04.05.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, May 3, 2012 at 5:18pm
အီရတ် ဒုသမ္မတ အမှု ရက်ရွှေ့
အီရတ် ဒုတိယ သမ္မတ တာရက် အယ်လ် ဟာရှ်မီ (Tareq al-Hashmei) ကို လက်မရွံ့ သုတ်သင်ရေး အဖွဲ့တွေ ဖွဲ့စည်း အသုံးပြု မှုနဲ့ သူ့ကွယ်ရာမှာ တရား စီရင်မယ့် အစီအစဉ် ကို နောက် တပတ် အထိ ရွှေ့ဆိုင်း လိုက်ပါတယ်။
သူ့ ရှေ့နေ တွေက ဒီအမှုကို ကြားနာဖို့ အတွက် အထူး တရားရုံး ဖွဲ့ပေးဖို့ ပါလီမန် မှာ တောင်းဆို ထားပါတယ်။
ဆွန်နီ ထိပ်တန်း နိုင်ငံရေး သမား ဖြစ်တဲ့ မစ္စတာ ဟာရှ်မီ ကတော့ ဒီအမှု မှာ နိုင်ငံရေး ပယောဂ ပါနေတယ် လို့ ပြောပါတယ်။
သူ့ကို ဖမ်းဆီးဖို့ အတွက် သမ္မတ နိုရီ အယ်လ် မာလီကီ က မနှစ် တုန်းက ဝရမ်း ထုတ်ခဲ့ တာကြောင့် ဘာသာရေး အုပ်စု ကွဲပြားမှု ကို အခြေခံ တဲ့ ပဋိပက္ခ တွေ ထပ်ဖြစ် လာမှာကို စိုးရိမ်မှု တွေ တိုးပွား ခဲ့ ပါတယ်။
မစ္စတာ ဟာရှ်မီ ဟာ ပထမတော့ ကာဒစ္စတန် ကို ထွက်ပြေး ခဲ့ပြီး အခု အခါမှာ တော့ တူရကီ နိုင်ငံမှာ ရောက်ရှိ နေပါတယ်။
လူ့အခွင့်အရေး သမား ချန်ဂွမ်ချန်း တရုတ်ပြည်က ခွာမယ်
သူ့မိသားစု လုံခြုံရေး အတွက် စိုးရိမ် ရတယ် လို့ ချန်ဂွမ်ချန်း ကဆို
တရုတ် နိုင်ငံ က လူ့ အခွင့် အရေး လှုပ်ရှား တဲ့ မျက်မမြင် တဦး ဖြစ်သူ ချန်ဂွမ်ချန်း ဟာ တရုတ်ပြည် ကနေ ထွက်ခွာ ချင်တဲ့ ဆန္ဒ ရှိနေတယ် ဆိုတာကို အမေရိကန် ပြည်ထောင်စု က အသိ အမှတ် ပြုလိုက် ပါတယ်။
သူဟာ နေအိမ် အကျယ်ချုပ် ကနေ ထွက်ပြေးပြီး အမေရိကန် သံရုံး ထဲမှာ ခိုလှုံ ခဲ့တာကြောင့် ဘေကျင်းမြို့ မှာ တရုတ်နဲ့ အမေရိကန် နှစ် နိုင်ငံ ဆွေးနွေး ကြမယ့် အစည်း အဝေးမှာ ဒီပြဿနာ က လွှမ်းမိုး နေပါတယ်။
မစ္စတာ ချန်က သူဟာ တရုတ်ပြည် မှာဘဲ နေမယ်လို့ မူလက ပြောခဲ့ ပေမယ့် ဗုဒ္ဓဟူးနေ့ မှာ သံရုံး ထဲက ထွက်လာ ပြီးတဲ့ နောက် သူရော သူ့ဇနီးပါ ဆုံးဖြတ်ချက် ပြောင်းသွားတာ ဖြစ်ပါတယ်။
မစ္စတာ ချန်က သူထွက်ပြေး ခဲ့တဲ့ နောက်ပိုင်း သူ့ဇနီး ကို ရိုက်နှက် ခံခဲ့ ရတာ မို့ တရုတ်ပြည် မှာ ဆက်နေရင် မလုံခြုံ တော့ဘူးလို့ ယူဆကြောင်း ပြောခဲ့ ပါတယ်။
စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဖို့ ဘာတွေ လိုအပ် သလဲ
ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ World Press Freedom Day အထိမ်း အမှတ်နေ့ ကို မြန်မာ အစိုးရနဲ့ UNESCO ကုလ သမဂ္ဂ စာပေနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ ပါတယ်။
ဒါဟာမြန်မာ အစိုးရက သတင်း လွတ်လပ်ခွင့်ကို အသိ အမှတ် ပြုတဲ့ နောက်ထပ် လက္ခဏာ တစ်ခု ဖြစ်တယ်လို့ သတင်းထောက် တွေက ပြော ပါတယ်။
အခုလို အခမ်း အနား ပြုလုပ်တာဟာ နိုင်ငံ တည်ဆောက်ရေးမှာ သတင်း မီဒီယာ ပါဝင်တဲ့ အခန်း ကဏ္ဍကို အသိ အမှတ် ပြုတာ ဖြစ် တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ပြောပါတယ်။
သတင်း လွတ်လပ်ခွင့် နဲ့ ပတ်သက်ပြီး စာနယ်ဇင်း သမားတွေ လွတ်လွတ်လပ်လပ် သတင်းရေးသား နိုင်ခွင့် အပြင် သတင်း အချက် အလက်တွေ ရယူ နိုင်ရေးမှာ အစိုးရ ဘက်က လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ကိုလည်း မြန်မာ အစိုးရ ဘက်က လုပ်ဆောင် နေပါတယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။
သတင်းနဲ့ စာနယ်ဇင်း သမားတွေ ကတော့ ဘယ်လို စာနယ်ဇင်း ဥပဒေတွေ၊ ပုံနှိပ် မီဒီယာ ဥပဒေတွေပဲ ပေါ်လာ ပေါ်လာ မီဒီယာ သမားတွေရဲ့ အခွင့် အရေးနဲ့ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ အခွင့် အရေးတွေ၊ လုပ်ငန်း ဆိုင်ရာ အခွင့် အရေး တွေကို အကာ အကွယ် ပေးတာ မျိုးပဲ ဖြစ်စေ ချင်တယ်လို့ မြန်မာ နိုင်ငံ သတင်းစာ ဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မီတီ နာယက သတင်းစာ ဆရာ မောင်ဝံသက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်း သမဂ္ဂတွေ ဖွဲ့စည်းဖို့ ပြင်ဆင် နေကြတဲ့ သတင်း ဆိုင်ရာ အဖွဲ့အစည်း တွေကလည်း ရန်ကုန်နဲ့ မန္တလေးမြို့တို့ မှာ အထိမ်းအမှတ် ပွဲတွေ ကျင်းပ ခဲ့ကြ ပါတယ်။
မြန်မာပြည် မြောက်ပိုင်း ခရီးသွားမှု တရုတ် သတိပေး
ကချင် ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ ပို ပြင်းထန် လာနေ ပါတယ်
မြန်မာပြည် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာတဲ့ အတွက် လုံခြုံရေး အရ သတိထား ကြဖို့ တရုတ် စီးပွားရေး ဝန်ကြီး ဌာနက မြန်မာပြည် မှာ ရှိတဲ့ တရုတ် နိုင်ငံသား တွေနဲ့ တရုတ် စီးပွားရေး လုပ်ငန်း တွေကို သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း တရုတ် အစိုးရ တရားဝင် သတင်း ဌာန ရှင်ဝှာ က ဆို ပါတယ်။
တရုတ် ကုမ္ပဏီ တွေ အနေနဲ့ မြန်မာပြည် မြောက်ပိုင်း ကို စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အတွက် ခရီး မသွားလာ ကြဖို့နဲ့ ရှိပြီးသား ကုမ္ပဏီတွေ အနေနဲ့ လည်း လုံခြုံ ရေး ကို ပို သတိ ထားဖို့ အဲဒီ သတိ ပေးချက်က ဆိုထား ပါတယ်။
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ ကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား နေ တဲ့ ကချင် ပြည်နယ် ထဲမှာ တရုတ် စီးပွားရေး လုပ်ငန်းတွေ အတော်များများ ရှိနေတာ ဖြစ်ပါတယ်။
NATO ဒုံးလက်နက် ကာကွယ်ရေး ရုရှနဲ့ ညှိလို့ မရ
Nato မြောက် အတ္တလန်တိတ် စာချုပ် အဖွဲ့က ဥရောပ ကို ကာကွယ်ဖို့ ဒုံးလက်နက် ကာကွယ်ရေး စံနစ် ကွန်ယက် ဖြန့်ချ ထားမှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေတာ ကို ဖြေရှင်းဖို့ ကြိုးပမ်းမှု တွေဟာ အခုတော့ လမ်းဆုံး တော့မယ့် အနေအထား ဖြစ်နေပြီ လို့ ရုရှ ကာကွယ်ရေး ဝန်ကြီး Anatoly Serdyukov က ပြောပါတယ်။
ရုရှ နိုင်ငံ ဟာ ဒုံးလက်နက် ကာကွယ်ရေး ဆိုင်ရာ နိုင်ငံ တကာ ညီလာခံ တခုကို လက်ခံ ကျင်းပ နေပြီး သူ့နိုင်ငံ အနေနဲ့ NATO ကာကွယ်ရေး စံနစ်ရဲ့ အစိတ် အပိုင်း တခုခု ကို လက်ဦးမှု ရယူပြီး တိုက်ခိုက် နိုင်တယ်လို့ သတိပေး လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကတော့ သူတို့ရဲ့ ဒုံးလက်နက် ချထားမှု ဟာ အီရန်လို နိုင်ငံမျိုး ကနေ ဒုံးပျံ လက်နက် တွေနဲ့ ပစ်ခတ် တိုက်ခိုက် မှာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြောထား ပါတယ်။
ဒီ ကာကွယ်ရေး စံနစ်ဟာ ရုရှ အပေါ် ခြိမ်းခြောက်မှု မဟုတ်တာ ကြောင့် ဒါနဲ့ ပတ်သက်ပြီး စိုးရိမ် တာဟာ မှားယွင်း တဲ့ ယူဆချက် သာ ဖြစ်တယ် လို့ NATO အဖွဲ့ရဲ့ အဆင့်မြင့် အရာရှိ တဉီး ဖြစ်တဲ့ Alexander Vershbow က ပြောပါတယ်။
ဘင်လာဒင် ထောက်ခံသူတွေ ပါကစ္စတန်မှာ ဆန္ဒပြ
By VOA (မြန်မာပိုင်း)
Al-Qaida ခေါင်းဆောင် အိုစာမား ဘင်လာဒင် သေဆုံးခဲ့ရတာ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ရာနဲ့ချီတဲ့ ပါကစ္စတန် နိုင်ငံသားတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နှစ် မေလ ၂ရက်နေ့က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစာမာဘင် လာဒင် သေဆုံးခဲ့ရတဲ့ နေအိမ်ခြံဝင်းကို ဖြိုဖျက်ရှင်းလင်းမှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန် တပ်တွေ ပါကစ္စတန် နိုင်ငံထဲ ၀င်ရောက်ပြီး အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို သုတ်သင် ရှင်းလင်းခဲ့တဲ့ ပြဿနာကတော့ အခုထိကျန်နေဆဲ ဖြစ်ပါတယ်။
အခုလို ၀င်ရောက်ရှင်းလင်း မယ့် အစီအစဉ်နဲ့ ပါတ်သက်ပြီး ပါကစ္စတန် စစ်တပ်ကို ဘာသတင်း အချက်အလက်မှ ကြိုတင်အသိမပေးတာနဲ့ ပါတ်သက်ပြီး ပါကစ္စတန် အစိုးရက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ အခုလို အမေရိကန်ဘက်က အသိမပေးပဲ လုပ်ဆောင်ခဲ့ပေမယ့် ဘင်လာဒင်ကို ဖမ်းဆီးနိုင်ဖို့ နှစ်ပေါင်းကြာမြင့်စွာ အမေရိကန်နဲ့ ပါကစ္စတန်တို့ ၂နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
ဒါပေမယ့် အမေရိကန်ဘက်ကတော့ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို သူတို့ ဖမ်းဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်သွားရင် သူတို့ရဲ့ အစီအစဉ် ပျက်သွားမှာ စိုးရိမ်တဲ့အတွက် အခုလိုလုပ်ခဲ့တာပါ။
ပါကစ္စတန် အရာရှိတွေ ဘက်ကလည်း အခုထိ သူတို့ရဲ့ ထိပ်တန်း စစ်တပ်ဝင်းတခုနားမှာ ဘင်လာဒင် သူ့မိသားစုနဲ့အတူ နေထိုင်မှန်း မသိခဲ့တာနဲ့ ပါတ်သက်ပြီး ရှင်းလင်းချက် တစုံတရာ မပေးခဲ့ပါဘူး။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
By VOA (မြန်မာပိုင်း)
ကမ္ဘာတလွှား အစိုးရတွေကနေ စာနယ်ဇင်းတွေအပေါ် ထိမ်းချုပ်ထားမှုတွေကို အာရပ်နွေဦး လှုပ်ရှားမှုကြီးက ခြေဖျက် ပစ်ခဲ့နိုင်ခဲ့ပေမယ့်လည်း နိုင်ငံ တော်တော်များများမှာတော့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး စာနယ်ဇင်း သတင်းလောကကို ဖိနှိပ်နေဆဲ ဖြစ်ကြောင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့မှာ ကုလသမဂ္ဂနဲ့ မီဒီယာ လွတ်လပ်ခွင့် လှုတ်ရှားနေကြတဲ့ အဖွဲ့တွေက ပြောဆိုပါတယ်
အာရပ်ကမ္ဘာမှာ မီဒီယာ အသစ်နဲ့အဟောင်း ပေါင်းစည်းမိရာကနေ အခွင့်လမ်းအသစ်တွေ မျှော်မှန်းနိုင်တဲ့ အင်အားတွေ ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ယူနက်စကို အဖွဲ့အဖွဲ့ဥက္ကဌ အိုင်ရီနာ ဘိုကိုဗာ (Irina Bokova) တို့ ကြာသာပတေးနေ့မှာ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက မှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေက ပြီးခဲ့တဲ့နှစ်အတွင်း သတင်း လွတ်လပ်ခွင့် အောင်မြင်မှုတွေကော မရေရာမသေချာမှုတွေပါ ရှိနေသေးကြောင်း ပြသနေတယ်လို့ Freedom House အဖွဲ့ကပြောပါတယ်။
အီဂျစ်? လစ်ဗျားနဲ့ တူနီးရှားနိုင်ငံတွေမှာ အာရပ်နွေဦးအဖြစ် အောင်အောင်မြင်မြင် လှုတ်ရှားနိုင်ခဲ့တယ် ဆိုပေမယ့် ဘာရိန်းနဲ့ ဆီးရီးယား နိုင်ငံတွေမှာတော့ အစိုးရတွေက နိုင်ငံတွင်း ဆန္ဒပြမှုတွေကို ဖြိုခွဲနေသလို စာနယ်ဇင်း သတင်းလောကကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွက်နေတာတွေ တွေ့နေရတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေဟာ မီဒီယာတွေအပေါ် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မှုတွေ ပြုလုပ်ခဲ့သလို အစိုးရကို ဝေဖန် ပစ်တင်သူတွေကို ဖမ်းဆီးခဲ့ပြီး မီဒီယာတချို့ကို ပိတ်ပစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ လည်းပြောဆိုပါတယ်။
မြန်မာသတင်းလွှတ်လပ်ခွင့် အားရစရာ မရှိသေး
By ကိုကျော်ကျော်သိန်း
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် သီးခြား အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ကျင်းပ ခဲ့ကြပါတယ်။ စာနယ်ဇင်း သမားတွေ၊ စာပေလောကသားတွေ စုပေါင်းပြီးတော့ ကိုယ့် အစီအစဉ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြတာပါ။ ဒီလိုလုပ်နိုင်တဲ့အပေါ် အားတက် ၀မ်းသာ ရှိကြတာနဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဟာ တိုးတက်လာနေပြီ ဆိုတဲ့ အမြင်မျိုးနဲ့အတူ အားရကျေနပ်စရာ အဆင့်ထိတော့ မရောက်သေးဘူးဆိုတဲ့ အမြင်ကလည်း တွဲနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထား ပါတယ်။
စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်ကို တရားဝင်အသုံးပြုပြီး မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို လွတ်လွတ်လပ် ကျင်းပခွင့် ရတာဟာဖြင့် မြန်မာ့ စာနယ်ဇင်းသမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဒီနေ့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၉၃ ခုနှစ်ကတည်းက စတင် သတ်မှတ်ခဲ့တာပါ။ ရန်ကုန်မြို့ Central ဟော်တယ်မှာ ကျင်းပတဲ့ အခမ်းအနားကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ (MJA) က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။
စာနုယ်ဇင်းသမားတွေ ကိုယ်တိုင် ဦးစီးကျင်းပတဲ့ ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး MJA ရဲ့ အတွင်းရေးမှူး ဦးဖိုးနိုင်လင်းက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။
"ကျနော်တို့အနေနဲ့ ဒီ သတင်းစာ ဆရာများအသင်းကိုလည်း ဖြစ်မြောက်စေချင်တယ်ဗျာ။ တကယ်တန်းတော့ ဒီမတိုင်ခင်မှာ ကျနော်တို့ အစည်းဝေးတခု လုပ်ဖို့ အစီအစဉ် ရှိတယ်ဗျ။ ဒါပေမယ့်လို့ ကျနော်တို့က ဒီ အစည်းအဝေး လုပ်မယ့်ရက်နဲ့ ဒီ World PressFreedom Day နဲ့က တိုက်ဆိုင်နေတဲ့ အခါမှာ ဒီပွဲလေးကို အထိမ်းအမှတ်လည်း ဖြစ်သွားအောင် စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုပ်ဖြစ်တာပါ။ ကျနော်တို့ အကုန်လုံး တက်တက်ကြွကြွ ရှိပါတယ်။ ကျနော်တို့ရော၊ လူကြီးတွေဖြစ်တဲ့ ဆရာ မောင်ဝံသတို့၊ ဆရာ ဦးသီဟစောတို့၊ ဆရာ ဦးအောင်လှထွန်းတို့လည်း အကုန် တက်တက်ကြွကြွ ပါဝင်ကြပါတယ်ဗျ။"
စာနယ်ဇင်းလွတ်လပ်ခွင့် နှစ် ၅၀ နီးပါးလောက် မှေးမှိန် ဆိတ်သုဉ်းခဲ့ပြီးတဲ့နောက် အခု ပြန်ပေါ်လာတာဟာ ထူးခြားတယ်လို့ မြင်သူကတော့ ၀ါရင့် သတင်းစာဆရာ တဦးဖြစ်သူ မောင်ဝံသပါ။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီး ဒီမိုကရေစီပန်းတိုင်ဆီ သွားနေပြီဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ မလွဲမသွေ ရှိရမှာဖြစ်ပြီး မြှင့်တင်ပေးရမယ်ဆိုတဲ့ ခံယူချက်ရှိဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
"စာနယ်ဇင်း လွှတ်လပ်ခွင့် မရှိခြင်းသည် စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်၊ ထိန်းချုပ်ထားတဲ့ ဥပဒေတွေကြောင့် ဖြစ်တာ။ အဲဒီလို စည်းမျဉ်း စည်းကမ်းတွေကြောင့် ဖြစ်တာ။ အဲဒါကြောင့် စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်၊ ထိန်းချုပ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ ဥပဒေတွေကို တဖြည်းဖြည်းနဲ့ ဖြေလျော့ပေးမယ်၊ ပယ်ဖျက်ပေးမယ်၊ ရုပ်သိမ်းပေးမယ်ဆိုရင် ကျနော်တို့က စာနယ်ဇင်း လွှတ်လပ်ခွင့်ကို ကျင့်သုံးခွင့်ရမယ်လို့ အဲဒီလို ယုံကြည်ပါတယ်။"
မန္တလေးမှာလည်း လူငယ်စာနယ်ဇင်းသမား နှစ်ဦးက ဦးစီးပြီးတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား တခုကို မနက် ၉ နာရီက ဆင်ဖြူတော် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပြီး မန္တလေးနဲ့ အနီးအနား ဒေသတွေက စာနယ်ဇင်းသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာလည်းပဲ မန္တလေးမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်တာကြောင့် ၀မ်းသာပြီး နှစ်တိုင်း ကျင်းပနိုင်ဖို့ ကောင်းပါတယ်လို့ အခမ်းအနား တက်ရောက်ခဲ့တဲ့ စာရေးဆရာ ညီပုလေးက ပြောပါတယ်။
အခုဆိုရင် ပြောခွင့် ဆိုခွင့် ရေးသားခွင့်လေးတွေ ပိုရလာနေပြီ ဖြစ်ပေမဲ့ အဲဒီအခြေအနေက ဆက်တိုက် ဖြစ်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ သူကဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အနေအထား နဲ့ပတ်သက်လို့တော့ စာရေးဆရာညီပုလေးရဲ့ အမြင်က -
"ကျနော်ကတော့ အားမရသေးဘူးဗျ။ စာပေ စိစစ်ရေးဆိုတာ ရှိနေသေးတယ်ဗျ။ နောက် စာနယ်ဇင်း လွှတ်လပ်ခွင့်ရယ်၊ ရေးသားနေကြတဲ့ စာနယ်ဇင်းသမားတွေရဲ့ ဘ၀ အာမခံချက်ပေါ့နော်၊ အဲဒါမျိုးတွေလည်း ဥပဒေတွေ ဘာတွေနဲ့ ကာကွယ်မယ့် အဖွဲ့အစည်းတွေ ဘာတွေ ရှိဖို့၊ ပေါ်ပေါက်ဖို့ လိုသေးတယ်ဗျ။"
မန္တလေးမြို့က စာရေးဆရာ ညီပုလေးပါ။
သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသကတော့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေက အားရစရာ ဆိုတာထက် တိုးတက်မှု ရှိတယ်လို့တော့ ဆိုနိုင်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး တဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ပြန်ပြောပြခဲ့ပါတယ်။
"ဥပမာအနေနဲ့ ကျနော် ပြောမယ်ဆိုရင်ဗျာ၊ ဒီနေ့ထုတ်တဲ့ မြန်မာ တိုင်းမ်စ် (MyanmarTimes) ဂျာနယ်မှာ၊ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အင်တာဗြူး ပါတယ်။ ဦးဝင်းတင်ကို အဲဒီလို မေးခွန်း၊ ခုနက ဆရာတို့မေးတဲ့ မေးခွန်းမျိုးကိုပဲ မြန်မာတိုင်းမ်စ်က မေးတဲ့အခါကျတော့ ဆရာဦးဝင်းတင်က - တိုးတက်မှု ရှိတယ်လို့ ကျနော် ပြောနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုရင်၊ အရင်တုန်းကဆိုရင် ဦးဝင်းတင်ဆိုတဲ့ နံမည်လည်း မသုံးရဘူး၊ ဦးဝင်တင်ရဲ့ ကလောင်နံမည်လည်း မသုံးရဘူး၊ ဦးဝင်းတင် ရေးတဲ့စာတော့ ဝေလာဝေးပေါ့။ အဲ အခုဆိုရင် ဦးဝင်းတင် အင်တာဗြူးတွေ ထည့်လို့ရတယ်၊ ဦးဝင်းတင်ရေးတဲ့ ဆောင်းပါးတွေ ထည့်လို့ရတယ်၊ ဦးဝင်းတင် စာအုပ်တွေ ထုတ်လို့ရတယ်။ ဒါကြောင့်မို့ ဒါကတော့ ဘာဘဲပြောပြော တိုးတက်တယ်လို့ ပြောနိုင်ပါတယ်လို့၊ အဲဒီလို သူပြောပါတယ်။"
သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသပါ။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက အခုအခါမှာ စာနယ်ဇင်းဆိုင်ရာ ဥပဒေ မူကြမ်း တရပ်ကို ရေးဆွဲ ပြုစုနေပြီး မြန်မာ့ မီဒီယာ လောက ဖွံ့ဖြိုး တိုးတက်စေဖို့ ဆိုပြီးတော့ ဆွေးနွေး ပွဲတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီဥပဒေဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူးဆိုပြီး ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်ကလည်း ပြောထားဖူးပါတယ်။ စာပေ စိစစ်ရေး အဖွဲ့ဆိုတာ တချိန်မှာ ရှိတော့မှာမဟုတ်ဘူး ဆိုပြီးတော့လည်း အဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေး အက်ဥပဒေက အသက်ဝင်နေဆဲ ဖြစ်ပြီး အဲဒီဥပဒေနဲ့ မညီလို့ ဆိုပြီးတော့ စာပေစိစစ်ရေးအဖွဲ့က ခေါ်ယူ သတိပေးတာတွေကိုလည်း မကြာခနဆိုသလို ကြားနေရဆဲပါ။
အဲဒါကြောင့်လည်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်တဲ့ အမေရိကန်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့် ရှောက်ရေးကော်မတီ CPJ က ကမ္ဘာပေါ်မှာ ဆင်ဆာတည်းဖြတ်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲ အဆင့် (၇) မှာ မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားဆဲရှိပါတယ်။
မီဒီယာတွေ ဘက်မလိုက်ဖို့ ၀န်ကြီးပြောကြား
By စုမြတ်မွန်
ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းနေတဲ့မြန်မာနိုင်ငံမှာ နိုင်ငံရေးရာတွေကို ဘယ်မလိုက်တင်ပြနိုင်ဖို့ အရေး ကြီးတယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောလိုက်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့စာနယ်ဇင်းလွှတ်လပ်ခွင့်နေ့မှာ ဒုဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ သတင်းတွေကို ဘက်မလိုက် တင်ပြနိုင်တဲ့အခြေအနေ တကယ်ပဲရှိနေပါပြီလား စုံစမ်းထားတဲ့ မစုမြတ်မွန်ရေ ပြောပြပါဦး။
စာနယ်ဇင်းလွတ်လပ်ခွင့်ရဲ့ အရေးပါမှု၊ စာနယ်ဇင်းသမားတွေကို ကာကွယ်ဖို့ လိုတယ်ဆိုတာ အမှတ်ရစေဖို့ လို့ဆိုပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီကနေ့ ပထမဆုံးအကြိမ် လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ အချိန်မျိုးမှာ နိုင်ငံ့အရေးနဲ့ဆိုင်တဲ့ သတင်းတွေကို ဘက်မလိုက် ဖေါ်ပြနိုင်ဖို့ လိုအပ်တယ်လို့ ဒီအခမ်းအနားမှာ ပြန်ကြားရေး ဒုတိဝန်ကြီး ဦစိုးဝင်းက ခုလိုပြောသွားပါတယ်။
"ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတည်ဆောက်ရေး ဖော်ဆောင်နေတဲ့ အချိန်မျိုးမှာ စာနယ်ဇင်းများ အနေနဲ့ နိုင်ငံ့ရေးရာနဲ့ ပတ်သက်ပြီး ဘက်မလိုက်ပဲ ဒါမှ ဓမ္မဓိဌာန် ကျကျ တင်ပြနိုင်ဖို့၊ အရေးကိစ္စအားလုံးကို ဘက်စုံ၊ ဒေါင့်စုံက သုံးသပ် တင်ပြနိုင်ဖို့၊ သတင်း အချက်အလက်များကို ထိန်ချန်ခြင်း မပြုဖို့ အလွန် အရေးကြီးပါတယ်။"
ခုလို သတင်းတင်ပြမှုတွေမှာ ဘက်မလိုက်မဖို့ အရေးကြီးတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးကပြောခဲ့တော့ လက်ရှိ မြန်မာနိုင်ငံက စာနယ်ဇင်းသတင်းထုတ်ပြန်မှုပိုင်းမှာ ဘက်မလိုက် လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်တဲ့ အခြေအနေကို ရနေပါပြီလား။ ပြည်တွင်း အပါတ်စဉ်ထုတ် Weekly 11 ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး ကတော့ ဘက်မလိုက် သတင်း ထုတ်ပြန်နိုင်ဖို့၊ ဘက်မလိုက်တဲ့ အခြေအနေ ရဖို့လိုအပ်တယ်လို့ ပြောပါတယ်။
"မီဒီယာဆိုတာ ဘက်မလိုက်ရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မီဒီယာတွေအနေနဲ့ မှန်တဲ့ဘက်ကိုတော့ လိုက်ရမှာပါ။ ပြည်သူ လူထုအတွက် မှန်တဲ့ဘက်မှာ ရှိရမှာပါ။ နောက်တခုက ကျနော်တို့ကို ဘက်မလိုက်ဖို့၊ ဒါမှဟုတ်လို့ရှိရင်လည်း ဘက်မလိုက်ဖို့ လိုတယ်ဆိုလို့ ရှိရင်၊ ကျနော်တို့ လုပ်ဆောင်နေတဲ့ ကျနော်တို့ရဲ့ အနေအထားတွေမှာ ကျနော်တိုရဲ့ ဒီလိုမျိုး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တွေမှာ ဘက်မလိုက်တဲ့ အနေအထားတခု၊ အ၀န်းအ၀ိုင်းတခု ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုတွေရှိရင် ပိုပြီး ကောင်းမွန်ပါမယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ မီဒီယာ လွှတ်လပ်ခွင့် အနေအထားက ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ အခု နိုင်ငံတကာက ကျနော်တို့နိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို သတ်မှတ်တဲ့ အဆင့်တွေကို ကြည့်လိုက်လို့ရှိရင် အဲဒီမှာ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအနေထား အဖြေက ရှင်းသွားပါလိမ့်မယ်။"
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းထိန်းချုပ်မှုကို အရင်ကထက် လျှော့ပေါ့မှုတွေ လုပ်ပေးလာနေပေမဲ့ အပြည့်အဝ လွတ်လပ်မှု ရရှိဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေသေးတယ် ဆိုတာကို နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေကြတဲ့ အဖွဲ့ အစည်းတွေက ထောက်ပြနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးဆိုတဲ့ အဖွဲ့မျိုးတွေ ရှိနေသရွေ့ သတင်းတွေကို လွတ်လွတ်လပ်လပ် မျှမျှတတ ထုတ်ပြန်နိုင်ဖို့ မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်လို့ပြည်တွင်း သတင်းသမားတွေက ထောက်ပြနေကြပါတယ်။
ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO အဖွဲ့တို့ ပေါင်းလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သတင်း လွတ်လပ်ခွင့်တွေကို ကျင့်သုံးနိုင်ဖို့အတွက် ပုံနှိပ် မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ UNESCO အဖွဲ့ အပြင်၊ သတင်းပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲနေတယ် ဆိုတဲ့အကြောင်းလဲ ဒုဝန်ကြီးက ပြောသွားပါတယ်။ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့ အချက်တွေကိုလဲ ဒီဥပဒေကြမ်းထဲမှာ ထည့်သွင်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဆီသွားနေချိန်မှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ် ဆိုတာကိုတော့ ဒုဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ အသိအမှတ်ပြုထားပါတယ်။
"ဒီကနေ့ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီး ဒီမိုကရေစီစနစ် ကျင့်စဉ်များကို အနှစ်သာရ ရှိရှိ၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်သည့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတွေမှာ ကျနော်တို့အားလုံး ရပ်တည်ရမယ့် ဘုံရပ်တည်ချက်၊ တနည်းအားဖြင့် အမျိုးသား အကျိုးစီးပွားများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်းသမားများအနေနဲ့ ဒီအမျိုးသားအကျိုးစီးပွား အခြေခံပေါ်မှာ ရည်တည်ပြီး စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုသာမက အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။"
သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ အတတ်ပညာတွေ တိုးတက်ရေး လုပ်သွားနိုင်ဖို့အတွက်လဲ လွတ်လပ်တဲ့ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်း နိုင်ဖို့ လိုအပ်တဲ့အချက်တွေကို ပုံနှိပ် မီဒီယာ မူကြမ်းထဲမှာ ထည့်ထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို လွတ်လပ်တဲ့ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွေ အဖြစ် ပြန်လည်ဖွဲ့နိုင်ဖို့ ပြန်ကြားရေးဌာနက အကူအညီ ပေးနေပါတယ်လို့လဲ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းမီဒီယာတွေကို သမရိုးကျ မီဒီယာတွေ နည်းတူ သတ်မှတ်ဖို့ကိုလဲ စဉ်းစား ဆောင်ရွက်နေပါတယ်လို့ ဆိုတော့ ဒါဟာ အွန်လိုင်းမီဒီယာတွေ တိုးတက်လာဖို့အတွက် အားတက်စရာဖြစ်တယ်လို့ Yangon PressInternational အွန်လိုင်းမီဒီယာ အယ်ဒီတာ ကိုမြင့်ကျော်က မြင်ပါတယ်။
"အွန်လိုင်းက မယုံရတဲ့ သတင်းတွေလို့ တခါတလေ တချို့ အစိုးရ ၀န်ကြီးဌာနက လူတွေပြောတာတွေ ရှိတယ်။ တချို့ မီဒီယာအကြောင်းကို သိပ်ပြီးတော့ ဂဃနဏ မသိလို့ ပြောတာတွေ ရှိပါတယ်။ မီဒီယာတခုအနေနဲ့ လုပ်ပြီဆိုရင်တော့ အွန်လိုင်းကလည်း သူလည်း တခြား ဂျာနယ်လို၊ သတင်းစာလိုပဲ တာဝန်ယူရတာပဲလေ။ ရေးတဲ့ဟာကို ချက်ချင်း တင်ပြနိုင်တာတော့ အခွင့်အရေးပိုရတယ်။ ဒါပေမယ့် တချို့ အင်ဖော်မေးရှင်းတွေ (သတင်းအချက်အလက်တွေ) ရဖို့ အနေအထားမှာကျတော့ တချို့နေရာတွေမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုမျိုးပိုင်းမှာကျတော့ ဟို တရားဝင်ဖြစ်လာတာက ကောင်းတဲ့ အလားအလာလို့ပဲ ကျနော်တို့ ပြောရမယ် ထင်ပါတယ်။"
မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိန်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိနိုင်ရေးအတွက် ဥပဒေတွေ၊ ပြဌာန်းချက်တွေကို ချမှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။ သတင်းသမားတွေကတော့ လက်တွေ့ သတင်းရယူ တင်ပြနိုင်မှု အပိုင်းမှာ အခုထက် လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ပိုရဖို့ အရေးကြီးတယ်လို့ ပြောနေကြပါတယ်။
ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ
ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၈ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။
“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း “ဒါကြောင့် ရှေ့တန်းတွေမှာက ယုံကြည်မှု ပျက်ပြားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့ပြင်းထန်လာတယ်။ တွေ့ဆုံ ဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှုရှိအောင်၊ လေးလေး စားစား ရှိလာဖို့ကတော့ ဒီဆွေးနွေးပွဲမှာ ဦးစီးဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တယ်” ဟု ဦးလနန် က ပြောသည်။
ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေး တင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြော (ဓါတ်ပုံ မဇ္ဈိမ)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သစ်တွင် ၎င်း ပါဝင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးအောင်သောင်း က ဧပြီလ ၃ဝ ရက်နေ့တွင် ပြောဆို ထားသည်။
KIO မှ တင်ပြသည့် အဆင့် သုံးဆင့် ဟူသည်မှာ ပဏာမ နိုင်ငံရေးဆွေးနွေးမှု အဆင့်တွင် နှစ်ဘက်တပ်စခန်းများ ကိစ္စကို နှစ်ဘက် သဘောတူညီမှုရသည်အထိ ဆွေးနွေးသွားရန်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပ၍ သဘောတူညီချက်တရပ် အတည်ပြရန်နှင့် ထိုသဘောတူညီမှုများအား အကောင်အထည် ဖော်သွားကြရန်တို့ ဖြစ်သည်။
လက်ရှိ အစိုးရနှင့် KIO အဖွဲ့များအကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးရန်နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ မိုးမောက်မြို့နယ် လွယ်ဂျယ်အနီးရှိ ပရန်ဝမ်ကျေးရွာတွင် တွေ့ဆုံရန် တင်ပြထားမှုကို အစိုးရဘက်က သဘောတူညီမှု မရှိသလို၊ အစိုးရဘက်က တင်ပြထားသည့် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် တွေ့ဆုံရန် ကိုလည်း KIO က ငြင်းဆိုထားသည်။
တိုက်ပွဲအခြေအနေ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား မေလ ၂ ရက်နေ့ တရက်တည်းတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ်အတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု KIO မှ ဦးလနန်က ပြောသည်။
မေလ ၁ ရက်နေ့ နံနက်ပိုင်းက KIO၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တပ်ဖွဲ့များက မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာ အနီးမှ ဝူထော်ကုန်းဘက် အစိုးရတပ်ရင်း ၈၈ နည်းဗျူဟာ ၁ မှ တက်လာသည့် စစ်ကား သုံးစီးမှ နှစ်စီးကို ဗုံးခွဲဖျက်ဆီးခဲ့ရာ ဒုစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။
မေလ ၂ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုကျေးရွာအနီးရှိ အနီး အဇီးလူမျိုးများ နေထိုင်သည့် ရွာတရွာကို အစိုးရ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု သိရသည်။
ပန်ဝါမြို့အခြေစိုက်ထားသည့် ဗိုလ်ကြီး Waw Lau ဦးဆောင်သည့် နံပါတ် ၁ဝဝ၂ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးတင် က ညွန်ကြားခဲ့သည်ဟု KIO ရှေ့တန်းမှ ရဲဘော်တဦးက ပြောသည်။
“မေ ၁ ရက်နေ့ စည်းဝေးလုပ်ပြီး BGF က KIA ရှင်းလင်းရေးလုပ်။ အခုတလောဘဲ ရောက်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းရေးလုပ်ပါလို့ ပြောပြီး ကျီးကျန်ဆိုတဲ့ ရွာဘက်ကို ပြန်သွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
နယ်မြေရှင်းလင်းရေး လုပ်နေသည့် အစိုးရ တပ်ဖွဲ့များက လူအခွင့်အရေးချိုးဖောက်မှုများ ပြုကျင့်နေကြကြောင်း ကြားသိရသော်လည်း မဇ္စျိမက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
သန်းခေါင်စာရင်း ကောက်ခံရေး စတင်ဆွေးနွေးနေ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ခရစ်သက္ကရာဇ် ၂ဝ၁၄ ခုနှစ်တွင် မြန်မာ့ သန်းခေါင်စာရင်း ကောက်ခံရေးနှင့် စပ်လျဉ်း၍ဆွေးနွေးပွဲတခုကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်း၍ နေပြည်တော်၌ ကြာသပတေးနေ့က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန်အတွက် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)၊ မြန်မာ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကော်မရှင်နှင့် လွှတ်တော် လူဦးရေနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားကော်မရှင်ဥက္ကဋ္ဌ ပြည်ထေင်စုဝန်ကြီး ဦးခင်ရီက အောင်မြင်သော သန်းခေါင်စာရင်းတခု ကောက်ခံရာတွင် အစိုးရဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု လူ့မှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ပြီး “ကျယ်ပြန့်၍ ထိရောက်သော ပေါင်းစပ်လုပ်ဆောင်ခြင်းများ” လိုအပ်ကြောင်း ပြောသည်။
“သန်းခေါင်စာရင်းကနေ ရရှိလာတဲ့ အချက်အလက်တွေဟာ အမျိုးသားစီမံကိန်းတွေမှာ ဆက်စပ်နေမှာပါ” ဟု လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ က ပြောသည်။
လက်ရှိနဲ့ အနာဂတ် အပစ်အခတ် ရပ်စဲရေးတွေက အကျိုးပြုပါလိမ့်မယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ အရေးကြီးပါတယ် ဟု လက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)
0 comments:
Post a Comment