်ပြီး မွေးဖွား လာခြင်းသည် ခရီးလှည့်လည် သွားလာသူ အတွက် ချီးမွမ်း ဂုဏ်ပြုစရာ အကြောင်း မဟုတ်ပေ။ ယင်းအခြေအနေသည် ဖယ်ရှား ဖျောက်ဖျက် ဖို့ရန်  အတွက် ကြိုးပမ်း အားထုတ်မှု ထူးထူးခြားခြား လိုအပ်သော အနှောင့်အယှက် အဟန့်အတား ဖြစ်သည်။

ပြဿနာ တစ်ရပ် ပေါ်လာနိုင်သည်။ အရာဝတ္ထု အားလုံးနှင့် သံယောဇဉ် ဖြတ်လျက်၊ ပစ္စည်းဝတ္ထု အားလုံးကို စွန့်ပယ်လျက် လက်ထဲတွင် မည်သည့် အရာဝတ္ထုကိုမှ မထားဘဲ ထွက်ခွာ သွားခြင်း သာလျှင် ခရီးလှည့်လည် သွားလာခြင်း၏ တစ်ခုတည်း သော လမ်းကြောင်း ဖြစ် ပါသလော။ ခရီးလှည့်လည် သွားလာသူ တစ်ယောက် အတွက် ဥစ္စာပစ္စည်း နှင့် ကြေးငွေ ဓနသည် အနှောင့်အယှက် အတားအဆီး ဖြစ် သလောက်ပင် ခရီးလှည့်လည် သွားလာသူ တစ်ယောက် အတွက် ကိုယ့်ကိုယ် ကို ယုံကြည်မှု၊ အားကောင်းမှုလည်း ထူးထူး ခြားခြား လိုအပ်သော အရာ ဖြစ်သည်။ မိမိ ကိုယ်ကိုယ် ယုံကြည်မှု၊ အားကိုးမှု မရှိသော သူသည် မည်သည့် အခါမှ အဆင့်မြင့် ခရီးလှည့်လည် သွားလာသူ မဖြစ်နိုင်ပေ။ အဆင့်မြင့် ခရီး လှည့်လည် သွားလာသူ၏ တာဝန် ဝတ္တရားသည် မိမိ လူမျိုးကို လည်းကောင်း၊ မိမိ ဘာသာတရား ကို လည်းကောင်း၊ မိမိ ဆွေမျိုးသားချင်း ကို လည်းကောင်း မှဲ့စွန်း ထင်းသွားအောင် မပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ ခရီးလှည့်လည် သွားလာသူ တစ်ယောက်သည် အဆင့်မြင့် သော စံနမူနာ နှင့် ဂုဏ် သိက္ခာ ရှိသော အပြုအမူကို ထိန်းထားမည် ဆိုလျှင် ပစ္စုပ္ပန် နှင့် အနာဂတ် ၏ ခရီးလှည့်လည် သွားလာသူများသည် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံ အားလုံး၏ ခရီး လှည့်လည် သွားလာသူ များသည် လည်းကောင်း အကျိုး ဖြစ်ထွန်း လာပေလိမ့်မည်။

ထောင်ပေါင်း များစွာသော ခရီးလှည့်လည် သွားလာသူများ ထဲက စုန်းပြူး ပေါ်လာပြီး ယင်းစုန်းပြူးကြောင့် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် ညစ်ထေး စွန်းထင်းသွားလိမ့်မည် ဟူ၍ တွေးတော ပူပန် မနေသင့်ပေ။

လူတိုင်း လူတိုင်း၏ မျက်မှောက်၌ ခရီးလှည့်လည် သွားလာသူ၏ အသွင် အပြင် အစစ်အမှန်ကို ချပြ၍ ရမည် မဟုတ်သော်လည်း၊ အရည်အချင်း ရှိသူကို လေးစားသော၊ ယဉ်ကျေးမှု ရှိသော၊ ဗဟုသုတ ကြွယ်ဝသော၊ အမြော်အမြင် ရှိသော မိန်းမ ယောင်္ကျားများ ၏ စိတ်နှလုံး ထဲတွင် ခရီးလှည့်လည် သွားလာသူများ နှင့် ပတ်သက်၍ ထူးထူးခြားခြား လေးစားလိုသည့် စိတ်ထား ပေါ်ပေါက် လာအောင် ပြုလုပ်ခြင်းသ် ခရီးလှည့်လည် သွားလာသူတိုင်း၏ တာဝန် ဝတ္တရား ဖြစ်သည်။

ခရီး လှည့်လည် သွားလာသူသည် မိမိ အတွက် လမ်းကိုသာ ဖြူးဖြောင့်အောင် မလုပ်ဘဲ လမ်းတွင် ဆူးငြောင့်ခလုတ်များ ရှိသည် ဆိုလျှင် ယင်းဆူးငြောင့်ခလုတ် များကို အနာဂတ် ခရီးလှည့်လည် သွားလာသူ များ၏ ခြေထောက်တွင် စူးဝင် မသွားအောင် ဖယ်ရှား ပစ်သင့်သည်။ ယင်း သဘောထားမျိုး ကို ထားနိုင်သူမှာ မိမိကိုယ်ကို ယုံကြည်မှု၊ အားကိုးမှု ရှိသူများသာ ဖြစ်သည်။

ခရီး လှည့်လည် သွားလာသူ သည် မြှောက်ပင့် ပြောဆိုခြင်းကို မလိုလားပေ။ သို့ရာတွင်း ယင်း၏ အဓိပ္ပာယ်မှာ လူ့ယဉ်ကျေးမှု အရ လောကွတ် ပျူငှာ ပြုမူ ဆက်ဆံခြင်းကို လည်း ပစ်ပယ် ရမည်ဟု ဆိုလိုသည့် အဓိပ္ပာယ် မဟုတ်ပေ။ ခရီးလှည့်လည် သွားလာသူ သည် မိမိ ၏ စရိုက်နှင့်လည်းကောင်း၊ မိမိ ၏ သဘောသဘာဝဖြင့် လည်းကောင်း၊ ကမ္ဘာလောက၏ မည်သူ့ကိုမှ မိမိ၏ အပေါ်က လူဖြစ်သည်ဟူ၍ မထင်မှတ်အောင် ပြုလုပ်ထားရမည်။ သို့ရာတွင် တစ်ပြိုင်နက် တည်းမှာပင် မည်သူ့ကိုမှလည်း မိမိ ထက် နိမ့်ကျသည် ဟူ၍ မထင်မှတ်သင့်ပေ။ တစ်ပြေးတစ်ညီတည်း ကြည့်ခြင်း သည် ခရီးလှည့်လည် သွားလာသူ၏ တစ်ခုတည်းသော အမြင် ဖြစ်သည်။ အားလုံးအား သွေးချင်းသားချင်း သဘောထားခြင်းသည် ခရီးလှည့် လည် သွားလာသူ၏ အပြုအမူ ဟူသမျှ ထဲက အနှစ်သာရ ဖြစ်သည်။

မိမိကိုယ် မိမိ စိတ်ချ ယုံကြည်သူ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် လက်ဖြန့်ခံ ထမင်းတောင်းစားသူ ဖြစ်ဖို့ မလိုပေ။ ထမင်း လက်ဖြန့်ခံ တောင်းစား သူ ဖြစ်ဖို့ မလို ဟု ပြောသည့် အတွက် ဆွမ်းခံစားသော ရဟန်းတော်  များသည် ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာသူများ မဖြစ်နိုင် ဟူ၍ မထင်မှတ်သင့်ပေ။ အမှန်က ဆွမ်းခံစားခြင်းသည် ခရီးလှည့်လည် သွားလာသူ နှင့် ဆန့်ကျင်ဘက် မဖြစ်ပေ။ မိမိ ကိုယ်ကို သေးသိမ်သူ ဖြစ်အောင် ပြုလုပ်သော၊ မိမိ ၏ ဂုဏ်သိက္ခာကို လက်လွတ် ဆုံးရှုံးသွားအောင် လုပ်သော ထမင်းတောင်းခံ စားသောက်ခြင်း မျိုးသာလျှင် ခရီးလှည့်လည် သွားလာသူ အတွက် မလိုလားအပ်သော အရာ ဖြစ်သည်။ သို့သော်လည်း ရဟန်းတော် များ ဆွမ်းခံစားပြီး ရပ်တည် နေနိုင်ရန် အတွက် မှာမူ ဗုဒ္ဓဘာသာ နိုင်ငံများသာ လျှင် ဖြစ်နိုင်ပေလိမ့်မည်။ ဗုဒ္ဓဘာသာ မဟုတ်သော နိုင်ငံများ၌ ဖြစ်နိုင်ဖို့ အခြေအနေ မရှိပေ။

မဟာ့မဟာ ခရီးသည်ကြီး ဖြစ်တော်မူသော ဗုဒ္ဓသည် ဆွမ်းခံဝတ် နှင့် မိမိ ကိုယ် မိမိ ယုံကြည်စိတ်ချမှုကို သို့မဟုတ် မိမိ ဂုဏ်သိက္ခာ ကို သဟဇာတ ဖြစ်အောင် ဖန်တီး ပြုလုပ်ထားခြင်းသည် အလွန်တရာ အံ့ဩဖွယ် ကောင်းလှပေသည်။

ဗုဒ္ဓဘာသာ နိုင်ငံများ၌ ခရီးလှည့်လည် သွားလာကြသော ရဟန်းတော်များ သည်သာလျှင် ယင်းခရီး၏ နှစ်သက်မြတ်နိုးဖွယ်ရာကို သိရှိ နားလည်ကြသည်။ ဗုဒ္ဓဘာသာ နိုင်ငံများ၌ ရှိကြသော ရဟန်းတော် အားလုံး ခရီးလှည့်လည်သွား လာကြသူများ မဟုတ်သည်မှာမူ သံသယ ဖြစ်ဖွယ် မရှိပေ။ ရဟန်း သံဃာတော် များ လောက၌ ပထမ အဆင့် ခရီးလှည့်လည် သွားလာသူ များ၏ ဦးရေမှာမူ ပို၍ပင် နည်း သည်။ သို့ရာတွင် ရဟန်းတော် များ၏ ပထမ အဆင့်   လမ်းညွှန် ဖြစ်တော်မူသော ပုဂ္ဂိုလ်မြတ် ဖန်တီး ထားတော် မူခဲ့သည့် လမ်း၌ မြက်ပင် များ ထူထပ်စွာ ပေါက်နေသော်လည်း ယင်းလမ်းကို ရဟန်းတော် များသည် ခုတ်ထွင် ရှင်းလင်း ပစ်နိုင်ကြသည်။

ခရီးလှည့်လည် သွားလာခြင်းကို ဖော်ပြသော ဤ 'ဃူမက္ကရ သျှတ္တရ ကျမ်း' ၌ ဗုဒ္ဓဘာသာ ရဟန်းတော်များ အကြောင်းကို သီးခြား စဉ်းစားရ လိမ့်မည်။

~ ဆက်ရန်
.................
May 8th 2012 @1:00 PM
.................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
..................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...