Wednesday, May 9, 2012

ကျွန်ုပ်နှင့် ရုရှား (၄) နှစ်တာ (၇)


by YePhone Kyaw on Wednesday, May 9, 2012 at 9:20am 

ကျနော်က မိုးဥတုကို နှစ်သက်တယ်။ မိုးပေါက်လေးတွေနဲ့ ကမ္ဘာမြေကြီး ထိတွေ့လို့ ရလာတဲ့ မြေသင်းနံ့ကို နှစ်ခြိုက်တယ်။ စိတ်လိုလက်ရ မိုးရွာအပြီးမှာထွက်လာတဲ့ နုထွေးတဲ့နေရောင်ခြည်၊…သစ်ရွက်..သစ်ခက်..မြက်ပင်စိမ်းစိမ်းလေးတွေအဖျားမှာ ယီးလေးခိုနေတဲ့ မိုးရေစက်လေးတွေကို ရင်ခုန်တယ်။ မိုးရွာထဲ စက်ဘီးစီးရတာကို ပျော်တယ်။ လက်နှစ်ဖက်ဆန့်၊ ခေါင်းမော့ပြီး မိုးပေါက်တွေရဲ့ ခပ်ပြင်းပြင်းကျဆင်းမှုဒဏ်ကိုခံရတာ ကျေနပ်တယ်။ ဝီစကီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ နှပ်ရတာကိုကြိုက်တယ်။ သစ်ပင်ပန်းမန်တွေ လွတ်လွတ်လပ်လပ် စိမ်းညှို့နိုင်တာကို ဝမ်းသာတယ်။ အစိမ်းရောင်ကကျနော့်ရဲ့ second colour ပဲလေ။ အမှောင်ထုထဲက ဖားတွေရဲ့ ဖိုမသံက နှစ်ခြိုက်စွာ အိပ်မောကျစေတယ်။ မိုးရွာလာရင် မျှော်လင့်မထားတဲ့ ကိုယ်ပိုင်ချိန်လေးတွေရတတ်တာကို သဘောကျတယ်။ ဒါပေမယ့် ကျနော်..နာဂစ်ကို မုန်းတယ်။ ဒီလိုပါပဲ..ချစ်ခြင်းရှိနေရင် မုန်းခြင်းဆိုတာက ပါလာတာပဲ။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် မချစ်တတ်၊မမုန်းတတ်ခြင်းနဲ့ကိုယ် ဖြစ်ရပါလို၏ပေါ့။
ဒီမှာတော့ကျနော် နှစ်သက်တဲ့ မိုးဥတုမရှိဘူး…မုန်းတဲ့..နာဂစ်မရှိဘူး။ အဲ…ဒါပေမယ့်.. ပက်ပက်စက်စက်အေးတဲ့ ဆောင်းနဲ့…သိပ်လှတဲ့ နွေဥတု ရှိတယ်။ ထူးခြားတာက ကျနော်တို့ နွေဥတုရဲ့ဖက်ရှင်နဲ့.. ရုရှားနွေဥတုရဲ့ဖက်ရှင်က ပြောင်းပြန်အချိုးကျလေရဲ့။

ကျနော်တို့ရဲ့နွေဟာ ပင်လုံးပြည့်ရော်ရွက်ဝါတွေရဲ့အလှ ရွက်ခြောက်လေးတွေရဲ့နှုတ်ဆက်သံနဲ့စတင်ပြီး ပရစ်ဖူးလေးတွေရဲ့နှုတ်ခွန်းဆက်သံနဲ့ အဆုံးသတ်တယ်။ ခြောက်..ကြွေ...နု.. သစ်။ ဥသြသံက မျက်လုံးရောက်ရာ လွမ်းစရာကောင်းအောင် ဇာတ်ပို့တယ်။ ခုတော့ သူတို့လည်း ရေငတ်လို့ စိတ်လိုလက်ရ ဇာတ်ပို့နိုင်ကြရဲ့လားမသိ။ နွေရဲ့ အလှကို အမျိုမျိုးစာချိုးကြတယ်။ ဒါပေမယ့် ဘယ်သူမှ မှီအောင်မချိုးနိုင်သေးဘူးလို့တော့ထင်တာပဲ။ ဘာလို့ဆို..သဘာဝဟာ..သဘာဝမို့ပါ။ ဒီမှာကတော့ ပိတ်လှောင်တားဆီးထားတဲ့ အဖြူရောင်နှင်းထုကြီးအလွန်မှာ တိုးထွက်လာတဲ့ မြက်ပင်စိမ်းစိမ်းလေးတွေ၊ ပုရစ်ဖူးလေးတွေနဲ့ နွေဥတုကို ကြိုပါတယ်။ ဆောင်းဝင်ခါနီးဆို ခြောက်ပြီးကြွေပြန်ကော။ နု.. သစ်. .ခြောက်. .ကြွေ။ ပြောင်းပြန်နော်။ သူတို့အခေါ် ဒီအချိန်ဟာ Springtime ပေါ့။ သူတို့ဟာ..အဖြူရောင်ဆိုတဲ့ နှင်းတွေလာဖို့အတွက် ကြွေကျမြေခရသလို၊ နုသစ်ပျိုမြစ်ခွင့်ကို ပိတ်လှောင်ထားခြင်းလည်းခံရတယ်။ ဘယ်နေရာမဆို..ဖြစ်သင့်တာတစ်ခုထက်လွန်ကဲသွားရင် သန့်ရှင်းတဲ့အဖြူရောင်ကို ကိုယ်စားပြုထားတဲ့ နှင်းတွေလည်း ဗီလိန်ဖြစ်ရတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ..ဒီကနွေဥတုမှာ တစ်ခါတစ်လေ ကျနော်သိပ်ကြိုက်တဲ့ မြေသင်းနံ့လေးတွေ ရတယ်။ ဆောင်းဦးမှာလည်း မိုးရွာတတ်ပေမယ့် ရသနဲ့ ခံစားချက်မတူသလိုပါပဲ။ သုံးလေးရက် နေပူပြီးသွားတဲ့အချိန်မှာ လေကပွ..ရေငွေ့ပြန်..အားနည်းရပ်ဝန်းကို တိမ်ရွေ့ပြီလေ။ ဟော….ခုတောင် မိုးနံ့ရလို့ ပြတင်းတံခါးကို ကျနော် လှပ်လိုက်ပါရော….။ မြေသင်းနံ့ကို အပြည့်အဝ ရှူသွင်းလိုက်မိတယ်။ တစ်မျိုးကြီးနော်… နွေရာသီကြီးကို မိုးဥတုအကြောင်းညွှန်းရတယ်လို့။ ကာရံဆိုတာ အမြဲတမ်းလိုက်ဖက်နေရင် သဘာဝမကျဖြစ်တော့မပေါ့။

ကာရံတူတာကတော့ နွေဆိုရင် ကျောင်းတွေပိတ်တာပါပဲ။ နွေရာသီကျောင်းပိတ်ရက်ဟာ ကျောင်းသား၊ကျောင်းသူတွေရဲ့ တစ်နှစ်တာအဆုံးသတ် မျှော်လင့်ချက်။ အမှန်တော့ နွေကျောင်းပိတ်ရက်ကိုတောင့်တတာမဖြစ်လောက်ဘူး။ လက်ရှိစာသင်နှစ်အဟောင်းကြီးကနေ သစ်လွင်ပြီးတစ်ဆင့်မြင့်မယ့် စာသင်နှစ်ကို တောင်းတပုံရပါတယ်။ ဘာလို့ဆို နွေကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေနဲ့ခွဲရလို့ ဟုတ်တိပတ်တိမပျော်နိုင်ကြဘူး မဟုတ်လား။ တခြားလူတော့မသိ။ ကျနော်တော့ ကျောင်းပိတ်ရက်တွေထက် ကျောက်တက်ရက်တွေမှာ ပိုပျော်ပါတယ်။ ဒီကျောင်းပိတ်ရက်ရှည်ကြီးရောက်ဖို့အတွက် ကျနော်တို့နှစ်စဉ် စာမေးပွဲတွေဖြတ်ကျော်ရပါတယ်။ဒီမှာလည်း ခုဆိုရင် အဲ့လိုဖြတ်ကျော်ဖို့ ဆိုင်းပြင်နေချိန်တွေပေါ့။ တစ်နွေပြီးတစ်နွေ စာသင်နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကုန်ဆုံးသွားတာခြင်းတူညီကြပေမယ့် ဖြတ်သန်းခဲ့ကြတဲ့ ပုံစံတွေတော့ ကွဲပြားနေကြတာ အမှန်ပါ။ ဒီလိုကွဲပြားနေမယ့်အထဲက ကျနော်ဖြတ်သန်းခဲ့မိတဲ့ ပုံစံလေးအကြောင်း ဖောက်သည်ချကြည့်ပါရစေ။ မိမိဖြတ်သန်းခဲ့ရတဲ့ပုံစံနဲ့ မတူကွဲပြားတာလေးများရှိရင် ချိန်းထိုးကြည့်နိုင်အောင်ပါ။ ကောင်းတာယူ မကောင်းတာ လွှင့်ပစ်ကြတာပေါ့။ 

ဒီမှာတော့ အလွတ်ရဖို့ထက် နားလည်သဘောပေါက်ဖို့ ဦးစားပေးထားတယ်လို့ ဆိုရမလားပဲ။ သင်္ခန်းစာတစ်ခုပြီးတိုင်းမှာ ပရက်တီကယ်စာတမ်း တွေနဲ့ ကယ်ရီလုပ်သွားပါတယ်။ ဆရာစိတ်ကျေနပ်မှုမရှိမချင်း အခေါက်အခါခါပြန်လုပ်ခိုင်းတာပါ။ ထုံးစံအတိုင်း နှစ်ဝက်နဲ့ နှစ်ဆုံး စာမေးပွဲတွေရှိပါတယ်။ ထူးခြားတာက အမှတ်ပေးနည်းစနစ်။ ၅ မှတ်အများပဲပေးပါတယ်။ ၂ မှတ်ဆိုကျ(ညံ့)၊ ၃ မှတ်ဆိုအောင်(သင့်)၊ ၄ မှတ်ဆို(ကောင်း)၊ ၅ မှတ်ဆို(တော်)။ စာမေးပွဲမှာ ခြေချော်လက်ချော်ဖြစ်ရင်တောင် သင်္ခန်းစာပြီးတိုင်း ပရက်တီကယ်စာတမ်းတွေပုံမှန်လုပ်ခဲ့မယ်ဆိုရင် ကျောင်းသားတစ်ယောက်ကို ဆရာက ၃ မှတ်တော့ ရအောင်ဆွဲခေါ်နိုင်ပါတယ်။ မေးခွန်းတွေကို ဆရာရှေ့မှာ မှောက်ထားပါတယ်။ ကျောင်းသား ၁၀ ယောက်ဆို မေးခွန်း ၁၀ စုံဖြစ်ပါတယ်။ အဲ့ထဲက တစ်ခုကို မဲနှိုက်ဖြေဆိုရပါတယ်။ နောက်တစ်ခုက စာမေးပွဲမှာ ရေးဖြေရော၊ နှုတ်ဖြေပါ ဖြေဆိုရတာပါ။ ရေးဖြေမှာ ခိုးချလာပါသလား။ ရပါတယ်..အေးဆေး..ကလေးမွေး။ ရေးလာသမျှနားမလည်လို့ကတော့ နှုတ်ဖြေမှာ ကွဲမယ်။ ဖြေလာသမျှကို နားလည်မလည်မေးပါတော့တယ်။ နားမလည်ရင် အဖြေလွှာစာရွက်လေးပြန်ပေးပါတယ်။ နောက်မှာ မသိသိအောင် လုပ်ပေတော့။ သိတဲ့လူကို တိုးတိုးတိတ်တိတ် မေးပေတော့။ စာမေးပွဲခန်းထဲမှာတင် စာတတ်သွားစေပါတယ်။ ကျန်တာမသိရင်နေ အောင်ဖို့အတွက် ကိုယ်ရေးထားသမျှတော့ သိအောင်လုပ်ရပါတော့မယ်။ စိတ်ကျေနပ်မှုရှိရင် ၃ မှတ်ရပါမယ်။ ဒီထက်ကျေနပ်ရင် ၄ မှတ်ရပါတယ်။ ၅ မှတ်သိပ်လိုချင်သပဆိုရင် မဆီမဆိုင်မေးခွန်းများနဲ့ ရေးထားသမျှကို ထုံးလိုချေ ရေလိုနှောက် ရောသမမွှေခြင်းကို ခံနိုင်ရပါမယ်။ အဲ့တော့ သူတို့စနစ်က ခိုးနည်းကျွမ်းကျင်လို့လည်းမအောင်သလို  နံကြားထောက်ရုံနဲ့လည်း(၅) မှတ်မရပါဘူး။ ကျရင်တော့ ဆရာအားတဲ့အချိန်မှာ ခေါ်ယူဖြေဆိုခိုင်းပါလိမ့်မယ်။ စိတ်ကျေနပ်မှုမရှိမချင်း တစ်ခေါက်ကနေ ၆ ခေါက် ၇ ခေါက်လည်းဖြစ်သွားနိုင်ပါတယ်။ 

အဲ့တော့ ဒီကပုံစံက ဆရာတွေအပေါ်မှာ တော်တော်လေးကို တည်မှီတယ်လို့ဆိုရမှာပါ။ ဆရာစိတ်မပြည့်ဝသေးတဲ့ ဆရာတွေနဲ့ တွေ့တဲ့အခါ ရူးသွပ်တော့တာပါပဲ။ ကိုယ်အမြင်မကြည်တဲ့ကျောင်းသား တစ်ယောက်ကို စိတ်ကြိုက် ကျစ်ခွင့် ရစ်ခွင့်ရှိနေပါတယ်။ အမြင်ကြည်တဲ့ ကျောင်းသားကိုလဲ favour ပေးလို့ရနေတာပါ။ နေကောင်းလား ထမင်းစားပြီးပလား မနေ့က ဘယ်တွေသွားလဲ နဲ့ပြီးသွားနိုင်သလို အပေါ်ကပြောခဲ့တဲ့ ၆ ခေါက် ၇ ခေါက်တွေလည်းဖြစ်သွားနိုင်ပါတယ်။ ကျနော့် ဆရာတွေထဲမှာတော့ ဒီလိုမျိုးတွေ မတွေ့ရတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။့  ဒီလိုတွေကို ကာဗာလုပ်နိုင်အောင် ပြုစုပျိုးထောင်ပုံက စိတ်ဝင်စားစရာပါ။ ဒီမှာ ဆရာတစ်ယောက် လွယ်လွယ်မဖြစ်ဘူးဆိုတာပါပဲ။ တကယ်လုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေကိုပဲ ဌာနတွေက မွေးယူသွားတာများပါတယ်။ ဆရာလုပ်ချင်သူများဟာ မာစတာတန်းထဲက အတန်းငယ်တွေကို အချိန်ပိုင်းစာသင်ရပါတယ်။ မိမိကိုယ်တိုင်လည်း ဌာနက ပရော်ဖက်ဆာတွေနဲ့ အချိန်ပြည့်ထိတွေ့ လေ့လာနေရပါတယ်။ ကျောင်းသားဘဝပြီးလို့ အလုပ်ဝင်ရင်တောင် အစမ်းခန့်ကာလသဘောမျိုးနဲ့ အတော်ကြာကြာလေ့လာရပါသေးတယ်။ ဆရာကြီးတွေက လက်ဆင့်ကမ်း မွေးမြူသွားတဲ့ သဘောပါပဲ။ ကျောင်းချင်းမတူကြသလို၊ သင်ကြားနည်းတွေ ပုံစံတွေလည်းကွဲပြားနိုင်ပါတယ်။

ကျနော့်ဌာနက ဆရာကြီးဆရာမကြီးတွေကတော့ ၅၀ ကျော် ၆၀ ကျော် တန်းတွေချည်းပဲ။ ဒီအရွယ်တွေဟာ ကျောင်းချိန်မှာ နာရီတကြည့်ကြည့်နဲ့ တရစပ်အလုပ်လုပ်ကြပါတယ်။ ကျောင်းသားတွေ အားကျလေးစားရလောက်အောင် စံပြအလုပ်လုပ်နိုင်ကြတယ်။ ကြားချိန် နည်းနည်းလေးအားတယ်ဆိုရင်လည်း ဖုန်းတစ်လုံး ကွန်ပြူတာတစ်လုံးနဲ့ အချိန်ပြည့် အလုပ်ရှုပ်နေပါတယ်။ ခေတ်နဲ့ အမှီလိုက်နိုင်အောင် အဆက်မပြတ်သင်ယူနေပုံရတယ်။ ကျနော်တို့ အင်တာနက်နဲ့ လက်နဲ့မပြတ်သူတွေကိုတောင် အသုံးဝင်မယ့် soft အသစ်ထွက်ပြီဆိုတာနဲ့ သူတို့ကစပြီး မိတ်ဆက်ပေးနိုင်နေတယ်။ သူတို့ Professional မှာအမြဲ up to date ဖြစ်နေတယ်ဆိုတဲ့ သဘောပါပဲ။ စာသင်ကြားတဲ့နေရာမှာတော့ လုပ်ငန်းဆန်တဲ့ဆရာတွေရှိသလို တကယ့်ကို အသံပြာအောင် သင်ပြတဲ့ဆရာတွေလည်းရှိပါတယ်။ ကျောင်းသားတွေကို ရစ်ချင် ကျစ်ချင် ပညာပြလိုက်မယ်ဆိုတဲ့ အမူအရာမျိုးလည်းမတွေ့ရပါဘူး။ သူတို့ကိုကြည့်ရတာ ပြည့်နေတဲ့အိုးတွေလိုပဲ။ သင်ကြားမှုကတော့ Freedom ပါ။ သိလို့ကတော့ စိတ်ကြိုက်ဝင်ထောက်ပါ။ ဆွေးနွေးပါ။ မေးခွန်းထုတ်ပါ။ သူတို့တခါတလေမှားလို့ ထောက်ပြရင် ကျေးဇူးတင်ပါတယ် လို့အမြဲပြောတယ်။ သူတို့ အမျိုးများကတော့ ဆရာနဲ့ ဆွေးနွေးငြင်းခုန်နေတာပါပဲ။ စာတမ်းပြုစုနေသလိုကြီးမဟုတ်ပဲ (အကြမ်းဖျင်း) Share လုပ်တဲ့ သဘောပါ။
အမှန်က အများကြီးရေးချင်ပါသေးတယ်။

“အဝိဇ္ဖာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ။ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။”
ဟဲ့..ဟဲ့…ဘာတွေလာရေးနေတယ်မသိဘူး ကျော်ဖတ်ပလိုက်တယ်။ ဘာဆိုင်လို့ ပဋိစ္စသမုပ္ပာဒ် ကောက်ရွတ်နေလဲ။ လူဝတ်ကြောင်ကို စိတ်ကုန်လို့ သာသနာ့ဘောင်ဝင်တော့မယ်ပေါ့လေ။ ခုထဲက စကျင့်နေတာလား။ မဟုတ်ရပါ။ အဲ့ဒီ့လောက် ပါရမီအကြောင်းက မကောင်းခဲ့ပါဘူး။ ပညာရေးဆိုတာလေးပြောနေရင်း လေရှည်ချင်လို့ အင်ထရိုခင်းခြင်းဖြစ်ပါတယ်။ ကျနော်တို့ အပေါ်က ပါဠိတွေကို အလွတ်ကျက်ထားလိုက်ပြီဆိုပါတော့။ လူကြားထဲလဲ လူရှိန်အောင်ထုတ်ထုတ်ရွတ်ပြလို့ရတယ်။ စာမေးပွဲမှာမေးရင် ချရေးပြနိုင်ပါတယ်။ ဆရာကမေးရင် ဆိုပြနိုင်တယ်။ ကျနော်ကတော့အလွတ်လည်းမရပါ။ ဆိုလည်းမပြနိုင်ပါ။ စာအုပ်ထဲက ကူးရေးထားခြင်းဖြစ်ပါတယ်။ ဒီလိုပဲ ကျနော်တို့ ဖြတ်သန်းခဲ့ကြတဲ့ အချိန်တွေ ၊ ပုံစံတွေမှာ အီကွေးရှင်းတွေအများကြီး၊ စာတွေအများကြီး ဖတ်နိုင် မှတ်နိုင်ကြပြီး၊ ဘွဲ့တွေ တစ်သီကြီးရနိုင်ကြပါတယ်။ သေတဲ့အထိလည်း ဒါတွေကို မှတ်မိနေနိုင်အောင် မှတ်ဥာဏ်ကောင်းနိုင်ပါတယ်။ ဒီလိုဆိုရင် ကျနော်တို့ ပညာတတ်တွေ၊ ပညာရှိတွေဖြစ်သွားတာ ဟုတ်ပါ့မလား။

“မသိမှုကြောင့် ပြုလုပ်၊ လုပ်တော့ အကျိုးဝိညာဉ်၊ ဝိညာဉ်ကြောင့် နာမ်ရုပ်၊ နမ်ရုပ် ကြောင့် အာယတန၆ပါး၊ အာယတန ၆ ပါးကြောင့်ဖဿ၊ ဖဿ ကြောင့် ဝေဒနာ၊ အဆင့်လိုက်..တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ၊ ပူဆွေး၊ ငိုကြွေး၊ ဆင်းရဲ၊ပြင်းပြ၊ ပင်ပန်း၊ ဒုက္ခ။ အဟွတ်..အဟွတ်။ ဟဲ့..ချောင်း။ မိုးနည်းနည်းအေးတော့..ချောင်းကလိုက်ချင်တယ်။ ဒါဆိုရင်မဆိုးဘူး..ပါဠိတွေကို ဝိုးတိုးဝါးတား ဖောနိုင်ပြီ။ အမှန်တော့ ဝိုးတိုးဝါးတားအဆင့်တောင်မရောက်သေးပါဘူး။ ဝိညာဉ်ကဘာ..နာမ်ကဘာ..ရုပ်ကဘာ..ဖဿက ဘယ်ဟာကြီး…အာယတန၆ပါးကဘာ..အသေးစိတ်၊ အသေအချာ မသိ..မသိ။ ခက်တော့ ခက်ပြီ။ အကျင့်မရောက်သေးဘူး.. အသိမှာတင်ချာလပတ်လည်နေပါ့လား။ ဒီလောက်ဆက်တွေးပြီ၊ သိဖို့ကြိုးစားပြီဆိုရင် အပေါ်က ကြက်တူရွှေးနှုတ်တိုက်ရွှတ်တာထက်တော့ အနည်းငယ်သာလာပြီလို့ ဆိုလို့ရပါတယ်။ အနက်တစ်ခု အသိတစ်ခုရဲ့(နက်ရှိုင်း လေးနက်မှု) ကို ထင်ထင်ရှားရှားပြနိုင်အောင်သာ ပဋိစ္စသမုပ္ပာဒ်ကို ဥပမာပေးရတာပါ။

ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုပြီး လေဆက်ရှည်ပါရစေ။ ကျနော်တို့ သတ္တဝါတွေမှာ သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ်၊ ပဋိဝေဓဥာဏ် ဆိုပြီး (၄)မျိုးရှိတယ်လို့ဆိုပါတယ်။ သာမန်လူတွေမှာတော့ ကြားနာ၊နာယူ၊ မှတ်သားပြီးဖြစ်လာတဲ့ သုတမယဥာဏ်နဲ့၊ အဲ့ဒီ့သုတမယ ကိုအခြေခံပြီးဖြစ်စေ၊ ဒါမှမဟုတ် သုတမပါပဲ တွေးတောကြံစည်ခြင်းကြောင့် ဖြစ်လာတဲ့ စိန္တာမယဥာဏ် ဆိုပြီး ရှိနိုင်ပါတယ်။ အဲ့နှစ်မျိုးနဲ့ပဲဆိုရင် ပဋိစ္စသမုပ္ပာဒ် ကိုနားလည်ပြီလို့ မဆိုနိုင်ပါဘူးတဲ့။ နောက်ဥာဏ်နှစ်ခုက အကျင့်တွေပါလာမှ ဖြစ်လာနိုင်တာပါ။ အဲ့တော့ ကျနော်တို့မှာ ဒီဥာဏ်နှစ်မျိုး တင်းပြည့်ကျပ်ပြည့်ရှိနေပြီ ဆိုတာတောင်မှ အကျင့်မပါရင် တစ်ဆင့်မြင့်တဲ့ အသိတွေရမလာနိုင်ဘူးလို့ ဆိုလို့ရပါတယ်။ အမှန်တော့ ဒီဥာဏ်နှစ်မျိုးတောင်မှ တင်းပြည့်ကျပ်ပြည့်ဖြစ်ဖို့ဆိုတာ မလွယ်ကူလွန်းလှပါဘူး။ ကံ ကံ၏အကျိုးတွေပါလာပါအုံးမယ်။ အသိ၊အတွေး မှန်ဖို့လိုသလို အကျင့်လည်းမှန်ဖို့ လိုလာပြန်ပါရော။ ဆရာတော် အရှင်ဇနကာဘိဝံသကတော့ သဗ္ဗညုတဥာဏ်မရသေးသမျှတော့ လောကမှာ “အ အတွေချည်း”ပါပဲတဲ့။ “All people are stupid unless they have attained the state of enlightenment”  သေပြီဆြာပဲ။ အသိတစ်ခု အနက်တစ်ခု ပညာရပ်တစ်ခုကို တကယ့်တကယ့် ရေကုန်ရေခမ်း သိဖို့တတ်ဖို့ ဆိုတာ မလွယ်လိုက်လေခြင်းနော်။ ဒီလောက်ဆိုရင်ကော ကျနော်တို့ရဲ့ အသိတစ်ခု၊ သဘောတရားတစ်ခုကို လက်ကုန်နှိုက် နိုင်ခြင်းက အဆုံးမရောက်နိုင်သေးဘူးဆိုတာ သေချာပြီပေါ့။ အမယ်…ဒါလေးပြောချင်တာများ…အင်ထရိုက ကြမ်းလှချည်လား။ ကြမ်းဆို..ဇာတ်လမ်းတောင် ခပ်ကြမ်းကြမ်းတွေပဲကြည့်တာ။ fighting action တွေကိုပြောပါတယ်။

ခိုးနည်းပညာ၊ လိမ်နည်းပညာ၊ ကျော်နည်းပညာ၊ ခွနည်းပညာ တွေဟာလည်း ပညာတွေပဲဆိုရင် ဒါတွေကိုကျွမ်းကျင်တဲ့ပါရဂူများကိုလည်း ကျနော်တို့က ပညာရှိလို့ခေါ်လို့ရပါ့မလား။ ကောင်းတဲ့ပညာနဲ့ မကောင်းတဲ့ပညာ ဆိုပြီးထပ်ခွဲရတာပဲမဟုတ်လား။ အဲ့တော့ ကျနော်တို့ ဖတ်နေ၊မှတ်နေ၊ နာယူနေတဲ့ (သညာ)တွေကတခြား၊ ကာလ ဒေသ အချိန်အခါပေါ်မူတည်ပြီး အဆိုးအကောင်း၊ အကျိုးအကြောင်း၊ အမှားအမှန်၊ ဝေဖန်ဆုံးဖြတ်နိုင်တဲ့ (ပညာ)က တခြားလို့ ကျနော်တွေးမိပါတယ်။ သညာတွေ နောက်က ပညာနဲ့ အကျင့် ကပ်မလိုက်နိုင်သ၍ ကျနော်တို့ ပညာရှိ၊ ပညာတတ် မဖြစ်နိုင်ဘူးလို့ ဆိုတာပါပဲ။ သညာတွေကင်းကွာပြီးလည်း ပညာဖြစ်မလာနိုင်သလို…ပညာကပ်မလိုက်နိုင်တဲ့ သညာတွေဟာလည်း လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်ပါပဲ။ အဏုမြူနည်းပညာခြင်းတူပေမယ့်၊ ဒိုင်းနမိုက်နည်းပညာခြင်းတူပေမယ့် အသုံးချပုံမတူကြဘူးမဟုတ်လား။ ဒါကြောင့်လည်း နှိပ်စက်နည်းမှာတောင် ပညာရှိ နှိပ်စက်နည်းက ပိုဆိုးတယ်ဟဲ့ လို့ ဆိုကြတာမဟုတ်လား။

ဘာများလည်းလို့…မိုးဥတု နဲ့ နွေရာသီကျောင်းပိတ်ရက် အကြောင်းပြပြီး နင်လည်း နှိပ်စက်သွားတာပဲ။ တရားဟောသလိုလို ဘာလိုလိုနဲ့...နင်ကဘယ်လောက်တတ်နေလို့လဲဟင်...။ ကျနော်..ဘာမျှ..မ..တတ်..ကြောင်း...ဝန်..ခံ..ပါ..ဒယ်။ အင်ထရိုတွေများသွားလို့ စိတ်ခုနေပုံရတယ်။ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး ဆွဲစိပလိုက်မယ်…လာလေ့..။ အကောင်ကြီးကြီး အမြှီးရှည်ရှည်ကြီးများ၏ ပညာရှိနှိပ်စက်နည်းမှ ကင်းလွတ်ရပါလို၏ ဖျာ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...